အရွယ်သုံးပါး ခွဲခြားချက်…

JuemyitAugust 12, 20101min1011

The old believe everything, the middle-aged suspect everything, the young
know everything.

Oscar Wilde (1854-1900)

လူအို လူကြီးတွေက အားလုံးကို ယုံကြည်ကြတယ်၊ လူလတ်ပိုင်းတွေက အားလုံးကို သံသယရှိကြတယ်၊ လူငယ်တွေကတော့ အားလုံးကို သိကြသဗျား။

(အော်စကာဝိုင်း)

“ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ” ဆိုတဲ့ ရွှေမြန်မာတို့ရဲ့ ဆိုရိုးစကားနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ အော်စကာဝိုင်းရဲ့ အထက်ပါစကားဟာ တစ်မျိုးလေးပဲလို့ တွေးစရာပါ။ အတူယူချင်သပဆိုရင် အတူပြုနိုင်သလို ကွဲစေချင်သပဆိုလဲ ခွဲခြားလို့ရတဲ့ အဓိပ္ပါယ်မျိုး ပါဝင်တယ်လို့တွေးယူနိုင်ပါတယ်။ ဒါပေမဲ့ သူတကယ်ပြောချင်တဲ့ အဓိပ္ပါယ်က ကိုယ်လိုသလို ဆွဲယူနိုင်တဲ့ အဓိပ္ပါယ်မျိုး ဟုတ်ကောဟုတ်ရဲ့လား? သူ့စကားက ခေတ်ကို ကိုယ်စားပြုတဲ့ စကားလား? လူကို ကိုယ်စားပြုတဲ့ စကားလား? အရွယ်ကို ကိုယ်စားပြုတဲ့ စကားလား? စဉ်းစားဖို့ရှိပါတယ်။ တစ်ခု စဉ်းစားမိတဲ့အတိုင်းပြောရရင်တော့ လူငယ်တွေကို သရော်တဲ့ စကား၊ အထူးသဖြင့် လူကြီးစကားနားမထောင်ချင်တဲ့ လူငယ်တွေကို သရော်တဲ့ စကားလို့ ရုတ်တရက် အတွေးပေါက်မိပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပြောခဲ့ဖူးတဲ့ အခြားစကားတစ်ခွန်းက I am not young enough to know everything. “ကျုပ်က အားလုံးကို သိနေရလောက်အောင ်ကလေးမဟုတ်ဘူးဗျာ့” တဲ့။ ဒီစကားနဲ့ပတ်သက်ပြီး ကလေးအိုကြီးများဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု ရေးထားခဲ့ဖူးပါတယ်။  ရုတ်တရက်ကြည့်ရင်
လူငယ်တွေကို နှိပ်ကွပ်တဲ့စကားတွေလို့ ထင်စရာရှိပေမဲ့ သေသေချာချာ စဉ်းစားကြည့်တော့ သူ့စကားဟာ အတော်အတန်အဓိပ္ပါယ်ရှိတာ တွေ့ကြရမှာပါ။

အထက်မှာပြောခဲ့တဲ့ သူ့စကားတွေကို ပြန်ဆန်းစစ်ကြည့်ရင်–

(၁) အရာရာကို ယုံကြည်တဲ့လူဟာ လူကြီး

(၂) အရာရာကို မယုံကြည်တဲ့လူဟာ လူရွယ်

(၃) အရာရာကို သိတဲ့လူဟာ လူငယ်

ဆိုပြီးတော့ ယုံကြည်မှုစတာတွေကို အရွယ်သုံးပါးနဲ့ တွဲပြောသွားတာကို ရုတ်တရက်မြင်သာပါတယ်။ ဒါပေမဲ့ သူပြောသလို တိုက်ရိုက်ကြီး သွားမှတ်ရင်တော့ ဒီစကားတွေဟာ အဓိပ္ပါယ် တော်တော်မရှိတဲ့ စကားတွေပဲ
ဖြစ်သွားမှာပါ။ တကယ်တော့ Everything=အရာရာကို ဆိုတဲ့ စကားဟာ အခရာကျပါတယ်။
ဒီစကားဟာ Sweeping Statement ခေါ် ဝါးလုံးသိမ်းပြောတဲ့ စကားတစ်မျိုးပါ။
တစ်နည်းတော့လဲ ကမ်းကုန်အောင်ပြောထားတဲ့ စကားပါ။ လောကမှာ—–

အရာရာကို ယုံကြည်တဲ့လူဆိုတာလဲ မရှိပါဘူး၊

အရာရာကို မယုံကြည်တဲ့လူဆိုတာလဲမရှိပါဘူး၊

မရှိဆုံးကတော့ အရာရာကို သိတဲ့လူပါပဲ။

ဒါပေမဲ့ အချို့လူတွေဟာ ကိုယ့်ကိုယ်ကို အရာရာသိတဲ့လူလို့ ထင်တတ်ကြပါတယ်။ အဲဒီအထင်ကြောင့် တွေ့တဲ့လူကို ဆရာလုပ်ပြီး နေရာတကာလူတွင်ကျယ်လုပ်တဲ့ အကျင့်ရှိသူဖြစ်လာရတာပါ၊ ဒီလူတွေဟာကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အဲဒီအကျင့်ဆိုးကြီးကို မဖျောက်နိုင်တဲ့အတွက် လူတိုင်းနဲ့ အဆင်မပြေတတ်ကြပါဘူး။ ဒီလိုလူမျိုးကို မြင်ရင ်“ဆရာကြီးလာပြီဟေ”့ ဆိုပြီး ဝေးဝေးကတောင် ရှောင်ဖယ်တတ်ကြပါတယ်။ အရာရာကိုမသိပဲနဲ့ သိတယ်ထင်နေတဲ့ အဲဒီလူမျိုးကို အော်စကာဝိုင်းက ကလေးနဲ့ တင်စားခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကလဲ အဲလိုလူမျိုးကို “ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ- မသိပဲနဲ့ သိတယ်ထင်တဲ့လူဟာ တကယ့်ကလေးပါပဲ” လို့ မိန့်ကြားတော်မူခဲ့ဖူးပါတယ်။

အချို့ကျပြန်တော့ ဟိုလူပြောလဲ ယုံရခက်ခက်၊ ဒီလူပြောလဲ ယုံရခက်ခက်နဲ့ ဘယ်သူ့မှလဲမယုံတဲ့အပြင် ကြာတော့ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှု နည်းပါးလာတတ်ကြပါတယ်။ အမြင်တိုင်းမှာသံသယတွေဝင်ပြီး လူတိုင်းနဲ့ အဆင်ပြေဖို့ ခဲရင်းလှပါတယ်။ ပေါင်းသင်း ဆက်ဆံရေးမှာ ယုံကြည်ပေးရတာတွေ ရှိပါတယ်။ ယုံကြည်ပေးတတ်ဖို့လိုပါတယ်။ “ယုံကြည်ပေးတတ်ဖို့” ဆိုတဲ့ စကားဟာအဓိပ္ပါယ်ရှိပါတယ်။ တစ်ခါတစ်ခါမှာ ကိုယ်က သံသယရှိနေရင်တောင်
ယုံကြည်ပေးလိုက်ရတာမျိုးပါ။ တစ်နည်းပြောရင်တော့ ယုံပြလိုက်ရတယ်လို့ ဆိုချင်ပါတယ်။ ဒီလို ယုံပြလိုက်ရတာဟာ ရိုးသားမှုပေတံနဲ့တိုင်းထွာရင် တိုကောင်းတိုနိုင်ပေမဲ့ ဆက်ဆံရေးလမ်းကြောင်းပေါ်မှာ တစ်ခါတစ်ခါအလုပ်ဖြစ်သွားတာတွေ အများကြီးရှိပါတယ်။ တစ်ဘက်လူကသူ့အပေါ်တကယ်ယုံကြည်နေတဲ့လူတစ်ယောက်အပေါ်မှာ သာမန်အားဖြင့် မရက်စက်တတ်ပါဘူး။ ဒီတော့ သံသယဆိုတာ ရှိသင့်ပေမဲ့ အရာရာတိုင်းမှာရှိလာရင်တော့ သံသယဟာ အားနည်းချက်ကြီး တစ်ခုဖြစ်လာတတ်ပါတယ်။ ဒီလို သံသယကြီးသူတွေကို လူရွယ်လို့ အော်စကားဝိုင်းက သတ်မှတ်ထားပါတယ်။ အသက်တစ်ရာရှိတဲ့လူဖြစ်စေ၊ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကလေးဖြစ်စေ ဒီသဘောတွေ ပါလာရင်တော့ လူရွယ်စာရင်းထဲ ပါမှာ
အမှန်ပါပဲ။

နောက်တစ်ယောက်ကတော့ အရာရာကို ယုံကြည်တဲ့လူပါ။ သူ့ကိုတော့ လူကြီးလို့ ဆိုပါတယ်။ ယုံကြည်မှုနဲ့ လက်ခံမှုကို အတူပြုသတ်မှတ်ရင် ဒီလိုလူမျိုးကို အရာရာကို လက်ခံတဲ့လူလို့လဲ သမုတ်နိုင်မှာပါ။ အရာရာကို လက်ခံတတ်တဲ့အတွက် သူဟာ သူ့ပတ်ဝန်းကျင်မှာ နေရာရလာတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီသဘောဟာ အရေးကြီးပါတယ်။ တစ်ထစ်ချလက်ခံထားရမည့် ပေတံတစ်ချောင်းမဟုတ်ပေမဲ့ အရာရာကို သိသူ၊ သံသယရှိသူတွေနဲ့ စာရင်တော့ သူက နည်းနည်းသာပါသေးတယ်။ အရာရာကို ယုံကြည်လိုက်တဲ့အတွက် ဘယ်သူ့နဲ့မှ အငြင်းအခုံလုပ်စရာ မရှိတော့ပါဘူး။ ပြဿနာနည်းပါးချင်ရင်တော့ လူကြီးဖြစ်အောင် နေတတ်ဖို့ပါပဲ။

ဒါပေမဲ့ အထက်ပါ စကားသုံးမျိုးစလုံးဟာ အလွန့်အကျွံပြောထားတဲ့ စကားတွေချည်းပါ။ ဘယ်သူမဆို၊ ဘယ်အရွယ်မဆို ဒီသဘောသုံးမျိုးနဲ့ လွတ်ကင်းအောင် နေတတ်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ယုံကြည်မှု၊ မယုံကြည်မှု၊ သိမှုတွေကို “အားလုံး” ဆိုတဲ့ ပုဒ်နဲ့တွဲပြီး ပြောလိုက်ရင် တစ်ဖက်သတ်ဖြစ်သွားတတ်ပါတယ်။ အားလုံးကို ယုံကြည်တာလဲ မကောင်းပါဘူး။ ဝေဘန်ပိုင်းခြားမှုရှိရမှာပါ။ အားလုံးကို သံသယဖြစ်နေရင်လဲ ရှေ့ဆက်ရမည့်လမ်းကြောင်းကို စဉ်းစားလို့ မရပဲ ဖြစ်သွားတတ်ပါတယ်။ အားလုံးသိနေရင်တော့ သိပ်အန္တရာယ်ကြီးပါတယ်။ ဒါကိုတော့ သတိပြုကြရမှာပါ။ လူဟာ အားလုံးကို မသိပါဘူး။ ကလေးပဲ သိပါတယ်။ ဒါကြောင့် ကလေးမဖြစ်အောင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အရေးကြီးပါတယ်။ ဒီစကားတွေကို ဆက်လက်တွေးခေါ် စဉ်းစားကြစေလိုပါတယ်။ ကျနော် စဉ်းစားမိသလို ဝေငှလိုက်တာပါ။

မူရင်း…   http://kominhtet.blogspot.com/.

One comment

  • kopauk mandalay

    August 12, 2010 at 4:18 pm

    ကျနော်သာ အော်စကာဝိုင်းဆိုရင်တော့ အတွေးခက်အောင် မရေးတော့ဘူး။
    အနက်အကောက်မှားရင် ခက်ကုန်မှာစိုးလို့ ။
    တစ်ခါတစ်လေတဲ့တဲ့ပြောတာတောင် အနက်အကောက်လွဲရင်ဘေးရောက်ကုန်တာတွေအများကြီးရှိလို့ပါ။

Leave a Reply