ကျိန်စာသင့်သော ငွေငါးသိန်း (သိမ်း)

 

 

 

 

 

……………………………………………….
………………………………………………….
“အဲသည်ကျိန်စာက မောင်ဇော်မှ မဟုတ်ဘူး ကိုသိန်းအောင်ရေ….။ ကျွန်တော်တို့ နိုင်ငံက လူတွေ အထူးသဖြင့် ဆင်းရဲသားတွေမှာ သင့်လေ့ရှိတဲ့ ကျိန်စာမျိုးဗျ…။ ကျိန်စာရဲ့ အမည်က အသုံးလွဲ ကျိန်စာ လို့ခေါ်ပါသဗျာ…။”

“အော်…. ဟုတ်ပါပြီ ။ ခင်ဗျားဆိုချင်တာက ခင်ဗျားချေးပေးတဲ့ငွေတွေကို မောင်ဇော်က အလွဲသုံးစားလုပ်ပစ်တယ် ဆိုတာပေါ့…..”

“မဟုတ်ဘူးဗျ…..။ အလွဲသုံးစား မဟုတ်ပါဘူး….။ အသုံးလွဲ တာပါ…..”

“အတူတူပါပဲ ကိုထွန်းမြင့်ရယ်…။”

“မတူပါဘူး ကိုသိန်းအောင်ရေ…။ ကျွန်တော်ဆိုချင်တာက ငွေကို ကောင်းကောင်းမွန်မွန် သုံးတော့သုံးပါရဲ့ … လွဲမှားတဲ့နေရာမှာ သုံးတာကို ဆိုလိုတာပါ…။”

“ငွေကို ကောင်းကောင်းမွန်မွန်သုံးမှဖြင့် လွဲမှားတယ်လို့ ဆိုနိုင်ဦးမလားဗျ..”

“ဆိုနိုင်တာပေါ့ဗျာ….။ ငွေဆိုတာ ကောင်းကောင်းမွန်မွန်ရည်ရွယ်ပြီးသုံးမယ်ဆိုတိုင်းလဲ သင့်တော်တဲ့အတိုင်းမသုံးရင် အသုံးလွဲမှားတာပါပဲ….”

“ဒါဖြင့်လဲ ဆိုစမ်းပါဦး ကိုထွန်းမြင့်ရေ…။ မောင်ဇော်က ဘယ်လို အသုံးလွဲမှားသလဲဆိုတာ….”

“အေးဗျာ….
စီစဉ်ထားတာက မောင်ဇော်က ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်သင်နေတုန်း ဝင်ငွေမရှိရင် မဖြစ်တာကြောင့် ၊ သူ့ရွာရဲ့ တာထိပ်မှာ တဲလေးထိုး … ဆိုင်လေးဖွင့်နှင့်ပြီး သူ့မိန်းမက ထိုင်ရောင်းနှင့်ဖို့ဆိုပါတော့..။ ဒါကြောင့်လဲ ငွေငါးသိန်းလုံးကို ထုတ်ပေးလိုက်ရတယ်….။
အဲသည်မှာ တဲကလေးထိုးတဲ့ အထိကတော့ အဟုတ်ပဲဗျ…၊ ဒါပေမယ့် ခက်တာက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ဖို့ဖြစ်လာတယ်..။ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ လုပ်ငန်းကလေးစရင် အလှူအတန်းကုသိုလ်လေးနဲ့ စ ကြ ရရိုး ရှိတယ်မဟုတ်လား…..”

“အဲဒါ မှန်သားပဲ ကိုထွန်းမြင့်ရယ်။ ဘုန်းကြီးဆွမ်းကပ်တာ အသုံးလွဲတယ်လို့မဆိုနိုင်ပါဘူး…။”

“ဘုန်းကြီးကျောင်းဆွမ်းကပ်တယ်ဆိုတာ ဆွမ်းတအိုး ဆွမ်းဟင်းတစ်အိုးချက်ပြီး ကျောင်းပို့ကပ်ရင်တော့ ဟုတ်တာပေါ့ ကိုသိန်းအောင်ရယ်။ တောရွာများမှာ မရှိဆင်းရဲသူတွေ ဒီလိုပဲ ကုသိုလ်ယူနေကျပါ။ ထုံးစံပါ။ အခုဟာက ဒီကလေးက လူချစ်လူခင်လဲများ မိတ်လဲများတော့ ဘုန်းကြီးကျောင်းမှာ ခေါ်ကျွေးမွေးရင်း အလှူလေးတစ်ခုလို သွားလုပ်ဖြစ်သွားတာကိုး………”

“အဲဒါလဲ အပြစ်ဆိုထိုက်တယ်တော့ မဟုတ်ဘူးဗျ….. ။ ကုသိုလ်ရေးပဲကိုး…….”

“ဒါပေမယ့် ကျွန်တော်ချေးပေးလိုက်တဲ့ထဲမှာ အလှူလုပ်ဖို့ မပါဘူးလေဗျာ….။ အလှူလုပ်ချင်ရင် လုပ်နိုင်တဲ့အချိန်ကို စောင့်ရမှာပေါ့…။ တိကာတိုင်းကာ ရလာတဲ့ အခွင့်အလမ်းလေးကို ဖဲ့ပြီးလုပ်လို့ ဘယ်ဖြစ်မလဲ……”

“ဒါပေမယ့် ဒီအလှူလေးနဲ့တော့ ငွေမကုန်လောက်သေးဘူးထင်တယ်ဗျ….”

“မှန်တာပေါ့ဗျာ…။ တခြားဟာတွေ ရှိသေးတာပေါ့။ သူ ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ်သင်လို့ တစ်လလောက်အကြာမှာပဲ ဝါးတောရွာက သူ့အမေကြီး ဆုံးသဗျ။ သူ့အမေရဲ့ အမကြီးဆိုပါတော့…။ အဲသည်မှာ ဒီကလေးမှာ ငွေကလေးလက်ထဲရှိမှန်းသိတဲ့အမျိုးတွေက အသုဘကို မ ခံ ဖို့ ဝိုင်းပြောကြတယ်…”

“အသုဘကို မ ခံ တယ်ဆိုတာ ဘာလဲဗျ။”

“အသုဘစားရိတ်ကို အရင်ငွေထုတ်ပေးထားနှင့်တာကို ပြောတာပေါ့ဗျာ..။ ပြီးတော့မှ အကူငွေရတာတို့ ဘာတို့ကနေ ပြန်ယူပေါ့…။ အဲဒါမျိုးက အသုဘရှင်က မျက်နှာကြီးရင်ဖြစ်ဖြစ် လူခင်များရင်ဖြစ်ဖြစ် ကူငွေက ပြန်ရတဲ့အပြင် ပိုလေ့ရှိပါတယ်။ ခက်တာက မောင်ဇော့်အမေကြီးကတော့ မျက်နှာလဲမကြီး လူရင်းမိတ်ရင်းလဲ နည်းပါးတာကိုး….။”

“အဲသည်တော့ ဆွေမျိုးတွေက ဝိုင်းပြောတာကို မောင်ဇော်က မငြင်းဖူးလားဗျ… ။ ဒီငွေက သူ့အပိုင်မှ မဟုတ်ပဲ….”

“မငြင်းဘူး ကိုသိန်းအောင်ရေ..။ မငြင်းတဲ့အပြင် သူကိုယ်တိုင်က လိုလိုလားလား ငွေကိုင်ပြီး အသုဘကို ဦးကိုင် စီမံတော့တာ…။ ဘာကြောင့်လဲဆိုတော့ – သူငယ်စဉ်က သူ့အမေကြီးလက်မှာပဲ ကြီးပြင်းလာခဲ့ရတာလေ…။ ချေးကလူ သေးကလူအရွယ်ကစပြီး မူလတန်းအောင်တဲ့အထိလောက်ကို သူ့အမေကြီးပဲ ကျွေးမွေးစောင့်ရှောက်လာရတာကိုး….”

“အဲဒီလိုဆိုတော့လဲ မှန်သားပဲဗျ…။ ဒါမျိုးမှာတော့ ငွေကို သုံးသင့်တာပေါ့…။ အသုံးလွဲတယ်လို့ မဆိုသာပါဘူးဗျာ…..”

“ကိုသိန်းအောင်ရေ…။ ကျွန်တော် ဥပမာလေးတစ်ခု ပြောစမ်းကြည့်မယ်ဗျာ…။ ခင်ဗျားတို့ ကျွန်တော်တို့ အသက်နှစ်ဆယ်စွန်းစွန်းမှာ ကျောင်းပြီးကတည်းက နည်းအမျိုးမျိုးနဲ့ စီးပွားရှာခဲ့ကြတာ အခုအရွယ်မှာဆို နှစ်သုံးဆယ်နီးပါးတောင် ရှိနေပြီဗျ…။ အဲသည် နှစ်သုံးဆယ်နီးပါး ရှာဖွေခဲ့တဲ့ ငွေကြေး အမြတ်အစွန်းတွေကို သုံးတာစွဲတာ ဝယ်တာချမ်းတာ ဘာမှမနှုတ်ပဲ ဒီခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် သိန်းနှစ်ထောင်သုံးထောင်တော့ မကလောက်ဖူးထင်တယ်နော…….”

“ ဟုတ်ပါရဲ့ ကိုထွန်းမြင့်ရယ်။ မကလောက်ဖူးထင်ပါရဲ့…..”

“ဒါဆို …. အခု ခင်ဗျားလက်ထဲ တကယ်ပိုင်တာ ဘယ်လောက်ရှိသလဲဗျာ….”

ကိုထွန်းမြင့်၏ မေးခွန်းသည် ကျွန်ုပ်အား ရုတ်တရက် လှုပ်နှိုးလိုက် သကဲ့သို့ ရှိပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ပေးရန် ရရန်များ လက်ဝယ်ရှိသည်များကို စိတ်ဖြင့် အပြေးအလွှား တွက်ချက်ကြည့်လေရာ-
လောလောဆယ် ကျွန်ုပ်အမှန်တကယ်ပိုင်ဆ်ိုင်သည်မှာ တိုက်ခန်းကျဉ်းလေးတစ်ခန်းနှင့် ကားဟောင်းလေး တစ်စီးမှအပဆိုရလျှင် ထီးတစ်ချောင်း၊ဘိနပ်တစ်ရံ သာသာ မျှလောက်သာ ရှိနေတော့သည်ကို အထိတ်တလန့် သတိပြုမိပါတော့၏။

“အဲဒါပဲ … ကိုသိန်းအောင်ရေ……
ငွေဆိုတာ သုံးသင့်တိုင်းသာ သုံးမယ်ဆိုရင် သုံးလို့ ဘယ်လောက်မလဲ
ငွေကို သုံးစရာ အကြောင်းအရာတွေ မရေတွက်နိုင်အောင်များတာကလား…….”

“ဟင်… ငွေကို သုံးသင့်တဲ့နေရာမှာမသုံးရင် ဘယ်လို သုံးရမလဲဗျ….”

“သုံးသင့်တာတွေထဲကမှ သုံးနိုင်သလောက်ပဲ သုံးရမယ်ဗျာ….။ မသုံးနိုင်ရင် သုံးသင့်ပေမယ့် မသုံးရဘူး…”

“ခင်ဗျားစည်းကမ်းကိုတော့ လူများစုက လိုက်နာနိုင်မယ်မထင်ပေဘူး ကိုထွန်းမြင့်ရေ…….”

“အဲဒါဆိုလဲ အများစု သွားနေကျ လမ်းကြောင်းအတိုင်းပဲ သွားကြရမှာပေါ့…။ ရိုးရိုးသားသားနည်းနဲ့ တိုးတက်ကြီးပွားအောင်မြင်ချင်ရင် အများစု သွားနေကျလမ်းကြောင်းက ဖေါက်ထွက်နိုင်မှ ရပေမပေါ့….”

“ဒါနဲ့ပဲ သူချေးထားတဲ့ပိုက်ဆံတွေ ကုန်ရောဆိုပါတော့….”

“မကုန်သေးဘူးဗျ….။ ဒီလောက်နဲ့ဆို အဖတ်ဆယ်လို့ ရလောက်သေးတယ်။
ဒါပေမယ့် သူဆိုင်ကယ်ပြင်သင်နေတုန်း အဲဒီဝပ်ရှော့ကို လိုင်စင်ဘီးတစ်စီး လာပေါင်တယ်။ လိုင်စင်ဘီးဆိုတော့ ပိုင်ရှင်ကိုလဲ လူချင်းလဲသိတဲ့အပြင် အိမ်ကအစသိနေတော့ ခိုးဘီး မဖြစ်နိုင်ဘူးပေါ့ဗျာ။ စိတ်ချရတယ်ဆိုပါတော့…။
ဆိုင်ကယ်ပေါင်က ဒီဖက်မှာ တစ်ဆယ်တိုးဆိုတော့ –
ကောင်လေးကလဲ သူ့ငွေတွေ တော်တော်လျော့သွားလို့ စိတ်ညစ်နေတဲ့အချိန်ဆိုတော့ –
အတိုးမျက်မျက်လေးနဲ့ ပြန်ဖါရအောင်ဆိုပြီး သူက ဝင်ဆွဲလိုက်တယ်ဆိုပါတော့……”

“အဲဒါလေးလဲ မဆိုးပါဘူးဗျ…. ။ သူက ကုန်သွားတဲ့ငွေတွေ ပြန်ရအောင် စိတ်ချရတဲ့ ရင်းနှီးမှု့ လုပ်တာပဲ…”

“ခင်ဗျားမေ့သွားပြီလား ကိုသိန်းအောင်….။ ကျွန်တော်တို့ မူလအစီအစဉ်မှာ ဆိုင်ကယ်အပေါင်ခံဖို့ မပါဘူးလေ……..”

“ဟာဗျာ …. ဒါကတော့ ကောင်းတာလုပ်တာပဲဗျ…..။ မကောင်းတာ လုပ်တာမှ မဟုတ်တာ…..။ အသုံးလွဲတယ်လို့ ဆိုနိုင်ဦးမလား……..”

“မူလ စီစဉ်ထားတဲ့အတိုင်းမသုံးပဲ တခြားအကြောင်းတွေအတွက်သုံးတာ အသုံးလွဲတာပဲပေါ့ဗျာ……။ မူလအစီအစဉ်ကို ပျက်သွားစေနိုင်တာပေါ့…….”

“အခု ဆိုင်ကယ်အပေါင်ခံလို့ ရတဲ့ အတိုးက မူလအစီအစဉ်ကို ဆက်လုပ်နိုင်စေဖို့ ပံ့ပိုးမယ်မဟုတ်လား….”

“အဲသလိုဆိုရင်တော့ ကောင်းတာပေါ့ဗျာ…..။ ခက်တာက ဆိုင်ကယ်က မရွေးဖြစ်ပဲ လေးငါးလ ကြာသွားတော့ အတိုးနဲ့ဆိုရင် မတန်တော့တာနဲ့ မရွေးတော့ဘူးဗျ…..။ ဒါနဲ့ နောက်ဆုံးတော့ ကောင်လေးက လက်ထဲတင်နေတဲ့ဆိုင်ကယ်နဲ့ ဆိုင်ကယ်ကယ်ရီဆွဲတော့တာပဲ…..။ သူက ဘောက်လိုက်လုပ်နေကျဆိုတော့ ဒီရွာတွေ တဝိုက်မှာတော့ မျက်နှာသိလဲများ ခင်တဲ့လူလဲများလို့ တော်တော်လဲ အလုပ်ကောင်းရှာပါတယ်။ တခြားကယ်ရီတွေ တစ်နေ့ ငါးထောင်ခြောက်ထောင်လောက်ကိုက်ရင် သူက တစ်သောင်းကျော် ပြေးမလွတ်ဘူးဗျ…….. ”

“တယ်ဟုတ်ပါလားဗျာ…..။ ဒီလိုတော့လဲ လမ်းမှန်သွားရှာသားပဲ……”

“ဒါပေမယ့် ကျွန်တော်တို့ မူလအစီအစဉ်ထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲဖို့ မပါဘူးနော…….”

“ခင်ဗျားမလဲ လှေနံဓါးထစ်ချည်း ပြောနေတော့တာပါလား ကိုထွန်းမြင့်ရယ်။ ဆိုင်ကယ် ကယ်ရီ ဒီလောက် ဝင်ငွေကောင်းမှဖြင့် ခင်ဗျားမူလအစီအစဉ် ဆိုင်ဖွင့်တာထက်တောင် သာနေသေးတာကို…..”

“ဝင်ငွေတစ်ခုထဲပြောလို့မရဘူးဗျ……။. ဆိုင်ကယ်ကယ်ရီသမားတွေရဲ့ သုံးငွေဖြုန်းငွေကိုလဲ ထည့်စဉ်းစားဦးမှပေါ့…….”

“အဲဒါကတော့ မဖြုန်းမသုံးနဲ့ပေါ့ဗျာ…….”

“ခက်ပါလား ကိုသိန်းအောင်ရယ်……။ လူဆိုတာ အသိုင်းအဝိုင်းတစ်ခုထဲရောက်မှဖြင့် အဲဒီအသိုင်းအဝိုင်းရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်းပဲ စီးမျောပေါင်းစပ်သွားတတ်တော့တာပေါ့….။
ခင်ဗျားပြောသလို မသုံးမဖြုန်းပဲ ငွေစုနိုင်မှဖြင့် ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်ရဲ့ဝင်ငွေဟာ နှစ်လသုံးလကို ဆိုင်ကယ်အသစ်တစ်စီး ဝယ်နိုင်လောက်တယ်ဗျ…..။
ဒါပေမယ့် ကျွန်တော်တွေ့ဖူးသမျှတော့ ဆိုင်ကယ်ကယ်ရီသမားများဟာ ဆိုင်ကယ်လေးဟောင်းရင်း စုတ်သွားရင် ပြုတ်သွားတာကများပါတယ်ဗျာ….”

“အေးဗျာ …. ဒီအထိ လက်ခံပြီပဲ ဆိုပါတော့….။ ဒါပေမယ့် သူကြုံရတဲ့ ဒုက္ခတွေဆိုတာကရော…….”

“ဒါကတော့ ဆက်တွေးကြည့်လေဗျာ…………
တနေကုန် ဆိုင်ကယ်နင်းလို့ ညောင်းရင် ဘယ်သွားမလဲ….
ဘာလုပ်မလဲ…….
ဒီကောင်လေးက အရင်က ရိုးရိုးသားသားလေးဆိုတော့ ဒီဘဝရောက်မှ မြည်းစမ်းဘူးတာတွေကို စွဲသွားရော ဆိုပါတော့………
တိုတိုပြောရရင် သူသွားနေကျနေရာက ကလေးမတစ်ယောက်နဲ့ငြိ၊
သူ့မယား မိဆင့်ကြားတော့ ပြဿနာတွေဖြစ်၊
သူ့မယားကတော်တော် ဘေးက ဝိုင်းလှော်တာနဲ့ ကွဲကြကွာကြ…..
ကလေးကို မိဆင့်က ခေါ်သွားပြီး အမျိုးနီးစပ်ရွာကိုပြောင်းတော့ ကျောင်းနှုတ်သွားရပြီး ဟိုရောက်တော့ ကျောင်းဆက်မထားနိုင်၊
ဒါကို မောင်ဇော်က ကြားတော့ စိတ်ဆိုး၊ စိတ်ညစ်၊ သောက်စား၊ နောက်ကလေးမနဲ့လဲ ကွဲ၊
သူလဲအလုပ်မှန်မှန်မလုပ်နိုင်၊ တစ်နေ့မှာမူးပြီးမောင်းရာက ဆိုင်ကယ်တိုက်…….
ရွာလမ်းပေါ်မှာမို့ သိပ်အရှိန်မပြင်းလို့ ကျိုးရုံလောက်နဲ့ ဆေးရုံရောက်၊

ကျိုးတာလေး ပြန်ကောင်းသွားပြန်တော့ ငွေလဲမရှိတော့ ဆိုင်ကယ်လဲမရှိတော့ အလုပ်လဲကောင်းကောင်းမလုပ်နိုင်တော့လို့ ခိုင်းမယ့်သူကရှား………
လမ်းဘေးနေ လမ်းဘေးစား…..
ကြာတော့ အနာရောဂါတွေဖြစ်…..
ရှေးလူကြီး သူမတွေက ပြောကြတာရှိတယ်။ အကုသိုလ်ဆိုတာ အဖေါ်အပေါင်းနဲ့လာတာ….တဲ့…
မှန်သလောက်မှန်တဲ့စကားပါပဲ ကိုသိန်းအောင်ရေ……
ကျွန်တော်တို့လူတွေမှာ အမှားတစ်ခုကို တံခါးဖွင့်ပေးလိုက်လို့မရဘူးဗျ…….
တံခါးဖွင့်လိုက်တာနဲ့ ရှေ့နောက်ဆက်စပ်နေတဲ့ အမှားပေါင်းများစွာတွေ အတွဲလိုက်ဝင်လာတတ်တာ…..”

ကျွန်ုပ်သည် ဤမျှနှင့်ပင် ဇတ်ရည်လည်ပြီဖြစ်ပါသည်။ ထို့ကြောင့် ကိုထွန်းမြင့်ကို ကောင်းစွာနှုတ်ဆက်၍ အိမ်ပေါ်မှဆင်းကာ ကားဆီသို့သွားလေသည်။ ကိုထွန်းမြင့်သည်လည်း ကျွန်တော်၏ဘေးမှ လိုက်ပါလာလေသည်။ ကားနံဘေးသို့ရောက်သော် ကိုထွန်းမြင့်ဘက်လှည့်၍ ကျွန်ုပ်၏စိတ်ထဲတွင် မတင်မကျရှိနေသော နောက်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိပါသည်…

“ဒါနဲ့ ကိုထွန်းမြင့်ရေ…..
တကယ်လို့များဗျာ…..
မောင်ဇော်ချေးယူတဲ့ငွေငါးသိန်းဟာ…..
သူတပါးကိုကူညီဖို့ထားတဲ့ငွေထဲကမဟုတ်ပဲ အခြားသူအခြားနေရာကငွေ ဆိုရင်ရော
ဒီလို ကြမ္မာဆိုးတွေ ကြုံတွေ့နိုင်ပါ့မလား……..
ခင်ဗျား ဘယ်လိုထင်သလဲဗျာ………………”

ဤတွင် ကိုထွန်းမြင့်သည် မည်သည့်အဓိပ္ပါယ်ဟု ခွဲခြားရခက်သော အကြည့်နက်နက်ဖြင့် ကျွန်ုပ်၏မျက်လုံးအစုံအား စိုက်ကြည့်ရင်း အသာအယာပြုံးကာ ကားတံခါးကို ညင်သာစွာဆွဲဖွင့်၍ နှုတ်ဆက်စကားဆိုပါသည်…။

“ဆီးယူ……. ကိုသိန်းအောင်ရေ……။ နောက်ကြုံရင်လဲ ဝင်ခဲ့ပါဦးဗျာ……..”
ကျွန်ုပ်သည် နောက်ကြည့်မှန်အတွင်းမှ ကိုထွန်းမြင့်ကို ကြည့်ရင်း ကားကို တလိမ့်ချင်းမောင်းထွက်လာရာ တစ်ခဏမျှအတွင်း ကိုထွန်းမြင့်၏ ရုပ်ပုံလွှာသည် ဝေး၍ ဝေး၍ ပျောက်ကွယ်သွားပြီဖြစ်လေသည်။
သို့ရာတွင် –
ကျွန်ုပ်၏ စိတ်အတွင်းဝယ် ယနေ့တိုင် မမေ့မပျောက်နိုင်သေးသော အတွေးတစ်စ ကျန်ရစ်ပါသည်။
ကျွန်ုပ်၏ နောက်ဆုံးမေးခွန်းကို ကိုထွန်းမြင့်တစ်ယောက် ဖြေခဲ့လေသလား……….
မဖြေခဲ့ဘူးလား………..
…………………
……………
……….
…….

 

မေတ္တာဖြင့်

ဦးဦးပါလေရာ

 

 

 

44 comments

  • kyeemite

    June 24, 2014 at 9:32 am

    တော်တော်မှတ်သားစရာကောင်းတဲ့ ဇတ်လမ်းလေးပါပဲဗျာ…ကျုပ်ကိုယ်ကျုပ်လည်းအလန့်တကြား
    ပြန်သုံးသပ်မိတယ်…“အသုံးလွဲ” တာတွေ မနည်းပါလားလို့သတိပြုမိတယ်…
    အင်း…Plan..Plan… 🙁

  • weiwei

    June 24, 2014 at 9:43 am

    ဒီနေ့မှ ရွာထဲရောက်ပြီး ၃ ပိုင်း တစ်ခါထဲ အပြီးဖတ်လိုက်ရတာ ကံကောင်းသွားတယ် …
    တွေးစရာတွေ အများကြီးရသွားလို့ ဒီတစ်နေ့တော့ ထိုင်တွေးနေလိုက်အုန်းမယ် …

  • Ma Ma

    June 24, 2014 at 9:47 am

    အဖိုးတန်မက်ဆေ့ချ်လေးပါပဲ။
    ကိုယ်တိုင်လည်း အသုံးလွဲတွေ အများကြီးပါပဲလားလို့ တွေးမိသွားတယ်။
    ရှဲပြီ ကိုပါရေ့။ 🙂

  • Nyo Win

    June 24, 2014 at 10:00 am

    ဦးပါအတွေးအရေးတွေကရင်ကိုဒက်ထိ…..
    မြိန်မြိန်ယှက်ယှက်ကြီးမျိုချလိုက်ပါတယ်…..
    ဦးပါ (ဦးထွန်းမြင့်)ရဲ့အတွေးအခေါ်ကအသိဉာဏ်တခုပွင့်လင်းစေတယ်…
    ကိုယ်တိုင်လည်းဆင်ခြင်အုံးမှပါလေ..အသုံးလွဲတွေများတတ်လွန်းလို ့..။

    • ဦးဦးပါလေရာ

      July 9, 2014 at 4:18 pm

      အဲသည် ရေးဟန်ကြီးကို သုံးပို်င်းလုံး ကုန်အောင်ဖတ်တယ်ဆိုတာကတော့
      တော်တော် သည်းခံနိုင်တာပါကလား …
      😀
      ကျေးဇူးပါဗျာ…

  • Mr. MarGa

    June 24, 2014 at 10:19 am

    Planning ဘာကြောင့် အရေးပါသလဲ
    Plan အတိုင်းလုပ်ဖို့ ဘာကြောင့် လိုအပ်တာလဲ
    အင်းးးးးးးးးးးးးးးးးးးးးးးး တွေးစရာ…….

    • ဦးဦးပါလေရာ

      July 9, 2014 at 4:25 pm

      ကိုသိကြားမင်းရေ
      စီမံချက်တစ်ခုကို မမှားမယွင်းအောင် ဂရုစိုက်နေရင်တောင်
      လွဲချော်သွားစရာတွေ အများအပြားကြုံတတ်တာပါ။
      ကြုံရင်ကြုံသလို လမ်းလွဲထွက်သွားမိရင်တော့
      အဲသည်အစီအမံဟာ အောင်မြင်ဖို့ ခက်သွားမှာပါ….
      ဒါကြောင့်လဲ လူတိုင်း မအောင်မြင်ဘူး။ လူတော်တွေပဲ အောင်မြင်တာပေါ့…။

  • black chaw

    June 24, 2014 at 10:52 am

    စ…လယ်…ဆုံး
    သုံးပိုင်းလုံး ဖတ်ပြီးသွားပြီ…။
    စာဖတ်သူ ကျွန်တော့်ကို အသိတစ်ခုပေးသွားတယ် လို့ ထင်ပါတယ်…။
    ကိုပါကြီးလက်ရာထဲမှာတော့ ဒီပို့စ်လေးက
    မာစတာပိစ် ပဲဗျာ…။

    • ဦးဦးပါလေရာ

      July 9, 2014 at 4:20 pm

      ဟိုးထား …ဆရာ
      နောက်တစ်ခါ အအေးမိရင် နောက်ထပ် မာစတာပိစရာတွေရှိသေးတယ်..
      😀

  • ခင် ခ

    June 24, 2014 at 11:10 am

    ကျုပ်မူလတန်းအရွယ် ကလေးဘဝကျောင်းသွားရင် အဖေကမုန့်ဖိုး တစ်နေ့ တမတ်ပေးတယ်။
    အဲဒီမုန့်ဖိုးလေးတွေ စုပြီး ကျုပ်တို့ဘာလုပ်လဲဆိုတော့
    ကလေးဆိုတော့ ငါးပြား ဆယ်ပြား စသည်ဖြင့် ဂေါ်လီပစ်ကြတာပေါ့
    အဲဒီအခါ မစားရ မသောက်ရ ရှုံးတဲ့အခါ စုထားတဲ့မုန့်ဖိုးလေးတွေ ပါပါသွားတတ်တယ်လေ
    အဲဒီကျရင် ကျုပ်ငွေလေးတွေပါသွားပြီမို့ အဲဒီနေ့တော့ တစ်မှိုင်မှိုင်ပေါ့
    ကျုပ်လက်က အဲဒီလောက်ဖြောင့်တာဆိုတော့ဗျာ။
    ဒါကြောင့် နောက်ဆို အဖေက မုန့်ဖိုးပေးတဲ့အခါ အဖိုးက အခုလိုအမြဲပြောလာတယ်
    ” သားငယ် ပေးလိုက်တဲ့မုန့်ဖိုးကို အသုံးတည့်အောင်ဘဲသုံးနော် မဟုတ်တာတွေ ဖြုန်းလာပြီးမှာ
    မှိုင်တွေတွေမလုပ်နဲ့ အဖိုးအဲလိုမျိုးမကြိုက်ဘူး”
    နောက်တော့ တစ်ဖြေးဖြေးနဲ့ ကျုပ်ပိုက်ဆံထောင် ဂေါ်လီပစ်တဲ့ အလေ့အကျင့်ပျောက်သွားခဲ့တယ်။
    အဲဒီတုန်းက အဖိုးကြောက်လို့ အကျင့်ဖျောက်ခဲ့ပေမယ် ကျုပ်ဘဝအတွက်တော့ အဖိုးရဲ့စကားဟာ
    တန်ဖိုးရှိခဲ့တာ အခုထိပါဘဲလေ။
    ဦးပါရဲ့ပိုစ့်ကို ဖတ်ပြီး ငယ်ဘဝကို သတိရသွားမိတယ်ဗျာ။
    အခုမှဘဲ သဘောပေါက်တော့တယ် ကျိန်စာသင့်သောငွေဆိုတာကို။

    • ဦးဦးပါလေရာ

      July 9, 2014 at 4:16 pm

      တူလိုက်တာ ကိုခင်ခ ရေ
      ကျုပ်ငယ်ငယ်ကလဲ မုန့်ဖိုးရတဲ့ ငါးပြားစေ့ ဆယ်ပြားစေ့တွေကို စုဗူးလေးနဲ့စု ..
      တဝက်လောက်ရတဲ့အချိန်မှာ ပိုက်ဆံထောင်ပစ်တာ ကစားတတ်သွားတော့
      လူကြီးတွေမသိအောင် ခိုးဖေါက်ပြီး အပြောင်ရှင်းလိုက်ပါရောလား..။
      သိသွားကြတဲ့နောက်တော့ ဝိုင်းပြီး ချီးကျူး ထောမနာ ကြတာပေါ့…
      😀 😀

  • ဇီဇီ

    June 24, 2014 at 11:20 am

    မနက်ကတည်းက ဒီပို့(စ) လေး ဖတ်ပြီး တွေးမိတယ်၊.
    ခက်တာက အနော် ကိုယ်တိုင်ကကို ပိုက်ဆံကို ဘယ်နေရာမှာ သုံးရမယ် သုံးရမယ် သေချာမသိဘူး ဦးပါရဲ့။
    စိတ်ပါသလိုတွေ သုံးတာ။

    ကုန်သွားတဲ့ ပိုက်ဆံတွေ ဟာ သုံးလိုက်ရတဲ့ ပိုက်ဆံတွေတော့ မဟုတ်နိုင်တော့ဘူးးး

    :hint:

    • ဦးဦးပါလေရာ

      July 9, 2014 at 4:11 pm

      မြန်မာစကားပုံတစ်ခုကို ဦးပါ ဆက်ထွင်ထားတယ်…

      တရုတ်လို ရှာ
      ကုလားလို စု
      စင်္ကာပူရိယန်တွေလို ကပ်စေးနဲ …. တဲ့
      😀
      အဲဒီမှာနေမှတော့ အဲဒီက နေးတစ် တွေ မျက်စေ့နောက်အောင်သာသုံး…
      😀

  • အပြောလွယ် အလုပ်ခက် ဆိုတာ plan ပဲ ထင်ပါရဲ့…
    အနော်လည်း အသုံးလွဲတာရော အလွဲသုံးနေတာရော အများကြီးပဲ.
    သင်ခန်းစာရသွားတဲ့ ပို့စ်လေးကို ကျေးဇူးအများကြီးတင်ပါတယ် ဦးဦး

    • ဦးဦးပါလေရာ

      July 9, 2014 at 4:05 pm

      အားပေးတာ ကျေးဇူးပါ တူမလေးရယ်..
      လွဲချော်မှု့အားလုံးမှာ ဆင်ခြေတွေရှိတယ် တဲ့…

  • အရီးစာလိပ်

    June 25, 2014 at 1:31 am

    ခေါင်းညွှတ်အလေးပြုပါတယ် ကိုပါ။
    မြန်မာပြည်က လူတွေ က ကျွန်မ လက်ရှိ သိကျွမ်းနေတဲ့ ဒီက လူတွေ ထက် ပိုပြီး ဝ မရှိဘဲ ဝိ လုပ်တတ်တာတွေ၊ ပကာသန ကို ရှေ့တန်းတင်တတ်တာတွေ တွေ့ရပါတယ်။
    အားလုံး ကိုတော့ မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုပါ။
    မလိုတဲ့ နေရာတွေမှာ သိမ်ငယ်စိတ် ရှက်စိတ် ရှိကြတာလဲ မကောင်းပါဘူး။
    လူတန်းစေ့ မသုံးနိုင်ရင် ရှက်စရာ လို့ ပြောရင် အဲဒီ “လူတန်းစေ့” ဆိုတဲ့ အနက်ကို အရင်ဖွင့်သင့်တယ်။
    ပြောလေ့ရှိတာ “ရွှေလေးမှ မူးလို့ ရှူစရာမရှိ” တဲ့။
    တကယ်တော့ မရှိလဲ ဘာဖြစ်တုန်း။
    အဲဒါ ရှူ လို့ တကယ် အမူးပြေမှာမှမဟုတ်တာ။
    ဒီမှာတော့ အဲလို ရတနာတွေ ဘယ်သူမှ တခုတ်တရ လုပ်ပြောမနေဘူး။ ကြည့်လဲ မနေဘူး။
    အဲဒါတွေ စု မဲ့အစား သူတို့ က ခရီးသွားတယ်။ ချာရတီ တွေကို လှူတယ်။
    တစ်ခုတော့ရှိတာပေါ့လေ။
    ဒီလို နိုင်ငံမှာ အိုစာ မင်းစာ အတွက် သိတ်ပြီး စိတ်ပူစရာမှ မလိုဘဲကိုး။
    ဒီ ဇာတ်လမ်း ရဲ့ ကျိန်စာ က ရှိလိုက်တဲ့ ပိုက်ဆံလေးပေါ်မှာ အောက်ခြေလွတ် သွားတာတာမို့ ကိုယ့်လမ်းပျောက်သွားတာပါ။
    ဒီတော့ အသုံးလွဲ တော့တာပေါ့။
    အပြင်မှာ ဒါထက်တောင် ဆိုးမဲ့ တကဲ့ ဇာတ်လမ်းတွေ အများကြီးနေမှာလို့ လဲ တွေးမိပါရဲ့။
    အချုပ်ကတော့
    ကိုပါရေ
    ရှင့် ရေးချက်က ထိရှမှု ပြင်းပါ၏။
    ဘရာဘို ပါ။
    အသိလေးရအောင် reminder အတွက်လဲ ကျေးဂျူးကြီးပါ။
    :-))

    • ဦးဦးပါလေရာ

      July 9, 2014 at 4:02 pm

      မအားတဲ့ကြားက ကျုပ်ပိုစ့်လေး ဝင်အားပေးတာ ကျေးဇူးပါ မခင်လတ်ရေ..
      အခု ကျုပ်တို့နိုင်ငံသား အောက်ခြေလူတန်းစားတွေမှာ
      အကုန်အကျတွေ အရမ်းများပြီး ၊ အရမ်း စားရိတ်ကြီးလွန်းနေတယ်
      ကိုပေါက်လဲ ပိုစ့်လေးတစ်ပုဒ်နဲ့ ထောက်ပြထားဖူးတယ်..။
      ချမ်းသာတဲ့သူက အဆင်ပြေတဲ့သူက သုံးနိုင်တဲ့သူက ကုန်ကျပစေ။
      အဲဒါအားပေးတယ်။ သူတို့ ပိုက်ဆံသုံးမှ တိုင်းပြည် ငွေကြေးလည်ပတ်မှာ။
      ဒါပေမယ့် မသုံးနိုင်တဲ့သူတွေက မသုံးသင့်သေးတဲ့နေရာတွေမှာ
      အသုံးများနေတာကတော့
      တိုင်းပြည်ကို ဆွဲနှစ်နေသလိုပါပဲ..။
      သူတို့ကိုယ် သူတို့လဲ ဆွဲနှစ်နေသလိုပါပဲ…။
      ကျုပ်တော့ မျက်မြင်တွေ့နေရလို့ တော်တော်စိတ်မကောင်းဖြစ်မိတယ်..။
      ဒီလိုပဲ မနေနိုင်တဲ့အခါ တစ်တို့နှစ်တို့ လောက် ရေးဖြစ်သွားတာပေါ့နော…။

  • Crystalline

    June 25, 2014 at 12:49 pm

    တကယ့်ကို တိုက်ရိုက်ထိတယ်.. ရှေ့လျောက်ဆင်ခြင်မယ်လို့တော့ ကိုယ့်ကိုယ်ကို ဆုံးမနေတာ.. :cryy:

    • ဦးဦးပါလေရာ

      July 9, 2014 at 3:55 pm

      ကျုပ်လဲ ကိုယ့်ကိုယ်ကို ဆုံးမနေတာ နှစ်သုံးဆယ်နီးပါးရှိပြီ..
      😀

  • alinsett (gazette)

    June 25, 2014 at 3:47 pm

    ဇာတ်လမ်းက ပေးတဲ့ အချက်အလက်လေးက တန်ဖိုးရှိတဲ့ အယူအဆလေးပါပဲ

    ဒီဇာတ်လမ်းအတွက် ဗရာဗိုပါဗျို့. . .

  • ဝင့်ပြုံးမြင့်

    June 26, 2014 at 12:22 am

    လေးစားပါတယ် ဦးဦးပါ။ ကျမလည်း သောက်သုံးမကျလို့ မွဲနေတာပါ။ သဌေးတွေက ပြောတယ်။ ဆင်းရဲတာ အကြောင်းရှိသတဲ့။ အခုဦးပါရေးတာဖတ်ပြီးမှပဲ ရှင်းရှင်းလင်းလင်းသိသွားတော့တယ်။

    • ဦးဦးပါလေရာ

      July 9, 2014 at 3:52 pm

      ပြောချင်တာတွေအများကြီးဆိုရင်တောင်
      တကယ်ထိအောင်တော့လဲ သိပ်ပြောလို့ မဖြစ်သေးဘူး ဆရာမရေ
      အဲဒါနဲ့ပဲ ဒီလိုမျိုး စကားထဲညှပ်ပြီး ခပ်ပါးပါးထည့်ရေးရတာ..
      :mrgreen:

  • ဦးဦးပါလေရာ

    June 30, 2014 at 9:07 am

    အောင်ပြီကွ….. အောင်ပြီ……

    သည်းခံကြပါ….
    ကျုပ်ပိုစ့်လေး ကွန်မင့်ပြန်ရေးချင်လို့ လိုက်ရှာနေတာ ဒီမနက် ပြန်တွေ့ပြီဖြစ်လို့…
    အောင်ပွဲခံချင်စိတ်တွေပေါက်နေတာ….
    ဝမ်းသာလိုက်တာနော်…. တွေ့တဲ့သူ မုန့်ဟင်းခါးခေါ်ကျွေးချင်စိတ်တောင်ပေါက်တယ်….


    ဒီ ကဘောက်တိကဘောက်ချာပိုစ့်လေးကို ဝိုင်းဖတ်ပေးကြတဲ့
    ကွန်မင့်များချီးမြှင့်ကြတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါသဗျာ….
    ဘဝမှာ အသုံးလွဲလို့ မွဲနေသူကို နမူနာပြချင်ရင်ဖြင့်…..
    ကျုပ် .. ဦးပါလေရာကိုသာ လက်ညှိုးထိုးပြကြပေတော့…
    ဘယ်ကိစ္စလေးဖြစ်ဖြစ် ပိုက်ဆံသုံးချင်ရင် ဆင်ခြေဆင်လက်အပြည့်နဲ့ ….
    ဒါပေသိ…
    ကိုယ်မှားလို့ ကိုယ်မွဲတဲ့အခါများမတော့ … မည်သည့်ဆင်ခြေကမျှ မကယ်နိုင်ပါကြောင်း……
    :p:

    • ဦးဦးပါလေရာ

      June 30, 2014 at 9:09 am

      ဟိုလေ…
      တပိုစ့်လုံး .. ဖက်ရှင်ကျသွားအောင်
      ကျုပ်ကွန်မင့်လေးတွေလဲ တစ်ယောက်ယောက်က အနီပေး ပေးပါလားဟင်…
      😀

    • kyeemite

      July 9, 2014 at 9:30 am

      ဦးဦးပါလေရာ says:

      အောင်ပြီကွ….. အောင်ပြီ……

      သည်းခံကြပါ….
      ကျုပ်ပိုစ့်လေး ကွန်မင့်ပြန်ရေးချင်လို့ လိုက်ရှာနေတာ ဒီမနက် ပြန်တွေ့ပြီဖြစ်လို့…
      အောင်ပွဲခံချင်စိတ်တွေပေါက်နေတာ….
      —————————————–
      ဦးပါ နှုတ်စီးတယ်ပြောရမလားမသိ…
      ဇွန်လအတွက် ဒီပို့စ်က တကယ် အောင်သွားကြောင်းပါဗျား 🙂

  • kyeemite

    June 30, 2014 at 3:27 pm

    အနီပေးချင်လို့ လုပ်ကျိတာရဘူးဗျ…ဦးပါကံကိုကမခေဘူးပဲ :p: 😀

  • black chaw

    June 30, 2014 at 7:09 pm

    ကျွန်တော် နာမည်ပြောင်းလိုက်ပြီ ကိုပါကြီး…။
    Red ချောလို့…။
    😀

  • Yae Myae Tha Ninn

    July 9, 2014 at 9:57 am

    တကယ်ကို ထိုက်တန်ပါတယ်.. ဦးပါ… ဂုဏ်ယူပါတယ်… 🙂

  • kai

    July 9, 2014 at 11:18 am

    ဘင်္ဂလားသားတယောက်က.. မိုက်ခရိုဖိုင်းနန့်ဆိုပြီးလုပ်တော့.. လုပ်တဲ့သူနိုဗဲဆုပါရတယ်..
    ဆင်းရဲသားတွေကို.. ငွေထုတ်ချေးတာလေ..။
    အဆင်ပြေချိန်ပြန်ဆပ်ပေါ့..။ တော်တော်အောင်မြင်သွားသမို့.. နိုဗဲဆုရတယ်ဆိုပါစို့..

    Muhammad Yunus (Bengali: মুহাম্মদ ইউনূস; born 28 June 1940) is a Bangladeshi social entrepreneur, banker, economist and civil society leader who was awarded the Nobel Peace Prize for founding the Grameen Bank and pioneering the concepts of microcredit and microfinance. These loans are given to entrepreneurs too poor to qualify for traditional bank loans. In 2006, Yunus and the Grameen Bank were jointly awarded the Nobel Peace Prize “for their efforts through microcredit to create economic and social development from below”.

    အဲဒါမျိုးမြန်မာပြည်မယ်.. သံအမတ်ကြီးဟောင်းတယောက်က.. နိုင်ငံခြားငွေကြေးဌာနတွေနဲ့ချိပ်ပြီး… လုပ်တယ်..။
    ဆိုတော့… စပေါ့လိုက်တခုထုတ်ပြရရင်..
    ချေးငွေထုတ်ပေးတဲ့နေရာက.. ဒီနားလေး..။
    အဲဒါ.. အဲ့… ဟိုနားလေးကနေစောင့်ပြီး.. ဘုန်းကြီးက.. နောင်ဘဝအတွက်တခါတည်းရင်းနှီးမြုတ်နှံဖို့ဆွယ်တာမို့.. မြန်မာ့ကျေးလက်တောင်သူတွေခမြာဘယ်ပြောကောင်းမလည်း.. လှူတယ်လှူတယ်.. ကုသိုလ်ကုသိုလ်ဆိုပြီး… တသဲသဲပေါ့..။
    ရလဒ်က..
    အဲဒီစနစ်ပျက်ပါတယ်..။ လုပ်တဲ့သူရော.. နိုင်ငံခြားငွေကြေးရံပုံငွေအဖွဲ့တွေရော.. လက်လန်ခြေခေါက်…
    အံမာ.. ပြောလိုက်သေး.. ကုသိုလ်ရေးလှူတာကို.. အကုသိုလ်လာလုပ်နေတယ်.. ဆိုတာပဲ..။

    ဒီသဘောကို.. ဖြတ်ကနဲ့ လှစ်ပြတဲ့ဦးပါကို အကြိမ်၁၀၀ဝ ကျေးဇူးတင်..။

    မှတ်ချက်။ ။ လူတကိုယ်.. သုံးကိုယ်ခွဲများရဲ့.. အနှစ်၁၀၀ဝ ကျိန်စာ…။

  • ဦးကျောက်ခဲ

    July 9, 2014 at 12:33 pm

    ဖတ်သာ ဖတ်ပြီးသွားတာ… မမန့်ရသေးဘူး ဦးပါရဲ့ …
    အသုံးအစွဲဆင်ချင်ဖို့ ညွှန်းတဲ့ပို့စ်ကောင်းမို့ ကိုယ့်ကိုယ်ကိုတောင် ဆန်းစစ်မိပါရဲ့ …
    အခု ဂျွန်လအတွက် ဖတ်ရွေးဆုပါရတယ်ဆိုတော့…
    “ကွန်ဂရက်ကျူလေးရှင်း… ဗရာဗို… ပါဗျို့”…
    လဘက်ရည်လောက်နဲ့တော့ အနဲဆုံးထားပြီး ဧည့်ခံနော် ဦးပါ…. 😀

  • kyeemite

    July 9, 2014 at 1:07 pm

    ကျုပ်တို့သဘောကျတာ အဲ့ဒါလည်းပါတယ်ဗျ

  • Yae Myae Tha Ninn

    July 9, 2014 at 2:30 pm

    ကျွန်တော့်လဲ ခေါ်ပါနော်.. လက်ဘက်ရည်သောက်ချင်တာရော… လူတွေလဲ မြင်ဖူးချင်တာလဲ ပါတယ်.. အရင်ကဆို ပန်းချီ နန္ဒလှိုင်း… နန္ဒာလှိုင်လို့ နောက်တဲ့ ဆရာကြီးတယောက်နဲ့ အလုပ်တူတူလုပ်ဖူးတယ်ဗျ.. လေထန်ကုန်းဆိုတာ မသိတာရယ်.. စာရေးဆရာ မြင်ဖူးချင်လို့ရယ် သွားတယ်.. ကံမပါဘူးဗျာ.. သွားတိုင်း မတွေ့ခဲ့ရဘူး… သိတာဆိုလို့ မောင်စိန်ဝင်း(ပုတီးကုန်း) ပဲ သိတယ်.. ဒါတောင် ကြည့်မြင်တိုင်မှာ နေလို့… 🙂

    • ဦးဦးပါလေရာ

      July 9, 2014 at 3:36 pm

      ကိုဘရုတ်ရေ..
      ကျုပ် ဒီရွာထဲမဝင်ခင်က ခင်ဗျားတို့ ပေါက်ဖေါ်တို့ အဲရိုစ့် တို့ ဆူး တို့ ကိုပေါက်တို့ စာတွေဖတ်ပြီး ဝင်လာတာပေါ့…
      လူတွေ့ချင်ရင်တော့ နောက်လာမယ့် မန်းဂဇက်မိသားစု တွေ့ဆုံပွဲလေးကို အချိန်ပေးပြီးလာခဲ့ဖို့ လေးလေးစားစား ဖိတ်ကြားပါတယ်ဗျာ..
      အဲဒီမှာ ပွဲအစက အဆုံး မျက်စေ့နောက်အောင်တွေ့ရစေမယ်လို့ အာမခံတယ်..
      😀
      လက်ရှိ ကျုပ်ရုံးခန်းကလဲ ကြည့်မြင်တိုင်မှာပါ..
      နေတာက စမ်းချောင်းဆိုတော့
      အိမ်နီးချင်းတွေပေါ့နော…

  • Novy

    July 9, 2014 at 2:34 pm

    (အဲသည် နှစ်သုံးဆယ်နီးပါး ရှာဖွေခဲ့တဲ့ ငွေကြေး အမြတ်အစွန်းတွေကို သုံးတာစွဲတာ ဝယ်တာချမ်းတာ ဘာမှမနှုတ်ပဲ ဒီခေတ်ငွေတန်ဖိုးနဲ့တွက်ကြည့်ရင် သိန်းနှစ်ထောင်သုံးထောင်တော့ မကလောက်ဖူးထင်တယ်နော…….”

    “ ဟုတ်ပါရဲ့ ကိုထွန်းမြင့်ရယ်။ မကလောက်ဖူးထင်ပါရဲ့…..”

    “ဒါဆို …. အခု ခင်ဗျားလက်ထဲ တကယ်ပိုင်တာ ဘယ်လောက်ရှိသလဲဗျာ….” )

    အပေါ်က မေးခွန်းအတိုင်းဆို ငါပိုင်တာဘာရှိလဲဆိုတဲ့ အတွေးတွေအမေးတွေ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် မေးနေမိပါတယ် ဦးပါရေ……………
    ဪ…..အလွဲသုံးစားတွေ ဘယ်လောက်များနေပါလိမ့်

    • ဦးဦးပါလေရာ

      July 9, 2014 at 3:43 pm

      ကျုပ်ကတော့ သိပ်မတွက်ရဲဘူး မနိုရဲ့..
      အကြမ်းစဉ်းစားကြည့်သလောက် အိတ်တစ်လုံးနဲ့ ထီးတစ်ချောင်းပဲ ကိုယ်ပိုင်ရှိတယ်..
      အဲသည်ထီးလေး ပိုင်ရှင်ပေါ်သွားမှဖြင့်…
      😀 😀

  • Yae Myae Tha Ninn

    July 9, 2014 at 3:46 pm

    အသုံးလွဲတာ လုပ်ပါ ဆရာကြီး Novy ကလဲ.. 😛

  • Yae Myae Tha Ninn

    July 9, 2014 at 4:48 pm

    ဦးပါ လွဲနေတာ တခုရှိတယ်.. ကျွန်တော်က ဘရုတ် ဟုတ်ဘူးဗျ.. ဘရုတ်က သူငယ်ချင်း.. အကောင့်ကလဲ တခုပဲ ရှိတယ်.. အဲ.. အခု ၂ ခုပေါ့.. လူတလုံးရယ်.. ရေမြေ့သနင်းရယ်ဗျ… သူနဲ့က ပို့စ်တင်တာ ကော်ပီဆိုတော့ ဆင်ပြီး တယောက်တည်း ထင်တာ ဖြစ်မယ်.. ပြီးတော့ ကျွန်တော်က ကြည့်မြင်တိုင်သား.. ရွှေတိုင်သားပါဗျာ… ဟုတ်ပါတယ်.. တချိန်ကတော့ စီနီယာပေါ့.. အခုတော့ ဂျူနီယာပေါ့.. လေးလေးစားစား ဖိတ်လို့ ဝမ်းသာ ကျေးဇူးတင်ပါတယ်… လာခဲ့ပါ့မယ်..ဗျာ.. တွေ့ဆုံပွဲကို… မဟေသီကိုလဲ ခေါ်ခဲ့မယ်နော်… 🙂

  • မဟာရာဇာ အံစာတုံး

    July 10, 2014 at 2:12 am

    ဂလိုဆို …
    ကျော်လည်း အသုံးလွဲကျိန်စာ မိနေပါပြီ ဥဥပါ ရယ် …
    ဟင့် … ဘယ်လို လုပ်ရပါ့ …. 😥
    ကျော့်ဖြစ်ပုံက ဂလိုပါ …
    မနေ့ မနက်က ကော်ဖီမစ် ဝယ်မို့ ဈေးဆိုင် သွားလိုက်တာ
    ကော်ဖီမစ် ကုန်နေတာနဲ့ ရူဘီ နှစ်လိပ် ဝယ်သောက်ပလိုက်တယ် …
    အဲ့လို .. အဲ့လို .. ဖစ်တွားဒါ … ဟီးးဟီးးး :mrgreen:

    လဂါးနောက်ဒါ ….
    ဥဥပါ ရေးထားတာ ရှယ်ဘာဘဲဗျာ …
    မရေးဘူး မရေးဘူးနဲ့
    ရေးမယ့် ရေးတော့လည်း စပယ်ချယ် အလန်းဘဲ ….

Leave a Reply