အနုပညာကိုအချောင်နှိုက် မခံမိကြပါစေနဲ့

Mee WahJune 25, 20141min1446

ခွေးမျိုး..သောက်ကြီးသောက်ကျယ်နဲ့ သူ့အမေသူ့နှမတွေပေါင်ကြားသွားခွဲခိုင်းလိုက်ကွာ..အဲဒါကတော့ စိတ်ပေါက်ပေါက်နဲ့ ရေးမိတဲ့ကျနော့ရဲ့မှတ်ချက်ပါ။ ရေးရတဲ့အကြောင်းချက်က မိတ်ဆွေတယောက်ရဲ့စာမျက်နှာမှာ ကူးတင်ထားတဲ့ ခုတလောလူပြောများနေတဲ့ အနုပညာတံဆိပ်တပ်ပြီး ဖောက်ပြန်မှားယွင်းမှုကိုပဲ အဟုတ်တရားလိုလိုလူကြားထုတ်လာတဲ့ အောင်ရင်ငြိမ်းရဲ့ ဝေဖန်သူတွေကို တုန့်ပြန်ချက်တွေ့မိလို့ ဒေါသနဲ့ရေးလိုက်မိတယ်။ သူတုန့်ပြန်ချက်က ဒီလို (Aung Yin Nyein >>
တစ်ခွန်းတည်း ပြောမယ်
ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ
အပြာစာအုပ် မဟုတ်ဘူး။
နောက်တစ်ခွန်း ထပ်ပြောမယ်
ရိုမန်းဘော့ထ်ဟာ
ခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို
လူသားသစ် အဖွဲ့အစည်းဖြစ်အောင်
လုပ်ကြဖို့
အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း။) တဲ့။

ဘယ်လောက်မသိသားဆိုးရွားတဲ့အကောင်လဲ။ လောကကြီးမှာ ဆွေမဲ့မျိုိုးမဲ့ ထောက်ထားစဉ်းစားငဲ့ကွက်စရာမရှိတဲ့ အုတ်ကြားမြက်ဖြစ်ဟန်ရှိတယ်။ ဒါမှမဟုတ် လူဆိုတဲ့သတ္တဝါရဲ့ စုဖွဲ့နေထိုင်ရေး ယဉ်ကျေးမှုကိုလုံးဝ နားမလည်တဲ့ အိပ် စား ကာမလောက်သာသိတဲ့ဟန်ရှိတဲ့သတ္တဝါဖြစ်နိုင်တယ်။ ပြောပုံကပေါက်ပန်းဈေး။ ( ရိုမန်းဘော့ထ်ဟာခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင်လုပ်ကြဖို့)တဲ့။ သူစကားသူသိပ်ထင်မှတ်နေရင် သူအမေ သူ့ကိုမွေးဖို့ သူ့အဖေဆိုတဲ့လူအထီးတို့ ယဉ်ပါးဖို့ကို ဘယ်ကျောင်းမှာ သင်စရာ ဘာစာအုပ်ဖတ်စရာလိုခဲ့သလဲ ပြန်မေးသင့်တယ်။ တကယ်တော့ သဘာဝတရားကြီးက လူအပါအဝင် သတ္တဝါတိုင်းမှာ မျိုးဆက်ပြန့်ပွားဖို့ ဗီဇအသိသွတ်သွင်း စီရင်ပြီးသားဖြစ်ပါတယ်။ အိပ် စား ကာမ (မျိုးဆက်ပွားခြင်း) ဟာ သတ္တဝါတိုင်းအတွက် အဓီကအရေးသုံးပါးဆိုတာ သာမာန်လူစိတ်ရှိတဲ့လူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ ဒါကိုရေးကြီးခွင်ကျယ် အကြောင်းလုပ်ပြီး ဖောက်ပြန်မှုဗန်းတင် အနုပညာကိုအချောင်နှိုက်ဖို့လုပ်တာပါ။ ဒါမျိုးကျ အမျိုးဘာသာ သာသနာကို ကာကွယ်မယ်ဆိုတဲ့ မဘသတွေ၊ ၉၆၉ တွေဘယ်ရောက်နေပါလိမ့်။ သခင်ရဲ့ဝီစီသံမကြားရလို့နေတယ်။

လူနဲ့တိရိစာ္ဆန်ကြားက ကွဲပြားခြားနားချက်ဟာ ယဉ်ကျေးမှုဖြစ်တယ်။ ယဉ်ကျေးမှုဆိုတာ အကြောင်းမဲ့ပေါ်လာတာမဟုတ်ပါ၊ ခေတ်အဆက်ဆက် လူသားအစုအဖွဲ့တွေကြား လေ့ကျင့်လိုက်နာ ပြုစုစောင့်ရှောက်ရာက ဖြစ်ပေါ်လာတဲ့ ဓလေ့ထုံးတမ်းတွေရဲ့အစုအဝေးဖြစ်ပါတယ်။ သူ့နိုင်ငံသူ့ဓလေ့ သူလူမျိုးသူ့ထုံးတမ်း အသီးသီးရှိနေကြတယ်။ တူတာတွေရှိမယ် မတူတာတွေရှိမယ်၊ တခါတလေမှာ တမျိုးနဲ့တမျိုး ဆန့်ကျင်ဖက်ဓလေ့တွေတောင်ရှိတတ်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုတခုနဲ့တခုကို ဘယ်ဟာက မြင့်တယ် နိမ့်တယ်ရယ်လို့ သတ်မှတ်ကောက်ချက်ချလို့မရဘူးလို့ မနုဿ ဗေဒပညာရှင်များကဆိုပါတယ်။ အကြောင်းကတော့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုတာ လူ့အသင်းအဖွဲ့တခုတွင်းသဟဇာတဖြစ်မှုကိုဖြစ်ထွန်းစေပြီး အဲဒီလူ့အဖွဲ့အစည်းရဲ့ ရှင်သန်ဖွံ့ဖြိုးမှုကိုဖြစ်စေတယ်ဆိုရင် ပြည့်စုံလုံလောက်တဲ့ ယဉ်ကျေးမှု ယန္တယားတခုအဖြစ်မှတ်ယူရမယ်လို့ဆိုပါတယ်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ လူမျိုးတမျိုးနဲ့တမျိုးကြား ကူးလူးဆက်နွယ်နေတယ်။ ဒီနေ့ခေတ် တိုးတက်လွယ်ကူလာတဲ့ခရီးလမ်းပန်းတွေနဲ့ လူထုဆက်သွယ်ရေးနည်းပညာတွေကြောင့် ကမာ္ဘကြီးဟာ ပိုပြီးကျဉ်းမြောင်းလာသလို လူမျိုးစုံကမာ္ဘ့ပြည်သူတွေအကြား ကူးလူးဆက်ဆံမှုတွေပိုများလာတယ်။ ပိုများလာသလို ယဉ်ကျေးမှုတွေကြား ပေါင်းကူးယှက်နွယ်မှုတွေပိုဖြစ်လာတယ်၊ မတူညီတဲ့ဓလေ့တွေကြား ထိခတ်မှုတွေကတဆင့် ဝိရောဓိတွေ ပဋိပက္ခတွေလဲရှိလာတယ်။

ယဉ်ကျေးမှုတိုင်းမှာ အားနည်းချက်တွေ ယဉ်ကျေးမှုရဲ့ဘေးထွက်စရိုက်ပျက်အနာတွေရှိတတ်ပါတယ်။ ယဉ်ကျေးမှုတွေအကြားက ကူးလူးဆက်ဆံရေးမှာ အဲဒီ အားနည်းချက်တွေ ယဉ်ကျေးမှုရဲ့ဘေးထွက်စရိုက်ပျက်အနာတွေရဲ့ ကူးလူးမှုက ပိုပြီးမြန်ဆန်တတ်ပါတယ်။ ဒီအားနည်းချက်တွေ ယဉ်ကျေးမှုရဲ့ဘေးထွက်စရိုက်ပျက်အနာတွေရဲ့ ကူးလူးမှုက မတူညီတဲ့ဓလေ့တွေကြား ထိခတ်မှုတွေကတဆင့် ဝိရောဓိတွေ ပဋိပက္ခတွေဖြစ်ခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်ပါတယ်။ ဗမာပြည်လို တချို့သော လူ့အဖွဲ့အစည်းတွေရဲ့ လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေချွတ်ချုံကျနေရင် အားသာတဲ့ ယဉ်ကျေးမှုတွေရဲ့ လွမ်းမိုးမှုနဲ့ သူ့ရဲ့ဓလေ့ရိုပ်တွေ အဓမ္မသွတ်သွင်းခံရတဲ့အခါမှာလည်း လက်ခံလိုက်ရတဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ပဋိပက္ခတွေဖြစ်ကျန်ခဲ့လေ့ရှိပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေချွတ်ချုံကျနေတဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်းတွေထဲက လူတချို့က စီးပွားရေးနဲ့ နိုင်ငံရေး ကဏ္ဍတွေချွတ်ချုုံ ကျရတဲ့ အကြောင်းရင်းဇာစ်မြစ်ကိုမရှာပဲ (သို့မဟုတ်) မရှာဝံ့မရှာနိုင်ပဲ မူလယဉ်ကျေးမှုစံဓလေ့တွေအပေါ်ယိုးမယ်ဖွဲ့လေ့ရှိပါတယ်။တဖက်မှာလည်း သူတို့အမြင်နဲ့ တိုးတက်ကြီးပွားနေတဲ့လို့ ယူဆတဲ့တပါးနိုင်ငံ ယဉ်ကျေးမှုတွေကို ပုံတူကူးသွတ်သွင်းဖို့ အားထုတ်တတ်ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့အခါ တွန်းကန်ရာကနေ
ဝိရောဓိတွေဖြစ်လာပြီး တခါတရံ ပဋိပက္ခအသွင်ကိုပြောင်းသွားတတ်ပါတယ်။

ဒီလိုတပါးယဉ်ကျေးမှုရဲ့ အားနည်းချက်တွေ ယဉ်ကျေးမှုရဲ့ဘေးထွက်စရိုက်ပျက်အနာတွေကို အများဆုံးသယ်ဆောင်သွတ်သွင်းကြတာမှာ ကိုယ့်ယဉ်ကျေးမှုကို သေချာဃဏ မသိပဲ ခေတ်အမြင်လဲ တစွန်းတစသာရှိတဲ့သူတွေနဲ့ တိုင်တပါးနဲ့ ကူးလူးဆက်ဆံများတဲ့သူတွေက အဓိကဖြစ်ပါတယ်။ ၈၈ နောက်ပိုင်းဗမာပြည်ကထွက်လာပြီး ဒီနေ့လူသိများနေတဲ့ ပြည်တော်ပြန်တချို့ဟာ ဒီလက္ခဏာအပြည့်ရှိကြတယ်။ ယောင်္ကျားမိန်းမ လက်တွဲဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကနေ သူတို့နဲ့နီးစပ်ရာ မတူတဲ့ယဉ်ကျေးမှုက လူတွေရဲ့စရိုက်တွေကို လက်ခံကူးယူရင်း ယောင်္ကျားမိန်းမ ဒွေးရောယှက်တင် သောက်စားမူးယစ်ကြ၊ အိမ်ထောင်ရေးစည်းမထားဖောက်ပြားကြတယ်။ ပြီးတော့သူတို့ရဲ့ ဒီစရိုက်ပျက်တွေကို ကာကွယ်ဖို့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး မူလယဉ်ကျေးမှုထဲက သူတို့နဲ့ မကိုက်တဲ့ ဓလေ့တွေကိုချေဖျက်ဖို့ကြိုးစားကြတယ်။ ဒီလိုလူ့အဖွဲ့အစည်းမှာ တစုံတရာရှေ့တန်းရောက်နေသူတွေက အပြောအဆို အမူအကျင့်တွေဟာ လေ့လာစူးစမ်းလို တိုးတက်ကြီးပွားလို့တဲ့ လူငယ် လူရွယ်တွေအတွက် ဇဝေဇဝါဖြစ်စေတယ်။ အဲလိုလူတွေရဲ့ အမူအကျင့်တွေကိုအတုခိုးမမှားဖို့နဲ့ သူတို့ပေးတဲ့ သင်တန်းတွေကိုတက်ရင်တောင် ဆင်ခြင်သတိနဲ့တက်ကြဖို့ လူငယ်လူရွယ်တွေကို တိုက်တွန်းချင်ပါတယ်။

တကယ်တန်းပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် သူတို့သယ်ဆောင်သွတ်သွင်းလာတဲ့ ဓလေ့စရိုက်တွေဟာ အနောက်တိုင်းယဉ်ကျေးမှုရဲ့ အားနည်းချက်တွေ ယဉ်ကျေးမှုရဲ့ဘေးထွက်စရိုက်ပျက်အနာတွေသာဖြစ်ပါတယ်။ စစ်အာဏာရှင်အောက်မှာ ကာလကြာရှည်ပိတ်မိနေတဲ့ ဗမာတွေရဲ့အမြင်မှာ ဟောလီဝုဒ်ရုပ်ရှင်တွေထဲကလို အနောက်တိုင်းသားတွေဟာ လိင်မှုကိစ္စစည်းကမ်းမရှိဘူး၊ အသောက်အစားဖက်လွန်းများလွန်းတယ်လို့ ထင်မှတ်မှားနေကြတယ်။ သူတို့ဆီမှာ တလင်တမယားစနစ်ကို တိတိကျကျလိုက်နာကျင့်သုံးနေတဲ့သူတွေ ခုထိအများကြီးပဲ။ သောက်တာစားတာလဲစည်းကမ်းနဲ့ပဲ။ ဘယ်အချိန် ဘယ်အခမ်းအနားမှာ ဘယ်ယမကာကို ဘယ်လောက် ဘယ်လိုသောက်မယ်ဆိုတာကအစ စည်းကမ်းရှိတယ်။

လိင်မှုကိစ္စဟာ လူမျိုးတိုင်းမကင်းနိုင်တဲ့အရာဖြစ်တော့ လိင်မှုကိစ္စနဲ့ပါတ်သက်တဲ့ စာတွေ ပန်ချီပုံ၊ ဒီခေတ်တော့ ဓါတ်ပုံရုပ်သံတွေ လူမျိုးတိုင်းမှာရှိနေကြတယ်၊ ဗမာမှာလဲ ရှေးပဝေဏီတည်းရှိခဲ့တာပါဘဲ။ ရှိပင်ရှိသော်လည်း စည်းမဲ့ကမ်းမဲ့ လူတွေအကြား မောင်နဲ့နှမတွေအကြား၊ အသိမကြွယ်သေးတဲ့ ကလေးသူငယ်တွေအကြား မရောက်အောင်ထိန်းသိမ်းကြတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့ ဖဘမိတ်ဆွေတယောက်ရေးထားတာဖတ်ကြည့်ပါ။

Tawwat Wat>> အောင်ရင်ငြိမ်းရဲ ့စာအုပ်က အပြာစာအုပ်ကြီးပဲ။ ကျနော်တို ့နိုင်ငံ ဩစတျေးလျမှာတော့ တီဗွီမှာ ပါးစပ်တွေစုပ်၊ ကိုလုံးတီးတွေနဲ ့ရိုက်တာတောင် ၁၈-နှစ်အောက်မဖတ်ရမဲ့စာအုပ်တွေဆိုရင် မမြင်နိုင်တဲ့ပလပ်စတစ်နဲ ့အုပ်ထားတယ်။ ဖတ်ချင်ရင် ပလတ်စတစ် အိပ်ကိုဖောက်ပြီးမှ အတွင်းသားကိုမြင်ရတယ်။ ၁၈-နှစ်ပြည့်တဲ့လူမှ ဝယ်ခွင့် ဖတ်ခွင့်ရှိတယ်။ ပလပ်စတစ်အိပ်နဲ ့မထုပ်ထားတဲ့ ဒီအတိုင်း ငါးရောင်းသလိုသာ ရောင်းကြည့်။ ဘာဖြစ်မယ်ထင်လဲ။ စာအုပ်ကိုသိမ်း။ ဆိုင်ကိုဒဏ်ရိုက်။ BLACKLIST ထဲဝင်။ ဒီလောက်ယဉ်ကျေးတဲ့ မြန်မာပြည်မှာ အောင်ရင်ငြိမ်းရဲ ့အပြာစာအုပ်ကြီးကို ဒီအတိုင်းဟာလာဟင်းပြင်မှာ ထားတာဘယ်ကောင်းမလဲ။ စာပေလွတ်လပ်ခွင့်ကို မဟုတ်တဲ့နေရာမှာ အသံးချတယ်။ အစိုးရကလည်း ၁၈-နှစ်အောက် စာပေနဲ ့ဗွီဒီယိုတွေကို ဘယ်လိုခင်ကျင်းရောင်းချသင့်လဲဆိုတဲ့ ဥပဒေရှိသင့်တယ်။ ဥပဒေအတိအကျမရှိလို ့တော့ ဘေထုပ်တွေရောင်းသလို အမြင်မတော်တဲ့ဟာတွေကို ခလေးကော လူကြီးကော လမ်းပေါ်မှာ မြင်ရအုံးမယ်။<<

အထက်က မိတ်ဆွေပြောသလို ဒီလိုဟာတွေကို စည်းကမ်းသတ်မှတ် ထိန်းကွပ်ရမှာက အစိုးရရဲ့တာဝန်ပါ။ တာဝန်မကျေတာအပြင် မကင်းရာမကင်းောကာင်းလို့ ယူဆထားတဲ့ အမျိုးဘာသာ သာသနာလို့ တဂျီဂျိအော်နေကြတဲ့ မဘသတွေ၊ ၉၆၉ တွေ ဒီကိစ္စအပေါ်ငြိမ်နေတာကလဲ သံသယဖြစ်စရာပါ။ မဖြစ်စလောက် သတင်းလွတ်လပ်ခွင်လေးပေးပြီး ဒီလိုခြင်ထောင်ထဲကအကြောင်းတွေကို စာအုပ်လုပ်ထုတ်တာတွေကို မသိမသာ ခွင့်ပြုနေတာဟာ လူတွေအကြားမှာ သတင်းလွတ်လပ်ခွင့်ဟာ ဗမာပြည်နဲ့ မတန်ဘူးဆိုတဲ့ လူတွေကြားမှာ အထင်မှားအောင်လုပ်နေတာ၊ တခြားအရေးကြီး ပြဿ နာတွေကိုကို လမ်းလွဲဖယ်အောင်လုပ်နေတာလို့ ယူဆမယ်ဆိုယူဆလို့ရပါတယ်။ စစ်အုပ်စုဟာ သူအာဏာမြဲဖို့အတွက် ဘာမှ အကောင်းမကျန်အောင်ဖျက်ဆီးနေတယ်။ တိုင်းပြည်နဲ့လူမျိုးရဲ့ ရုပ်ဝတ္ထုတောတောင် ရေမြေသဘာဝတွေတင်မကာ လူတွေရဲ့ အတွေးအကြံ ဓလေ့ထုံးတမ်းစတဲ့ စာရိတ္တမဏ္ဍိုင်ကိုပါဖျက်ဆီးနေတယ်။ ဒီအကြံယုတ်တဲ့ စစ်အုပ်စုရဲ့ အန္တရာယ်ချောက်ကမ်းပါးထဲ ကိုမကျရောက်အောင် စာပေ အနုပညာ လောကသားအားလုံးက ဆင်ခြင်သတိနဲ့ ဝိုင်းဝန်းထိမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။
ရဲဘော်ကျော်သန်း

6 comments

  • kyeemite

    June 25, 2014 at 2:35 pm

    ရဲဘော်ကျော်သန်း ပြောသွားတာကောင်းပါလေ့

  • alinsett (gazette)

    June 25, 2014 at 2:57 pm

    အဲဒီစာအုပ်ကြီးကို အနုပညာစာရင်း မသွင်းဘူးဗျို့။
    ဘယ်နှယ် အနုပညာအသေခံဗုံးခွဲသတဲ့။
    မလိုအပ်ပါဘူးကွယ်
    သိမ်မွေ့တဲ့. . .စိတ်ကိစ္စ ပါဆိုမှ ဗုံးက လာခွဲနေသေးတယ်
    ပြီးတော့ အီးဗုံးကြီး
    ဘဲဥပုပ် ဗုံးကြီး
    စာပေအနုပညာလောက နံစော်သွားမယ့်အပေါက်ကြီး

    ညှီတာ အနုပညာမဟုတ်ဘူး။
    ညှီတာဟာ ရသမဟုတ်ဘူး။
    မော်ဒန်ဆိုပြီး နာမည်တပ်ရုံနဲ့ မော်ဒန်မဖြစ်ဘူး။
    စံသွေတယ်ဆိုတာလည်း အဆင့်အတန်းတစ်ခုတော့ ရှိရတယ်။

    ပြောနေရတာကိုက ကိုယ့်စကားလုံးသနလို့
    ပြောတော့ပါဘူး။

    :kwi:

  • Paing Lay

    June 25, 2014 at 3:25 pm

    ထွီးးးးးးးးးးးးးးးးဒါလားအနုပညာ အဲ့စာရေးဆရာကို အပြင်မှာတွေ့ပြီး အကောင်းဆုံး အကြံပေးလိုက်မယ် ခင်ဗျားတစ်ယောက်တည်း နေပြည်တော် အဝေးပြေးလမ်းပေါ်မှာ Nude Runner လုပ်ရဲလားလို့ :buu:

  • Saw Faw Shaw

    June 27, 2014 at 12:22 pm

    အော် သူကိုယ်တိုင်ရေးတယ်မှတ်လို့
    ဖတ်နေတာ နောက်ဆုံးလည်းကျရော
    ရဲဘော်ကျော်သန်း တဲ့။
    ရဲဘော်ကျော်သန်းနဲ့ သူငယ်ချင်းနဲ့က ဘာတော်တာလဲဗျ။

  • cobra

    June 27, 2014 at 12:46 pm

    ဒီကောင်တော်တော် နာမည်ကြီးနေပါလား

Leave a Reply