ပညာရေးအပေါ် မြင်မိပြန်တာလေးတွေ


ကျောင်းတွေဖွင့်လို့ စာပြန်သင်ဖြစ်ပြီဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ ပြောစရာတွေ ရှိလာတတ်ပါတယ်။ သင်ယူရတာရော၊ သင်ကြားရေးကိုရော စိတ်ဝင်စားတဲ့ ကျွန်မအတွက်တော့ ဘဝင်မကျစရာတွေ တစ်ပုံကြီးနဲ့ပေါ့။

အခုလက်ရှိ ပညာရေးစနစ်အရ ကျူရှင်ဆိုတာကို လက်လွှတ်လို့ မရပါဘူး။ ကျောင်းကဆရာတွေက ဘာသာစုံဂုဏ်ထူးထွက်အောင် သင်ပေးမယ်၊ ကျူရှင်လုံးဝမတက်နဲ့ လို့ ပြောခဲ့ရင်တောင် ဘယ်သူကမှ အယုံအကြည်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေ ကျူရှင်ကို အားမကိုးဖို့ဆိုတာ ကျောင်းက သင်ကြားမှုတွေကို အပြည့်အဝ ယုံကြည်မှ ဖြစ်မှာပါ။ ကျောင်းက ဆရာတွေ အနေနဲ့လည်း ကိုယ့်ကို ကျောင်းသားတွေ၊ မိဘတွေ ယုံကြည်လာအောင် သက်သေပြပေးမှ ဖြစ်မှာပါ။ ဒါပေမယ့် အခုတော့ ကျောင်းသားတွေရော၊ မိဘတွေရောကပါ ကျောင်းဆိုတာ မလွှဲသာလို့ သွားရတဲ့နေရာ၊ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်တယ်လို့ပဲ သတ်မှတ်ထားတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ကျောင်းသွားတက်မယ့်အစား ကျူရှင်ပဲသင်၊ စာပဲကျက်တာမှ ပိုအကျိုးရှိဦးမယ်လို့ မှတ်ယူကြပါတယ်။

ပညာခေတ်ကြီးထဲမှာ လူလားမြောက်လာရတဲ့ လူငယ်တွေအတွက် ဒီပညာရေးစနစ်ကြီးက အညွန့်ချိုးပြီး သတ်နေတာနဲ့ တူပါတယ်။ ကျွန်မတို့နိုင်ငံက အရင်ကလို အာဏာရှင်စနစ်အောက်မှာ ခေါင်းငုံနေရတဲ့ အခြေအနေမဟုတ်တော့ပါဘူး။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်တိုးထွက်မှ နိုင်ငံတိုးတက်နိုင်မယ့် အခြေအနေမှာ မျိုးဆက်သစ်တွေရဲ့ အရည်အချင်းကို စနစ်တကျ ဖော်ထုတ်ပေးရမှာပါ။ ဒါဟာ အရာဝတ္ထုတွေ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အခြေအနေက လိုသလိုပြောင်းလဲပြီး မျိုးစေ့ချပေးနိုင်တဲ့ လူငယ်တွေပါ။ အချိန်ဆွဲနှောင့်နှေးနေလို့ အကျင့်ဆိုးတွေ အမြစ်တွယ်သွားရင် နိုင်ငံပဲ နစ်နာပါတယ်။ ဒါကြောင့် ပညာရေးပြုပြင်ပြောင်းလဲမှုဆိုတာကို အမြန်ဆုံးဖြစ်စေချင်ပါတယ်။ အကျင့်ပျက်ခြစားမှုကင်းပြီး မှန်ကန်တဲ့ပညာရှင်တွေနဲ့အတူ အမြစ်လှန်သင့်ရင်လည်း ရဲရဲရင့်ရင့်နဲ့ အမြစ်လှန်စေချင်ပါတယ်။

ကျွန်မမြင်မိသလောက်တော့ ကျောင်းတွေမှာ ပုံစံ (၂) မျိုးရှိကြပါတယ်။ တစ်ခုကတော့ ကျောင်းသားဦးစားပေးတဲ့ ပုံစံပါ။ ကလေးတွေက ကျူရှင်ကောင်းကောင်းတွေမှာ တက်တယ်၊ အိမ်က မိဘကလည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးထားတယ်။ ဒါကြောင့် ကျောင်းက ဆရာတွေက ကျောင်းသားတွေကို ဘာဖိအားမှမပေးဘဲ လွှတ်ထားပေးတယ်။ ကျောင်းစည်းကမ်းနဲ့ ပတ်သက်ပြီးလည်း သိပ်ပြီး မတင်းကျပ်သလို သင်ကြားရေးဘက်မှာလည်း ဝိနည်းလွတ် အဆင်ပြေအောင် စီစဉ်ပေးတယ်။ ကလေးတွေ အေးအေးဆေးဆေးနဲ့ စာကျက်နိုင်လို့ ထူးထူးချွန်ချွန်အောင်ရင် ကျောင်းပဲ နာမည်တက်မှာဆိုတော့ သူတို့ဘက်ကလည်း သိပ်ပြီး ဖိပေးစရာမလိုဘူးလေ။ ဒါမျိုးဆိုရင်တော့ ကလေးတွေဘက်က အဆင်ပြေတာပေါ့။

နောက်တစ်ခုကတော့ စာအုပ်ကြီးပုံစံကျောင်းတွေပါ။ ကျောင်းမပျက်ရဘူး၊ ဘယ်လိုဖြစ်ရမယ်၊ ညာလိုဖြစ်ရမယ်ဆိုပြီး စည်းကမ်းတွေလည်း အတိအကျလိုက်နာခိုင်းသလို တစ်ဖက်ကလည်း စာသင်ချိန်တွေကို အပြည့်ဖြည့်ထားပါတယ်။ ဒါပေမယ့်  ပြဿနာက စာကိုတတ်အောင် သင်ပေးတာ မဟုတ်ဘဲ စာအုပ်ထဲမှာ စာရှိရေးကို ဦးစားပေးနေတာပါပဲ။ စာသင်ပုန်းပေါ်မှာ ခေါင်းစဉ်တပ်လိုက်တယ်။ ပြီးတာနဲ့ “မင်းတို့ သိပြီးသားတွေပါ.. ကျူရှင်မှာ သင်ပြီးသားတွေမို့လား… လေ့ကျင့်ခန်း ဘယ်ကနေ ဘယ်အထိလုပ်” ဆိုပြီး အိမ်စာတွေ အများကြီးပေးလိုက်တယ်။ တစ်ချို့ကျတော့လည်း တစ်လုံးမှမရှင်းပြဘဲ “ဘယ်ကနေ ဘယ်အထိ ကူးထား” ဆိုပြီး စာတွေအများကြီးကို အိမ်စာပေးလိုက်တယ်။ အဲဒီတော့ ကလေးတွေမှာ ကျောင်းနဲ့ ကျူရှင်နဲ့ ပြေးအပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျောင်းကအိမ်စာတွေကို ထိုင်လုပ်နေရတာနဲ့ပဲ စာကျက်ချိန်မရှိဘူး ဖြစ်သွားပါတယ်။

ဒီတော့ ဘယ်ပုံစံက ပိုကောင်းလဲဆိုရင် တစ်ခုမှ မကောင်းပါဘူး။ ကျောင်းသားတွေကို ကျူရှင်အားကိုးခိုင်းပြီး လွှတ်ထားတဲ့ ကျောင်းပညာရေးစနစ်ကလည်း မကောင်းသလို ကျူရှင်ကို အမြင်ကတ်ကတ်နဲ့ ကျောင်းသားတွေကို ဝန်ပိခိုင်းတဲ့ ကျောင်းပညာရေးစနစ်ကလည်း ပိုဆိုးပါတယ်။ ကြားထဲက ခါးနာတဲ့ ငထွားတွေကတော့ ကျောင်းသားတွေပါပဲ။ ဘာမှန်းမသိတဲ့စာတွေကိုလည်း အလွတ်ကျက်ပြီး မစဉ်းစားတတ်ဘဲ ကြီးပြင်းလာကြတာပါ။

ကျွန်မမြင်နေမိတဲ့ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။

(၁) အချိန်လုံလောက်ပါစေ။
သင်ရိုးတွေကို လျှော့သင်ရင် လျှော့ပစ်လိုက်ပါ။ တကယ်သိသင့်တဲ့အချက်တွေကိုပဲ ကလေးတွေ အသေအချာတတ်မြောက်အောင် သင်ပေးစေချင်ပါတယ်။ သင်ခန်းစာက ပေးချင်တဲ့အနှစ်သာရနဲ့ ပညာကို ကလေးတွေခေါင်းထဲ အသေအချာဝင်သွားအောင် အချိန်ယူပြီး ဆွေးနွေးပေးစေချင်ပါတယ်။ တစ်လတောင် မပြည့်သေးတဲ့ အချိန်လေးအတွင်းမှာ အခန်း (၂) ခန်းလောက်ပြီးသွားအောင် သင်လိုက်တာမျိုး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

(၂) ကျောင်းသားဗဟိုပြုစနစ် သေချာပါစေ။
လူဆိုတာ ကိုယ်တိုင်ရှာဖွေပြီး သိလာတဲ့အသိတွေကို သူများပြောတာထက် ပိုစွဲမြဲမှတ်မိတတ်ပါတယ်။ များများမေးပါ။ အထူးသဖြင့် သိနိုင်မယ် ထင်တာတွေကို များများမေးပါ။ ကလေးတွေရဲ့ ဗဟုသုတကို ရနိုင်သလောက် ဆွဲထုတ်ပါ။ ကလေးဆိုတာ သူတို့သိထားတာကို သိပ်ပြောပြချင်ကြတာပါ။ များများဖြေချင်လာတဲ့ကလေးဟာ စာများများဖတ်လာလမ့်မယ်၊ များများလေ့လာလာလိမ့်မယ်။ စာဖတ်ကျင့်ကို တကူးတကလေ့ကျင့်ပေးစရာ မလိုဘဲနဲ့ သူကိုယ်တိုင် လိုလိုလားလား ဖြစ်လာပါလိမ့်မယ်။ ဒီလိုစာသင်နည်းကို ဆရာမခင်ခင်ထူး ရေးထားတဲ့ “ဆူးပန်းခွေ သွယ်ဘယက်နဲ့ ပေရွက်လိပ် နားတောင်းဆင်” ဆိုတဲ့ ဝတ္ထုထဲမှာ အများကြီး တွေ့နိုင်ပါတယ်။

(၃) ပတ်ဝန်းကျင်မှာ ရင်းနှီးနေတဲ့အရာတွေနဲ့ တွဲမှတ်နိုင်ပါစေ။
ဘုရင့်နောင် လို့ ပြောလိုက်ရင် ကျောင်းက အသင်းငါးသင်းထဲက အသင်းတစ်ခုနာမည်ဆိုတာမျိုး၊ ကျော်ထင်နော်ရထာ ကနေ ဘုရင့်နောင် ဘွဲ့ ရခဲ့တဲ့ ဇာတ်လမ်းမျိုး၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာ ဆိုတဲ့ နာမည်တွေကို သူတို့ကြားဖူးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းထဲက “ဘုရင့်နော် နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်” သီချင်းစာပိုဒ်နဲ့ တွဲရွတ်ပြတာမျိုးဆို နာမည်တွေကို ဒီအတိုင်းမှတ်ရမှာထက် ပိုလွယ်မယ်လို့ ထင်ပါတယ်။

(၄) စာအုပ်ထဲမှာ အများကြီး မရေးခိုင်းပါနှင့်။
ပုံနှိပ်ထဲက မေးခွန်းတွေကိုလည်း ကူးရတယ်။ ဆရာမအော်ပေးတာတွေကိုလည်း ဘုမသိဘမသိနဲ့ လိုက်ရေးရတယ်။ ပုံနှိပ်စာအုပ်ထဲက စာတွေကို အိမ်စာအနေနဲ့ ကူးခိုင်းလိုက်တာတွေကိုလည်း ကူးရေးရတယ်။ စာတွေပြည့်နေတဲ့စာအုပ်ကို ကျောင်းအုပ်ကြီးက စစ်ပြီး လက်မှတ်ထိုးပေးရတယ်။ ပိုဆိုးတာက ကွန်ပျူတာနဲ့ ရိုက်ပြီး ထုတ်ပေးထားတဲ့ စာရွက်ထဲက လေ့ကျင့်ခန်းပေါင်းများစွာကို စာအုပ်ထဲမှာ ပြန်ကူးထည့်ခိုင်းတာပါ။ကလေးတွေကို ဒုက္ခပေးနေသလိုပါပဲ။ ဖတ်စာအုပ် ဆိုတာ ဖတ်ဖို့သက်သက်ပါ။ မေးခွန်းဆိုတာလည်း ဖြေစေချင်ရုံသက်သက်ပါ။ ကူးရေးဖို့ မဟုတ်ပါဘူး။ အပြင်သင်တန်းတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းသားတွေကို စာသင်နေရမှန်းမသိအောင် စာသင်ပေးနေတဲ့ သင်ကြားနည်းတွေ ကျင့်သုံးနေကြပါပြီ။ အစိုးရကျောင်းတွေရဲ့ သင်ကြားရေးပုံစံ လုံးဝပြောင်းသင့်နေပါပြီ။

(၅) ဆရာတွေ ပျော်နေပါစေ။
ဖိအားတွေများပြီး စိတ်ရှုပ်နေတဲ့ ဆရာတစ်ယောက်ဟာ ဘယ်လိုမှ ကြည်ကြည်လင်လင် စာသင်နိုင်မှမဟုတ်ပါဘူး။ သင်ကြားရေးမဟုတ်တဲ့အလုပ်တွေနဲ့ ဆရာတွေကို ဖိအားတွေ မပေးစေချင်ပါဘူး။ ဆရာတစ်ယောက်ဟာ အများကြီးမသိနေရင်တောင်မှာ သူသိထားတဲ့အကြောင်းအရာတွေကို ကလေးတွေရင်ထဲအထိရောက်အောင် အသေအချာသင်နိုင်ဖို့ လေ့ကျင့်ပေးထားသင့်တယ် ထင်ပါတယ်။ စာသင်တတ်တဲ့ ဆရာတစ်ယောက် ဖြစ်နေပါစေ။ ကျောင်းသားတွေက ချစ်တဲ့ ဆရာအနေနဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်နေပါစေ။

(၆) ဘက်လိုက်လာဘ်စားမှု လုံးဝကင်းရှင်းနေပါစေ။
မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင် လုပ်ရမယ်လု့ိ ထင်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် ပညာရေးမှာ ဘက်လိုက်လို့ မရပါဘူး။ အဓိကကတော့ အရည်အချင်းနဲ့ မရွေးချယ်ဘဲ လက်သင့်ရာရွေးချယ်ခဲ့လို့ ပညာရေးလောက ဒီလိုဖြစ်လာခဲ့ရတာပါ။ တတ်တတ် မတတ်တတ် ပိုက်ဆံပေးလိုက်ရင် ကျောင်းဆရာဖြစ်ပြီး ဘာသာရပ်တစ်ခုကို သင်ပိုင်ခွင့်ရတယ် ဆိုမှ ဘယ်လိုလုပ် ထူးချွန်တဲ့မျိုးဆက်သစ် မွေးထုတ်လို့ရနိုင်ပါ့မလဲ။

ဒါကတော့ ကျွန်မ မြင်မိသလောက်တွေပါ။ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့သူတစ်ယောက် အနေနဲ့၊ ကျောင်းသားတွေနဲ့ အနီးကပ်ထိတွေ့နေရတဲ့သူတစ်ယောက် အနေနဲ့ ပိုက်ဆံအများကြီးမကုန်ဘဲ ပြောင်းလဲလို့ ရနိုင်တာလေးတွေကို မြင်သလောက် ပြောကြည့်တာပါ။ အားလုံးသိပြီးသားတွေလည်း ဖြစ်နိုင်သလို ကျွန်မပြောတဲ့အထဲမှာ လိုနေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အားလုံးရဲ့ အမြင်လေးတွေကိုလည်း မျှဝေပေးစေချင်ပါတယ်ရှင်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့။

23 comments

  • alinsett (gazette)

    June 25, 2014 at 4:08 pm

    ဒီပိုစ့်လေးက သိမ်းထားပြီး သေချာပြန်ဖတ်
    လက်ဆင့်ကမ်းရမယ့်ပိုစ့်ပဲ။

    အစ်ကိုတော်အလင်းဆက်က
    ဒီပို့စ်လေးကို သိမ်းသွားပါတယ် ညီမတော်မွန်မလေးလုံလုံရေ

  • Mr. MarGa

    June 25, 2014 at 5:00 pm

    ပညာရေးဖြင့်
    ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော
    နိုင်ငံတော်ကြီး တည်ဆောက်အံ့

    ဆောင်ပုဒ်က ကောင်းလွန်းနေတယ်။
    အကောင်အထည်ဖော်တဲ့ စနစ်တွေ လွဲနေလို့သာရယ်
    အမွန်ရေ
    အမွန်ပြောသလို သင်ပေးနေတဲ့ သင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေ အများကြီး ရှိနေပါတယ်။ (ဒါပေမယ့် အများစု ဆိုတဲ့အထဲမှာတော့ မပါဘူး ပေါ့)
    ကျောင်းသူားတွေအတွက် ထုတ်ထားတဲ့ သင်ရိုးတွေ၊ ဆရာကိုင်လက်စွဲ ထဲက သင်ပုံသင်နည်းတွေကလဲ (တွေ့မိသလောက်တော့) ပြည့်စုံတယ်လို့ ပြောနိုင်တဲ့ အခြေအနေပါ။
    ကလေး ဗဟိုပြု သင်ကြားမှု ဆိုတာကို ပညာရေးကောလိပ်၊ တက္ကသိုလ်တွေမှာ အသေအချာ သင်ပေးလိုက်ပြီးသား
    ဒါပေမယ့်
    တကယ် လက်တွေ့ အကောင်အထည် ဖော်ရမယ့် ဆရာ၊ ဆရာမတွေ အဲဒါကို အကောင်အထည် မဖော်နိုင်ကြ။
    ဘာကြောင့် ဘာကြောင့် ဆိုတာတွေကတော့ တွေးရင်ကို အများကြီး ထွက်ထွက်လာလွန်းလို့ မပြောတော့ပါဘူး။
    လောလောဆယ်မှာ ပညာရေးနဲ့ ပတ်သက်ရင်…. ဘေးကနေပဲ ထိုင်ကြည့်ချင်စိတ်ပေါက်နေလွန်းလို့ပြောချင်တာတွေပဲ ဝင်ပြောသွားပါတယ်။

    • လက်တွေ့အကောင်အထည်မဖော်နိုင်တာ နံပါတ် (၁) နဲ့ (၅) ကြောင့်လို့ ထင်မိတယ်။
      ပြောချင်တာတွေ ဝင်ပြောသွားတာ ကျေးဇူးအထူးတင်ပါကြောင်း.. နောက်လည်း ဝင်ပြောပေးစေချင်ကြောင်း.. ဆုအကြောင်းလည်း ပြောစေချင်ကြောင်း 🙂

  • ချစ်ရင်ထူး II

    June 25, 2014 at 5:17 pm

    ၁။အချိန်​လုံ​လောက်​ပါ​စေ
    ဆိုတဲ့​ခေါင်​းစဉ်​​အောက်​မှာ ထပ်​ထည်​့ချင်​တာက​တော့ ကျွန်​​တော်​တို့ရဲ့ပညာ​ရေးစနစ်​ကြီးက နည်​းနည်​းနဲ့ကြဲကြဲဝိုင်​း ထားသလိုဖြစ်​​နေပါတယ်​၊ သူငယ်​တန်​းမှစလို့ ဘွဲ့ရတဲ့အထိဆိုရင်​ လူ့သက်​တမ်​းတဲ့ သုံးပုံတစ်​ပုံနီးပါးက ​ကျောင်​းတက်​​နေရသလိုဖြစ်​​နေပါတယ်​ ၊ ဒါ​တောင်​ထပ်​တိုးဥိီးမလို့တဲ့ ။
    ဆို​တော့ နှစ်​ကို​လျှော့ြပြီး သင်​ရိုးကို​ပြောင်​းသင်​့ပါတယ်​။
    ပထမနှစ်​မှာသင်​ရတဲ့ အက္ခရာစဉ်​ဆိုရင်​ အလယ်​တန်​းက​လေး​တောင်​လုပ်​နိုင်​ပါတယ်​ ။ အဲ​တော့ . . .

    ထပ်​​ရေးစရာ​တွေရှိပါ​သေးတယ်​ လိုင်​းမ​ကောင်​းလို့ပါ
    ပိုစ်​့ကိုသိမ်​းထားပါတယ်​

  • ဝင့်ပြုံးမြင့်

    June 26, 2014 at 12:37 am

    ပြဌာန်းစာအုပ်တွေလည်း ကမောက်ကမ ဖြစ်နေတယ် လုံမရေ။ အရွယ်နဲ့ မလိုက်တာတွေဖြစ်နေတယ်။ ဘရိန်းဝပ်ရှ် တွေလည်း ပါနေတယ်။ အမ မအားလို့ မရေးနိုင်သေးတာ။ အခုက ဘဝတွက်တာကျွမ်းကျင်စရာရယ်၊ ပြည်သူ့နီတိနှင့် စာရိတ္တရယ်၊ စိုက်ပျိုးရေးရယ်၊ အဲဒီ နောက်ထပ်တိုးတဲ့ သုံးဘာသာကို သဘာဝသိပ္ပံထဲ တစ်ပေါင်းထည်း ထည့်ထားတယ်။
    ပညာရေးနဲ့ပတ်သက်ရင် အမြဲ စိတ်ပါဝင်စားတက်ကြွတဲ့ လုံမကို လေးစားခင်မင်မိပါတယ် လုံမရေ။

    • စာရိတ္တဆိုလို့ ရေးဖို့ကျန်ခဲ့တာလေး သတိရသွားပြီ။ ကျောင်းမှာ စာရိတ္တသင်တယ်တဲ့။ ဗုဒ္ဓဟူသောစကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။ ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း။ အဲဒါတွေကို အော်ပေးပြီး ရေးခိုင်းတယ်။ ကလေးတွေကို နှလုံးသားထဲရောက်အောင် ပြောပြရမှာတွေကို စာအုပ်ထဲပဲရောက်နေတော့ ဘာမှအကျိုးမရှိဘူးလေ။

      ဆက်ပြောရင် ဘာသာရေးက ပါလာတော့မယ်။ တစ်ခြားဘာသာဝင်ကလေးတွေကရော အဲဒါတွေကို သင်နေရမှာလား။ တစ်မျိုးပဲလို့ ခံစားရတယ်။

  • kyeemite

    June 26, 2014 at 9:18 am

    မွန်မွန့် ပို့စ်နဲ့လိုက်ဖက်လို့ မလာတာပါ…..
    Ulay Kyi
    လူတိုင်းတွင် တာဝန်ရှိပါသည်
    ====================
    ကျောင်းရှေ့က မုန့်ဆိုင်မှာ
    မီးခြစ်ချိတ်ထားတယ်
    အနာဂါတ်ကို မီးခိုးမှိုင်းတိုက်မလို့တဲ့
    ဆရာဝန်တစ်ယောက်ကပြောတယ်
    ဆရာဝန်တွေကို အာဏာတခုပေးပါ
    ဆေးလိပ်အမြစ်ပြတ်တားချင်လို့ပါတဲ့ . . .
    မာသာထရေဇာက ပြောတယ်
    ကျွန်မကလေးတွေအတွက်
    ဒိုင်ယာနာသောက်တဲ့ ဟင်းချိုတစ်ခွက်တန်ဖိုးဆိုလောက်ပါပြီတဲ့
    ကျွန်တော်တို့လည်း
    ခရိုနီတွေ dinner တစ်ပွဲစာလောက်နဲ့
    ကျောင်းကောင်းကောင်းတစ်လုံးဆောက်ချင်တယ်
    ပညာရေးဟာ
    မေးခွန်းတွေအလည်မှာ သောင်ထွန်းနေတဲ့ကျွန်းဖြစ်နေပြီ
    ဓာတ်ငွေ့တစ်လပြည်ပရောင်းရငွေက
    international school 7 ကျောင်းဆောက်လို့ရပါသတဲ့
    UNICEFကပြောသွားတယ် …
    ကလေးတွေ ကျောင်းတက်
    ရေ ဒူးခေါင်းမြုပ်နေတုန်းပါပဲ
    သွပ်က မိုးယိုတုန်းပါပဲ … … …
    မြန်မာပြည် ပညာတက်မူ့
    တစ်နိူင်ငံလုံး အတိုင်းအတာ ( ၄ တန်း ) တဲ့
    ( သွေကြောတွေသာ ဖြတ်တောက်လိုက်ချင်တယ် )
    ကျွန်တော် ဉာဏ်မမှီဘူး
    ဘယ်ခုနှစ်ကတည်းက ကျူရှင်ပေါ်လာတာလဲ ?
    နာသုံးနာ ကိုခုတုံးလုပ်
    တချို့က သူဌေးဖြစ်ကြံနေတယ်
    ( ဒါကလည်း အကြံဆိုးနဲ့လမ်းပြခဲ့တဲ့ ခေါင်းဆောင်ညံ့ကြောင့် )
    ခင်ဗျားသူဌေးဖြစ်ချင်သလား ?
    ဓားပြတိုက်ပါ … …
    ဘဏ်ဖောက်ပါ … …
    ဓားကိုင်ပြီး လူသတ်ရင် အများဆုံး ၁ဝ ယောက်ပေါ့
    သေနတ်နဲ့ပစ်သတ် အများဆုံး အယောက် ၅ဝ ပေါ့
    ဆရာတစ်ယောက်က အနာဂါတ်ကြီးကိုပါ သတ်ပြစ်နိူင်တယ်
    သန်း ၆ဝ လုံးကို ရေစုန်မျှောပစ်နိူင်တယ် . . .
    { ဆွမ်းဆန်ထဲ ကြက်ချေးရောတဲ့ခေတ်မို့
    ဆရာစစ်စစ်တွေကိုတော့ အားနာပါရဲ့ }
    ကလေးတွေ ကျောင်းရောက်ဖို့
    မိဘတွေ ဝင်ငွေလောက်ဖို့လိုတယ်
    မိဘတွေ ဝင်ငွေလောက်ဖို့
    အခြေခံလစာတွေ တိုးမြင့်ဖို့လိုတယ် . . .
    ကလေးတိုင်း ကျောင်းရောက်ပါရဲ့လား ?
    ကျောင်းရောက်တိုင်း စာတတ်ပါရဲ့လား ?
    စာတတ်တိုင်း စာဖတ်ပါရဲ့လား ?
    စာဖတ်တိုင်း ပညာတက်ပါရဲ့လား ?
    စစ်အုပ်ချုပ်ရေးနဲ့
    တိုင်းပြည်ကို ချောက်ထဲကန်ချသွားတာ
    လူညံ့တွေ နေရာရတဲ့ တချိန်ကခေတ်ကြောင့်
    လူတော်တွေ ဆုံးရှုံးလိုက်ရတာ . . .
    လဲနေရာက ထ,ဖို့သင့်ပါပြီ
    ဆက်လဲနေရင် လူမျိုးပျောက်
    ရာသက်ပန် ဒူးထောက်ရတဲ့လူမျိုးဖြစ်တော့မယ်
    ဆရာတွေ နိူးထကြပါ
    မိဘတွေ နိူးထကြပါ
    နိူင်ငံခေါင်းဆောင်တွေ နိူးထကြပါ
    လူတိုင်း နိူးထကြပါ
    ကလေးတွေကို နိူးကြားဖို့စွမ်းဆောင်ကြပါ
    မြန်မာဆိုတာ ဘုန်းတန်းခိုးကြီးမြတ်ခဲ့တဲ့လူမျိုး
    တချိန်က မြန်မာဆိုတာ
    စင်ကာပူက အတုယူရတဲ့နိူင်ငံ
    ကမာ္ဘ့ငြိမ်းချမ်းရေးဗိသုကာ
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုတာ
    မြန်မာပြည်ဧရာဝတီတိုင်းက
    ရွာသားလေးတစ်ဦး
    ( လူတော်တွေ ငါတို့နိူင်ငံကထွက်ခဲ့တယ်
    ဒါကို မြန်မာပြည်သူ/သားတိုင်းသိရမယ်
    ငါတို့ဟာ ခပ်ညံ့ညံ့လူမျိုးတွေ မဟုတ်ဘူး )
    အိပ်ချင်ယောင် ဆောင်မနေကြပါနဲ့တော့
    မသိချင်ယောင် ဆောင်မနေကြပါနဲ့တော့
    တာဝန်တွေ မရှောင်နေကြပါနဲ့တော့ . . .
    ကလေးတွေကို စနစ်တကျစိုက်ပျိုး . . .
    နောင်အနှစ် ၂ဝ
    ( သို့မဟုတ် ) ၄ဝ ပေါ့ဗျာ
    အဲ့သည့်အချိန်ကို မှန်းကြည့်လိုက်စမ်းပါ
    မြန်မာပြည်ရဲ့ အဖူးအပွင့်တွေဟာ
    အာရှတိုက်သာမက
    ကမာ္ဘကိုပါ ရနံ့တွေ လှိုင်လှိုင်ထ’ပြီးမွှေးနေမှာ . . . .

    Ulay Kyi ( ကိုလင်း )

  • Paing Lay

    June 26, 2014 at 9:35 am

    ွွှှအာဏာရှင်တွေကောင်းစားတဲ့အချိန်ကစလို့ မူလတန်းကနေ အထက်တန်း(၉တန်း)အထိ parrot learning နဲ့ လမ်းလွှဲတယ်။ အဝေးသင်ရယ် ကွန်ပျူတာနဲ့ အင်ဂျင်နီယာကျောင်းတွေကို မြို့ပြင်ထုတ်ပြီး ဖြစ်သလိုထားတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်ရဖို့ခက်ခဲပြန်တော့ စိနပြည်ကို အိမ်ဖော်အဖြစ်နဲ့ပို့တယ်။ နောက်ဆုံး ပြည်တွင်းမှာ အလုပ်အကိုင်ခက်ခဲလာတဲ့အပြင် ရတဲ့ပိုက်ဆံနဲ့ ကုန်ဈေးနှုန်းတွေ လိုက်မမှီလာတော့ နောက်ဆုံး ကျည်ဆံက ဒီလိုလွှတ်လိုက်တယ် “မြန်မာပြည်မှာ ငတ်သေတဲ့ မသာဆိုတာ မရှိပါဘူးတဲ့” ဟုတ်ပါတယ် ငတ်သေတဲ မသာတော့မရှိဘူး။ တချို့လူတွေပြောသလိုပေါ့ “အားကစားဆိုတာ အားမှကစားရတာ” ဒါလည်းဟုတ်ပါတယ် နယ်မြို့လေးတွေမှာဆို ကိုယ့်ရဲ့ အလုပ်မအားတဲ့ကြားထဲကနေ ကိုယ့်ချွေးနဲစာလေးထဲကနေ မနည်းစုပေါင်းစပ်ပေါင်းလို့ ဘောလုံးပွဲတစ်ပွဲကို ရအောင်လုပ်ရတာ ကျွန်တော်တို့မြန်မာပြည်ပါ။ တချို့ဆိုရင် ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတယ် သန်တုန်းမြန်တုန်းအရွယ်မှာ စွမ်းဆောင်ရည်တွေကျဆင်းနေတယ်။ အိမ်နားမှာတော့ ဒီစကားလုံး သုံးလုံးတွေ့မိပါရဲ့ “စိတ်ဓာတ်၊ကြံ့ခိုင်၊စည်းလုံး”တဲ့ စိတ်ဓာတ်တွေ ရိုက်ချိုးခံထားရမှတော့ ကျန်းမာသန်စွမ်းကြံ့ခိုင်လာဦးမလို့လား စည်းလုံးဖို့ဆိုဝေးသေးတယ် ကချင်ပြည်နယ်မှာ အခုချိန်ထိ ဒုက္ခသည်တွေ သောင်တင်နေရတုန်းပဲဆိုတာ နည်းနည်းလေးတွေ စောင်းငဲ့ကြည့်သင့်တယ်လို့ ထင်ပါတယ် အဘတို့ရတယ်

    • အဘတို့ကလေးတွေကိုတော့ သားတို့ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ကျောင်းတက်ခိုင်းတယ်။ ပြန်လာရင် ခွင်ကောင်းတဲ့ စီးပွားရေးတစ်ခု၊ ရာထူးတစ်နေရာမှာ ဝင်လုပ်ခိုင်းပါတယ်ကွယ်။ 🙁

  • kai

    June 26, 2014 at 3:59 pm

    ပညာရေးမှာ ဘာသာရေးဝင်စွက်ဖက်နေတာက.. အနာဂတ်မှာ.. တိုင်းပြည်ကို ပြောင်းပြန်လှန်မယ်လို့.. မြင်နေမိတယ်..

    ဆိုတော့..
    အိပ်မက်များ.. ဆက်မက်ကြတာပေါ့.. :mrgreen:

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 26, 2014 at 4:06 pm

      ပုဂံမှာ ငလျင်လှုပ်တာနဲ့
      ပဲခူးက နွားမကြီးက နေရင်းထိုင်ရင်းပေါင်ကျိုးနေတော့တာဘဲ

      ဇွတ်
      ဒါဂျောင့် ဂွေဇွတ်လို့ခေါ်တာနေမှာ

      • kai

        June 26, 2014 at 4:14 pm

        အဟမ်း..
        ခေးရော့သီအိုရီရှိတယ်လေ..။
        အိနိ္ဒယ.. ဘုံဘေကလိပ်ပြာအတောင်ပံခတ်ရင်.. ယူအက်စ်ချီကာဂိုမှာ.. မုန်တိုင်းဖြစ်သွားတာမျိုးပေါ့..
        ဘတ်တာဖလိုင်းအဖက်တဲ့..
        The Butterfly Tempest Weather Bulletin

        Who, exactly, coined that memorable image that claimed that a butterfly, flapping its wings in one part of the world, could affect the weather on the other side of the globe? Edward Lorenz is credited with using this image as the title of talk he gave in 1972 to the American Academy for the Advancement of Science. The idea has passed in and out of thousands of minds, but the actual geographic locations seem to vary wildly. In the interests of calming the public, we have attempted to record recent reports of butterfly-induced weather catastrophes. We remind you, though, that even if your locality is not listed here, that is no guarantee that you are safe!

        (Naturally, I can’t divulge the efforts of a certain secret agency to station a network of undercover butterflies across the globe, exquisitely tuned and interconnected, prepared at any moment to flutter their wings, causing unknown destruction in untold places…)

        “It’s called the butterfly principle. Which is basically if a bird flaps its wings in Africa it causes an apple to fall, causes a chain reaction of a painting to be made of the apple, somebody looks at the painting, forgets they gotta pick up their mother after church and runs a red light and gets whopped for eighty bucks. All because a bird flaps its wings in Borbuga which is six million miles away.” From the movie “All the Real Girls”, honest.
        We’ll begin where many discussions of chaos do, with the tragic tale of a butterfly from Brazil whose careless flapping has caused more tornadoes in Kansas than all the future sequels to The Wizard of Oz combined.

        တကယ်လည်း.. အရာရာက..အကြောင်းအကျိုးဆက်စပ်နေတယ်ဗျ..။
        “ညောင်ဦးကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” အဆက်အစပ်ရှိကိုရှိပါတယ်..။
        ရှေးက.. လူတွေမသိကြတာရယ်သာ…။ :mrgreen:

        • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

          June 26, 2014 at 5:45 pm

          အညမည သဘောကိုလက်ခံပါဒယ်ဘောစိ သို့သော်
          ပြောစရာတွေရှိသေးတယ် ပြန်လာခဲ့အုံးမယ်

  • ဇီဇီ

    June 26, 2014 at 6:56 pm

    တိုးတက်နေပါတယ် ဆိုတဲ့ ပညာရေးအခြေခိုင်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် အခြေခံ ပညာကို ကျောင်းသား၊ မိဘ၊ ဆရာ၊ အစိုးရပေါင်းပြီး နည်းနည်းစီတော့ ပြုပြင်ပြောင်းလဲရတာ ပဲ။

    အဲဒီတော့ မမဂျီးလည်း ဒီ ဘူတာပဲ ပြန်ဆိုက်မယ်။

    ဒီ စစ် အစိုးရမရှိတော့မှ အကောင်အထည်ဖော်ဖို့ လမ်းစကို ဆွဲကိုင်ဖို့ ခြေလှမ်းစ လှမ်းရမှာ။

    သူတို့ ရှိသရွေ့ ပညာရေးပြောင်းလဲဖို့ ဘယ်လောက် သွေးအန်အောင် ဘယ်သူ အော်အော် ဘာဖြစ်ခဲ့လို့လဲ။
    :hint:

  • တွေ့ မရှောင်

    June 27, 2014 at 2:01 pm

    ပညာတတ်တွေများလာလို့မဖြစ်ပေဘူး
    ပညာတွေတတ်ရင်
    အုပ်ချုပ်ရေးကို လုပ်ချင်ရာလုပ်မရဖြစ်နေမှာစိုးရိမ်ကြလို့ပါ

    • လူမိုက် ခင်ဇော်

      June 27, 2014 at 2:16 pm

      ဘယ်သူလည်းကွ
      နာ့ နာမည်ကြီးနဲ့။
      ၊မူပိုင်ခွင့်နဲ့ တရားဆွဲပြန်ရော့မယ်။

      :boss:

  • black chaw

    June 27, 2014 at 2:45 pm

    အေး…လုံမလေးရေ…။
    ရွာကို တရားဥပဒေစိုးမိုးမှု ရဖို့ ဆောင်ရွက်နေရလို့
    နည်းနည်းနောက်ကျသွားတယ်။
    ဒါပေမယ့်
    တတ်သိနားလည်သူတွေရဲ့ ကွန်းမန့်တွေနဲ့
    ဝေဝေဆာဆာဖြစ်နေပီမို့
    လာတယ်ဆိုတာလောက်ပဲ ပြောပါရစေတော့ဗျာ…။

  • TNA

    June 27, 2014 at 6:27 pm

    ဒီနိုင်ငံပညာရေးစနစ် နှစ်ပေါင်းများစွာခေါက်ရိုးကျိုးလာတဲ့ အလွတ်ကျက်စနစ် ကိုအတော်လေးတိုက်ဖျက်ပစ်ရမယ်ထင်ပါတယ်။ သင်ရိုးညွှန်းတမ်းပြောင်းတာကစ သင်ကြားနည်းစနစ်နဲ့ အရိုးစွဲနေတဲ့ ဆရာနဲ့မိဘတွေရဲ့အတွေးအခေါ်တွေကို အမြစ်ကလှန်ပစ်မှတိုးတက်လာမယ်ထင်တယ်။ ဒီလိုလုပ်ဖို့ကတော့ လက်ရှိအစိုးရစနစ်နဲ့ကတော့မဖြစ်နိုင်ဘူးထင်ပါတယ်။ဆရာဆရာမတွေလစာကအစ အတွေးအခေါ် အောင်မယ်လေး ပြုပြင်ရမှာတွေမနဲပါလား။

  • စုန်းမ

    June 28, 2014 at 3:52 am

    လုံမ
    စေတနာအပြည့် နဲ့ ချက်ထားတဲ့ အရသာကောင်းကောင်း အမြင်လှလှ မုန့်ဟင်းခါးထဲ ငရုတ်သီးစပ်စပ်မွှေးမွှေး လေးပါမှ အရသာရှိမလားလို့ နဲနဲ စပ်ကြည့်မယ်။

    (၁) အချိန်လုံလောက်ပါစေ။
    အပေါ်က မောင်ချစ်တူး ပြောတာ နဲ့တော့ ဆန့်ကျင်ဘက်မြင်မိတယ်။
    အရီးတို့ တုန်းက ကျောင်းတက်ချိန် က ၈နာရီခွဲကနေ ၃နာရီခွဲ။ ဒဂုံ ၁ နဲ့ လသာ ၁ တို့လောက်ဘဲ နေ့ဝက် ဒါတောင် ရနာရီ က ၁၂ခွဲ လို။
    အခု မြန်မာပြည် က ကလေးကျောင်းချိန်တွေ တိုတို လာသလားလို့။
    အမှန်က ကလေးတစ်ယောက် ကို စာသင်ခန်းမှာ ထားတာ က ကျောင်းစာသင်ရုံသာမက တစ်ခြား လူမှုဆက်ဆံရေးတွေ၊ ကိုယ်လက် လှုပ်ရှားအားကစားတွေ ပါရအောင် ထားရတာပါ။
    မြန်မာပြည်မှာ ယေဘူယျ ၁ဝတန်းပြီးတာနဲ့ တက္ကသိုလ် ၃နှစ်။ ဒါဘဲ။ ၂ဝတောင် မပြည့်သေး။ ဘွဲ့ရပြီ။
    ဝမ်းနည်းဖို့ကောင်းတာက ကလေးအများစုက ဘွဲ့ရပြီးတာနဲ့ ပညာရေးဆုံးပြီ မှတ်လိုက်တာဘဲ။
    သူတို့ မှာ ပညာကို ဆက်ဆည်းပူးလိုစိတ် မရှိကြတာ ကလဲ အခြေခံ ပညာရေးမကောင်းခဲ့တာ ဖြစ်မလား။
    ဒီမှာ က ၁၁တန်းပြီးမှ GCSE (The General Certificate of Secondary Education) ပြီးတယ်။ ဒါက ကလေးတိုင်း ပြီးကိုပြီးရမဲ့ အတန်းပညာ။
    GCSE ပြီးရင် အနည်းစုက ကျောင်းထွက်ပြီး အလုပ်လုပ်ကြတယ်။
    အများစုက ကောလိပ် ၂နှစ် ဆက်တက်တယ်။ Six Form (A-levels) လို့ ခေါ်တယ်။
    မြန်မာပြည်မှာ အရင်ကလို ဒေသကောလိပ်ပေါ့။
    ဒါပြီးတော့ တစ်ချို့ က အလုပ်ဝင်တယ်။
    တစ်ချို့ က တက္ကသိုလ် တက်တယ်။
    ဒါတောင် တစ်ချို့က Gap year ဆိုပြီး တက္ကသိုလ်မတက်ခင် တတိယ နိုင်ငံ တွေ ကိုသွားပြီး အကူအညီ ပေးတတ်ကြတယ်။
    ဒီတော့ တက္ကသိုလ် တက် တဲ့ ကလေးတွေ က အသက် ၁၉/၂ဝ ဖြစ်နေပြီ။
    ပိုပြီး ရင့်ကျက်သွားတာမို့ ပညာ ကို ဆည်းပူးသင်ယူ အသုံးချနိုင်မှု level ပိုမြင့်မလားဘဲ။
    တက္ကသိုလ် တွေက ဘာသာရပ်ပေါ်မှီပြီး ၃နှစ် ကနေ ရနှစ် ထိရှိပါတယ်။
    ဒီတော့ ကလေးတစ်ယောက် အတွက် သူ့ ပထမပိုင်း အရွယ် ကို ပညာရပ်ဆည်းပူးလေ့လာခြင်း နဲ့ ကုန်သွားတာပေါ့။
    အရီးတို့တုန်းက တက္ကသိုလ် တက်တော့ မနက် ရနာရီကနေ ညနေ ၄နာရီ လောက်ထိ တက်ရပါတယ်။
    ကြားမှာ စားလိုက် နားလိုက် အတန်းပြေးလိုက်ပေါ့။
    တအားပျော်ဖို့ကောင်းတယ်။

    (၂) ကျောင်းသားဗဟိုပြုစနစ် သေချာပါစေ။
    ဒါကိုတော့ ထူးပြီး ဝင်မစပ်တော့ပါဘူး။
    ပညာရေးမှာ ကောင်း/မကောင်း စမ်းသပ်တာကိုတော့ မြန်မာပြည် ကို ဘယ်နိုင်ငံမှမှီမယ် မထင်။
    ပြောင်းလိုက်ရတဲ့ စနစ်။
    ဒီမှာတင် အချိန်တွေ ကုန်တာဘဲ။

    (၃) ပတ်ဝန်းကျင်မှာ ရင်းနှီးနေတဲ့အရာတွေနဲ့ တွဲမှတ်နိုင်ပါစေ။
    ဒါကိုလဲ သဘောကျပါတယ်။
    ဒါပေမဲ့ ကလေးတွေ မမြင်ဘူးတဲ့ အဲဒီ မဟာသူရဲကောင်းတွေ နဲ့ မဟုတ်။
    သူတို့ နဲ့ ယဉ်ပါးနေတဲ့ အပင်နာမည်တွေ၊ အသီးနာမည်တွေ၊ မြို့နာမည် တွေ ဆိုပိုကောင်းမလားဘဲ။
    ဒါထက် အရီးတို့ တုန်းက အသင်း ၄သင်း (ကျန်စစ်သား – အဝါ၊ ဘုရင့်နောင် – အစိမ်း၊ ဗန္ဓုလ – အပြာ၊ အလောင်းဘုရား – အနီ)
    အခု ၅သင်း ဆိုတော့ ဘယ်သူ့ကိုများ ကလေးတွေ နဲ့ မိတ်ဆက်ပေးပြန်လဲ။

    (၄) စာအုပ်ထဲမှာ အများကြီး မရေးခိုင်းပါနှင့်။
    ဒါကလဲ ပြောတာကောင်းပါတယ်။
    ဒါပေမည့် ကလေးတွေ ကို သူတို့ရေးချိန်တာ အများကြီး ရေးတတ်တဲ့ အကျင့်ဖြစ်စေဖို့လဲ လေ့ကျင့်ပေးဖို့ကောင်းတယ်။
    မျိုးပေါ့။
    အတွေးအမြင်သစ် တွေ ကို ကိုယ့်ကိုယ်ပိုင်အမြင် နဲ့ တွေးခေါ်လာနိုင်စေပါတယ်။

    (၅) ဆရာတွေ ပျော်နေပါစေ။
    ဒါကို ကပ်ဖဲ့ ပြီး စပ် ရရင်တော့ ပရောဖက်ရှင်နယ် တစ်ယောက် ဟာ သူ့ဟာသူ အပြင်မှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ အလုပ် ကို မထိခိုက်ရအောင် အလုပ်လုပ်နိုင်စွမ်းရှိရပါမယ်။
    ကျောင်းအုပ်ကြီး နဲ့ ဘဲ ရန်ဖြစ်လာလာ၊ အိမ်မှာ ဘဲ ပြသနာဖြစ်လာလာ ကလေးတွေ ကို စာသင်တာ ကလေးတွေ ကို ဂရုစိုက်တာ မလျှော့စေရပါ။
    မဟုတ်ရင်တော့ ဒါဟာ ဆရာကောင်း လို့ ခေါ်မရပါ။

    (၆) ဘက်လိုက်လာဘ်စားမှု လုံးဝကင်းရှင်းနေပါစေ။
    ဒါကတော့
    မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး …
    အိမ်ခေါင် က အရင် လုံပါစေဦး။

    ချုပ်လိုက်ရင်တော့ –
    လုံမတို့လို အရွယ်ငယ်ငယ်လေးတွေ နဲ့ အတွေးအမြင် ရင့်ကျက်နေတဲ့ သူတွေ ရွာထဲ ရှိနေတာ အင်မတန် ဂုဏ်ယူစရာပါဘဲလို့။ :-)))

    ချစ်တဲ့
    အရီး

  • Ma Ma

    June 28, 2014 at 3:37 pm

    စေတနာအပြည့်နဲ့ ရေးထားတဲ့ စာမို့ အားပေးပါတယ် လုံမရေ။

    တချို့နေရာတွေမှာ မခက်ခဲသင့်တာတွေက ခက်ခဲနေသလိုပဲ။

    ကိုယ်တွေခေတ်တုန်းက လူတိုင်း ကျောင်းမှန်မှန်တက် စာမခက် ခေါင်းစဉ်အောက်မှာပဲ…
    ကျူ ရှင်ဆိုတာ ၁ဝတန်းလောက်ရောက်မှ ၁ဘာသာ ၂ဘာသာလောက် ယူကြတာ။

    ဆရာဝန်ဖြစ်တဲ့အထိ ကျူ ရှင်မတက်ဖူးတဲ့သူ ရွာထဲမှာတင်ရှိတယ်။ 🙂

    • kai

      June 28, 2014 at 4:19 pm

      အင်ဂျင်နီယာဖြစ်တဲ့အထိ.. ကျူရှင်တက်သယောင်ယောင် တဲ့သူလည်းရွာထဲရှိပါသဗျ..။ :mrgreen:

      • Ma Ma

        June 28, 2014 at 7:57 pm

        အဲဒါကြောင့် ပညာရေးမှာ ခေတ်ရှေ့ပြေးအောင် ခက်ခက်ခဲခဲ ကြိုးစားနေမယ့်အစား
        မသွားနိုင်တာချင်းတူရင် အရင်လမ်းဟောင်းကို ပြန်သွားတာတောင် ပိုကောင်းအုံးမယ်။ ။ 🙁

Leave a Reply