မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ

manawphyulayAugust 12, 20101min695
မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ

မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။

ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁ဝ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ  Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်မြကြည်သည် မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်ပြီး မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင် မွေးဖွားခဲ့ကြောင်း၊ လက်ရှိအချိန် တွင် ဒေါ်မြကြည်မှာ ၁၁၈ နှစ် ဖြစ်သောကြောင့်  Eugénie Blanchard  ထက် အသက်လေးနှစ်ခန့် ပိုကြီးနေသည်ဟု သိရသည်။

မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အသက် ၁၀ဝ နှစ်နှင့်အထက် အဘိုး ၁၃ ဦး၊ အဘွား ၄၄ ဦး၊ သံဃာတော် ၂ ပါး၊ သီလရှင် ၁ ပါးတို့ ဖြစ်ကြောင်း သိရသည်။


“ဒီစာရင်းက အခုလက်ရှိသက်ရှိ ထင်ရှားရှိနေသေးတဲ့သူတွေကို စာရင်းလုပ်ထားတာပါ။ ဆုံးပါးသွားတဲ့သူ တွေလည်းရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းလူတွေ အသက်ပိုရှည်လာတယ်လို့ ပြောလို့ရတယ်။ အခုအသက် အကြီးဆုံးက အသက် ၁၁၈ နှစ်အထိ ရှိနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့စာရင်းက အဖွဲ့ကိုလာရောက် စာရင်းပေးထားတဲ့သူတွေပဲ ရှိပါသေးတယ်။ အသက် ၁၀ဝ ကျော် ဘိုးဘွားတွေ ဒီထက်များများလည်း ရှိနေနိုင် ပါတယ်”ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု မျှော်မှန်းသက်တမ်းသည် ၁၉၈၈ ခုနှစ် က ကျေးလက်ဒေသတွင် အမျိုးသား ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆ဝ ဒသမ ၄ နှစ်နှင့် မြို့ပြဒေသတွင် အမျိုးသား ၅၉ ဒသမ ဝ နှစ်၊ အမျိုး သမီး ၆၃ ဒသမ ၂ နှစ်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ၌ နေထိုင်သည့်အမျိုးသားများမှာ ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆ရ ဒသမ ၁ နှစ်၊ မြို့ပြဒေသတွင် အမျိုးသား ၆၄  ဒသမ ဝ နှစ်၊ အမျိုးသမီး ၆၉ ဒသမ ဝ နှစ် အထိ တိုးတက်လာကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ယေဘုယျသေနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ကျေးလက်ဒေသတွင် ၉ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၈ ဒသမ ၉ ရှိရာမှ ကျေးလက်ဒေသတွင် ၅ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၅ ဒသမ ၃ သို့ ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လူ့သက်တမ်းမြင့်မားလာခြင်းနှင့် ယေဘုယျ သေနှုန်းကျဆင်းလာခြင်း တို့ကြောင့် အသက် ၆ဝ နှစ်နှင့် အထက် လူဦးရေများမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်

“လူ့သက်တမ်းကို တွက်တဲ့အခါ မွေးတဲ့လူတစ်ယောက်ဟာ ဘယ်လောက် အသက်ရှည်မယ်ဆိုပြီး ပျမ်းမျှ တွက်ချက်တာပါ။ အဲဒီထက်ပိုရှည်တဲ့ သူလည်းရှိသလို အဲဒီလောက် အသက်မရှည်တဲ့သူလည်း ရှိပါတယ်။ လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်”ဟု UNFPA မှ ဌာနေကိုယ်စားလှယ် ဒေါက်တာနေဝင်း က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ ဒသမ ၃ သန်းတွင် အသက် ၆ဝ နှစ် နှင့်အထက်ရှိသူအရေအတွက်မှာ ၅ ဒသမ ၁၃ သန်းရှိပြီး စုစုပေါင်း လူဦး ရေ၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း၊ လက်ရှိ တွင် အသက် ၁၀ဝ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဦးရေမှာ ၆ဝ ဦးခန့် ရှိကြောင်းနှင့် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာနှစ်စဉ် ၂ ဒသမ ဝ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေး အဆင့်အတန်း မြင့်မားလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မွေးနှုန်းကျဆင်းလာခြင်း၊ သေနှုန်းကျဆင်းခြင်း နှင့်အတူ သက်ကြီးရွယ်အို ဦးရေလည်း မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိ အချိန်အထိ သက်ရှိထင်ရှားရှိသည့် အသက် ၁၀ဝ နှစ်နှင့်အထက် ဘိုးဘွားအချို့
စဉ်        အမည်        အသက်              နေရပ်လိပ်စာ
၁။       ဒေါ်မြကြည်      ၁၁၈ နှစ်       အမရပူရမြို့၊ မန္တလေးတိုင်း
၂။      ဦးအုန်းမြိုင်       ၁၁ဝ နှစ်        မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း
၃။       ဒေါ်ခင်နု       ၁၁ဝ နှစ်        မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
၄။       ဒေါ်သိန်းညွန့်       ၁၀၉ နှစ်        ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ ရန်ကုန်တိုင်း
၅။      ဒေါ်သိန်းကြည်       ၁၀ရ နှစ်       မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း
၆။      ဒေါ်အုံးပွင့်      ၁၀ရ နှစ်       လက်ပံတန်းမြို့၊ ပဲခူးတိုင်း
၇။      ဒေါ်နှင်းအေး       ၁၀ရ နှစ်        သာကေတမြို့နယ်၊ ရန်ကုန်တိုင်း
၈။       ဒေါ်ရာကူး       ၁၀ရ နှစ်        ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်း
၉။       ဦးမောင်ရွှေ       ၁၀၆ နှစ်       ညောင်တုန်းမြို့၊ ဧရာဝတီတိုင်း
၁၀။        ဒေါ်ဖွဲနုမ       ၁၀၆ နှစ်         ကျောက်တန်းမြို့၊ ရန်ကုန်တိုင်း

ဂင်းနစ်မှတ်တမ်းအရ သက်ရှိထင်ရှား ရှိနေသေးသော အသက် ၁၀ဝ နှစ်နှင့်အထက် ဘိုးဘွားများ
အမည်      ကျား/မ           မွေးသက္ကရာဇ်    အသက်    နိုင်ငံ
Eugénie Blanchard          မ    ၁၆ .၂ .၁၈၉၆            ၁၁၄ နှစ် ၁၇၅ ရက်   ပြင်သစ်
Eunice Sanborn        မ     ၂ဝ .၆ .၁၈၉၆         ၁၁၄ နှစ် ၂၁ ရက်     အမေရိကန်
Besse Cooper            မ     ၂၆ .၈ .၁၈၉၆            ၁၁၃ နှစ် ၃၄၉ ရက်   အမေရိကန်
Walter Breuning        ကျား          ၂၁ .၉ .၁၈၉၆        ၁၁၃ နှစ် ၃၂၃ ရက်      အမေရိကန်
Chiyono Hasegawa        မ    ၂ဝ .၁၁ .၁၈၉၆         ၁၁၃ နှစ် ၂၆၃ ရက်      ဂျပန်
Venere Pizzinato       မ          ၂၃ .၁၁ .၁၈၉၆       ၁၁၃ နှစ် ၂၆ဝ ရက်       အီတလီ

@news.eleven.com

5 comments

  • winne

    August 12, 2010 at 11:59 am

    မြန်မာပြည်က အဘွားကိုလည်း ဂရင်းနစ် စာရင်းဝင်အောင် ကြိုးပမ်းသင့်တယ်။

  • kopauk mandalay

    August 12, 2010 at 3:18 pm

    ကျနော်တို့နို်င်ငံမှာ ကျနော်အပါအဝင် အားနည်းချက်တစ်ခုက နေ့စဉ်မှတ်တမ်းမရေးသလို
    ဘာကိုမဆို အလွယ်လေးစိတ်ထဲမှာ မှတ်ခဲ့ကြတော့ အရေးအကြောင်းဆိုရင် တပန်းရှုံးပါတယ်။
    အခုဂင်းနစ်မှတ်တမ်းဝင်ဘို့ဆိုရင်လဲ အထောက်အထားအပြည့်အစုံနဲ့တင်ပြနိုင်မယ်ဆိုရင်
    ကောင်းပါမယ်။
    နေရာတော်တော်များများမှာ မှတ်တမ်းလေးထားတဲ့အကျင့်လုပ်ထားရင်ပိုကောင်းမယ်လို့ထင်ပါတယ်ဗျာ။

  • Pyaung Gye

    August 12, 2010 at 3:39 pm

    သူတို့ရမှာ မှမဟုတ်တာလေ—-
    နောက်ပီး အမျိုးလဲ တော်ဘူးလေ—-

  • manawphyulay

    August 13, 2010 at 3:55 am

    မနော အသက်ကြီးရင်တော့ ဂရင်းနစ်ဝင်အောင် လုပ်ပေးကြနော် 😛

  • မန်း ရိပ်

    August 13, 2010 at 4:36 am

    အမှန်တရားတခုအတွက် ကြိူးစားပေးပါရန်

Leave a Reply