အန ္တရာယ်နံပါတ်-၃

sofiadimpleAugust 12, 20101min540

အန ္တရာယ်နံပါတ်-၃

ရှေ့ကပြောခဲ့တဲ့ အန ္တရာယ်(၂)ခုကိုတော့ စာတွေ့ရော၊လက်တွေ့ပါ သိခဲ့ရပြီးပြီမို့ သတိလေးထားလို့ နှလုံးသွင်းတတ်သွားပါပြီ။ ကဲဒို့တွေဟာ ဒီအန ္တရာယ်(၂)ခု ကလွတ်ပြီဆိုပြီး စိတ်အေးထားလို့ မဖြစ်သေးဘူးနော်။ နောက်ထပ်ထပ်ပြီးသတိထားရမယ့် အန ္တရာယ်တစ်ခုကို ဒီနေ့ဆက်ကြပါဦးစို့။ ဟိုဖက်ကမ်းမှာကပ်ခြင်းဆိုတဲ့ ပထမ အန ္တရာယ်တုန်းကလည်း အစကတော့ ကိုယ့်ကိုကိုယ် အန ္တရာယ်စက်ကွင်းမိလို့ မိနေမှန်းတောင် မသိခဲ့ပါဘူး။ ခုသိရတော့ တစ်ခုခုဆို အော..ငါတော့ဖြင့် ဒီအန ္တရာယ် တွေနဲ့တိုးနေပါပေါ့လားလို့တွေးမိနိုင်လို့ အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်သွားတာပေါ့နော်။ ခုလည်းနောက်ထပ် ကျလာနိုင်သော အန ္တရာယ်တွေကိုမသိသမျှ    ကာလပတ်လုံး ကိုယ့်မှာ ဒီလို အန ္တရာယ်တွေ တစ်စုံတစ်ရာ နှင့် တွေ့နေရပါသော်လည်း ရန်သူကိုရန်သူမှန်း မသိတာကြောင့် ရှောင်ရကောင်းမှန်းမသိနိုင်တော့ပဲ တဖြည်းဖြည်းချင်းနဲ့ပဲ ဒီရန်သူဝါးမြိုတာကို ခံသွားရမယ်နော်။ သူကဘယ်ထိဒုက္ခတွေပေးမှာလဲ ဆိုရင် ဒို့ကို အပါယ်သံသရာကနေ မထွက်နိုင်အောင်ထိ တွန်းပို့မှာမို့ အထူးကိုပဲ သတိထားပြီး လွတ်အောင်ရုန်းနိုင်ဖို့ အရေးကြီးပါတယ်နော်။

ကဲ အန ္တရာယ်နံပါတ်-၃ လေးစကြပါစို့။ သူကတော့ ဒီဖက်ကမ်းမှာလည်း မတင်ဘူး။ ဟိုဖက်ကမ်းမှာလည်းကပ်မသွားပါဘူး။ သို့သော် ရေလယ်မှာမျှောနေရင်းနဲ့ ရေတွေဝပ်ပြီး စုန်းစုန်းမြှုပ်သွားတဲ့ သစ်တုံးလေးကိုပဲ နမူနာပြောပြထားပါတယ်။ ဒါဘာပြောတာလဲဆိုရင် ကိုယ့်အတွင်းသဏ္ဍာန်မှာ အားကြီးသောရာဂစိတ်တွေ ဖြစ်နေမယ်ဆိုရင်တော့ သူဟာအန္တရာယ်နံပါတ်-၃ ထဲကျရောက်နေပြီလို့ သိထားရပါမယ်။ ဒီအကြောင်းလေးကို ဉာဏ်မှီသလောက် ပြောရရင်တော့ အရင်ဆုံး သဘာဝ လောကကြီးဟာသူ့ သဘာဝကိုက အမှောင်အတိုင်းရှိနေတာနော်။ အကယ်လို့ နေရောင်၊လရောင်၊မီးရောင် ရယ်မှမရှိရင်တော့ ဒီလောကကြီး ဟာ လင်းစရာ အကြောင်း မရှိတော့ပါဘူး။ အဲဒီလိုပါပဲ ဒို့ခန္ဓာမှာကလည်း အမှန်ကိုမသိခြင်း အဝိဇ္ဇာဆိုတဲ့ အမှောင်ထုကြီးကခန္ဓာရလာကတည်းကပါလာပြီးသားပါ။ ဘာကြောင့်အဲလို ပြောနိုင်တာလဲ ဆိုရင် တော့ အဝိဇ္ဇာကုန်ရင်ရဟန္တာဖြစ်ပြီ။ ရဟန္တာဖြစ်ရင် နောင်ခန္ဓာအသစ်မလာတော့ဘူးလေ။ ဒါကြောင့် အခုဒီလို ခန္ဓာကြီး ရလာတယ် ဆိုကတည်းက အဝိဇ္ဇာနှင့် တဏှာက အုတ်မြစ်အနေနဲ့ ပါလာပြီးသားဆိုတာ မငြင်းနိုင်ဘူးနော်။ ခန္ဓာရလာကတည်းက ဒီအမှန်ကိုမသိခြင်းဆိုတဲ့ အမှောင်ထုကြီးကဖုံးကာထားပြီးသားမို့ အလင်းနဲ့ တူတဲ့ အသိဉာဏ် တစ်စုံတရာ မပေါ်လာမချင်း အမှောင်တိုက်ထဲက မထွက်နိုင်တော့ပါဘူး။ ဒီအဝိဇ္ဇာရဲ့ လက်တွဲဖော်ကတော့ တဏှာပါပဲ။

ဒီတဏှာကြောင့်ပဲ မျက်စိက ရူပါရုံမှာမွေ့လျော်တယ်။ ဒီရူပါရုံမရှိရင်ရှိတဲ့နေရာသွားလို့ တဏှာကခိုင်းနေလေတော့ ကိုယ်ပိုင်ဉာဏ်အလင်းလေးမရှိသရွေ့ တော့ တဏှာကျွန်ဖြစ်ရပါဦးတော့မယ်နော်။ နားကလည်း အသံကြားရမှကျေနပ်တယ်နော်။ ဒီတော့မိုးလင်းကတည်းကဖွင့်လိုက်ရတဲ့ သီချင်းသံတွေများ ပွက်ပွက်ရိုက်လို့ ။ နှာခေါင်းကလည်းလေ အနံ့ကလေးနဲ့မှနော်။ လျှာလေးလဲ ဘာထူးလဲ။ အရသာ လေးခံချင်နေတာလေ။ ကိုယ်ကလည်းလေ အတွေ့အထိကောင်းကောင်း လေးမှ တွေ့ထိချင်တာဆိုတော့ အင်း…ဒီတဏှာခိုင်းတဲ့နောက်ကို အဟုတ်တွေထင်ပြီးလိုက်လုပ်နေရတာ ကိုပဲ ပျော်စရာရယ် လို့မြင်နေတယ် လေ။ အင်း…ဒါဆိုဒီအာရုံ ငါးပါးနောက်ကို အမြဲပဲ ကောက်ကောက်ပါအောင် လိုက်လို့ ကာမဂုဏ်တွေအပေါ် မွေ့လျော်ပျော်ပါးနေချင်တဲ့ တဏှာကို ဒီအဝိဇ္ဇာကပဲ အပြစ်မရှိဘူး ဆိုတဲ့ပုံစံ နဲ့ဖုံးကွယ်ပေးထားတယ်လေ။ ဒါကိုက တဏှာကိုအားပေးနေတာပါနော်။ အစကမှ အခြေခံက မကောင်းပါဘူးဆို မှ ဒီအာရုံငါးပါးကာမဂုဏ်တရားတွေနဲ့ အချိန်ပြည့် ခံစားချင်နေမယ်ဆိုရင် ဒါသည်ပင်တော်တော်ယုတ်ညံ့နေပြီဖြစ်လို့ ငါတော့ အန္တရာယ်နံပါတ်-၃ နဲ့ပဲ ရင်ဆိုင်နေရပြီလို့ သိလိုက်ပါ။

ဒါကိုပဲ ဆရာတော်တွေဟောပြထားတာလေးက ဘာနဲ့နိုင်းထားသလဲဆိုရင် အနူမီးကင်တာနဲ့တူတယ်တဲ့။ အနူဆိုတဲ့အနာဟာ အတိတ်က ပြုထားတဲ့အကြောင်း တစ်ခုခုကြောင့်မရချင်လည်းရလာတဲ့အနာတစ်မျိုးပဲနော်။ အဲဒီအနူဟာ တော်တော်လေးကြီးလာတယ်ဆိုရင်ပဲ ယားလာတယ်လေ။ အထဲကပိုးတွေကထကြွလေ တော့ မနေနိုင်မထိုင်နိုင်အောင် ကိုပဲ ယားလာတော့တာပေါ့။ ယားတော့ကုတ်တယ်။ ကုတ်လို့အားမရတော့ မီးကျီးကောင်းကောင်းနဲ့ ကင်ပေးရတယ်။ ဒီတော့မှအပူဓါတ်ကြောင့် ပိုးတွေကနောက်ဆုတ်ပြီး ငြိမ်သွားတယ်လေ။ ဒါပေမယ့်ဒီပိုးသေသွားသလားဆိုတော့ မသေဘူးနော်။ ခဏပဲငြိမ်တာ။ ပြီးရင်တစ်ခါထပ်ပြီး ယားလာပြန်ရော။ မီးကင်ပေးရင်ငြိမ်သွားပြန်တယ်။ အဲဒီဥပမာလိုပါပဲတဲ့။ပုထုဇဉ်လူသားတွေရဲ့ဝမ်းထဲမှာက တဏှာဓါတ်ခံက ရှိပြီးသားဆိုတော့ အနူဓါတ်ခံ သမားနဲ့ အတူတူ ပါပဲနော်။ အာရုံငါးပါးတစ်ခုခုခံစားနေရမှ နေသာထိုင်သာရှိတာနော်။ အဲလိုမှ မဟုတ်ရင် ပျင်းပြီး နေစရာတောင် မရှိသလိုပဲဖြစ်နေတတ်တယ်လေ။ ဒါကြောင့်ပဲ အာရုံခံစားဖို့ ပွဲတွေသွားရ၊ ရုပ်ရှင်တွေကြည့်ရ နဲ့ဒီတဏှာပိုးကို ခဏနေသာအောင်မီးကင်ပေးနေရတယ်လေ။ အင်းအချိန်လေးများမအားလိုက်နဲ့ ဒီတဏှာ က တန်းတောင်းတော့တာပဲ။ ရေခဲမုန့်လေးစားချင်တယ်ဆိုတော့။ ဟောကျွေးလိုက်တော့ ခဏတော့ငြိမ် သွားတယ်။ ပြီးပလားဆိုတော့ နောက်တစ်မျိုးထပ်ခံစားချင်လာပြန်တယ်နော်။ အဲဒါလေးလည်း လိုက်လုပ်ပေး လိုက်ရော ဒါဟာမီးကင်သလိုပဲမို့ ခဏတော့ ငြိမ်သွားပြန်ရော။ အင်းဒီလို လုပ်ပေးနေတာကိုက တကယ်တော့ တဏှာကိုပွားစေတာပဲမလား ။အင်း နူနာကြီး ကလည်းကြီးသည်ထက်ကြီးလာလိုက်တာ ယားလာလိုက် ကုတ်ပေးလိုက်၊ မရရင်မီးကင်ပေးလိုက်၊ ခဏသက်သာ သွားလိုက်၊ ပိုးကထလာလိုက်နဲ့ ဟာလေ။ အော်…အမြန်ဆုံး ဉာဏ်အလင်းလေး ရပါမှသာ ဒီဒုက္ခကလွတ်မှာပါလားလို့ နည်းနည်းလေး လောက်စဉ်းစားမိရင်ကိုကံကောင်းတယ်လို့ ပြောရပါ မယ်နော်။ ဘာလို့လဲဆိုတော့ အဝိဇ္ဇာ၊ တဏှာ ကြီးစိုးနေတဲ့ဒီလောကကြီးမှာက တဏှာ အားပေးတဲ့ တဏှာကိုပွားစေတဲ့ အရာတွေက ဒုနဲ့ဒေးပါပဲလား။ ဘာကိုပဲကြည့်ကြည့် တဏှာမီးကို ဟုန်းဟုန်းတောက်အောင်ကို နိုးဆွပေးနေတဲ့ အာရုံတွေနဲ့ပြည့်နှက်နေတာမို့ ဒို့တော့ဖြင့် ဒီအန္တရာယ်ကလွတ်ဖို့ မျှော်လင့်ချက်မှရှိပါတော့မလားရယ်လို့ အင်းဒီစက်ကွင်းက လွတ်မြောက်ဖို့ကတော့ဖြင့် အသိအလင်းလေး မှမရှိရင်တော့ အမှောင် ကမ္ဘာထဲမှာပဲ လည်ပြီးသေရပါတော့မယ်နော်။ ဒါကြောင့်ဒို့တော့ ဖြင့် ရေလယ်မှာ ရေတွေအီပြီးနစ်မြှုပ်ရတဲ့ သစ်တုံးကြီးလို တဏှာရာဂပင်လယ်ထဲမှာ လက်ပစ်ကူးနေရတဲ့လူတွေနဲ့တူနေပါပေါ့လားလို့ …အကယ်လို့ ဒီလိုဖြစ် နေမယ်ဆိုရင်တော့ အန္တရာယ်နံပါတ်-၃ နဲ့ရင်ဆိုင်နေရပြီမို့ မြန်မြန် လေးနည်းလမ်းရှာ ပြီးရုန်းထွက်ကြပါစို့ လို့…မဟုတ်ရင်တော့ သံသရာရေထုထဲမှာ စုန်းစုန်းမြှုုပ် ရမှာပါလားဆိုတာ တွေးကြောက်မိရင်း ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြပါစို့လား။

အာလုံးလဲ ဒီစာလေးကို ဖတ်မိကြရင်ဖြင့် အမြန်ဆုံး ရုန်းနိုင်ဖို့ နည်းလေးများရှိရင် ဝေမျှကြပါဦးနော်။

ကဲ နောက်နေ့မှပဲ နည်းလမ်းလေးတွေ ဖလှယ်ကြတာပေါ့။ ဒီနေ့တော့ တော်လောက်ပါပြီ။ တစ်စုံတရာ အကြံပေးလိုပါက dimplemit@gmail.com

ကိုဆက်သွယ်လိုက်ပါနော်။