အဉ္ဇလီ မောင်မောင် သို့ အလွမ်း…။

black chawJune 29, 20146min49642

 

သီချင်းရေးတဲ့ ကိုမောင်မောင် ရဲ့ ပြင်ပဘဝကို ကျွန်တော် သိတ်မသိပါ။

မဉ္ဇိမလှိုင်း အဖွဲ့ဝင် တေးရေးဆရာတစ်ယောက်။

ရုပ်ရှင်သီချင်းတွေလည်း အရေးကောင်းသူတစ်ယောက်။

ကွယ်လွန်သွားခဲ့ပြီးပြီ။

ဒါလောက်ပါပဲ။

သို့သော် သူရေးသွားတဲ့ သီချင်းလေးတွေက လှပချိုမြိန်လွန်းလှပါသည်။

သူ့သီချင်းတွေက မိတ်ကပ်လိမ်းနှုတ်ခမ်းနီဆိုးထားသော မိန်းမတစ်ယောက်ရဲ့

ပူလောင်တဲ့ အလှမျိုးမဟုတ်။

သနပ်ခါးလိမ်း ပန်းပန်ထားသော တည်ငြိမ်တဲ့ အလှမျိုး။

သူဟာ အထူးတလည် ဂုဏ်ပြုမှုနှင့် ထိုက်တန်သော သီချင်းရေးဆရာတစ်ယောက် ဖြစ်ပါသည်။

သူ…ဘယ်လို သီချင်းတွေကို ရေးခဲ့တာတဲ့လဲ…။

ကျွန်တော် လက်လှမ်းမှီသလောက် တင်ပြသွားပါမည်။

ကိုမောင်မောင့် သီချင်းအများစုက တရားဓမ္မဘက် နွယ်ပါတယ်၊ ဒသနဆန်တဲ့ စာသားတွေနဲ့ ရေးဖွဲ့ပါတယ်။

သူ့သီချင်းအများစုက သန္တရသကို ပေးစွမ်းပါတယ်။

သူရေးသော သီချင်းတွေက ခင်ဗျားတို့ရင်ထဲ ဘယ်နှစ်ပုဒ်လောက်ရောက်ခဲ့ဖူးသလဲ။

ကိုမောင်မောင် ရေးတဲ့ သီချင်းတွေထဲက ကျွန်တော်တို့ ဘယ်လိုမှ ရှောင်လို့မလွတ်နိုင်သော

သီချင်းတစ်ပုဒ်က သင်္ကြန်မိုး သီချင်းပါဗျာ။

ဒါရိုက်တာမောင်တင်ဦး ရဲ့ သင်္ကြန်မိုး ရုပ်ရှင်ဟာ မြန်မာ့ ဂန္ထဝင် ရုပ်ရှင်ဖြစ်ခဲ့သလို

သင်္ကြန်မိုး ရုပ်ရှင်သီချင်းဟာလည်း ဂန္ထဝင် စာရင်းထဲ တိုးဝင်ခဲ့ပါပြီ။

သံစဉ်ပိုင်းရော စာသားပိုင်းပါ မြန်မာဆန်ဆန် လှပနေခဲ့ပါသည်။

                        သင်္ကြန်မိုး          

မြူးးကြွတဲ့ တေးသံပျံ့လွင့်လို့နေ…ကူးပြောင်းစ တန်ခူးလေမှာ…

တစ်ယောက်တစ်လက်မို့လှမ်းကာ ဖျန်းပက်ကြစဉ်…

ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ…

ခေါင်းကလေးမော့လို့…

ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ…။

                   ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ ပွဲမှာ

                   ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေလည်း

                   ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို

                   ပန်ဆင်ပါရင် လှသထက်တင့်မှာမို့

မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ

မြူးးကြွတဲ့ သင်္ကြန်ခါ…

လန်းဆန်းတဲ့ မိုးရေ…မိုးပြေးလေးရေ…

ပိတောက်ပန်းပွင့်ရုံ စိုရုံ ဖျန်းပက်ဦး…

မိုးပြေးလေးရေ…သင်္ကြန်မိုးပြေးရေ စိုရုံ ဖျန်းပက်ဦး…။

လန်းဆန်းတဲ့ ပိတောက်ရယ် မိုးပြေးလေးရယ်…

သင်းပျံ့စ တန်ခူးလေမှာ

 ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင် သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး…

 မိုးပြေးလေးရေ…သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး…။

 

ဒီသီချင်းကို ဇော်ဝမ်းလည်းဆိုဖူးတယ်။ ရန်အောင်လည်း ဆိုဖူးတယ်။ ရင်ဂိုလည်းဆိုဖူးတယ်။

မေသန်းနုလည်း ဆိုဖူးတယ်။ ထွန်းအိန္ဒြာဗို လည်းဆိုဖူးတယ်။

နောက် အဆိုတော် တော်တော်များများလည်း ဆိုခဲ့ကြဖူးပါတယ်။

မြို့မငြိမ်း ရဲ့ မန်းတောင်ရိပ်ခို နောက်ပိုင်း သင်္ကြန်သီချင်း ကောင်းကောင်း မထွက်တဲ့ ဒီဘက်ခေတ်မှာ

ကိုမောင်မောင် ရဲ့ သင်္ကြန်မိုး တစ်ပုဒ်ဟာဖြင့် ပွဲလယ်တင့်ခဲ့ပါလေပြီ။

ကိုမောင်မောင့် သီချင်းတွေဟာ ခိုင်ထူးရဲ့ အောင်မြင်မှုအရှိန်အဝါကိုလည်း မြင့်တက်စေခဲ့ပါတယ်။

အိမ်ပြန်ချင်တဲ့ အလွမ်း သီချင်းဟာ ညဘက်ဂစ်တာတီးသူ လူငယ်တွေရဲ့ မဆိုမဖြစ်သီချင်းတစ်ပုဒ်ပါ။

အိမ်နဲ့ဝေးနေကြရသူ လူငယ်တွေအတွက် အလွမ်းပြေသီချင်းတစ်ပုဒ်ပေါ့။

သမိုင်းဝင်း…သရဖီဆောင်ရှေ့က မြေဝိုင်းဂစ်တာသမားလေးတွေအတွက်တော့  ဒီသီချင်းဟာဖြင့် မပါမဖြစ်။

အိမ်ပြန်ချင်တဲ့ အလွမ်း သီချင်းကိုတော့ဖြင့် ကိုမောင်မောင် ရေးခဲ့တဲ့ သီချင်းတွေထဲမှာရော…

ခိုင်ထူး သီချင်းတွေထဲမှာပါ ကျွန်တော်အကြိုက်ဆုံး ပါ ခင်ဗျာ။

               အိမ်ပြန်ချင်တဲ့ အလွမ်း

Verse 1                     အိမ်ပြန်ချင်တဲ့ အလွမ်း…၊

ဆီးနှင်းတို့ကျစတစ်ညမှာ အိမ်ကိုပစ်ပြီးတော့…၊

မပြေလည်နိုင်တဲ့လမ်းမှန်း…၊

သိလျက်နဲ့ တစ်လှမ်းခြင်းလှမ်းကာ ရင်ဆိုင်နေဆဲက…၊

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…။

Verse 2                        စိန်ခေါ်နေတဲ့လမ်း…၊

ဆူးခင်းနဲ့ စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့…၊

စိုပြည်နိုင်မယ့်နည်းလမ်း…၊

ရှိလျက်နဲ့ မနီးစပ်သေးခင်ရှာဖွေနေဆဲက…၊

အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်။

CHO ;                            (အလွမ်း ပြန်ချင်စိတ်ကြောင့်…၊ အလွမ်း ပြန်ချင်ဇောကြောင့်…၊

            နေ့ခင်း အိပ်မက်ထဲမှာ…၊ အတွေး အိပ်မက်ထဲမှာ…အိမ်ပြန်ဖြစ်တယ်)

Verse 3                        မိန်ရာသီရဲ့စန်း…၊

နက္ခတ်နဲ့ လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့…၊

အမေအိုမျှော်မယ်မှန်းလည်း…၊

သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင်…၊

အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်တဆိတ်ရောက်လာတယ်…။

CHO ;            (                            )

                             အိမ်ပြန်ချင်တဲ့ အလွမ်းစိတ် တိတ်တဆိတ် ရောက်လာတယ်……..။

 

ခိုင်ထူး ဆိုခဲ့တဲ့ အထဲက နောက်တစ်ပုဒ် ညွှန်းချင်တာက လေးမြားတစ်လက်နဲ့ သီချင်းသည် ဆိုတဲ့ သီချင်းပါ။

ဒါလည်း ဟော်လို ဂစ်တာ နဲ့ အလွန်လိုက်ဖက်တဲ့ သီချင်းလေးပါပဲ။

ညဘက် ဂစ်တာဝိုင်းလေးတွေ အတွက် ရည်ရွယ်ရေးထားသလားတောင် ထင်ရပါရဲ့။

အခု ဒီပို့စ်ကိုရေးဖို့ ပြန်နားထောင်နေတော့ ဟိုတုန်းကအတိုင်းကောင်းနေဆဲပဲ ခင်ဗျ။

လတ်ဆတ်နေဆဲပဲ ခင်ဗျ။

လေးမြားတစ်လက်နဲ့ သီချင်းသည်

          Verse;           အိပ်မရတဲ့အတူ မထူးတော့တဲ့ ညမို့ တံခါးကို ဖွင့်ကာ…၊

                                    တိတ်ဆိတ်တဲ့ ခြေလှမ်းရဲ့ ရှပ်တိုက်သံ နားကို စွင့်ကာ…၊

                                    ရောင်နီမလာခင် ကျေးငှက်တို့ရဲ့

တေးသွားလေးကို စည်းချက်တွက်ကြည့်ကာ ကြားမှာ သံစဉ်ဖြည့်လိုက်တယ်…။

Cho A;                                  သာယာတဲ့ နေ့သစ်ရဲ့အစ ကြည်လင်ဆဲ အခိုက်အတန့် မှာ တေးသံကို

ရှာဖွေရေးမှတ်ရင်းနဲ့ သီချင်းပုံစံ သီကာညည်းမိတယ်…။

Verse;              စိတ်ချတဲ့ လူရင်းမို့ ဖွင့်ဟကာ မေးမယ် ပြောလေ…၊

                                    အားသစ်နဲ့ခြေလှမ်းရဲ့ တက်ကြွသံ ကြားရင် သိမယ်…၊

                                    တောင်စဉ်ခုနှစ်သွယ် လှမ်းတက်ဖို့အတွက်

                                    ခရီးကြမ်းလမ်းကို ထိုးဖေါက်ရောက်ခဲ့ရင် သင့်ကို ရှေ့မှာ ကြိုဆိုကြလိမ့်မယ်…။

Cho B;                                    ရင်ဆိုင်မယ် နေ့မရှိတဲ့ ည…ငြိမ်သက်ဆဲအခိုက်အတန့်မှာ ဘေးရန်ကို

                                                တင်ကြိုမှန်းဆရင်းနဲ့ မြားအိမ်ကိုလွယ်ကာထွက်ခဲ့တယ်…။

 

ခိုင်ထူး ဆိုခဲ့တဲ့ နောက်တစ်ပုဒ်ကတော့ မြန်မာတစ်ပြည်လုံး ပေါက်ထွက်ခဲ့တဲ့ သီချင်းပါ။

အဉ္ဇလီ လို့ အမည်ရပါတယ်။

အဉ္ဇလီသီချင်းရဲ့ Guitar Solo တီးကွက်များကပါ နာမည်ကြီးခဲ့ပါတယ်။

ဂစ်တာသမားတွေ အလွန်ခိုက်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ကိုမောင်မောင် ဟာ တချို့စီးရီးစ် များမှာ   သူ့ နာမည်ကို

တေးရေး အဉ္ဇလီ မောင်မောင် လို့ ရေးခဲ့သည်အထိ အဉ္ဇလီ သီချင်းအပေါ်စွဲလန်းခဲ့ပါတယ်။

ခိုင်ထူးအတွက် ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ကိုလည်း ကိုမောင်မောင်က ရေးစပ်ပေးခဲ့ပါသေးတယ်။

သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် သီချင်းပါ။

ကဗျာဆန်ဆန် နုနွဲ့သော သံစဉ်နဲ့ ကဗျာဆန်ဆန် နုနွဲ့သောစာသား ပေါင်းစည်းမှု။

            သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်

Verse A       အသည်းနှလုံးမရှိရင် လွမ်းခြင်းကင်းမဲ့မယ်

စွဲလန်းလွန်းရင် ဒုက္ခသိလိမ့်မယ်

ပျော်သလိုသာ နေလိုက်ကြ

ငိုရင် လူဖြစ်ရှုံးသတဲ့ စွန့်လွှတ်လိုက်လေကွယ်

Verse B      အမြဲတမ်းလိမ့်ရင် လုံးပါးပါးလိမ့်မယ်

အကဲစမ်းလွန်းရင် ထိုးနှက်ကြလိမ့်မယ်

တော်သလိုသာဖြေလိုက်ကြ

ပြန်လည်ဝေဖန်ဦးမယ် ခွင့်ပြုလိုက်လေကွယ်

CHO  ;   သီချင်းလေးတစ်ပုဒ်ရယ် ပန်းလေးတစ်ဆုပ်ရယ် အသည်းနှလုံးထုတ်လို့ လွှင့်ပစ်လိုက်တယ်

သီချင်းကြိုက်တတ်ရင် နားဆင်လိုက်ကြ

ပန်းနှစ်သက်သူ ကောက်ယူပါစေ

အသည်းနှလုံးအတွက်တော့ ဖက်…မပိုနဲ့ပေါ့…။

ကိုမောင်မောင် သီချင်းတစ်ပုဒ်ကို ဂျက်မြသောင်းက ဟုတ်တယ်ဟုတ် စီးရီးစ် မှာ ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။

ပန်းလက်ဆောင် လို့ အမည်ရပါတယ်။

                           ပန်းလက်ဆောင်

   ဆောင်းဦးရဲ့ နှင်းပွင့်တွေ ဆင်းသက်လို့ကြွေ

                                                ပွင့်ဖတ်ပေါ်ပေါင်းစုကာ ခိုလှုံပါရစေ

                                                ဟေမာန်ရယ်နားလှည့်ကွယ် မင်းအတွက်ဆို ဒို့ ခွင့်ပြုပါတယ်အမြဲ

                                                နေခြည်နုထွေးရယ်နှင်းကို ရုတ်တရက်မတွေ့အောင်

                                                ရှိရှိသမျှ ပွင့်ချပ်နဲ့ စွမ်းစွမ်းသမျှ ဖုံးဖိလို့ ဒို့ကာရန် ထားလို့ပေးပါ့မယ်။

ပန်းလက်ဆောင်ပေးဦးမယ် လင်းလုလုမျှော်

                                                ဖူးပွင့်ငုံ နှင်းဆွတ်ရုံ ခြုံကာလွှမ်းလို့

                                                နေခြည်ရယ်မနိုးသေးခင် ခူးလိုက်ကွယ် ဒို့ ခွင့်ပြုပါတယ် အမြဲ

                                                ငွေရည်ဥလေးတွေ ဖွေးနေဆဲအခိုက်အတန့်မှာ

                                                ရှိရှိသမျှမွှေးရနံ့နဲ့ လန်းလန်းဆန်း ပန်းတစ်ပွင့်ရယ်

                                                မင်းပန်ဆင်ဖို့အတွက်ပွင့်သတဲ့ကွယ်။

Rock သီချင်းအများစု ဖြင့် ပေါက်ခဲ့သော ဂျက်မြသောင်း သီချင်းများထဲတွင်

ကျွန်တော် အခုထိ မှတ်မိနေသော ကိုမောင်မောင် ၏ တစ်ပုဒ်တည်းသော သီချင်းဖြစ်ပါသည်။

သံစဉ်က ချိုမြလွန်းလှသလို စာသားတွေကလည်း ကဗျာတစ်ပုဒ်လို လှပနေခဲ့ပါသည်။

ကိုမောင်မောင် သီချင်းများကို အများဆုံး ဆိုခဲ့သော အဆိုတော်မှာ ကွယ်လွန်သွားပြီဖြစ်သော

ခင်မောင်တိုးဖြစ်ပါသည်။

ခင်မောင်တိုး သီချင်းတွေထဲမှာ ကိုမောင်မောင် ရဲ့ သီချင်းကောင်းတွေ အများကြီးရှိပါသည်။

ဝိုင်းရဲ့ဆည်းဆာ ၁-၂ (ခင်မောင်တိုး နှင့် တွဲရေး)

မဟာဆန်သူ (ကိုနေဝင်း၊ ကိုရဲလွင် တို့နှင့် တွဲရေး)

ဆည်းလည်း ရှိုက်သံ

ပြန်မလှည့်တော့ဘူး

နက္ခတ်ပွဲသဘင်

အိုမေတ္တာရှင်

မငြိမ်းသောမီး

စသည့်သီချင်းများ…။

Classic သီချင်းတစ်ပုဒ်ဖြစ်သော ဒဏ္ဍာရီ သီချင်းက ရုပ်ရှင်သီချင်းဖြစ်သွားခဲ့ပြီး

ရုပ်ရှင်နဲ့အတူ အောင်မြင်ခဲ့။

ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားရဲ့ ကျော်ကြားလှတဲ့ ပန်းချစ်သူ သီချင်းကလည်း ကိုမောင်မောင့် လက်ရာပါ။

ကြိုးကြာသံ သီချင်းကိုလည်း ကိုမောင်မောင်ပဲ ရေးဖွဲ့ခဲ့ပါတယ်။

အကြောင်းအရာရော သံစဉ်ပါ အင်မတန်လှပ ပြည့်စုံတဲ့ သီချင်းတစ်ပုဒ်ပါ။

                       ကြိုးကြာသံ

မိုးဦးဝင်ရောက်လာတဲ့ အခါ ရိုးမကို ဖြတ်ပျံရင်း

                                    မြောက်ဘက်ကိုဦးတည်လှည့်ကာ သားဖေါက်ရာအရပ်ဆီ

                                    မိုင်ထောင်ချီပျံလေပြီ

                                    ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်…။

မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ လမ်းကြောင်းမှန်ရွေးချယ်ခြင်း

                                    အများနည်းတူ သက်လုံမကောင်းရင် မွေးဖွားရာအရပ်ဆီ

                                    မိုင်ထောင်ချီပျံနေရင်း

                                    ကြိုးကြာငှက်တချို့လေ ချီလာစဉ် ကျန်ရစ်ပြီ…။

ဆုံးဖြတ်ချက်တစ်ခုကျမယ်

                                                အရှုံးနဲ့အောင်မြင်ခြင်းဟာ

                                                ရှိသင့်တဲ့ အားနဲ့မာန်…ဟန်နိုင်မှ…

  ရိုးမပေါ်ဖြတ်ကျော်လွှားချိန် စီလမ်းလေကြောင်းလွှာထဲ

                                    ချင်းနင်းဝင်ရောက်လာပြီးရင် အားစိုက်မျှောလိုက်နဲ့

                                    မိုင်ထောင်ချီပျံလေပြီ…

                                    ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်…။

စာသားတွေက ကဗျာဓါတ်အပြည့်နှင့် ခွန်အားဖြစ်စေသည်။

သံစဉ်ကလည်း နားထောင်သူ စိတ်ကိုကြည်နူးနေစေသည်။

ဒီသီချင်းက ခင်မောင်တိုး ရာဇဝင် ကို ခန့်ညားလှပစေခဲ့တာ သေချာပါသည်။

 

ညီစေမင်း (ခင်မောင်တိုး နှင့် တွဲရေး)

လေပြည်ညှင်း

ငုဝါခြွေတဲ့မိုး

ကဗျာမဟုတ်

ခန္ဓာဝန်

ပန်းတို့ပွင့်တယ်လို့။

ခင်မောင်တိုး ၏ ကြိုးကြာသံစီးရီး တွင် ကိုမောင်မောင် ၏ သီချင်းအများဆုံး ပါဝင်ခဲ့ပါသည်။

 

ခင်မောင်တိုး ၏ ရောင်စဉ်ခုနှစ်သွယ် စီးရီး တွင်လည်း

ရောင်စဉ်ခုနှစ်သွယ်

ကာရန်သီညီစေ့မယ်

အနိစ္စ

နန်းချယ်ရီ

မကြင်နာတဲ့ အငြိုး

ဆင်ရာတိမ်မိုး

…စသည့် သီချင်းများ။

ဝေးခဲ့ပြီ ပန်းခရမ်းပြာ စီးရီးတွင်

အေးအတူပူအမျှ

ငယ်စဉ်က အကြောင်း

လေးညှို့ရှင် စီးရီးတွင်

စကားတစ်ခွန်းပါ

စိတြအတွေး

…စသည့်သီချင်းများ။

ကိုမောင်မောင် ရဲ့ သီချင်းများကို တခြားအဆိုတော်တွေလည်း ဆိုခဲ့ကြပါတယ်။

မွန်းအောင် ရဲ့ ဝတ်မှုန်၊ မိုးလုံးမှိုင်း၊ ရင်ခတ်အလွမ်း…စသည့် သီချင်းများ။

ဒီလောက်ဆိုရင် ကိုမောင်မောင် ဘာလဲ ဆိုတာ ခန့်မှန်းလို့ ရလောက်ပါပြီ။

ကျွန်တော် ပြောပြနိုင်တဲ့ ကိုမောင်မောင် ရေးခဲ့သော သီချင်းများက ဒီလောက်ပါပဲ။

ခင်ဗျားတို့သိတဲ့ ကိုမောင်မောင့် သီချင်းတွေအကြောင်းကိုလည်း ပြောပြကြပါဦး။

ကျွန်တော်တို့ စိတ်ကို သီချင်းတွေနဲ့ ငြိမ်းချမ်းစေခဲ့သူ…ကိုမောင်မောင်ကို

ကျွန်တော်တို့ တမ်းတနေရလေပြီ။

                                                                                   ချစ်ခင်လေးစားတဲ့…ဘလက်ချော

42 comments

  • black chaw

    June 29, 2014 at 5:20 pm

    ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း သာ အကောင်းဆုံးလို့ ယူဆပြီး
    ကိုမောင်မောင် လွမ်းခြင်းလေး ရေးတင်ဖြစ်ပါတယ်…။
    ကိုမောင်မောင် ချစ်သူတွေ အားပေးကြပါဦးခင်ဗျာ…။
    မူလလက်ဟောင်း ဘလက်ချော…။

  • kai

    June 29, 2014 at 5:25 pm

    ညနေကတင်.. သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် ကို.. အသိတယောက်အိမ်လည်လည်သွားရင်း.. ဗီစီဒီမှာ.. ခိုင်ထူးဆိုတာကြည့်လိုက်ရသေး..
    အလွမ်းတော်တော်ပြေသွားတာ..

  • ဇီဇီ

    June 29, 2014 at 5:41 pm

    အာ့ဆို သိပြီ။
    သီချင်းသံကြားတိုင်း ငိုချင်တာတို့…..
    သီချင်းစာသားတွေက ရင်နင့်စရာကောင်းတာတို့ ….က သူ စပ်တာချည်းပဲပေါ့။
    ကျနော် ခင်မောင်တိုး သီချင်းကို တစ်ခွေလုံး အစအဆုံး နားမထောင်နိုင်ဘူးဗျ။
    အဆီအနှစ်တွေချည်းပဲကို တထိုင်တည်း မစားနိုင်သလိုနေမှာပေါ့ဗျာ။

    အဉ္ဇလီ သီချင်းက ဘယ်လိုပါလိမ့်။ 🙄

    အဉ္ဇလီ အချစ်ရေ။ ဘယ်ဆီကိုများရောက်နေလဲ ဆိုတဲ့ သီချင်းလားး

    • ဇီဇီ

      June 29, 2014 at 5:50 pm

      ကျနော် ကြိုက်တဲ့ (အကြိုက်ဆုံး ဆိုပါတော့ဗျာ) သီချင်းတွေက
      ဝိုင်းရဲ့ဆည်းဆာ ၁-၂ (ခင်မောင်တိုး နှင့် တွဲရေး)
      မဟာဆန်သူ (ကိုနေဝင်း၊ ကိုရဲလွင် တို့နှင့် တွဲရေး)
      ဆည်းလည်း ရှိုက်သံ
      ဒဏ္ဍာရီ
      ပန်းချစ်သူ
      မိုးလုံးမှိုင်း၊

      ဒါနဲ့ စကားမစပ် ခင်ညား ပို့(စ) မှာ အရောင်တွေနဲ့ ဖောင့်တွေ ကစားတတ်ကတည်းက ပို့(စ) က ကွန်ဖရီဟန်းစစ် ပိုဖြစ်တယ်။
      ဘလာဘို ပါခင်ညာ။
      သီရိလေးနဲ့ အဆင်ပြေပါစေ။

      :s:

      • black chaw

        June 29, 2014 at 6:01 pm

        @ ဇီဇီ ;
        အဲဒါ သကြား သင်ပေးတာ။
        ဒါတောင် သိ်တ်မကျွမ်းသေးဘူးနော်
        အစ ရှိသေးတာ။ ကျွမ်းများကျွမ်းရင် စဉ်းစားသာကြည့်။
        :s:

        • Mr. MarGa

          June 30, 2014 at 10:51 am

          ဟေ့လူရီး
          ကျနော်က ဘာလုပ်လို့ရတယ်ဆိုတာပဲ ပြောပြတာပါဗျ။
          အဲ့လောက်မဟုတ်ပါဝူးးး
          အဲ့လိုရီး ပြောပြောပေးနေတော့ မနေတတ် မထိုင်တတ်တွေ ဖြစ်နေပြီ လူဇိုး

  • alinsett (gazette)

    June 29, 2014 at 5:50 pm

    သင်္ကြန်မိုးသီချင်းကိုတော့ အားကြီး သဘောကျမိတာဗျ
    မခိုင်ရီး ဆိုတာလေးကို ပိုသဘောကျတယ်. . .

    ကျန်တာတော့ မပြောတတ်ဘူးရယ်

    :mrgreen:

    လေးဘလက် အခုတလော အနုပညာ ပိုဆန်လာသလားလို့

    • black chaw

      June 29, 2014 at 5:57 pm

      @ alinsett ;
      သင်္ကြန်မိုး တစ်ပုဒ်တည်းနဲ့ ကိုမောင်မောင်က
      မင်းရင်ကို သိမ်းပိုက်သွားခဲ့ပြီးပါပြီ ညီလေးရယ်…။
      သင်္ကြန်ရောက်ရင် လွတ်အောင်သာရှောင်ပေတော့ဗျာ…။
      :mrgreen:

  • black chaw

    June 29, 2014 at 5:55 pm

    @ ဇီဇီ ;

    သိတ်မှန်တာပေါ့ဗျာ။

    အဉ္ဇလီ
    သတင်းမကြားရတဲ့ ရက်လနှစ်တွေကြာပြီဆိုတော့
    မင်းရဲ့အကြောင်းကို ကိုယ်လေအစဉ်နားစွင့်နေဆဲ
    နှလုံးသားကြားမှာ မင်းညိခဲ့လို့
    ရင်မှာဖြစ်သော စောင်းကြိုးညှို့တော့
    မျှော်နေရင်ထဲ မင်းကိုပဲ
    (အိမ်အိုဟောင်းကိုစွန့်သူ မင်းရင်ထဲ လွမ်းလှချည်ရဲ့ဆို
    နေရာဟောင်းကို အမြန်သာ ပြန်ခဲ့ကွယ်)
    အဉ္ဇလီ အချစ်ရဲ့ ဘယ်ဆီကိုများ ရောက်နေလဲ
    အဉ္ဇလီ အချစ်ရဲ့ ဘယ်ရင်ခွင်များ ရောက်နေလဲ
    အဉ္ဇလီ….အဉ္ဇလီ

    • ဇီဇီ

      June 29, 2014 at 6:00 pm

      ပြောရရင် အဲဒီ သီချင်းခေါင်းစဉ်နဲ့ ရုပ်ရှင်
      ရဲအောင်နဲ့ စိုးမြတ်သူဇာထင်ပါရဲ့။
      ရ တန်းလောက်က ကြည့်ဖူးပြီး အဲဒီ ဇာတ်ဝင်သီချင်းကို အဲဒီနားလေးပဲ စိတ်ထဲစွဲနေခဲ့တာ။
      .
      .
      .

      (အိမ်အိုဟောင်းကိုစွန့်သူ မင်းရင်ထဲ လွမ်းလှချည်ရဲ့ဆို
      နေရာဟောင်းကို အမြန်သာ ပြန်ခဲ့ကွယ်)
      အဉ္ဇလီ အချစ်ရဲ့ ဘယ်ဆီကိုများ ရောက်နေလဲ
      အဉ္ဇလီ အချစ်ရဲ့ ဘယ်ရင်ခွင်များ ရောက်နေလဲ
      အဉ္ဇလီ….အဉ္ဇလီ ………………

  • black chaw

    June 29, 2014 at 6:05 pm

    @ ဇီဇီ ;
    ပြောရင်လည်း ဘလက်ချောကြီးလွန်ရာကျဦးမယ်ဗျ။
    ခင်ဗျား ဆိုသွားတာကို
    မျက်စိကနေ ကြားလိုက်ရပါတယ်ဗျ။
    ကိုငှက်သီချင်းလေးရှိတယ်လေဗျာ။
    မျက်စိကနေငါကြားတယ် ဆိုတာလေ။
    ဗင်းဆင့်ဗန်ဂိုး တမ်းချင်း။
    အင်း…လွမ်းတတ်ရင်တော့ လွမ်းစရာတွေချည်းပါဗျာ။
    ဆိုတော့
    ခင်ဗျားသီချင်းသံကို
    ကျွန်တော် မျက်စိကနေ ကြားလိုက်ရပါကြောင်း…။
    :mrgreen:

  • Mg Yit Htoke

    June 29, 2014 at 7:23 pm

    သင်္ကြန်မိုး ကို ဦးမောင်မောင် ရေးတာ သိသူနည်းသဗျ
    ဆေးလိပ် အတော်သောက်လို့ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်တာတော့ ဖတ်လိုက်ရခည

    • black chaw

      July 2, 2014 at 12:57 pm

      @ MG Yit Htoke ;
      မောင်ယဇ်ထုတ် ဆိုတော့ ကျွန်တော်တို့နဲ့ ဂိုဏ်းတူပဲပေါ့…။
      ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ မောင်ယဇ်ထုတ်ရေ…။

  • ရွှေ ကြည်

    June 29, 2014 at 8:13 pm

    ဟုတ်တယ် သင်္ကြန်မိုးကို သူရေးမှန်းခုမှသိတယ် သတိမထားမိတာဗျ
    တေးဆိုကိုပဲမှတ်တတ်တာအကျင့်လိုဖြစ်နေတယ် လေးဘလက်ပြောသွားတဲ့သီချင်းတွေတော်တော်များများကိုသိတယ် ကြိုက်လည်းကြိုက်တယ် အကြိုက်ဆုံးက သီချင်းတပုဒ် ပန်းတဆုပ်ပါ ဒုတိယကြိုက်တာက ပန်းချစ်သူပါ ဇာတ်ဝင်သီချင်းအနေနဲ့ ဒဏ္ဍာရီမှာနားထောင်ဖူးတာဆိုတော့ နားထောင်တိုင်းဆွေးဆွေးမြေ့မြေ့ခံစားမိနေတုန်း

    • black chaw

      July 2, 2014 at 1:00 pm

      @ ရွှေကြည် ;
      မမြင်ရတာ အတော်တောင်ကြာပြီနော် ရွှေကြည်ရေ…။
      လူတော်တော်များများက သီချင်းဆို နားထောင်လိုက်တာပဲ…။
      အဆိုတော်တော့ သိကြတာများပါတယ်…။
      တေးရေးကို မေးရကောင်းမှန်းမသိကြတာဗျ…။
      ဆိုတော့ ကိုမောင်မောင် ရေးတဲ့ သီချင်းတွေ
      မသိကြသေးတဲ့လူတွေ သိသွားရင် ဒီပို့စ်ရေးရကြိုးနပ်ပါပြီဗျာ…။

  • နှူးဘာ မိဂီ

    June 29, 2014 at 8:18 pm

    ဦး မောင်မောင်ကို လေးစားနှစ်ခြိုက်ခဲ့ပါတယ် လေးစားတာက ပိုမယ်ဗျ
    ဟဲဗီးမက်တယ် ပိုနှစ်သက်ဖူးတဲ့ ချာတိတ်မို့ မှန်တာပြောပါတယ်…နှစ်သက်တာတော့ အပြင်းစားများမယ်ဗျ

    လေးစားရတဲ့ သိမ်မွေ့တဲ့ ဂုဏ် အင်မတန်မြောက်တဲ့ ဆြာလို့ပဲ ပြောပါရစေ…

    တိုက်တိုက်ဆိုင်ဆိုင် မှတ်မှတ်ရရ ရှိတာက

    သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်

    ဆိုတဲ့သီချင်းဗျ အဲ့လာကို ဟိုဦးလေးဆိုလို့ ပေါက်လို့ အလွတ်နီးပါး ရနေတဲ့ ငယ် ဘဝသီချင်းပါ

    တိုက်ဆိုင်တာပြောပါတယ်…
    အဲ့သည့်ခေတ်က ရော့ခ် ဧကရာဇ် တပါး နိုင်ဂျံခါး သွား အင်တာဗျုးဖြေ ပြန်လာပေါ့…
    သူက လူ့အခွင့်ရေးအကြောင်းတို့ ဒီမိုခွေစီအရေးတို့ ပြောခဲ့ ဗျူးခံခဲ့သကိုးဗျာ..

    ဆိုတော့ အချုပ်အားဖြင့် အနှီကာလ ပရိုပါဂန်ဒါ တာဝန်ယူထားတဲ့ စာရေးသူအချို့
    သဒင်းစာ ဆိုတဲ့ ဟာယီးမှာ အဲ့သီချင်းနာမည်နဲ့

    သီချင်းလေး တပုဒ်ရယ် ထမင်းလေး တဆုပ်ရယ်
    ဆိုတာမျိုး ခေါင်းစဉ်တင်ပီး အနှီ ရော့ခ်ကာ ကို ရှုံ့ချခဲ့ဖူးတာ မှတ်မိလို့ပါ…

    ဆိုလိုရင်းကတော့ဗျာ…မအေဘေး မင်းထမင်းငတ်သွားချင်လား
    မင့် မုတ်ဆိတ်နဲ့ ဆံရှည်နဲ့ တီဗီကြော်ငြာ အမ်တီဗီ ဘာညာ ရိုက်လို့ ရသေးတာပဲ
    လူ့အခွင့်ရေး မရဘူး မပြောနဲ့ …. (အော်… အဲ့လာ လူ့ခွင့်ရေးတဲ့လား လို့ တွေးမိပါတယ်)
    ဆိုတဲ့ အကြောင်းရာမျိုးပါတဲ့ ရှုံ့ချစာ ရေးခဲ့ဖူး ဖတ်ခဲ့ဖူးတာ သတိရပါရဲ့
    ငယ်တုန်းကပါ…

    ဟိုဆြာ စိတ်ဆိုး ရှာရော့မယ် တွေးမိဖူးပါတယ်..
    သို့သော် ပြောရရင် အဲ့ ရော့်ခ်ကာလည်း အဲ့သီချင်း ဆိုခဲ့တာမဟုတ်
    သူနဲ့ လည်း မပါတ်သတ် .. သူမှန်မှန်မှားမှား သူ့ကိုဖြဲဖို့ သုံးခဲ့တာမို့ ပါ…

    ဆိုတော့ ဖန်တီးသူ ကို လုံးဝ (လုံးဝ) အားနာသင့်ကြောင်း တွေးမိဖူးပါရဲ့
    (တကယ်တော့ ဖြဲဆြာတွေရဲ့ အငုံ့ စိတ်ကို) အဲ့သည့် စာသား ခေါင်းစဉ်က
    သိမ်းပိုက်ပြီးဖြစ်ကြောင်းတော့ အတော်ကြာမှ သတိပြုမိပါကြောင်း..

    အဲ့လို…

    • black chaw

      July 2, 2014 at 1:05 pm

      @ နှူးဘာ မိဂီ ;
      ကိုမောင်မောင် နဲ့ ပတ်သက်လို့ ကွန်းမန့်လေး
      ဝင်ရေးပေးသွားတာ ကျေးဇူးပါ ဂီဂီရေ…။

  • အရီးခင်

    June 29, 2014 at 8:31 pm

    မှတ်မှတ်ရရ ခိုင်ထူး ရဲ့ “အဉ္ဇလီ” သီချင်း ကာဗာ ကို အရမ်းသဘောကျခဲ့တာ။
    လေးနဲ့မျှား ကို ကိုင်ထားတဲ့ မိန်းကလေး ပုံ နဲ့။

    “အဉ္ဇလီအတွက်ဂီတဉ္ဇလီ”
    ဒါကတော့ ခင်မောင်တိုး ဆိုခဲ့တာ။
    အဲဒီ သီချင်း ကို ဆိုတဲ့အသံ က တစ်ခြားသီချင်း တွေနဲ့ မတူ ချိုရှရှ လေး။
    ခိုင်ထူး ဆိုတဲ့ အဉ္ဇလီ ဗားရှင်း နဲ့ မတူ တဲ့ သံစဉ် ကိုလဲ သူပြန်ဆိုထားတာ။
    ကိုမောင်မောင် ကလဲ ရှားပါး အနုပညာရှင်ပါဘဲ။
    တကဲ့ ကိုယ်ပိုင်သံစဉ် လှလှ လေးတွေပါ။
    သူဆုံးတာ ကြာပြီထင်ရဲ့။
    ========
    “အဉ္ဇလီအတွက်ဂီတဉ္ဇလီ”
    အဉ္ဇလီ ရယ် မင်းမရှိတဲ့နောက်
    ရေအိုင် တွေလဲ ခမ်းခြောက်လို့
    မေတ္တာ ပန်းတွေ နွမ်းတဲ့အခိုက်
    သစ္စာစကားကို ကြားလိုက်တယ်။
    ပြန်လာမယ်ဆိုပြောခဲ့လို့
    ကိုယ်မျှော်နေဆဲ
    နွမ်းလျလို့
    အတိတ်ကို လွမ်းသလိုရှိခိုက်
    တေးသံအဟောင်းကိုကြားလိုက်တယ်။
    ဂီတဉ္ဇလီ ဂီတဖြင့် ပူဇော်ပါ၏။
    အဉ္ဇလီ ရယ် နားစွင့်လို့ နားဆင်ပါဦး။
    =============

    (ဟုတ် ကဲ့ – အခု နားဆင် နေပါတယ်)
    :-)))

    သီချင်း ချိုချို လေး ပြန်နားထောင် မိတာ မို့ ကျေးဇူးကြီးပါ ကဘချော။

    • black chaw

      July 2, 2014 at 1:12 pm

      @ အရီးခင်လတ် ;
      အစ်မကွန်းမန့်အတွက် ကိုမောင်မောင့်ကိုယ်စား
      ကျေးဇူးတင် ပါတယ် အစ်မရေ…။

  • naywoon ni

    June 30, 2014 at 2:10 am

    ခင်​​မောင်​တိုးဆိုခဲ့တဲ့ ကဗျာမဟုတ်​ဆိုတဲ့ သီချင်​းကို ခုထိသတိရရင်​ ညည်​းမိတုန်​း ​ခေါင်​းစဉ်​ကသာ ကဗျာမဟုတ်​တဲ့ ။ သီချင်​းက ကဗျာကိုဟုတ်​​နေတာ သူ​ရေးခဲ့တဲ့ထဲ အဲ့သီချင်​းအကြိုက်​ဆုံး

    • black chaw

      July 2, 2014 at 1:14 pm

      @ naywoon ni ;
      ကိုနေကြီး ကျေးဇူးပါဗျို့…။

  • ကိုချော

    ဒီပိုစ်ကို တော့ တကယ် ခို်က်သွားပြီ

    အဉ္စလီ အချစ်ရဲ့ ဘယ် ဆီ ကိုများရောက်နေလဲ ဆို တာ ကို

    အီစီကလီအ ချစ် ရဲ့ ဘယ် ဆီ ကိုများရောက်နေလဲ လို့ ပေါက် က ရ အော် ခဲ့ မိ တာ ကို သတိ ရ မိ ပါ ရဲ့။

    သူ သက်ရှိ ထင် ရှား ရှိ စဉ် က ကျ နော် လဲ သီချင်း နဲ့ ထမင်း စား နေ သူ ဆို တော့ သူ နဲ့ ဆုံ ဘူး ပါ တယ်။

    စကား တစ်ခွန်းနှစ်ခွန်းပြောဘူး ပေ မယ့် သူ မှတ် မိ လောက် တဲ့ လူ စာရင်းကျနော်မ ပါ ခဲ့။

    တိုက်တိုက်ဆိုင်ဆိုင် လွန် ခဲ့ သော ၂ပါတ်လောက်က တစ် ခါမှ မဆုံ ဘူး သော ဖေစ်ဘုတ် ကမန်းလေးသား အကို ကြီး တစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။

    သူ နဲ့ စကား ပြော ရင်း မှ မန်းလေ း သားအ ချင်း ချင်း ဆွေမျုးိ စပ် ကြ တော့ သူ က ကိုမောင်မောင်တို့ နဲ့ သူ ငယ် ချင်း ဖြစ ်ပါ သတ ဲ့။

    “မင်း က ငယ် သေး လို့ မမှတ် မိ လို့ ပါ ကွာ ငါတို ့ ကို မောင် မောင် တို့ က မင်း အဖွား ဆီ ဝင် ထွက် နေ ခဲ့ ကြ တဲ့ ကျောင်း သား ဟောင်းတွေ ကွ” လို့အား ရ ပါး ရ ကြီး ပြော ခဲ ့ တာ လေး ကို ပါ။

    • black chaw

      July 2, 2014 at 1:18 pm

      @ ကိုပေါက် (မန္တလေး) ;
      ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ ကိုပေါက်ရေ…။
      ကိုမောင်မောင် က မန္တလေးသား ဖြစ်နေတာ တစ်ခုတည်းနဲ့တင်
      မန်း သူားတွေ အတွက် ဂုဏ်ယူစရာ ဖြစ်နေခဲ့ပါပြီဗျာ…။

  • kyeemite

    June 30, 2014 at 9:34 am

    မှန်တာပြောရရင် သီချင်းတွေတော်တော်များများကိုကြိုက်ခဲ့ပေမဲ့ သီချင်းရေးဆရာကို သတိမပြုမိတာများတယ်ဗျ…အခုလည်း ရဲဘော်ဘလက် ထုတ်နှုတ်ပြမှ ဆရာတေးရေး အဉ္ဇလီ မောင်မောင်
    ရေးခဲ့တဲ့ သီချင်းတွေအားလုံးလိုလို လက်ဖျားခါလောက်ပါရဲ့ဗျာ…အခုလိုဖေါ်ထုတ်တင်ပြပေးတာ
    ကျေးဇူးပါရဲဘော်ကြီး…တာဝန်လည်းကျေပါပေရဲ့ဗျာ :s:

    • black chaw

      July 2, 2014 at 1:20 pm

      @ kyeemite ;
      သီချင်း နဲ့ ပတ်သက်ရင်
      အဆိုတော်ကိုပဲ သိတတ်ကြတဲ့ လူတွေအတွက်
      တေးရေးကိုပါ တွဲသိဖို့ ကျွန်တော် ကြိုးစားကြည့်နေတာပါ ကိုမိုက်ရေ…။
      သီချင်းကောင်းတစ်ပုဒ်ဟာ တေးရေးဆရာတစ်ယောက်ရဲ့
      နှလုံးသားကနေ အစပြုတာပါဗျာ…။

  • ဦးဦးပါလေရာ

    June 30, 2014 at 9:37 am

    .အေးဗျာ…
    .ကိုချော … ရေ….
    .ကျုပ်မလဲ မဟုတ်မဟတ်တွေနဲ့ အချိန်ကုန်နေတာ ဒီပိုစ့်ကောင်းလေးတောင် လွတ်သွားတော့မလို့….
    ..

    .ကျုပ်တို့ ကျောင်းသားဘဝ တစ်ခုလုံးကတော့ ကိုမောင်မောင်ရဲ့ သီချင်းတွေချည်း လွှမ်းမိုးနေခဲ့တာပေါ့ဗျာ….
    .လှိုင် ကန်တင်း တစ်ခုလုံးကလဲ ခိုင်ထူးနဲ့ ခင်မောင်တိုး သီချင်းတွေ မိုးလင်းမိုးချုပ် ဖွင့်နေကြတာကိုး
    .လိုင်းပေါက်နား ပြည်လမ်းပေါ်က လဘက်ရည်ဆိုင်လေးမှာတော့ စိုင်းထီးဆိုင်သီချင်းတွေ ထည်လဲ ဖွင့်တာ..
    .ဒီတော့ ကျုပ်တို့မှာ နားထောင်ရင် စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး
    .ဆိုရင် တီးရင်တော့ အသံဖွင့်ဆိုလို့ကောင်းတဲ့ ခိုင်ထူး… ပေါ့ဗျာ….

    .ကိုမောင်မောင်ရဲ့ သီချင်းတွေကို ခေတ်အလျှောက် နားစွဲမိတာကတော့မဆန်းဘူးဆိုပါစို့…
    .ဒါပေမယ့်-
    .သူ့သီချင်းတွေ ရင်ထဲရောက် ရင်ထဲစွဲစေတဲ့ အချက်နှစ်ခုမြင်မိတယ်-

    .ပထမ တစ်ချက်က ဆိုတဲ့သူနဲ့ ကွက်တိဖြစ်အောင် ရေးနိုင်တာ….
    .(ငါ့ဟာငါ ရေးချင်တာရေးမယ် ၊ ဆိုမယ့်ကောင် ဖြစ်အောင်ဆို) လို့ .. သဘောမထားတာ
    .အဲဒီမှာတင် သီချင်းစာသားက အဆိုနဲ့ တစ်စည်းတစ်လုံးထဲ ပေါင်းသွားတော့တာ….

    .ဒုတိယတစ်ချက်က သီချင်းစာသားတစ်လုံးစီကို
    .သေသေချာချာ သေသေသပ်သပ် ရွေးသုံးနိုင်တာ..
    .သူ့သီချင်းကောင်းတွေမှာ စာသားကို ကိုယ့်ဘာသာ နဲနဲ ပြောင်းကြည့်ရင်
    .အရသာ လုံးဝပြောင်း(ပျက်)သွားတာတွေ့ရမယ်..
    .ဒါကတော့ ပါရမီပါ ကိုချောရေ…
    .ကဝေတစ်ယောက် ကဝိတစ်ဆူရဲ့
    .ရင်တွင်းကလျှံပြီး လက်ဖျားက စီးထွက်ခဲ့တဲ့ စာသားတွေပေါ့ဗျာ…
    .ဒါကြောင့်လဲ နားထောင်သူရဲ့ရင်ထဲမှာ အမှတ်ထင်ထင် စွဲဝင် နေသွားတတ်တာပေါ့…

    .လွမ်းတယ် …
    .ကိုချောရေ ……………………….

    • black chaw

      July 2, 2014 at 1:25 pm

      @ ဦးဦးပါလေရာ ;
      ကိုပါ ကြီး။
      လွမ်းတယ်ဆိုရင်တော့ ကျွန်တော်က ပိုမှာပါ ဗျာ…။
      သီချင်းနဲ့ ပတ်သက်ရင် ကိုပါကြီး ဒီလိုကွန်းမန့်မျိုးနဲ့
      ဒီလိုလေးနက်လိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး…။
      ဆိုတော့ ဆန်ရင်းနာနာဖွတ်တဲ့အနေနဲ့ ဘီစီပေါ့ဗျာ…။

  • Mr. MarGa

    June 30, 2014 at 11:00 am

    လေးပေါက် စကား ငှားသုံးပါမယ်
    နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပတ် ဦးနှောက်မှာ ရပ်တန့်နေသော တေးသွားများ ဖန်တီးခဲ့သူတစ်ဦးပါ လို့

    • သိကြား မင်း ရေး ပြ မှ အရင် က ပိုစ် ခေါ်င်း စဉ် အရှည် ကြီး ကို ပြန် သတိ ရ သွား ပြီ
      အဲ ့ နာ မယ် က ရှည ်လို့ ဆို တာ နဲ့
      “နှလုံးသားပေါ်မှ ဂီ တ ပန်း ပွင့်များ ” လို့ ပြောင်း ပေး လိုက် တယ် လေ

    • black chaw

      July 2, 2014 at 1:27 pm

      @ Mr. MarGa ;
      အလဲ့။
      တယ်လည်း ကဗျာဆန်လှတဲ့ ကွန်းမန့်ပါလားကွ ဟေ။
      မိုက်တယ်ဗျာ။

  • Crystalline

    June 30, 2014 at 12:54 pm

    သူ့ကို နာမည်ပဲကြားဖူးတယ်.. လူကိုမသိ..မတွေ့ဖူးဘူး.. ဦးဘလက်ပြောတဲ့သီချင်းတွေကြည့်တော့ အကုန်ကြားဖူးတယ်.. ရတဲ့သီချင်းတွေ.. မစ်ဇိမလှိုင်းက ဦးရဲလွင်တို့ရုပ်ဆိုးဆိုးအဖိုးကြီးတွေနဲ့ ခင်မောင်တိုးတို့အတွဲကို အရမ်းကြိုက်ခဲ့ဖူးတယ်.. ဗီစီဒီခွေဝယ်ပြီး အားပေးခဲ့တာ.. ကျမအစ်ကိုဝမ်းကွဲကတော့ ခင်မောင်တိုးအသံကို ဘာမှခံစားချက်မပါတဲ့ စက်ရုပ်သံတဲ့.. :(( သူနဲ့ရန်ဖြစ်ရသေးတယ်.. ဦးဘလက်လည်း အသံကောင်းတယ်ကြားတယ်.. သီချင်းလည်းစပ်တယ်ဆို.. ဂွဇက်သင်မ်းဆောင်းလေးရေးပြီး နီနီခင်ဇော်နဲ့ တွဲဆိုပါလားဟင်… သများတို့အားပေးမယ်.. :mrgreenn:

    • ဇီဇီ

      June 30, 2014 at 12:58 pm

      ကိုဘက်ကို သများနဲ့ သီချင်းတွဲ ဆို ဖို့ ကမ်းလှမ်းပြီးသားနော်။ :mrgreenn:

    • black chaw

      July 2, 2014 at 1:30 pm

      @ Crystalline ;
      ကိုမောင်မောင် က ရုပ်လည်း သန့်ပါတယ် ဗျ။
      နီနီခင်ဇော်…ဘာလုပ်မလဲ သမီးရယ်…။
      ဒို့ရွာထဲက လူမိုက် ခင်ဇော်လေးနဲ့ ပဲ တွဲဆိုတော့မယ်…။
      သူကလည်း အသံတော်တော် ကောင်းသတဲ့…။
      နားစွန်နားဖျား ကြားရတာပါပဲဗျာ…။
      :mrgreen:

      • ဇီဇီ

        July 2, 2014 at 2:21 pm

        အို တကယ် ပါ။
        သများ သီချင်းဆိုတာ ကြားပြီးရင် ကြွေကြွေသွားကြတာ။
        မူရင်း အဆိုတော်တွေကို။ :mrgreenn:

        နာမည်ကြီး သီချင်းများ မဆိုလိုက်နဲ့။
        ဒါ ဘာသီချင်းတုန်း အမေးခံရတာ။ ဗားရှင်း အသစ်တွေ ထွက်ထွက်လာလို့။
        ခိခိ။ :mrgreenn:

        တန်ဆောင်တိုင် သီချင်းများ တက်ဆိုလိုက်ရင် ဆုငွေတွေချည်းပဲ။
        ဆက်မဆိုဖို့ ပေးကြတာ။ :mrgreenn:

        အဲတော့ တို့ အယ်လဘမ် အခွေထုတ်ကြရင် မကောင်းဝူးလားးး

        :mrgreen:

  • ဦးကျောက်ခဲ

    June 30, 2014 at 1:41 pm

    ကိုဘလက်ရေ… အခုမှပဲ ဖတ်ဖြစ်မန့်ဖြစ်တော့တယ်…
    ဟုတ်ပါတယ်ဗျာ… မောင်ကျောက်စ်တို့ တက္ကသီလာမြကျွန်းသာက အမျိုးသမီးအဆောင်တွေရှေ့မှာ ညတိုင်းဟဲဖြစ်တာ အဲသည့် သီချင်းတွေချည်းပါပဲ ။ ဘယ်လောက်ပဲ ဟီဗီးချင်ရင် ဟဲဗီး ညသန်းခေါင် အဆောင်သူတွေအတွက် အိပ်ရာဝင် ရွေနားတော်သွင်းဧချင်းကတော့ အဉ္ဇလီ မောင်မောင်ရေးတဲ့ သီချင်းတွေပါ ။

    အတိတ်က တချို့ညတွေမှာ ကိုခိုင်ထူးကိုယ်တိုင် အဆောင်ရှေ့မှာကားရပ်ပြီး ဟော်လိုဂစ်တာနဲ့ ဟဲလိုက်ရင် ကျောက်စ်တို့အားလုံး အသက်ရှုဖို့မေ့လောက်အောင် လွင့်မြောမိပါရဲ့ ။ အဲသည့်လို ရသနဲ့ ဒသနပေးတဲ့ သီချင်းမျိုး နားမထောင်ရတာကြာပြီဗျာ ။ ဒီညတော့… သီချင်းဟောင်းတွေဖွင့်ပြီး အလွမ်းတော် ဖြေလိုက်ဦးမယ်…။

    • black chaw

      July 2, 2014 at 1:37 pm

      @ ဦးကျောက်ခဲ ;
      ခိုင်ထူးကိုယ်တိုင် လာဟဲတာကို ကိုကျောက်လည်း ကြုံဖူးတယ်ပေါ့။
      နားထောင်သူများက အမြင့် က (အရိပ်လေးတွေပဲ မြင်ရတဲ့ အဆောင်ပေါ်က)
      တီးခတ်သီဆိုသူတွေက မြေကြီးပေါ်က (အဆောင်ရှေ့ မြေကွက်လပ်ပေါ်က)
      ခေတ်သစ်မြေဝိုင်း ဂီတ ပေါ့ ကိုကျောက်ရယ်…။
      စကားမစပ်…
      ဘေးမှာမနှင်းလည်းရှိနေပါရက်နဲ့…
      အလွမ်းတော်ဖြေမယ်ဆိုတော့
      ကိုကျောက်တို့က ချစ်တိုင်းလည်းမညား တဲ့ ဇာတ်လမ်းကြီးလားဗျာ…။
      :mrgreen:

  • Ma Ei

    June 30, 2014 at 2:30 pm

    ပို့စ် ကောင်းတစ်ပုဒ်ကို ကျော်ဖတ်မိတော့မလို့ …
    အဉ္ဇလီ မောင်မောင်ရေးတဲ့ သီချင်းစာရင်းကိုတွေ့ရတော့
    နှစ်သက်ခဲ့တဲ့ သီချင်းတွေဖြစ်နေပါတယ်…
    သီချင်းအေးတွေကြိုက်တတ်ပေမယ့် ဆိုသူကိုသာသိပြီး
    တေးရေး ဆရာကို မသိ(မမှတ်မိ)တဲ့ အတွက်အပြစ်ရှိသလိုခံစားလိုက်ရပါတယ်..
    ကျေးဇူးပါ ကိုဘလက်….

    • black chaw

      July 2, 2014 at 1:40 pm

      @ Ma Ei ;
      ဒီလိုပဲ ဖြစ်တတ်ပါတယ် မအိရေ…။
      နောက်ဆိုရင်တော့ အဲဒီသီချင်းဘယ်သူရေးသလဲ ဆိုတာလေး
      မေးတတ်တဲ့ အကျင့်လေး ဖြစ်စေချင်တာဗျ…။
      အဲဒါပါဗျာ…။

  • Paing Lay

    June 30, 2014 at 3:25 pm

    တိုက်ဆိုင်တယ်ဗျို့……..။ အခု အနော်ကစားနေတဲ့ ဆိုက်က္ကားဆရာ ငပိန် နဲ့ သင်္ကြန်ဂိမ်းဆော့နေတာ Backing Music သင်္ကြန် နဲ့ သင်္ကြန်မိုး ခွဲမရတာ ယနေ့အချိန်ထိပါပဲဗျာ။ ဆရာကြီး မြို့မငြိမ်းရှိစဉ်ကလည်း သင်္ကြန်နဲ့ မန်းတောင်ရိပ်ခို သီချင်း ခွဲမရသလိုပေါ့။ 🙂

  • TNA

    June 30, 2014 at 3:59 pm

    ပိုစ့်ကောင်းလေးမို့လာသွားတယ် အူးဘက်ရေ။ သိပ်ကြိုက်ခဲ့ဖူးတဲ့သီချင်းတွေပေါ့။ လွမ်းတောင်သွားမိတယ် ငယ်ဘဝကို 😥

  • black chaw

    July 2, 2014 at 1:42 pm

    @ Paing Lay ;
    ဂိမ်းဆော့ရင်းပေးတဲ့ ကွန်းမန့်ပေါ့…။
    ကျေးဇူးပါဗျာ။

  • black chaw

    July 2, 2014 at 1:44 pm

    @ TNA ;
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ မသည်းနုအေးရေ…။
    ငယ်ဘဝကိုတောင် လွမ်းသွားတယ်ဆိုတော့
    ကျွန်တော့်ပို့စ်က ခေသူမဟုတ်ပေါ့…။

Leave a Reply