ကြည်နူးစရာ..အလှူရက်ကလေးမှာ…

kotun winlattJune 30, 20142min1718

မေလကုန်ကတည်းက စပြီးရွာလိုက်တဲ့ မိုးဟာ ဇွန်လလယ်ရောက်တဲ့ အထိ
မရပ်နိုင်သေးချေ။ နေ့စဉ်ရက်ဆက် မနက်ပိုင်းရွာလျှင်ရွာ မနက်ပိုင်း
မရွာလျှင် ညပိုင်းရွာနှင့် တစ်ရက်မျှ မိုးပြတ်သည် မရှိ။

သတင်းတွေထဲမှာ
ဖတ်ရတာတော့ နှစ်ပေါင်း ၃ဝ အတွင်း မုတ်သုံလေဟာ ပုံမှန်အချိန်အတိုင်း
ပြန်လည်ဝင်ရောက်လာတာ ဆိုပဲ။

မိုးတွေရွာနေတာမို့ ကျနော်တို့ အဖွဲ့သွားရမဲ့
ခရီးစဉ်တွေကို တွေးရင်း ရင်လေးနေမိပါတယ်။

မိုးတစ်ခါနှစ်ခါ ရွာလိုက်ရုံနဲ့
ပျက်တဲ့လမ်းတွေကို ဘယ်လိုသွားကြမလဲဆိုတဲ့ အတွေးနဲ့ပါ။

နှစ်တိုင်းလည်း
မိုးတွေရွာပြီး လမ်းတွေ မကောင်းပဲ သွားနေကျပါ… ဒါပေမယ့် ဒီနှစ်ကတော့
ရက်ဆက်ရွာနေတဲ့မိုးမို့ ပိုဆိုးတဲ့ လမ်းတွေကို ဖြတ်ရတော့မှာပဲဆိုတဲ့
အတွေးနဲ့ စိုးရိမ်ပူပန်မိသလို… အလှူခရီးစဉ်ကို လိုက်ပါနိုင်မဲ့ အင်အားက
နည်းနေလို့လည်းပါပါတယ်။

နှစ်တိုင်းထက် လိုက်ပါနိုင်တဲ့ လူအင်အားက
နည်းနေပါတယ်။ “အတ္တရှိမှ ပရရှိတာကွ” ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ပြောဘူးတဲ့
စကားလေးကို ကြားယောင်မိသား… တကယ်လည်း ကိုယ်ကျိုး မပြည့်စုံတဲ့
သူတွေဆိုတော့ မိမိအကျိုးကို ပြည့်အောင် တနည်းပြောရရင် မိသားစု
စားဝတ်နေရေး လုံးပမ်းနေကြရတာမို့ မအားလပ်ကြလို့ မလိုက်နိုင်ကြတာပါ။

အလှူခရီးစဉ်ကို မလိုက်နိုင်လို့ “မင်းတို့ကွာ ပရဟိတ
စိတ်ဓာတ်မရှိတဲ့ကောင်တွေ အလကားကောင်တွေ”လို့လည်း သွာပြောလို့ မဖြစ်ဘူးလေ။
ကျနော့် အဖေကတော့ အားမလို အားမရနဲ့ “မင်းတို့ကောင်တွေ သူများက ပစ္စည်းတွေ
အိမ်အရောက် လှူပေးပို့ပေးနေတာကို မင်းတို့က အလှူခံလက်ထဲ ရောက်အောင်
ပို့ပေးဖို့လေးကိုတောင် မလိုက်နိုင် ဖြစ်နေတယ်ဆိုတာ မဟုတ်သေးပါဘူး”ဟု
အားမလို အားမရ ပြောရှာပါတယ်။

ဒီနှစ်ရဲ့ စာရေးကိရိယာ အလှူခရီးကို
ဘယ်ကျောင်းနဲ့ အရင်စမလဲဆိုပြီး တွေးကြည့်လိုက်တော့… မိုးရွာရွာ နေပူပူ
သွားလို့ လာလို့ အဆင်ပြေတဲ့…. ရွှေဘို – မြစ်ကြီးနား ပြည်ထောင်စု
လမ်းမကြီးဘေးက ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးနဲ့ စဖို့ရာ
သဘောတူညီမှု ရပါတယ်။

ဘယ်နေ့သွားကြမလဲဆိုတော့ ၁၆.၆.၂၀၁၄ ရက်နေ့ကို
ရက်ချိန်းရပါတယ်။ မိုးရွာရွာ နေပူပူသွားကြမယ်ဆိုတဲ့ သဘောတူညီချက်
အပါအဝင်ပေါ့။ ကျနော်တို့ အဖွဲ့လေးရဲ့ စာရေးကိရိယာ အလှူ ခရီးစဉ်ဟာ
၂၀၁၄/၂၀၁၅ ပညာသင်နှစ်မှာ လေးနှစ်ပြည့်ပါပြီ…။

ဘာမှ မကြာလိုက်ပေမယ့်
လေးနှစ်ဆိုတဲ့ အချိန်ကို ဖြတ်သန်းနိုင်ပြီမို့ စိတ်ထဲမှာ
ကြည်နူးဝမ်းသာနေမိပါတယ်။ ဒီဖားပန်ကျေးရွာ မူလတန်းကျောင်းလေးကို
ကျနော်တို့ အဖွဲ့ စာရေးကိရိယာ လှူဖြစ်တဲ့ နှစ်က ၂၀၁၁/၂၀၁၂ ပညာသင်နှစ်က
စခဲ့တာပါ။ အဲ့အချိန်တုန်းက ကိုယ်အားကိုယ်ကိုး မူလတန်းကျောင်းလေးပေါ့။
သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားတဲ့ တစ်ထပ် အဆောက်အဦးလေးပါ။ အမိုးမလုံ
အကာမလုံ စာသင်ခုံ လောက်လောက်ငင မရှိတဲ့ ကျောင်းလေးပေါ့။

ရွှေဘို – မြစ်ကြီးနား ဗျူဟာ လမ်းမကြီးကို ဖြတ်ဖြတ်ပြီး ခရီးသွားနေတဲ့
အကောင်ကြီးကြီး အမြီးရှည်ရှည်( မြွေ မဟုတ်ပါ)မြင်သွားမှာကို အောက်ခြေက
အကောင်သေး အမြီးတို(လိပ် ဖြစ်ဖို့များပါတယ်)ကြောက်နေလန့်နေရတဲ့
ကျောင်းလေးပေါ့။

စာသင်ဆောင်လေးကို ပြုပြင်ဖို့ ရပ်ရွာလူကြီးတွေကို
ဖိအားပေးနည်း၊ ခြောက်လှန့်နည်း အစရှိတဲ့ နည်းတွေနဲ့
ချော့လိုက်ခြောက်လိုက်လုပ်နေခဲ့တာပါ။ ရပ်ရွာကလည်း မတတ်နိုင်တဲ့ အခြေအနေ
ရှိတဲ့ အိမ်ခြေက သုံးဆယ်နီးပါး။

အားလုံးသော ရွာသူ/သားတွေက လက်လုပ်လက်စား
အများစု၊ နောက်တစ်ခုက ရွာကို မီးရထားသံလမ်းဘေးကနေ
ကားလမ်းဘေးပြောင်းလာရတာက မကြာသေး… အကြပ်အတည်းများစွာနဲ့
ဖြတ်သန်းနေခဲ့ရတဲ့ ကျောင်းလေးပေါ့။

ကျနော်တို့ စလှူဖြစ်ခဲ့တဲ့ နှစ်က
ဒီကျောင်းလေးမှာပဲ စာအုပ် မဝယ်နိုင်လို့ စာရွက်လေးပေါ်မှာ ခဲတံ အတိုလေးနဲ့
စာရေးနေတဲ့ ကလေးတစ်ယောက်ရဲ့ မြင်ကွင်းကို ခုအချိန်အထိ မျက်စိထဲက
ဖျောက်လို့ မရနိုင်သေးပါဘူး….။

ရွာဦးကျောင်းဆရာတော်ရဲ့ ကြိုးစားမှု၊
ရွာသူ/သားတို့ရဲ့ လုပ်အား၊ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှု စတာတွေနဲ့
အခုဆိုရင် ကျောင်းလေးဟာ အခြေခံပညာ မူလတန်းဆိုတဲ့ အဆင့်ကို
တိုးမြင့်ရောက်ရှိလာပါပြီ။

စာသင်ဆောင်လေး ပြီးစီးအောင်မြင်နိုင်ဖို့
တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးနိုင်ခဲ့တာကိုလည်း
ကြည်နူးဝမ်းသာမိပါတယ်။

ဆရာ အော်ပီကျယ်၊ ဆရာ မောင်သာချိုတို့ရဲ့ One More
ပရဟိတ အဖွဲကြီးရဲ့ လှူဒါန်းမှုက အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တယ်ဆိုရင်
မမှားနိုင်ပါဘူး။

၂၀၁၃/၂၀၁၄ ပညာသင်နှစ်မှာ အခြေခံပညာ မူလတန်းအဆင့်ကို
ရောက်ရှိလာခဲ့တဲ့ ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးဟာ အခုဆိုရင် တစ်ထပ်
သွပ်မိုး အုတ်ကာ စာသင်ဆောင် ၊အဝီစိတွင်း၊ ရေလှောင်ကန်၊
ရေလောင်းအိမ်သာတွေနဲ့မို့ တော်တော်လေးတိုးတက်ပြည့်စုံလာခဲ့ပါတယ်။
ကျနော်တို့ အဖွဲ့ ကျောင်းလေးဆီကို ရောက်တော့ နံနက် ၁၀
နာရီခန့်ရှိနေပါပြီ။

နှစ်တိုင်းက ဒီကျောင်းလေးမှာ
အရပ်ငှားဆရာမတွေပဲရှိနေပြီး ဒီနှစ်မှာတော့ အစိုးရခန့် ဆရာမတစ်ယောက်ကို
တွေ့ရပါတယ်။

သူငယ်တန်းကနေ စတုတ္ထတန်းအထိကို ဆရာမတစ်ဦးတည်းကပဲ
သင်ကြားပြသနေရရှာတာပါ။

ဒါပေမယ့် ဆရာမလေးရဲ့ မျက်နှာပေါ်မှာတော့
မောပန်းဟန်၊ စိတ်ပျက်ဟန်တစ်ခုမှ မတွေ့ရပါဘူး။ ပြုံးပြုံးရွှင်ရွှင်ပါပဲ။
ကျနော်တို့ အဖွဲ့လည်း ပါလာတဲ့ ပစ္စည်းတွေကို စားပွဲခုံတစ်လုံးပေါ်မှာ
ပြင်ဆင်ပြီး ဆရာမလေးကို ကျောင်းအတွက်/ ဆရာမအတွက် ပစ္စည်းလေးတွေကို ပေးအပ်…
မှတ်တမ်းဓာတ်ပုံလေးတွေရိုက်ကြပါတယ်။

ပြီးတာနဲ့ ကလေးတွေကို
စာရေးကိရိယာလေးတွေ ဝေပေးကြတာပေါ့။ မနှစ်ကတော့ မန်းလေးဂေဇက်က
ရွာသူ/သားတွေရဲ့ လှူဒါန်းမှုနဲ့ ကလေးတွေကို ဗလာစာအုပ် တစ်ဒါဇင်၊
ခဲတံတစ်ဒါဇင် ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့
ရံပုံငွေနည်းတဲ့အတွက်ကြောင့် တစ်ဝက်လျှော့ချပြီး ဗလာစာအုပ် ၆ အုပ်၊ ခဲတံ
၆ ချောင်း၊ ခဲဖျက်၊ ပေတံ၊ ချွန်စက် တစ်ခုစီကို ဝေငှပေးနိုင်ပါတယ်။
တစ်ခုဝမ်းသာစရာရှိတာက အစိုးရကလည်း ကလေးတွေကို ဗလာစာအုပ်၊ ခဲတံတွေ
ဝေပေးထားတာပါ။

နောက်နှစ်တွေဆိုရင် ကျနော်တို့ အဖွဲ့ စာရေးကိရိယာ
အလှူခရီးသွားစရာ မလိုလောက်တော့ဘူးထင်ပါရဲ့။ အခုလို ကျနော်တို့တွေ
စာရေးကိရိယာအလှူသွားနေကြရတာက အစိုးရက လုပ်ရမဲ့ အလုပ်တွေကို မလုပ်လို့
ကျနော်တို့ ပြည်သူတွေက ဝင်လုပ်ပေးနေရတာပါ။

စာရေးကိရိယာ
အလှူမလုပ်ရတော့ဘူးဆိုရင် ကျနော်စိတ်ကူးမိတာက ကျေးလက်တောရွာတွေမှာ
ရွေ့လျားစာကြည့်တိုက်တွေ လုပ်ပေးချင်တာပါပဲ။

မနှစ်က ကျနော်တို့အဖွဲ့
ရွေ့လျားစာကြည့်တိုက် အစီအစဉ် စတင်ခဲ့ပေမယ့် အသက်ဝင်လာအောင် မဆောင်ရွက်
မလှုပ်ရှားနိုင်ခဲ့ပါဘူး။

ကျနော်က စာအုပ်စာတမ်းတွေ ရနိုင်အောင်
ရှာဖွေနိုင် ရှာဖွေပေးပေမယ့် ရွာတွေကိုလှည့်ပြီး စာအုပ်စာစောင်
လဲလှယ်ပေးဖို့ တာဝန်ယူထားတဲ့သူက မလုပ်နိုင်တာမို့ သုံးလေးလနဲ့
ရပ်သွားရပါတယ်။

ကျနော်တို့ လူမျိုးတွေ စာဖတ်ခြင်းအမှုမှာ
မွေ့လျော်လာနိုင်မှ အတွေးအခေါ်တွေ မြင့်တက်ပြီး အမှား အမှန်
ဝေဖန်ခွဲခြားနိုင်တဲ့ အသိတွေရှိလာမှာ မဟုတ်လား။

ဒီနေ့ ကျနော်တို့
ရောက်ရှိနေတဲ့ ဖားပန်ကျေးရွာလို နေရာမျိုးဟာ ရွေ့လျားစာကြည့်တိုက်
ထူထောင်သင့်တဲ့ နေရာတစ်ခုပါ။ စားဝတ်နေရေးအတွက်ပဲ လုံးပမ်းနေကြရတဲ့
အခြေခံလူတန်းစားတွေ စာမဖတ်နိုင် စာမဖတ်ကြတဲ့ အတွက် မျက်စိပိတ်
နားပိတ်ဖြစ်ကြရပါတယ်။

နဂိုကတည်းက ရိုးသားကြတဲ့သူတွေ.. ရိုးရာကနေ အ
လာကြပါတယ်။ အ ရာကနေ တုံးသွားတဲ့ အဆင့် မရောက်စေဖို့ စာဖတ်တဲ့ အလေ့အထကို
ပျိုးထောင်ပေးရုံမှတပါး အခြားနည်းလမ်းကို မမြင်မိပါချေ။ ဖားပန်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်းလေးမှာ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူ/သား
၄၆ ဦးရှိပါတယ်။

ကလေးကို စာရေးကိရိယာတွေ ဝေငှပေးပြီး ကျောင်းလေးရှေ့မှာ
ရပ်မိရပ်ဖများ၊ ဆရာမ၊ ကျောင်းသား/သူလေးတွေနဲ့အတူ အမှတ်တရ
ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။

ဓာတ်ပုံရိုက်ပြီးတော့ အလှူစာရင်းလေးမှာ
ဗလာစာအုပ် ဘယ်နှစ်ဒါဇင်က ဘယ်လောက်၊ ခဲတံက ဘယ်လောက် စတာလေးတွေ
ရေးသွင်းပြီး လာရောက်လှူဒါန်းသူတွေ၊ လက်ခံသူတွေက လက်မှတ်ရေးထိုးပြီး
ကျောင်းမှာ သိမ်းဆည်းထားဖို့ ဆရာမလေးကို တစ်စောင်ပေးပြီး ကျနော်တို့
အဖွဲ့အတွက် လက်ခံတစ်စောင် ယူထားလိုက်ပါတယ်။

အားလုံးပြီးစီးသွားတော့
ရပ်မိရပ်ဖတွေနဲ့ ဆရာမလေးကို ကျနော်တို့ အဖွဲ့အကြောင်း အလှူရှင်က
ဘယ်သူဆိုတဲ့အကြောင်း ဘယ်လိုနည်းနဲ့ အလှူခံရပြီး လာလှူနိုင်တယ်ဆိုတဲ့
အကြောင်းလေးတွေကို ရှင်းပြတော့ ဆရာမလေးက “ကျေးဇူးတင်ပါတယ်ရှင်….”ဟု
စကားဆိုရှာ၏။

ပြန်ဖို့ရာ ပြင်ဆင်ကြတော့ ကျောင်းသူ/သားအားလုံး
မတ်တပ်ရပ်လက်လေးတွေပိုက်ပြီး ကျောင်းသားတစ်ဦးမှ ဦးဆောင်ကာ
“အလှူရှင်များ ကျန်းမာကြပါစေ…. အလှူရှင်များ ချမ်းသာကြပါစေ…။
အလှူရှင်များ ဝမ်းသာကြပါစေ…. သွားလာသာ လာလမ်းဖြောင့်ပြီး
အဆင်ပြေချောမွေ့ကြပါစေ…”လို့ မထင်မှတ်ပဲ သံပြိုင် ညီညီညာညာ နှုတ်ဆက်ကြတော့
ကျနော့်မှာ ကြက်သီးမွေးညှင်းထပြီး ကြည်နူးလိုက်ရတာ….

ဒါပါပဲလေ…
ပရဟိတအလုပ်ရဲ့ အကျိုးက ပီတိလေးတွေကို ခံစားကြည်နူးရတာပါပဲ……။

ကလေးတို့ရေ
မင်းတို့လေးတွေ တောင်းတဲ့ဆုနဲ့ ပြည့်ပါရစေ…. မင်းတို့လေးတွေလည်း ပညာကို
အေးအေးချမ်းချမ်း အပူအပင်မဲ့စွာ သင်ကြားနိုင်ကြပြီး …. နောင်အနာဂတ်မှာ
အမိတိုင်းပြည်အတွက် ဒါမှမဟုတ် မိမိရပ်ရွာအတွက် ကောင်းကျိုးပြုနိုင်တဲ့
ပညာတတ် လူတော်လူကောင်းလေးတွေ ဖြစ်ကြပါစေ……လို့ စိတ်ထဲကနေပြီး
တိုးတိုးညင်သာ ဆုတောင်းရင်း နှုတ်ဆက်ပါတယ်ကွယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
K.T.W.L

 

 

.
.

 

.
.

 

.
.

 

.
.
.
.

 

.
.

 

.
.

 

.
.

 

.
.

 

 

.
.

 

.
.

 

.
.

 

 

 

8 comments

  • ဇီဇီ

    June 30, 2014 at 1:57 pm

    အပင်ပန်းခံနိုင်ကြတာ။
    ချီးကျူးလေးစားရပါတယ် အကိုရေ။
    ကလေးတွေ အဖြူအစိမ်းလေးတွေနဲ့ ချစ်စရာ။

    🙂

    • Ma Zu

      July 2, 2014 at 11:04 am

      ဝမ်း သာ ကြည် နူး မိ ပါ တယ်

  • Crystalline

    June 30, 2014 at 2:48 pm

    အဖြူအစိမ်းလေးတွေနဲ့သပ်သပ်ရပ်ရပ်လေးတွေ… ဆရာမလေးတစ်ယောက်တည်းက သင်ပေးနေရတာဆိုတော့.. :((

  • kyeemite

    June 30, 2014 at 3:22 pm

    လေးစားပါတယ်ဗျာ…ဝမ်းမြောက်ပီတိ မျှဝေခံစားရင်းသာဓု ခေါ်ပါတယ်…

  • Ko chogyi

    June 30, 2014 at 3:46 pm

    အဲဒီလို အလှူခရီးမျိုးလိုက်ချင်ပါတယ်
    ဝေးလွန်းတဲ့တစ်နေရာစီမို့ပါ
    သာဓု သာဓု သာဓု ခေါ်ပါတယ်

  • Ma Ma

    July 1, 2014 at 4:27 pm

    ပရဟိတလုပ်ငန်းတစ်ခုကို တစိုက်မတ်မတ် စွမ်းဆောင်နိုင်တာကို သာဓုခေါ်ပါတယ်။
    အလှူပေးသူရော၊ ဆောင်ရွက်ကြသူများပါ ကျန်းမာချမ်းသာကြပါစေ။ 🙂

  • snow smile

    July 1, 2014 at 8:20 pm

    ဝမ်း သာ ကြည် နူး မိ ပါ တယ်

Leave a Reply