ကဲ။
June’ 2014 အတွက် စာကြမ်းပိုးတို့ ရဲ့ စာပေစကားဝိုင်းလေး တင်ဆက်ဖို့အချိန်ကျရောက်လာခဲ့ပြန်ပါပြီ။

June လထဲမှာတော့ ညွှန်းစရာပို့စ်ကောင်းကောင်းလေးတွေ နည်းသွားတာကိုတွေ့ရပါတယ်။

နည်းပေမယ့် ညွှန်းရမယ့် ပို့စ်တွေက ဒိတ်ဒိတ်ကျဲပို့စ်တွေဆိုတော့ စာကြမ်းပိုးတို့ပီတိဖြစ်ရပါတယ်။

June လအတွင်းတက်ခဲ့တဲ့ ပို့စ်တွေထဲမှာ အားမနာတမ်းပြောရရင် ကိုယ်တိုင်ရေးစာကောင်းတွေအတက်နည်းခဲ့ပါတယ်။

June လနောက်ဆုံးပတ်ထဲမှာတော့ ရွာထဲ တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးများနဲ့ ရွာထဲက လက်ရှိ

ရွာသူားကြီးတွေရဲ့ အပြန်အလှန်တိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ က များခဲ့ပါတယ်။

အဓိကအချက်က တစ်ကျော့ပြန်ဝင်လာတဲ့စီနီယာလူဟောင်းကြီးတွေအနေနဲ့ မန္တလေးဂဇက် ရဲ့ လက်ရှိသွားနေတဲ့ပုံစံနဲ့

ဟိုတုန်းက သွားနေတဲ့ပုံစံ မတူတော့တာကို သတိမပြုမိကြတာပဲလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။

ဆိုတော့…လက်ရှိ ရွာသူားတွေ အနေနဲ့ စီနီယာလူဟောင်းကြီးတွေအပေါ် မည်သည့်အာဃာတ မှ မရှိကြပါ။

ခင်ဗျားတို့ ရဲ့ ဖြတ်သန်းခဲ့မှုအပေါ်လည်းအသိအမှတ်ပြုကြပါတယ်။

ခင်ဗျားတို့ စီနီယာလူဟောင်းကြီးတွေအနေနဲ့လည်း ပညာတတ်များဖြစ်ကြသည့် အားလျော်စွာ လက်ရှိသွားနေတဲ့ ဂဇက်ပုံစံနဲ့

လိုက်လျောညီထွေ ဖြစ်အောင် ပို့်စ်တွေ ရေးကြတင်ကြပါလို့ ပဲ တောင်းပန်ပါရစေခင်ဗျာ။

 

ဟုတ်ကဲ့!! စာပေစကားဝိုင်းလေး စလိုက်ကြစို့ရဲ့…။

 

ကိုကြီးမိုင်း – နားလည်မိသော မစ္ဆျိမ ပဋိပဒါ

http://myanmargazette.net/199322

 

ကိုကြီးမိုင်း ရဲ့ ဒီပို့စ်လေးက အလယ်အလတ်လမ်းစဉ်အကြောင်း နားလည်လွယ်သောဥပမာလေးများဖြင့်ရှင်းလင်းတင်ပြထားခြင်းဖြစ်သည်။

အကြောင်းအကျိုးကို မျှတစွာဆင်ခြင်သည့် စိတ်ကိုသာလျှင် မဇ္ဈိမပဋိပဒါ ဟုခေါ်ခြင်း ဖြစ်ကြောင်း၊

အိမ်ကဘုရားဆွမ်းကပ်လျှင်လည်းကောင်းသည်…ရပ်ဝေးဘုရားကိုသွားရောက်ဖူးမြှော်နိုင်လျှင်လည်းကောင်းသည်ဟု

နှလုံးသွင်းခြင်းသည်သာ မဇ္ဈိမပဋိပဒါ ဖြစ်ကြောင်း၊မဂ္ဂင်ရှစ်ပါးအကျင့်မြတ်ကိုကျင့်မှ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကန် ကြောင်း၊

မည်သည့်အရာမဆို အသိဥာဏ်ကို ဦးစီးစေပြီး မိမိတို့တွင်ရှိသည့် လုံ့လ၊၀ီရိယ ကိုစိုက်ထုတ်မှ ထိုက်တန်စွာခရီးရောက်နိုင်ကြောင်းစသည်ဖြင့်

ကိုကြီးမိုင်းက ဥပမာလေးများဖြင့် ဆွေးနွေးတင်ပြထားသည့်ပို့စ်ဖြစ်ပါသည်။

ပေါ့ပေါ့ပါးပါး ဖတ်ကြည့်တာထက် လေးလေးနက်နက် ဖတ်သင့်သောပို့စ်ကောင်းတစ်ပုဒ်ဖြစ်ကြောင်းကျွန်တော်တို့ အမြင်တူကြပါတယ်။

 

 မှီ – ကြံပန်းခိုင်

http://myanmargazette.net/198964

 

လက်မှန်တဲ့ မှီ ရဲ့ ၀တ္ထုတိုလေးပါ။

အဆုံးသတ်မှာ တွေးစရာအတွေးစလေးတွေ ချန်ထားခဲ့တတ်တဲ့ မှီ ရဲ့ ရသပို့(စ)တွေကို ကျွန်တော်တို့ မလွတ်တမ်း စောင့်ဖတ်မိကြပါတယ်။

ငယ်ငယ်က အဒေါ်ကြီး ၂ ယောက် လုပ်ကျွေးခဲ့ဖူးတဲ့ ကြံပန်းခိုင်လေးက ဘာများထူးခြားနေခဲ့ပါသလဲ။

ကြံကို အခွံသင်ပြီး ဒီအတိုင်း စားလည်းရပေမဲ့ အခုလို ကြံပန်းခိုင် လှလှလေးလုပ်ပြီး 

ကိုင်စားရတာ အရသာက မတူပါဘူး။ ပိုချိုပါတယ်။

ချစ်ခြင်းမေတ္တာ၊ အကြင်နာ၊ ဂရုစိုက်မှု၊ ယုယမှုဆိုတဲ့ အရသာတွေ ထပ်ပေါင်းထားလို့ထင်ပါရဲ့

လို့ ရေးဖွဲ့ပြထားခဲ့ပြီး…၊

အမြဲစိုးရိမ်တတ်တဲ့ အိမ်ကြီးရှင်က ကလေးတွေကို ကြည့်ကာ 

တုတ်နဲ့ ထိုးမိကာ ကလေးတွေ တခုခု ဖြစ်မှာစိုးလို့ ကျွန်မကို ပြစ်တင်စကား ဆိုပါတယ်။ “

မင်းကွာ ကြံကို ဒီအတိုင်းကျွေးလည်းရပါတယ်။ ကြံကြံဖန်ဖန် တုတ်ထိုးကျွေးရတယ်လို့။

ထိမိခိုက်မိရင် ဘယ့်နှယ့်လုပ်မလဲ။

မင်းကြံပန်းခိုင်လုပ်စားလည်း ဒီအရသာ၊ ဒီအတိုင်းစားလည်း ဒီအရသာပါပဲကွာ” တဲ့လေ။

သူ့ကို ပြန်ပြီး ရှင်းပြမနေတော့ပါဘူး။

အဲ့ဒီ ကြံပန်းခိုင်လေးဟာ တခြားကြံတွေလို မဟုတ်ပဲ

ကျွန်မရဲ့ ချစ်ခြင်းမေတ္တာ ၊ ဂရုဏာ၊အရေးတယူပြုမှုနဲ့ ယုယကြင်နာမှုတွေ ပါလို့ ပိုချိုတယ်ဆိုတာရယ်၊

ကျွန်မရခဲ့ဖူးတဲ့ နွေးထွေးတဲ့ မေတ္တာတွေကို သားနဲ့ သမီးဆီလက်ဆင့်ကမ်းနေတယ်ဆိုတာကို

သူ့ကို ရှင်းပြလည်း ကျွန်မနဲ့ ထပ်တူသူခံစားသိမှာမှ မဟုတ်တာလေ

ဆိုပြီး ပို့စ်အဆုံးသတ်မှာ ပြန်ချိတ်ထားတာလေး အတော်လှပါတယ်။

ကြံပန်းခိုင်လေးတွေကို ဗဟိုပြုပြီး မေတ္တာတရားအကြောင်းကို လေးလေးနက်နက် ဖွဲ့ဆိုထားတဲ့

မှီရဲ့ ဒီပို့စ်လေးကို ကျွန်တော်တို့ အားလုံး အကြိုက်တူမိကြပါတယ်။

 

Padonmar – ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ် (ဒေါက်တာဒေါ်ခင်နွယ်ဝင်း)

http://myanmargazette.net/198185

 

Padonmar ရဲ့ ဒီပို့စ် လေးကတော့ ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း (OG-USA)၏ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဟောပြောပွဲမှ

ဆီးချိုရောဂါအန္တရာယ်ဉာဏ်ယှဉ်၍ ကာကွယ်မယ် ခေါင်းစဉ်နဲ့ ဟောပြောချက်ဖြစ်ပါတယ်။

ဆီးချိုရောဂါ ဖြစ်ရသောအကြောင်းရင်း နှင့် ဆီးချိုရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊

ဆီးချိုရောဂါဖြစ်လျှင် တွေ့ရတတ်သော လက္ခဏာများ၊

ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်မည့် နည်းလမ်းများ၊

ဆောင်ရန်ရှောင်ရန်များ စသည်ဖြင့်

ပြည့်စုံသည့် ပညာပေး ပို့စ် လေးဖြစ်ပါတယ်။ ဖတ်ပြီး မေ့ပစ်လိုက်ရမယ့် ပို့စ်မျိုးမဟုတ်ပဲ လက်ဆင့်ကမ်း ဝေမျှနေရမယ့် ကျန်းမာရေးပညာပေးပို့စ်လေးဖြစ်တဲ့

အကြောင်း၊ ရေးသူ ဒေါက်တာခင်နွယ်ဝင်း နဲ့ ဝေမျှပေးသူ ပဒုမ္မာ တို့ကို ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ပြောဖြစ်ကြပါတယ်။

 

အရီးလတ် – သူမရဲ့စာတမ်း (Give me a child until he is seven)

http://myanmargazette.net/198282

အရီးလတ်ရဲ့ ဒီပို့စ်လေးကတော့ ဂျူးရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်း ၀တ္ထုပါ စာတမ်း တစ်ခုကို ပြန်လှန်ဆွေးနွေးထားတာပါ။

ဂျူးချစ်သူတွေ ကလေးချစ်တတ်သူတွေရဲ့ ကွန်းမန့်တွေနဲ့ စည်ကားခဲ့တဲ့ ပို့စ်ပါ။

ငြင်းခုန်ဆွေနွေးရတာ ၀ါသနာပါသူတွေ ဖတ်သင့်တဲ့ ပို့စ်မျိုးဖြစ်ကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ဒါလေးနဲ့ ပါ တွဲဖတ်ကြည့်ပါခင်ဗျာ။

နောက်ဆက်တွဲ စာတမ်း – Give us the children when they are teen – အရီးခင်

http://myanmargazette.net/198433

 

 

အင်ဇာဂီ – ဘောင်မဲ့သော Guide to KPI  

 http://myanmargazette.net/198517

 

အင်ဇာဂီရဲ့ Editor’s Choice ပို့စ်လေးပါ။ ရေးဖို့ တိုက်တွန်းသူ ရှိလို့ ရေးလိုက်တာလို့ဆိုပါတယ်။ KPI (Key Performance Indicator) အကြောင်း ပါ။

Management လုပ်နေကြသူတွေ၊ စိတ်ဝင်စားသူတွေ နဲ့စည်ကားခဲ့တဲ့ ပို့စ်ပါ။

အရီးခင်လတ်၊ ကိုကြီးမိုက်၊ ကချင်နုထွားကြီး၊ ကောင်းကင်ပြာ စသူတွေနဲ့

အင်ဇာဂီရဲ့အပြန်အလှန်ကွန်းမန့်များနဲ့ ပညာရနိုင်သောပို့စ်တစ်ခုဖြစ်တဲ့ အကြောင်း၊

KPI ကို တီးမိခေါက်မိ လေ့လာချင်သူတွေ အတွက် လက်မလွတ်သင့်ပါကြောင်း၊ စသည်ဖြင့် ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

Foreign Resident – စဉ်းစားကြစေလိုပါတယ် (၇၄) ( ခိုးရာပါ ပစ္စည်း လက်ခံသူ)

http://myanmargazette.net/199376

အမှတ်စဉ် (၇၄) အထိတောင် ရောက်လာပြီဖြစ်တဲ့ Foreign Resident ရဲ့ အောင်မြင်တဲ့ စီးရီးပို့စ်ပါ။

သတင်းဆိုတာ ဒါမျိုး လို့ ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

မဟာသန္တိသုခကျောင်းကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုစုစည်းတင်ပြထားပြီး

ပို့စ် တင်သူရဲ့ အရေးကြီးတဲ့ မှတ်ချက်လေးနဲ့ အဆုံးသတ်ပေးထားတဲ့ ပို့စ်ပါ။

“တန်ဖိုးရှိတဲ့” ထင်မြင်ချက်၊ ပြန်လှန်ဆွေးနွေးဖို့ ဖွင့်ထားတဲ့ သဘောထား” စတာတွေမှာတော့

Foreign Resident ကို ဘယ်သူမှ မမှီဘူးလို့ ကျွန်တော်တို့ ထင်မြင်မိကြပါတယ်။ ဟုတ်မဟုတ် ဖတ်ကြည့်ကြဖို့ပါဗျာ။

 

 

.
ကေဇီ – ကိုဘလက်အတွက် ဘရန်းဒက် Branded Hard Liquors and Cocktails

http://myanmargazette.net/198784

 

ကေဇီရဲ့ ဒီပို့စ်လေးကတော့ နယ်စည်းမခြား အရက်သမားလေးများ ကြိုက်ကြဦးမယ့် ပို့စ်ပါ။

အရက်တွေ ကော့ခ်တေးလ် တွေ အကြောင်း သုတေသန စာတမ်းတစ်စောင်လို ရေးထားတာပါ။

ထူးခြားတာက ဒီပို့စ်ထဲမှာ အဘဆွေ က ကော့ခ်တေးလ် တွေအကြောင်းကို ၀င်ရောက်ကူညီရေးသားထားပေးပါတယ်။

မြန်မာပြည် ကွန်နက်ရှင် အတွက်တော့ဖြင့် ပို့စ်က နည်းနည်းရှည်သယောင်ရှိပေမယ့်

အရက်ကြိုက်သူတွေအတွက်တော့ ဒေါင်းလုဒ်ဆွဲသိမ်းထားရမယ့် လမ်းညွှန်ပို့စ်ဖြစ်ပါကြောင်း၊

အဘဆွေ ရဲ့ ကော့ခ်တေး(လ) အကြောင်းတွေလည်း ပါတဲ့အတွက် အမျိုးသမီးတွေလည်း ဖတ်လို့ ရပါကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

တစ်ရက်တည်း ကော်မန့် ၇၀ ကျော် အထိ ရခဲ့ပြီး ခုချိန်ထိ ရှယ်သူ ၅၀ ရှိသွားပြီ ဆိုတာလေးလည်း ပြောဖြစ်ကြပါတယ်။

 

သော်ဇင် (လွိုင်ကော်) – နေရာများ

http://myanmargazette.net/198784

ရွှေအမြုတေ မဂ္ဂဇင်းထဲအထိ နေရာရသွားခဲ့ပြီဖြစ်သော သော်ဇင်ရဲ့ အတွေးကောင်းအရေးကောင်း အက်ဆေးလေးပါ။

weiwei ရေးခဲ့ဘူးတဲ့ ကျမ နှင့် ကုလားထိုင်များ

http://myanmargazette.net/82715

ပို့စ်ကို သတိရစေပါတယ်။

လောက၏ ကြီးကျယ်မြင့်မြတ်သောနေရာများ၊ အရေးကြီးသော နေရာများ၊

ရုပ်ရှင်၊ ဂီတ၊စာပေရေးရာ နယ်ပယ်များ စသဖြင့်နေရာအသီးသီးတွင် ရှေ့လူထက် နောက်လူက အရည်အချင်းရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ နေတတ်

ထိုင်တတ် မည်ဆိုပါလျှင်၊ မိမိတို့ထိုင်ခဲ့ဖူးသော နေရာလေးများကို လက်ဆင့်ကမ်း နေရာပေးနိုင်မည် ဆိုပါလျှင် အသစ်သည် အဟောင်းကိုတော့

မမီဆိုသည့် စကားစုလေး တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်

စသည်ဖြင့် ဆန့်တွေးတတ်လျှင် တွေးချင်သလောက် တွေးလို့ရနိုင်သော

နေရာများ အက်ဆေး ကောင်းကောင်းလေးကတော့ မန္တလေးဂဇက် ရဲ့ ဂုဏ်ယူစရာ ပို့စ်တစ်ပုဒ်ဖြစ်တဲ့အကြောင်း၊

နောက်လတွေမှာလည်း သော်ဇင်ရဲ့ ပို့စ် လေးတွေကို စောင့်ဖတ်နေပါမယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ဒီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းထဲမှာ ရွှေအသစ်အဖြစ်ရွေးချယ်ဖေါ်ပြခံခဲ့ရတဲ့

သော်ဇင်(လွိုင်ကော်) ရဲ့ အောင်မြင်မှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း

စာကြမ်းပိုးတွေက ဒီနေရာက ပြောကြားလိုက်ပါတယ် ကိုသော်ဇင် ခင်ဗျား။

 

ဦးဦးပါလေရာ – ကျိန်စာသင့်သော ငွေငါးသိန်း အပိုင်း ၁/၂/၃

http://myanmargazette.net/199237

စာရေးနည်းတဲ့ ဦးဦးပါလေရာရဲ့ ဒီပို့စ် လေးက ၀တ္ထုတိုလေး တစ်ပုဒ်ဖြစ်ပြီး ကျွန်တော်တို့အားလုံး အကြိုက်တူမိကြပါတယ်။

အရေးအသားကလည်း အပြစ်ပြောစရာမရှိလောက်အောင် ပြေပြစ်ချောမွေ့ပြီး

ပေးချင်တဲ့ မတ်ဆေ့(ချ) ကိုလည်း စာဖတ်သူတွေကိုပေးနိုင်ခဲ့တယ် လို့ ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ပို့စ်က ပ၊ ဒု၊ တ သုံးပိုင်းဖြစ်နေပေမယ့် စလယ်ဆုံး စာဖတ်သူကို ဆက်ဖတ်ချင်စိတ်ဖြစ်အောင် ရေးနိုင်ခဲ့ပါတယ်။

ပို့စ်ထဲမှာ စာရေးသူက ဦးသိန်းအောင်နေရာက ပါဝင်ခဲ့ပြီး

သူငယ်ချင်းဖြစ်သူ ဦးထွန်းမြင့်နဲ့ စကားအပြန်အလှန်ပြောတာတွေ များနေခဲ့ပေမယ့်

အဲဒီစကားတွေကပဲ စာဖတ်သူကျွန်တော်တို့ကို စွဲဆောင်နိုင်ခဲ့တာပါ။

ငွေငါးသိန်း ချေးပြီးပြန်မဆပ်နိုင်ဖြစ်ခဲ့သော မောင်ဇော်ဆိုသည့် အလုပ်သမားလေး၊

ငွေချေးလိုက်သူ ဦးထွန်းမြင့်က ငွေပြန်မဆပ်နိုင်သဖြင့် ကျိန်စာတိုက်သည် ဆိုခြင်း၊

ဦးထွန်းမြင့်က ဦးသိန်းအောင်ကို ရှင်းပြသည့် အသုံးလွဲ ကျိန်စာအကြောင်း၊

စသည်ဖြင့် ဇာတ်လမ်းတစ်ပုဒ်ဖန်တည်းပြီး ပေးချင်တဲ့ မတ်ဆေ့(ချ) ကို

စာဖတ်သူတွေ ရင်ထဲရောက်အောင် ထည့်ပေးသွားနိုင်တဲ့ အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။

 

လုံမလေးမွန်မွန် – ပညာရေးအပေါ်မြင်မိတာလေးတွေ

http://myanmargazette.net/199496

လုံမလေး မွန်မွန်ဟာ ပညာရေးနဲ့ ပတ်သက်ရင် တက်တက်ကြွကြွဆွေးနွေးလေ့ရှိတာကျွန်တော်တို့ သတိထားမိပါတယ်။

ဒီပို့စ်ကလည်းလက်ရှိပညာရေးစံနစ်အကြောင်း ဆွေးနွေးထားတာပါ။

ကျောင်းသားဦးစားပေးပုံစံနဲ့ စာအုပ်ကြီးပုံစံ ၂ မျိုး ကို တင်ပြထားပြီး

သူမ အမြင်လေးတွေကိုဖြည့်စွက်ဆွေးနွေးပြသွားခဲ့တာပါ။

ဒီပို့စ်မှာ သူမ တင်ပြသွားတဲ့ အချက်တွေကို ပညာရေးနဲ့ ဆိုင်တဲ့ပုဂ္ဂိုလ်များ ဖတ်မိခဲ့ရင်

ဒါမှမဟုတ်လည်း အနည်းဆုံးကျောင်းဆရာမ တစ်ယောက်လောက်သာ

ဖတ်မိခဲ့ရင်ဖြင့် အကျိုးရှိမှာ ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ဒီ သုရှင် ပို့(စ) လေးနဲ့ တွဲဖတ်ကြည့်ပါ ခင်ဗျာ။

သုရှင် – ပညာရေးစနစ်ပြုပြင်ဖို့ဆိုရာဝယ်

http://myanmargazette.net/198847

နေဝန်းနီရဲ့ ဒီ ပို့(စ) နဲ့ရော တူတူဖတ်ကြည့်သင့်ပါတယ်။

naywoon ni  – ပြင်ပြီး ညာမရေးပါနဲ့ ပညာရေးရယ်….. ( ၁ ) –

http://myanmargazette.net/199248

 

Wow – ဒီဇိုင်နာတွေလို စဉ်းစားကြမယ်

http://myanmargazette.net/198747

Wow – ဒီဇိုင်နာတွေလိုစဉ်းစားကြမယ် အပိုင်း(၂) 

http://myanmargazette.net/199000

ရေးခဲလှတဲ့ Wow ရဲ့ လက်ယာကောင်းတစ်ပုဒ်ပါ။ Editor’s Choice ပါရလိုက်တော့ ပိုခန့်ညားသွားတာပေါ့။

ဧပြီလောက်က တက်ဖြစ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ရုံးကို ပြန်တင်တဲ့

ပရီစန်တေးရှင်း အကျဉ်းချုပ်လေးကို ရွာသူားတွေအတွက် ပြန်မျှပေးတာလို့ ဆိုပါတယ်။

Workshop နာမည်က Design Thinking Workshop ပါတဲ့။

ဒီဇိုင်နာတွေလို တွေးခေါ်ဖို့ တိုက်တွန်းထားတဲ့ Wow ရဲ့ ပို့စ်ကို ကျွန်တော်တို့ မီသလောက်လေး

ဝင်ဖတ်ပြီး ညွှန်းသင့်တယ် ထင်လို့ ညွှန်းလိုက်ရကြောင်းပါ။

 

ကိုပေါက် – “မလုံခြုံသောဘ၀များ”

http://myanmargazette.net/199241

ကုမုဒြာဂျာနယ်မှာ ဖေါ်ပြခြင်း ခံခဲ့ရတဲ့ ကိုပေါက်ရဲ့ ပို့စ်လေးပါ။

အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲက အလုပ်သမားတွေအတွက် ကိုပေါက် က ဖွင့်ထုတ်ရေးသားထားတာပါ။

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို လည်း ပြင်ဆင်မှုမရှိ၊

အန္တရာယ်ကျရောက်လာခဲ့ရင်လည်း ဘယ်လိုဆောင်ရွက်ပေးရမယ်ဆိုတဲ့ဥပဒေကမရှိ။

အဲဒါတွေအတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက်သွားကြမှာလဲလို့ ကိုပေါက်က မေးခွန်းထုတ်ထားတဲ့ပို့စ်ပါ။

ကိုပေါက်ပို့စ်ကိုဖတ်ပြီး ကျွန်တော်တို့အားလုံး ရင်မောမိကြပါတယ်။

ကုမုဒြာဂျာနယ်ထဲအထိ ခရီးပေါက်ခဲ့တဲ့ ကိုပေါက်ရဲ့ပို့စ်ဟာ မဖြစ်မနေဖတ်သင့်ပါကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ရွှေကြည် – ငါတို့ရွာ

http://myanmargazette.net/198224

ရွာထဲ အ၀င်နည်းတဲ့ ရွှေကြည်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ကျွန်တော်တို့အနေနဲ့ ကဗျာ ထက် ကဗျာပါအကြောင်းအရာကို သတိပြုဆွေးနွေးမိကြပါတယ်။

ကျွန်တော်တို့ ရွာမှာ ပို့စ်တင်သူအမျိုးမျိုးရှိနေကြပါတယ်။

တချို့က ကဗျာ၊

တချို့က ဓါတ်ပုံ၊

တချို့က သတင်း၊

တချို့က ရင်တွင်းခံစားချက်၊

တချို့က ဟာသ နဲ့ သရော်စာ၊

တချို့က သုတ၊

တချို့က ရသ၊

တချို့က ကိုယ်ရေးကိုယ်တာ၊

တချို့က အကြံဉာဏ်တောင်းစာ စသည်ဖြင့်ပေါ့။

ပို့(စ) တိုင်းဟာ ငြင်းခုန်လို့ မကောင်းသလို လူတိုင်းကလည်း အမြဲတမ်း ငြင်းခုန်မနေချင်ကြပါဘူးခင်ဗျ။

အဲဒီတော့ ကိုယ်သန်ရာ သန်ရာ ပြောကြတာပါပဲ။

ငါတို့ရွာမှာ

အချင်းချင်းခင်မင်မှုကြောင့်

ကွန်မန့်တွေမှာအားပါမှုတွေနည်းနေတယ်

လို့ ရွှေကြည်ကရေးထားတော့ ကွန်းမန့်ရေးသူပေးသူတွေကို အားနာမိကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

နန်းတော်ရာသူ – ကျွန်မကလေးတွေကတော့ ဒီလိုပဲ ရှိတယ်

http://myanmargazette.net/199660

စာရေးကျဲတဲ့ နန်းတော်ရာသူရဲ့ ပို့စ်လေးပါ။

သူမရဲ့ သားနဲ့ သမီး အမေးအမြန်းထူတဲ့အကြောင်းကို ရေးဖွဲ့ထားတာပါ။

ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သိပ္ပံမောင်ဝ ရဲ့ မောင်လူမွှေး ကို သတိရစေခဲ့ပါတယ်။

ဒီဘက်ခေတ်မှာတော့ ဆရာမခက်မာ ရဲ့ သားထံမှ သင်ယူခြင်း ဆိုတဲ့ စာအုပ်လေးကိုလည်း ပြန်သတိရစေခဲ့ပါတယ်။

ကလေးအတွေးတွေဆိုပေမယ့် တစ်ခါတစ်လေ လူကြီးတွေလိုက်မမီတဲ့ အတွေးလေးတွေရှိနေတတ်ပါတယ်။

နန်းတော်ရာသူအနေနဲ့လည်း သားနဲ့သမီး ရဲ့ မေးခွန်းတွေကနေ ဘာတွေ သင်ယူလို့ရခဲ့ပါသလဲ။

ဖြစ်နိုင်ရင် စီးရီးလိုက် ဖတ်ချင်တဲ့အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

Marblecommet – နန္ဒာ လေးကို နွယ်ပါတယ်

http://myanmargazette.net/198527

ကဗျာဆရာစစ်စစ် ကမ်းဝေးရဲ့ ကဗျာလေးတစ်ပုဒ်ကိုလည်း ကျွန်တော်တို့ အကြိုက်တွေ့မိကြပါတယ်။

ကဗျာခေါင်းစဉ် ကပဲ သူ့ကဗျာဆိုလိုရင်းကို ပြည့်စုံကုံလုံစွာပြောပြနေလေရဲ့ ။

အတွေးပွားလို့ ရမှာက သူ့ကောင်မလေးနာမယ်က နန္ဒာပဲလား၊ နန္နာနွယ်လား၊ ဒါကသူ့ကိစ္စပါဗျာ။

နွယ်ဆိုတဲ့သဘောက ရစ်ပတ်နှောင်ဖွဲ့မယ် ။ မှီခိုရှင်သန်မယ် ။

နန္နာ(နွယ်) ဆိုတဲ့ကလေးမကို (သံယောဇဉ်)ရစ်ပတ်နှောင်ဖွဲ့တဲ့အကြောင်း

သူမကို မှီခိုရှင်သန်မဲ့အကြောင်း ရိုးရိုးရှင်းရှင်းနဲ့ ဖွဲ့ဆိုသွားပါတယ် ။

ထူးခြားတာက ကဗျာ ရှင်ရဲ့ အတွေးပါ ။

ကဗျာရေးသူရဲ့ အတွေ့အကြုံနဲ့ စာဖတ်အားရဲ့ ၀မ်းစာပြည့်ဝမှုကို ကြွယ်ဝတဲ့အတွေးနဲ့ ပင့်ထောက်ပြီး ဒီကဗျာရေးလိုက်ပုံရပါတယ်။

သူရေးထားတာလေးဖတ်ကြည့်ပါဦး။

တင်းထားတဲ့ လေးကိုင်းရဲ့ အားမာန်လို နှုတ်ခမ်းလေးကို ဖူး ထားပါ နန္ဒာ

နန္ဒာ့ အနမ်းဆီကို ကိုယ် ဖြတ်လမ်းက မလာပါဘူး

တိုးတိုးလေး ကြွေသွားတဲ့ သက်ပြင်းကအစ နန္ဒာ့ ဆီက မခွာပါဘူး

ထိ၊ သိ၊ သတိလေးမှာ နန္ဒာ့ လှိုင်းတွေပဲ မိနေတယ်

အရေးပေါ် အကြောင်းပြချက်တစ်ခု မြန်မြန်ထုတ်ပြန်ပါတော့ နန္ဒာ

D Day ရဲ့ နော်မန်ဒီမှာ နန္ဒာ့ ဆံပင်လေးဖြစ်ဖြစ်

ဟူးကောင်းလီဒိုလမ်းမကြီးမှာ နန္ဒာ့ နားသယ်စက သနပ်ခါးမှုန်လေး ဖြစ်ဖြစ်

ဖြန့်ခင်းလိုက်တာနဲ့ စစ်ပွဲတွေက အလိုလို ပြေငြိမ်းသွားမှာပါ

တဲ့။

ဆိုလိုတာက သူ့တစ်ယောက်ထဲကိုတင် ဖမ်းစားနိုင်တာမဟုတ်။

နန္ဒာ့ နံနက်ခင်းကို ဂျက်ကီ့ကို မပေးလိုက်နဲ့နော်

သူမချစ်တဲ့ ခွေးလေးကိုလည်း ကဗျာထဲထည့်ရေးဖို့သူမမေ့ ။

ကမ္ဘာဦးက မီးကို စတင်တွေ့ရှိခဲ့သူလို

နန္ဒာနွယ် ဆိုတဲ့ ခလုတ်လေးကိုသာ နှိပ်လိုက်

စကြ၀ဠာတစ်သန်းလုံး

သံယောဇဉ်လေးတွေ ပြန့်ပွားသွားမှာပေါ့ ။ ။

စကားလေးလေးတွေရဲ့ အဓိပ္ပာယ်တွေက အများသိပြီးသားတွေချည့် ။

မျက်စေ့နောက်အောင်မဖွဲ့ထား ။ ထိုသိပြီးသား စကားလုံး နှစ်လုံးကို အသစ်ဖြစ်အောင်

လှလည်းလှပြီး အဓိပ္ပာယ်လေးနက်အောင်

တွဲစပ်သုံးနိုင်ခြင်းကား ဒီကဗျာရဲ့ အလှပင်ဖြစ်ပါကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

အချိန်ရရင် ဖတ်ဖို့ ညွှန်းခဲ့ချင်သော ပို့စ်လေးများ……

 

ကျနော် ဖုံးခဲ့သော စာအုပ်များ အကြောင်း – နှူးဘာ မိဂီ

http://myanmargazette.net/198345

 

ခလုပ်တိုက်ရင် ရှေ့တလှမ်းပိုရောက်ပါစေ ကလေးတို့ရေ – padonmar

http://myanmargazette.net/198569

 

အဉ္ဇလီ မောင်မောင် သို့ အလွမ်း… – black chaw

http://myanmargazette.net/199719

 

ဘလက်ချော – ခိုးခိုးခစ်ခစ် ရုပ်ရှင်ဇာတ်ကား အကြောင်း…။

http://myanmargazette.net/199363

 

မပြီးဆုံးနိုင်သော ပုံပြင် တစ်ပုဒ် – TheWinner Getprize

http://myanmargazette.net/199715

 

ကျွန် မ ချစ် သော လက် က လေး – Snow smile

http://myanmargazette.net/199098

 

လှည့်ကွက် ဟုတ်၏……………….မဟုတ်၏ – ကိုပေါက်(မန္တလေး)

http://myanmargazette.net/198721

 

naywoon ni  – ပြင်ပြီး ညာမရေးပါနဲ့ ပညာရေးရယ်….. ( ၁ ) –

http://myanmargazette.net/199248

 

alinsett (gazteet) – ဂျူးထံသို့ အိတ်မဲ့ပေးစာ

http://myanmargazette.net/198937

 

 

 

 

 

 

 

 

 

 

About စာ ကြမ်းပိုး

စာ ကြမ်းပိုး has written 11 post in this Website..