ကြည်နူးစရာ..အလှူရက်ကလေးမှာ…( ၂ )

kotun winlattJuly 2, 20144min1293

မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ
သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း
မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။

မနေ့က ဖားပန်ကျေးရွာ
မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ
ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ
အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့
ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။
သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင်
သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ
ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့
မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု ပြီးစီးသွား၏။
ပြင်ဆင်ထုပ်ပိုးထားသည့် ပစ္စည်းများကို ဆိုင်ကယ်များပေါ် တင်ပြီး
စာရေးကိရိယာ အလှူခရီးစဉ်စထွက်တော့ နံနက် ၈ နာရီ မိနစ် ၂၀… ကောင်းကင်က
မိုးတိမ်တို့သည်လည်း နိမ့်သထက် နိမ့်ကျလာသယောင်….။

ကျနော်တို့အဖွဲ့
ယနေ့သွားရောက်ကြမည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းမှာ
အရှေ့နှင့်အနောက် ဖီလာဆန့်ကျင် …. ကရင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းက
မော်လူး၏ အရှေ့မြောက်ဘက်မှာ သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းက မော်လူး၏ အနောက်မြောက်ဘက်မှာ … ပြဒါးတစ်လမ်း
သံတစ်လမ်းပင်… သို့သော် အကွာဝေးကြီးတော့ မဟုတ်ပါချေ။

ကရင်ကျေးရွာမှာ
မော်လူး၏ အရှေ့မြောက်ဘက်သို့ အညာဒေသအခေါ်
တစ်ခေါ်နှစ်ခေါ်လောက်သွားလျှင်ရောက်ပြီး သက်ရင်းသာ ကျေးရွာကား မော်လူးမှ
သုံးခေါ် လေးခေါ်လောက်ဆို ရောက်ပါသည်။

ကျနော်တို့ အဖွဲ့ပထမဆုံး
ဦးတည်ကြသည့် ကျောင်းလေးကား ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းလေးသို့ ဖြစ်၏။

ကျောင်းလေးသို့ ကျနော်တို့
အဖွဲ့ရောက်ကြသောအခါ ကျောင်းလေးတွင် ကလေးများ တစ်ဦးမှ မရောက်ကြသေးချေ။
ဝီရိယကောင်းသည့် ဆရာမနှစ်ဦးကိုသာ ကျောင်းလေးရှေ့မှာ တွေ့ရ၏။

ကရင်ကျေးရွာ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကား ကရင်ကျေးရွာ အဝင်တွင်
တည်ရှိနေပြီး၊ ဘုန်းတော်ကြီးကျောင်းကား ရွာ၏ အရှေ့ဘက်တွင် ရှိနေသည်မို့
တခြားစီဖြစ်နေပါသည်။ ယခင်က ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ
ဇရပ်ပေါ်တွင် ကလေးများ စာသင်ကြရသည်။

ဇရပ်ဆိုသော်လည်း သက်ကယ်မိုး ထရံကာ
ပျဉ်ကျဲကျဲခင်းထားသည့် ကြမ်းခင်းနှင့် ဇရပ်အောက်ခြေမှာကား ရေအိုင်
ယခုလိုမိုးတွင်းဆိုလျှင် ကလေးများ၏ ပေတံ ခဲတံကျသွားလျှင် ပြန်မရတော့…။
ဒီကျောင်းလေးကိုလည်း ကျနော်တို့ အဖွဲ့ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်ကတည်းက
စလှူဖြစ်ခဲ့တာပါ။

စာသင်ဆောင်လေးကို မြင်ရပြီး စိတ်မချမ်းမသာ
ဖြစ်ခဲ့ရပေမယ့်.. ဘာမှမတတ်နိုင်တာမို့ စိတ်မကောင်းရုံမျှသာဟု
သဘောထားနေခဲ့ရာမှ ကရင်ကျေးရွာ အရှေ့ဘက် တောတန်းထဲရှိ ဝေဘူဝေဘာ
တောရကျောင်း ဆရာတော်နှင့် စကားစပ်မိကြပြီး ဆရာတော်နှင့် ပူးပေါင်းကာ
ဆောက်လုပ်ပြီး အပြီးမသတ်နိုင်သည့် ရွာအဝင် စာသင်ဆောင်လေးကို
အပြီးသတ်နိုင်အောင် ကိုယ်တိုင်လည်းလှူ အွန်လိုင်းတွင်လည်း အလှူခံ
တတ်နိုင်သလောက် လုပ်ပေးခဲ့သည်။

အလှူရှင်များ၏ ဝိုင်းဝန်း
ပံ့ပိုးမှု၊ဝေဘူဝေဘာ တောရကျောင်း ဆရာတော်၏ ငွေအား လုပ်အားများဖြင့်
စာသင်ဆောင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အပြီးသတ်ပေးနိုင်ခဲ့သည်။
ဤကျောင်းလေးကား ကျနော်တို့ အဖွဲ့၏ ပထမဆုံး အောင်မြေဖြစ်၏။

ပရဟိတ
လုပ်ငန်းလေး စလုပ်ဖြစ်အောင် တွန်းအားရရှိခဲ့သည့် နေရာပင်….။
ကျောင်းလေးမှာ ကလေးတွေကိုမမြင်လို့ ဆရာမနှစ်ဦးကို မေးတော့
ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးခေါ်ထားတာဟု သိရသဖြင့် ကျနော်တို့အဖွဲ့
စာသင်ကျောင်းလေးဆီမှ ဘုန်းတော်ကြီးကျောင်းဆီသို့ ဆက်လက် ချီတက်ခဲ့ကြသည်။
ဘုန်းတော်ကြီးကျောင်းရောက်တော့ ကလေးတွေ စည်းကမ်းတကျစီတန်းကို
ဘုရားရှိခိုးနေကြ၏။

“ဗုဒ္ဓံ သရဏံ ဂစ ္ဆာမိ၊ ဓမ္မံသရဏံ ဂစ ္ဆာမိ၊သံဃံ သရဏံဂစ္ဆာမိ” တညီတညာနှင့် သေသေဝပ်ဝပ် ရှိခိုးကန်တော့နေကြသည်မှာ
ကြည်နူးအားရစရာကောင်းလိုက်သည့်ဖြစ်ခြင်း၊ အမျိုးဘာသာကို
အသိတရားဖြင့်စောင့်ရှောက်နိုင်ကြမည့် ကလေးများပင်။

ကျနော့်အမြင်မှာ
အမျိုးဘာသာကို စောင့်ရှောက်နိုင်ရန် ဥပဒေများ ရေးဆွဲခြင်းထက် ဘာသာတရား၏
အဆုံးအမကို ငယ်စဉ်ကတည်းက စိတ်ထဲစွဲမြဲနေအောင် သွန်သင်လမ်းပြဆုံမခြင်းက
ပို၍ ကောင်းမွန်သည်ဟု မြင်မိပါသည်။ ဆရာတော်ကိုလည်း လေးစားကြည်ညိုမိပါသည်။
ကျောင်းမတက်မီ ကလေးများကို ဘာသာတရားအဆုံးအမများကို
သင်ကြားပြသပေးနေသည့်အတွက်ပါ။ ကျနော်တို့ အဖွဲ့သားတွေ ဆရာတော်ကို
ဦးချကန်တော့ပြီး စာရေးကိရိယာများ လာလှူသည့်အကြောင်းလျှောက်ထားတော့
ဆရာတော်မှ သိပြီးသားမို့ ဝမ်းသာကြောင်း သာဓုခေါ်ဆိုပါကြောင်းများ
မိန့်ကြား၏။

ကျနော်တို့လည်း ကျောင်းသူ/သားအရေအတွက်ကို မေးမြန်းရာ
ဆရာတော်မှ ၅၆ ဦးရှိကြောင်း မိန့်ကြားသဖြင့် စာရေးကိရိယာများကို
ပြင်ဆင်ကြရတော့သည်။ အားလုံးပြင်ဆင်ပြီး ဆရာမလေးကို မြေဖြူတိုက်၊
သင်ပုန်းဖျက်၊ မင်နီ(ဘောပင်)များပေးအပ်ကြပြီး ကလေးများကို
စာရေးကိရိယာများ စတင်ဝေငကြပါတော့သည်။

ဒီဘုန်းတော်ကြီးသင်
ပညာရေးကျောင်းလေးမှာ ဆရာမနှစ်ဦးရှိ၏။ နှစ်ဦးလုံးမှာ ရွာမှ စပါးပေးဖြင့်
ငှားထားခြင်းဖြစ်သည်။ မနှစ်က သက်ရင်းတာရွာ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းမှ ဆရာမလေးက ယခုနှစ် ကရင်ကျေးရွာ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တွေ့ရတာမို့ ကျနော်မျက်စိလည်ပြီး
“ဆရာမရေ … ကျောင်းနှစ်ကျောင်းက ကလေးတွေ ပေါင်းလိုက်တာလား”ဟု မေးမိတော့
…”ဆရာမလေးက မဟုတ်ဘူးရှင့်… ကျနော် ဒီနှစ် ဒီရွာမှာ စာလာသင်ပေးနေတာပါ။
အိမ်က မော်လူးမှာဆိုတော့ ကရင်ရွာက သက်ရင်းသာရွာထက် မော်လူးနဲ့
ပိုနီးလို့လေ” ဟု ပြန်ပြော၏။

ကလေးကတော့ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊
ခဲချွန်စက်လေးများကို ကိုင်ကြည့်ပြီး ပြုံးနေလိုက် ပျော်နေလိုက်ကြတာ ဘေးက
မြင်နေရသည့် ကျနော်တို့ထံပင် သူတို့လေးတွေ၏ အပျော်အပြုံးများ
ကူးစက်လာသလိုပင်…။

ကလေးတွေကို စာရေးကိရိယာလေးတွေ လှူပြီးတော့ ဆရာတော်
အပါအဝင် ကျနော်တို့ အဖွဲ့သားများနှင့် အတူတကွ မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ကျနော်မှ လှူဒါန်းမှုများ၏ အရေအတွက်ကို ဈေးနှုန်းများကို တွက်ချက်ကာ
ကျောင်းတွင်သိမ်းထားရန် အလှူမှတ်တမ်းစာရွက်တစ်ရွက်နှင့်
ကျနော်တို့အဖွဲ့အတွက် သိမ်းထားရန်တစ်ရွက်တို့ကို ရေးသွင်းပြီး အလှူလက်ခံ
ဆရာတော်နှင့် ဆရာမများအား လက်မှတ်ရေးထိုးခိုင်း လိုက်ပါလှူဒါန်းကြသည့်
ကျနော်တို့အဖွဲ့သားတွေကိုလည်း လက်မှတ်ရေးထိုးခိုင်းပြီး ကျောင်းတွင်
သိမ်းထားနိုင်ရန် အတွက် ……….

မှတ်တမ်းစားရင်းတစ်ရွက်ကို ပေးအပ်ပြီးနောက်
ဆရာတော်နှင့် စကားစမြည်ပြောကြားကာ အားလုံးကို နှုတ်ဆက်ပြီး သက်ရင်းတာရွာ
ဘုန်းတော်ကြီးကျောင်းဆီ ဆက်လက်ချီတက်ကြသောအခါ မိုးဖွဲလေးများ ကျလာလေပြီ။
အေးချမ်းမည့် နမိတ်ပေလားဟု တွေးရင်းးးးးးး

 

ပျော်ရွှင် ချမ်းမြေ့ကြပါစေ…..

K.T.W.L
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မှတ်ချက်။ ။ပုံနံပါတ် ၁ မှ ၉ အထိ ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း စာရေးကိရိယာ အလှူမှတ်တမ်းပုံများ ဖြစ်ပါတယ်။

လှူဒါန်းမှု
မှတ်တမ်းစာရွက်ကတော့ နှစ်ကျောင်းလုံး ကျောင်းသား/သူ အရေအတွက် တူတူမို့
လှူဒါန်းမှုတန်ဘိုး တူတူဖြစ်ကြောင်းပါ။

 

1
1

 

2.
2.

 

3.
3.

 

4.
4.

 

5.
5.

 

6.
6.

 

7.
7.

 

8.
8.

 

9.
9.

 

10.
10.

 

11.
11.

 

12.
12.

 

13.
13.

 

14.
14.

 

15.
15.

 

16.
16.

 

17.
17.

 

18
18

 

19
19

 

 

3 comments

  • kyeemite

    July 3, 2014 at 3:55 pm

    ကိုထွန်းဝင်းလတ်တို့အဖွဲ့ နဲ့အတူ ကြည်နူး ပီတိမျှဝေခံစားရင်း သာဓုသာဓု သာဓု ခေါ်ပါတယ်ဗျာ :s:

  • ဇီဇီ

    July 3, 2014 at 7:23 pm

    သာဓု ပါဗျာ။
    လေးစားလျှက်ပါ။

    🙂

  • black chaw

    July 4, 2014 at 9:17 am

    သာဓု…၊ သာဓု…၊ သာဓု…ပါ ကိုထွန်းဝင်းလတ်ရေ…။

Leave a Reply