လေထဲက ကဗျာနှင့် စက္ကူပေါ်က ကဗျာ ပေါင်းစပ်ချိတ်ဆက်ကြပါစို့

GarmeThaneAugust 28, 20101min732

လေထဲက ကဗျာနှင့် စက္ကူပေါ်က ကဗျာ ပေါင်းစပ်ချိတ်ဆက်ကြပါစို့

ပြည်တွင်းက စာပေဝေဖန်ရေး နှင့် ကဗျာဆရာကြီး သစ္စာနီ က “အိုပီပီကဗျာ နှင့် အိုအယ်လ်ပီကဗျာ” ဆောင်းပါးကို ၂၀၁ဝ ခုနှစ် ဧပြီလထုတ် “ရနံ့သစ်” မဂဇင်း တွင်ဖော်ပြခဲ့ပါတယ်။

ဆရာက O.P.P (Onprint Poetry) နှင့် O.L.P (Online Poetry) ကောက်ကြောင်း နှင့် ကွဲပြားမှုတွေကို လှစ်ပြထားတာပါ။ မြန်မာကဗျာ ဖွံ့ဖြိုးတိုးတက်ဖို့ လေထဲက ကဗျာ နှင့် စက္ကူပေါ်က ကဗျာ ပေါင်းစပ် ချိတ်ဆက်ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းထားပါတယ်။ O.L.P (Online Poetry) ဘလော့ခ်ဂါများသည် မော်ဒန်ကဗျာ၏ ပဉ္စမမျိုးဆက်များဖြစ်သည်။ သို့မဟုတ် ပို့စ်မော်ဒန် (Postmodern) ကဗျာ ခေတ်ဦးတွင်း ပေါင်းစပ်ယှက်နွယ်လာသော မျိုးဆက်သစ်များ ဖြစ်သည် ဟုလည်း ဆရာသစ္စာနီက မှတ်ချတ်ပေးသည်။

O.L.P (Online Poetry) ဘလော့ခ်ဂါများသည်

မော်ဒန်ကဗျာ၏ ပဉ္စမမျိုးဆက်များဖြစ်သည်။

ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု ဆရာဇော်ဇော်အောင် ပြောဖူးတာကို ကျွန်တော် သတိရမိသည်။

ကျွန်တော်အမြင်အရ ယနေ့ခေတ် လူငယ်ကဗျာဆရာများ၊ ဘလော့ခ်ဂါများရေးသော ကဗျာများတွင် သူတို့ခံစားနေရသော ဝေဒနာများ၊ ဝေဒနာကို ကိုယ်စားပြုသော ဖန်တီးမှုများ၊ ရေုးခြစ်မှုများ ပါဝင်သည်ဟု မြင်မိပါသည်။ မဆလ ခေတ်မှာ သန္ဒေတည်ပြီး ကြီးပြင်းလာရသော အသက်လေးဆယ်ကျော် များပင်လျှင် O.L.P (Online Poetry) ဘလော့ခ်ဂါလူငယ်များ၏ အွန်လိုင်းကဗျာများကို တွေ့ရှိခံစားမိပြီး သူတို့ကိုယ်တိုင် ကဗျာတွေ စပ်ပြီး အွန်လိုင်းပေါ် တင်ပေးပါရန် တောင်းဆိုလာသူများ ကိုလည်း ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် “ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်ဟုသော အဆိုကို အားပေးထောင်ခံပါသည်။

“ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည်

လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ဖြစ်သည်။”

လူငယ်ကဗျာဆရာ၊ ဘလော့ခ်ဂါ တို့၏ ကဗျာအများစုသည် ခေတ် ကိုဖော်ပြနေသည်။ စနစ် ကိုဖော်ပြနေသည်။ ခံစားမှု ဝေဒနာ ကိုဖော်ပြနေသည်။ စိတ်ပေါက်ကွဲမှု ကိုဖော်ပြနေသည်။ ပြောင်းလဲမှု (သို့) အသစ်သစ်ကို လိုလားကြောင်း ဖော်ပြနေသည် ဟုဆိုနိုင်ပါသည်။

ဆရာသစ္စာနီ ရဲ့ဆောင်းပါး အရ အမေရိကန်နိုင်ငံမှ ပညာရှင်တချိူ့က ၉/ ၁၁ နောက်ပိုင်း အမေရိကန် စာပေလောက တွင် ထူးခြားသော အချက်များရှိသည်ဟု သုံးသပ်ကြသည်။ ကဗျာနှင့် ပတ်သတ်၍မူ

(၁) အမျိုးကဗျာဆရာ ထွန်းကားများပြားလာခြင်း နှင့်

(၂) ဘလော့ခ်ကဗျာလောက ကျယ်ပြန့်ဖွံ့ဖြိုးလာခြင်း ဟုဆိုသည်။

ဆရာသစ္စာနီက မြန်မာနိုင်ငံတွင်မူ ကဗျာဘလော့ခ်များမှာ လွန်ခဲ့သော (၅) နှစ်ခန့်ကစမှ စတင်ခဲ့ခြင်းဖြစ်သည်။ ညိမ်းညို၊ မိုးလှိုင်ည၊ ဖုန်းမြင့်….စသူတို့မှာ ခေတ်ဦးပိုင်း ဘလော့ခ်ဂါ ကဗျာဆရာများ ဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။ ကိုယ်တိုင်မရေးသော်လည်း ဘလော့ခ်ဂါ တွေက သူတို့နှစ်သက်ရာ ကဗျာများကို သူတို့ဘာသာ တင်ထားသဖြင့် အောင်ခြိမ့်၊ မောင်ချောနွယ်၊ သစ္စာနီ စသူတို့၏ အချို့ကဗျာများမှာလည်း အွန်လိုင်း ပေါ်ရောက်နေသည် ဟုလည်းဆိုထားသည်။

မြန်မာနိုင်ငံတွင်မူ

ကဗျာဘလော့ခ်များမှာ လွန်ခဲ့သော (၅) နှစ်ခန့်ကစမှ စတင်ခဲ့ခြင်းဖြစ်သည်။

စာနယ်ဇင်း ကဗျာ (Onprint Poetry) နှင့် အွန်လိုင်း ကဗျာ (Online Poetry) ကြားတွင် ခြားနားသော ဝိသေသ လက္ခဏာများ ရှိသည်။ အွန်လိုင်း ပို့ယဲ့ထရီ ဘလော့ခ်ဂါများ (O.L.P Bloggers) ၏ တင်ပြပုံ၊ ရေးစပ်ပုံ၊ စဉ်းစားပုံ တို့သည် စာနယ်ဇင်း ကဗျာဆရာများ (Onprint Poetry Poets) နှင့် မတူဘဲ သီးသန့် ဝိသေသ လက္ခဏာများ ရှိနေသည်။ ဆရာက ဥပမာ ကလောင်အမည် ခံယူမှုများက အစ ကွဲပြားသည်ဟုဆိုသည်။

အွန်လိုင်း ပို့ယဲ့ထရီ ဘလော့ခ်ဂါများ (O.L.P Bloggers) ၏ အနုပညာဖောက်ခွဲပုံမှာ ယနေ့ဟစ်ဟော့ဂီတ နှင့် ပင်မကျောရိုး တူသည်ဟု ယူဆနိုင်ကြောင်း ဆရာသစ္စာနီက ပြောသည်။ O.L.P အများစုသည် အသက် ၂ဝ အရွယ် နှင့် ၂ဝ ကျော် အရွယ်များဖြစ်သော်လည်း သူတို့ဖန်တီးထားသော အနုပညာလက်ရာ၊ ကဗျာများမှာမူ ပေါ့တီးပေါ့ဆ၊ အှစ်သာရမဲ့ မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆရာသစ္စာနီက ကောက်ချင်ပြုပြသည်။

အွန်လိုင်း ပို့ယဲ့ထရီ ဘလော့ခ်ဂါများ (O.L.P Bloggers) ၏

အနုပညာဖောက်ခွဲပုံမှာ ယနေ့ဟစ်ဟော့ဂီတ နှင့် ပင်မကျောရိုး တူသည်။

ကျွန်တော်အနေနဲ့ စာပေချစ်သူ၊ ကဗျာမြတ်နိုးသူများ စာနယ်ဇင်း ကဗျာ O.P.P (Onprint Poetry) အကြောင်း သိနိုင်ခန့်မှန်နိုင်အောင် ဆရာသစ္စာနီ ရေးခဲ့ဖူးသော မျက်မှောက်ခေတ် ပြည်တွင်း ကဗျာရေစီးကြောင်း အပိုဒ်လေးကို ပြန်လည်ဖော်ပြလိုက်ပါသည်။ ဆရာက….

ဒီနေ့ မြန်မာနိုင်ငံမှာ ထွက်နေတဲ့ မဂ္ဂဇင်းတွေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ဟာ ကဗျာကို ထည့်သွင်းဖော်ပြနေတာ တွေ့ရတယ်။ အဲဒီကဗျာတွေကို အမျိုးအစား ခွဲကြည့်လိုက်တော့ –

(က) ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ခင်းခဲ့တဲ့ ခေတ်စမ်းကဗျာလမ်းကြောင်း အတိုင်း လျှောက်နေဆဲဖြစ်တဲ့ ကဗျာများ။ အခုခေတ်မှာတော့ ခေတ်စမ်းသစ်လို့ ခေါ်ကြပါတယ်။ မြဝတီ၊ ငွေတာရီ အစရှိတဲ့ မဂ္ဂဇင်းတွေထဲမှာ ပါ တတ်တဲ့ ကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။

(ခ) စာပေသစ်ခေါင်းဆောင် ဆရာ ဒဂုန်တာရာ၊ ပြည်သူ့ကဗျာဝါဒ ခေါင်းဆောင် ဆရာဒေါင်းနွယ်ဆွေတို့ ခင်းခဲ့ တဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြဆဲ ကဗျာများ။ ခုခေတ်မှာ တော်လှန်ကဗျာဆိုတဲ့အမည်နဲ့ အဲဒီ အ မွေကို ဆက်ခံခဲ့ကြပါတယ်။ အကြမ်းအားဖြင့် အနုပညာသည် ပြည်သူ့အတွက်ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးစံကို ကိုင် ဆွဲဖွဲ့ဆိုတဲ့ ကဗျာမျိုးတွေ ဖြစ်ပါတယ်။

(ဂ) နောက်အမျိုးအစားကတော့ ၁၉၇ဝ ပြည့်နှစ်တစ်ဝိုက် လူငယ် ကဗျာဆရာတွေ စုစည်းကြိုးပမ်းထူထောင်ခဲ့ ကြတဲ့ မော်ဒန်ကဗျာ လမ်းကြောင်း ဖြစ်ပါတယ်။ (မော်ဒန်ကဗျာဝါဒ သဘောတရားကို သီးခြားလေ့လာကြစေလို ပါတယ်။)

မျက်မှောက်ခေတ်မြန်မာကဗျာကို လေ့လာလိုက်ရင် အဲသလို သိသာ ထင်သာတဲ့ ကဗျာအမျိုးအစားတွေ ထွေးရောယှက်တင် သူ့နေရာနဲ့သူ ရေးဖွဲ့ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ဒီနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာ မရှိပါဘူး။

ဒီနေ့ ကဗျာရေစီးဟာ ဗဟုကဗျာရေစီး လို့ ပြောရရင် လွဲနိုင်စရာ မရှိပါဘူး။

ဆရာသစ္စာနီရဲ့ လေ့လာဆန်းစစ်ချက်နှင့် သဘောထားကိုတွေးပြီး မိမိဘာသာနှိုင်းယှဉ်ကြည့်ကြပါ။ကဗျာဆိုတာ အချိန်တိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်းမှာ ခံစားချက်အမျိုးမျိုး၊ ဖန်တီးမှု အမျိုးမျိူးကြောင့် ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတတ်တဲ့ အရာလို့ဆိုနိုင်ပါတယ်။ စစ်အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ စာပေဆင်ဆာ (သို့) စာပေကင်ပေတိုင် အောက်ကထွက်လာရတဲ့ ကဗျာတွေဟာ ကဗျာဆရာ (သို့) ကဗျာဖန်တီးသူ ရဲ့ ခံစားချက်၊ တင်ပြချက်၊ ဝေဒနာကို အပြည်အဝ ကိုယ်စားပြုနိုင်၊ ဖော်ပြနိုင်ဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ ပြည်တွင်းမှာ ခွင့်ပြုချက်မရဘဲ အပယ်ခံခဲ့ရသော စာကောင်း၊ ကဗျာကောင်း တွေကို ဘလော့ခ်ဂါများက ဖော်ထုတ်တင်ပြပေးဖို့ လိုပါတယ်။

ကဗျာဟာ ပျော်ရှင်မှု၊ ကြေကွဲမှု၊ အံ့ဩမှု၊ စိတ်ကူးဖန်တီးမှု၊ နာကြည်းမှု ၊ ယုံကြည်မှုတို့ ဖလှယ်ခြင်း တစ်မျိုးလို့ သတ်မှတ်နိုင်ရင် အထဲ နဲ့ အပြင်မှာ ရှိတဲ့ ကဗျာဆရာတွေ၊ ကဗျာမြတ်နိုးသူတွေ ပေါင်းစည်းဖလှယ် ချိတ်ဆက်ကြဖို့ အချိန်တန်ပါပြီ။ ပလေတို က ပြောဖူးတယ် “ကဗျာဟာ သမိုင်းထက်စာရင် အမှန်တရားနဲ့ ပိုနီးတယ်တဲ့”….

“ကဗျာဟာ သမိုင်းထက်စာရင် အမှန်တရားနဲ့ ပိုနီးတယ်”

မြန်မာနိုင်ငံတွင် ခေတ်ပေါ် ကဗျာနှင့် စာပေရေစီးကြောင်း ကို မျက်ခြေမပျက် ဖော်ထုတ်ရေးသားပေးနေသော ဆရာဇော်ဇော်အောင်၊ မြတ်သစ်၊ သစ္စာနီ၊ နေမျိုး တို့ကဲ့သို့ မော်ဒန်စာရေးဆရာ၊ ကဗျာဆရာများလည်း ပေါ်ပေါက်ဖို့လိုပါသည်။ ပြည်ပရောက် ကဗျာချစ်သူ၊ စာပေမြတ်နိုးသူများ ကလည်း မြန်မာစာပေ နှင့် ကဗျာ တိုးတက်အောင် ဖော်ထုတ်ဖန်တီး ကြဖို့လိုပါသည်။ လူတိုင်းမှာ ဝေဒနာ ကိုယ်စီရှိတာတော့ အမှန်ပါ။ စာပေအနုပညာဖြင့် ဖန်တီးပြပေးဖို့ဘဲ လိုပါတော့တယ်။

ဆရာ ဇော်ဇော်အောင်က “၁၉၇ဝ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ဝတ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။

“၁၉၇ဝ နောက်ပိုင်း

လူငယ်များရေးသားသော ကဗျာ၊ ဝတ္ထုတွေကို

အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ

လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ်”

ပိတ်လျောင်နေတဲ့ လူ့အဖွဲ့အစည်းကို လူယဉ်ကျေးတို့ အနေနဲ့ လုံးဝ (လုံးဝ) လက်ခံကြမည် မဟုတ်ပါ။ ဖောက်ထွက်ဖို့ ကြိုးစားကြလိမ့်မည်။ လမ်းကြောင်းသစ် ကိုရှာကြံကြမည်ဖြစ်သည်။ စာပေပိတ်လှောင်မှု အတွက် ထွက်ရပ်လမ်းကို စာပေကျွမ်းကျင်သူများက အကြံပြု တိုက်တွန်းလာပြီဖြစ်သည်။ လိုအပ်လို့ရှာဖွေ၊ ရှာဖွေလို့ တွေ့၊ တွေ့ရင် လုပ်မှဖြစ်မည်။

ဆရာ သစ္စာနီက ဘလော့ခ်ဂါ (Blogger) (သို့) O.L.P ကဗျာဆရာများသည် ပုံနှိပ်ကဗျာဆရာများ (O.P.P) ထက် အခွင့်အလမ်းသာသော အချက်တွေရှိနေသည်။ ယင်းတို့မှာ…

(၁) အနုပညာ လွတ်လပ်စွာ ဖန်တီးခွင့်

(၂) ဖတ်သူ (သို့) ဝေဖန်သူနှင့် အလျှင်အမြန် (သို့) ချက်ချင်း တွေ့ဆုံနိုင်ခွင့်

(၃) ကမ္ဘာတဝန်းမှ အလွယ်တကူ ဖတ်ရှုနိုင်သဖြင့် ပရိသတ် တိုးပွားကျယ်ပြန်ု့ခင်း

(၄) အိုင်တီနည်းပညာကို အနုပညာ (ကဗျာ) ဖြင့်လက်တွေ့ ပေါင်းစပ် အသုံးပြုနိုင်ခြင်း

တို့ဖြစ်သည်ဟု သူ့အမြင်ကို တင်ပြထားသည်။

နံပါတ် (၄) အချက်သည် တစ်နေ့ Cyber age’s poetry ခေတ် ရောက်သွားမည့် မြန်မာအနာဂါတ် ကဗျာ၏ အရေးကြီးသော ခြေလှမ်းဖြစ်သည် ဟုလည်း ဆရာက မှတ်ချက်ပြုထားသည်။

ယခုအခါတွင် မြန်မာ ဘလော့ခ်ဂါ ကဗျာဆရာပေါင်း တစ်ရာကျော်ရှိနေသည်။ Bloggers များရေးကြသော ကဗျာများတွင် L.P (Linguistic Poetry) ဆန်ဆန်ကဗျာများ၊ ပို့စ်မော်ဒန် (Postmodern)၊ ကွန်ဆက်ချုရယ် ကဗျာများ နှင့် အခြားစမ်းသပ် ကဗျာတချို့ ကိုလည်း တွေ့ရှိနေရပါသည်။ ခက်နေတာက စာနယ်ဇင်း ကဗျာဆရာတွေက သပ်သပ်၊ အွန်လိုင်း ကဗျာဆရာတွေက သပ်သပ်။ စာနယ်ဇင်း ကဗျာ ပရိတ်သတ်က သပ်သပ်၊ အွန်လိုင်း ကဗျာ ပရိသတ်က သပ်သပ် ဖြစ်နေခြင်းပင်ဖြစ်သည် ဟု ဆရာ သစ္စာနီက မှတ်ချတ်ပေးသည်။

မြန်မာ ကဗျာဖွံ့ဖြိုးတိုးတက်စေဖို့ လေထဲက ကဗျာများ နှင့် စက္ကူပေါ်က ကဗျာတွေ ပေါင်းစည်းချိတ်ဆက်ကြရန် ပြည်တွင်း ပြည်ပရှိ ကဗျာမြတ်နိုးသူ၊ စာပေမြတ်နိုးသူ အားလုံး ပါဝင်ဝိုင်းဖွဲ့ကြပါလို့ တိုက်တွန်းရင်း။။။။

2 comments

  • kopauk mandalay

    August 28, 2010 at 4:15 pm

    ကဗျာဆိုတာ ရင်ထဲကခံစားမူ့တွေကို အံထုတ်ပြတာပါ။
    ဘယ်ပုံစံနဲ့ရေးရေး ခံစားမူ့ပေါ်လွင်စေဘို့က အဓိကပါ။
    အရေးကြီးတာက ခေတ်အကြိုက် ပေါ်ပင် လုပ်စားတဲ့ခံစားမူ့အတုတွေမပါရင်
    နိုင်ငံခြားက နာမယ်ကြီးနေတဲ့ လူနာမယ်တွေကို ပြွတ်သိပ်ပြီးဇွတ်ထည့်ထားတာမဟုတ်ရင်
    ို လိုက်ဖက်တာမလိုက်ဖက်တာ ကို ရင်ဘတ်ကြီးနဲ့ခံစားမကြည့်ဘဲစကားလုံးဆပ်ကပ်ပြသလိုဇွတ်ထည့်မထားရင်
    ညောင်ဦးကမ်းပါးပြိုတာကို မန်းလေးက နွားက ပေါင်ကျုးိပြမနေရင်
    တကယ့်ခံစားမူ့အစစ်နဲ့ရေးရင်ဖတ်ကောင်းမှာပါ။
    ဖတ်ကောင်းရင်လူလက်ခံမှာအမှန်ပါဘဲ။
    ကိုယ်ရေးတဲ့စာကိုလည်းနိုင်ငံခြားကပေတံတွေနဲ့လက်အညောင်းခံပြီး တိုင်းပြမနေရရင်ကောင်းမှာပါ။
    သခင်ကိုယ်တော်မိူင်း၊ဒဂုန်တာရာ။ဒေါင်းနွယ်ဆွေ၊ ဆရာမင်းသုဝဏ်။ဆရာဇော်ဂျီ ။နုယဉ်၊ငွေတာရီအစရှိတဲ့ဆရာကြီးများဆရာမကြီးများသည် အလွန်ဖတ်ကောင်းသော
    ခံစားလို့ရသောကဗျာပေါင်းများစွာကိုရေးခဲ့ကြပေမယ့် သူတို့ကဗျာတွေကို ဘယ်ပေတံနဲ့မှမတိုင်းဘဲ ကောင်းသထက်ကောင်းအောင် ဖန်တီးခဲ့ကြတာကိုတော့ အတုယူစေလိုပါတယ်ခင်ဗျား။
    အစွဲကင်းကြပါစေလို့ တိုက်တွန်းချင်ပါတယ်။

  • shin

    August 28, 2010 at 4:34 pm

    ကဗျာဆိုတာ နူးညံတဲ့နှလုံးသားကို ခံစားနားလည်သွားဖို ့အပြင် ဦးနှောက်အထိ မြင့်တက်သွားနိုင်တဲ့ အဖိုးတန်တဲ့ကဗျာတွေအများကြီးဖြစ်ဖို ့လဲလိုတယ်လို ့ထင်ပါတယ်။
    ဆရာဇော်ဂျီရဲ ့သင်သေသွားသော် ကဗျာမျိုး..တွေ..
    ဆရာအောင်ဝေးရဲ ့”နာမည်”။ ‘ကြယ်တွေမှာ နာမည်ရှိသလားဖေဖေ’ ကဗျာလိုမျိုး
    ကောင်းမွန်တဲ့ကဗျာတွေကို အတော်လေးနှစ်ခြိုက်မိပါတယ်။

Leave a Reply