ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ….

အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့…

အရီးမုတ်ဆိတ် ဆိုသူက….

လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why :-)

http://myanmargazette.net/198724

အရီးခင်

ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်….

အဲဒီပို့စ်မှာ မ၀င့်ပြုံးမြင့်က….

ဝင့်ပြုံးမြင့် says:

ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

ဆိုပြီးမန့်ခဲ့ပါတယ်….

ကျုပ်ကလည်း….

kyeemite says:

ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူးကြသူအားလုံးကိုကျေးဇူးပါဗျာ….

ဝင့်ပြုံးမြင့် says:
ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။

အင်း…တစ်နေ့ စာစီဖြစ်အုံးမယ်ထင်ပါရဲ့ မပြုံးရေ….

လို့ပြန်မန့်ဖြစ်ခဲ့ပါတယ်……………….ဒါပေမဲ့ စာစီတဲ့ဆီကိုမရောက်နိုင်ခဲ့ပါဘူး

တစ်နေ့တော့…သမီးကို အင်္ဂလိပ်စာသင်တန်းလိုက်ပို့ရင်း….

“သမီး ဆယ်တန်းကျောင်းသူဘ၀ အတွေ့အကြုံလေး သမီးကိုယ်တိုင်ရေးပေးပါလား”…လို့ တောင်းဆိုမိပါတယ်

ဒါပေမဲ့..သူလည်းချက်ချင်းတော့မရေးဖြစ်ပါဘူး….မနေ့ကတော့ “အဖေကြီး…သမီးအတွေ့အကြုံလေး word file နဲ့ရေးထားတယ်

အဖေကြီး ဖတ်ကြည့်ပါအုံး”..လို့ဆိုလာလို့ ဖတ်ကြည့်တော့……………..

ကျုပ်လူတတ်ကြီးလုပ်ပြီး မတည်းဖြတ်တော့ပါဘူး…သူ့ကိုယ်ပိုင်လက်ရာ စစ်စစ်လေးကိုပဲ

ရွာသူားတွေဝေဖန်နိုင်အောင် ကူးတင်ပေးလိုက်ပါတယ်……

အားလုံးကိုကျေးဇူးတင်ပါတယ်..

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၃၊ ၇၊ ၂၀၁၄

.

.

.

.

အားလုံးပဲမင်္ဂလာပါ ရှင်!

ကျွန်မနာမည်မေမြတ်နိုးပါရှင့်..ဖေကြီး ကြီးမိုက်ရဲ့ သမီးပါ..

ကျွန်မဆယ်တန်းတုန်းကအတွေ့အကြုံလေးကိုပြောပြချင်လို့ပါ.

.ကျေးဇူးပြုပြီးဆုံးအောင်ဖတ်ပေးပါနော်ကျွန်မက အ.ထ.က ၂ စမ်းချောင်း မှာ သူငယ်တန်းထဲကတက်ခဲ့တဲ့ကျောင်းသူတစ်ယောက်ပါ..

အမှန်တိုင်းပြောရရင်ကျွန်မကငယ်ငယ်လေးထဲကစာ တော်ခဲ့တဲ့ကျောင်းသူတစ်ယောက်မဟုတ်ခဲ့ပါဘူး..

သူငယ်တန်းတုန်းကတစ်ခါပဲစင်ပေါ်မှာဆုတက်ယူခဲ့ဖူးတာပါ..

ကျွန်မကငယ်ငယ်ထဲက ၇တန်းထိကျူရှင်ဆိုတာဂျိုနဲ့လားလို့မေးရလောက်အောင်ကျူရှင်နဲ့ဝေးခဲ့ပါတယ်. .

ကျွန်မတို့က ကမာရွတ်မှာနေတော့ စမ်းချောင်းမှာရှိတဲ့ကျွန်မသူငယ်ချင်းတွေတက်တဲ့ ကျူရှင်ကို မတက် နိုင်ခဲ့ ပါဘူး.

.မေကြီးကလည်းအလုပ်တစ်ဖက်နဲ့မို့လိုက်မပို့နိုင်တာနဲ့ကျူရှင်မတက်ဘဲ မေကြီးရဲ့အမ  ကြီးကြီးဆရာမကပဲသင်ပေးခဲ့ပါတယ်..

၈တန်းရောက်တော့စာတွေကလည်းများလာတာကြောင့် မလိုက်နိုင်မှာစိုးလို့ အင်္ဂလိပ်စာနဲ့ သင်္ချာကို ကျူရှင်ယူခဲ့ပါတယ်.

၉တန်းရောက်တော့ ဘာသာစုံကျူရှင်ယူခဲ့ပါတယ်.

ကျွန်မတို့ကျောင်းရဲ့ ထုံးစံက အတန်းတွင်း အဆင့်မစီဘဲ အတန်းအားလုံး ပေါင်းပြီး အဆောင်ဆင့်ဆိုပြီးပေးပါတယ်..

၇တန်းထိ ကျွန်မအဆင့်က ၁၀၀ ကျော်ကမတက်ခဲ့ပါဘူး..

အဆင့် ၁ ကနေ ၁၀ ရတဲ့သူတွေကို ဆရာမကြီးကကျောင်းသူတွေ အားလုံးရှေ့စင်မြင့်ထက်မှာတံဆိပ် ၀ိုင်းလေးချိတ်ပေးပါတယ်…

ကျွန်မကတော့ကြိတ်ပြီးအားကျခဲ့ရတာပေါ့ရှင်…

ကျူရှင်စယူတဲ့ ၈ တန်းမှာပဲကျွန်မဘ၀မှာတစ်ခါမှမရဖူးတဲ့ တံဆိပ်ဝိုင်းလေးကိုရခဲ့ပါတယ်..နောက်ပိုင်းမှာ ကျွန်မအမြဲလိုလို တံဆိပ်ဝိုင်းလေးချိတ်ခဲ့ရပါတယ်..၉တန်းအောင်တော့ ဘ၀ကိုအဆုံးအဖြတ်ပေးမယ့် ဆယ်တန်းကိုရောက်ပြီဆိုပြီး ရင်ခုန်ခဲ့ရပါတယ်..

ကျွန်မကြောက်လဲကြောက်မိတယ်..ကျွန်မဖြစ်ချင်တဲ့ဆရာဝန်မကြီးဖြစ်မှဖြစ်ပါ့မလားလို့ပေါ့.

.နွေရာသီကျူရှင်စတက်တော့ ဆယ်တန်းစာတွေကထင်သလောက်မခက်တာကိုတွေ့ရတယ်..

၉တန်းတုန်းကစာတွေနဲ့လည်းအကုန်ဆက်စပ်မှုရှိနေတော့ ကျွန်မရဲ့ ကြောက်စိတ်တွေ နည်းနည်းတော့လျော့ခဲ့ရတာပေါ့..

ကျွန်မတတ်နိုင်သလောက်ကြိုးစားခဲ့ပါတယ်….

အင်္ဂလိပ်စာသိပ်မလိုက်နိုင်လို့ဂုဏ်ထူးမထွက်မှာစိုးတာကြောင့် ကျွန်မဆရာမကြီးတစ်ယောက် နဲ့double ထပ်ခဲ့ပါတယ်..

Guideကိုလည်း Chemistry, Physics, Maths သုံးဘာသာပဲ ယူခဲ့ပါတယ်. .

ဒီလိုနဲ့ ဆယ်တန်းတက်နေတဲ့အချိန် …မနှစ်က မမတွေအောင်စာရင်းထွက်လာပါတော့တယ်..ဂုဏ်ထူးတွေအများကြီး အမှတ်တွေအများကြီးနဲ့

အောင်မြင်မှုတွေဆွတ်ခူးသွားတဲ့ မမတွေကိုကြည့် ပြီး ငါလည်းသူတို့လိုဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အားကျစိတ်နဲ့ပိုကြိုးစားခဲ့ပါတယ်..

ရန်ကုန်တိုင်းမှာအဆင့်၇ ရခဲ့တဲ့ ကျွန်မတို့ကျောင်းက မမနှင်းသဇင်နိုင်က ကျွန်မတို့ ဆယ်တန်းတွေကို လာဟောပြောပါတယ်..

သူပြောသွားတဲ့ စကားတွေက ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့စကားတွေပါပဲ..

မမရဲ့စာကျက်နည်းတွေ..မမရဲ့ ကြိုးစားမှုတွေကိုအတုယူပြီး မမကို ကျွန်မရဲ့ စံပြပု ဂ္ဂိုလ် အဖြစ်သတ်မှတ်ခဲ့ပါတယ်..

ကျွန်မကျောင်းမှာလည်း ဆရာမတွေ သင်ပြတာကိုဂရုတစိုက် နားထောင်ပါတယ်..ကျောင်းမှာနားမလည်လိုက်တာကို ကျူရှင်မှာ တစ်ခေါက်ပြန်ပြီး လေ့လာနိုင်တဲ့အတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး.

.ကျောင်းကစာမေးပွဲတွေကိုလည်း ပေါ့ပေါ့လေးသဘောမထားဘဲ တကယ့်စာမေးပွဲ

အကြီးကြီးကို ဖြေနေရသလို သဘောထားပြီး အကောင်းဆုံးဖြေခဲ့ပါတယ်..

ကျွန်မတို့ Physics ဆရာမကပြောဖူးတယ်..   မုန်လာဥနီဆိုတာ သဘာဝအတိုင်းဆို မာနေပေမယ့် ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်တဲ့အခါ ပျော့ဖတ်သွားတယ်..များများပြုတ်လေပိုပိုပျော့လာလေပဲတဲ့..ကြက်ဥကျပြန်တော့

အစကတော့ အောက်ပြုတ်ကျတာနဲ့ကွဲတယ်..နည်းနည်းလေးတိုက်မိတာနဲ့အချိန်မရွေးကွဲနိုင်ပေမယ့်

ရေနွေးဆူဆူထဲထည့်ပြုတ်လိုက်တဲ့အခါ ကြာကြာပြုတ်လေ ပိုမာကျောလာလေပဲတဲ့..

ကြက်ဥတို့ မုန်လာဥတို့ဆိုတာကျောင်းသူတွေပဲတဲ့..ရေနွေးအိုးကြီးကတော့စာမေးပွဲပေါ့..

စာမေးပွဲတွေကြိမ်ဖန်များစွာဖြေရင်း

တဖြည်းဖြည်းစာတွေ ကြေညက်လာပြီး ခံနိုင်ရည်ရှိလာရင်တော့ ကြက်ဥလိုကျောင်းသူပဲတဲ့..

စာမေးပွဲတွေဖြေရင်းဖြေရင်း  စာကလည်းမရ  စာမေးပွဲကိုလည်းကြောက်လာမယ်ဆိုရင်တော့ မုန်လာဥလို ကျောင်းသူဖြစ်မှာပေါ့..တဲ့…

ကျွန်မကတော့ကြက်ဥလိုကျောင်းသူဖြစ်အောင် ကြိုးစားခဲ့ပါတယ်..

တံဆိပ်ဝိုင်းတွေလည်း ချိတ်ခဲ့ရပါတယ်..  

ဆရာမရဲ့ စကားတွေကလည်းကျွန်မကိုအားရှိစေပါတယ်..

ဒီလိုနဲ့ပဲ လပတ်စာမေးပွဲ တွေဖြစ်တဲ့ရေနွေးအိုးကြီးထဲမှာ ကျွန်မ ကောင်းကောင်းကြီးအပြုတ်ခံခဲ့ပါတယ်..

ကြက်ဥလိုကျောင်းသူလေးကျွန်မဟာ..

စာမေးပွဲတွေဖြေရင်းနဲ့ပဲ တဖြည်းဖြည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အသင့်ဖြစ်နေခဲ့ပါတယ်..

ကျွန်မစာမေးပွဲကြီးဖြေပြီးတော့ ၅ ရက်တရားစခန်းဝင်ပါတယ်.

.ပြီးတော့ အောင်စာရင်းကိုရင်ခုန်စွာနဲ့ စောင့်စားနေခဲ့ရတာပေါ့ရှင်..

ကျွန်မ သချာင်္ဘာသာကိုကောင်းကောင်းမဖြေနိုင်ခဲ့ပါဘူး..မြန်မာစာနဲ့ အင်္ဂလိပ်စာ

လိုဘာသာရပ်မျိုးကလည်းဂုဏ်ထူးရယ်လို့ တရားသေမှန်းလို့မရတဲ့အတွက် ကျွန်မအိပ်မပျော်စားမ၀င်ဖြစ်ခဲ့ရပါတယ်.

.အောင်စာရင်းထွက်ခါနီးလေလေ စိတ်တွေဂယောင်ခြောက်ခြားဖြစ်လေလေပါပဲရှင်..

လူလဲရူးချင်ချင်ဖြစ်ခဲ့ရပါတယ်..စိတ်ဖိစီးမှုကြောင့်ကျွန်မ ပေါင်ချိန် ၁၁၅ ကနေ ၁၀၀ ကွက်တိကို ကျဆင်းသွားရပါတော့တယ်.

.နောက်တော့စိတ်သက်သာရာရအောင် ကံပဲပေါ့လေဆိုပြီး..ဂုဏ်ထူးကိုလုံးဝမမှန်းတော့ဘဲနေလိုက်ပါတယ်..

“၆.၆.၂၀၁၄” မမေ့နိုင်တဲ့နေ့တစ်နေ့ပေါ့ရှင် !

ကျွန်မသူငယ်ချင်းတွေအားလုံးက ၂ ရက်နေ့လောက်ထဲက သူတို့အောင်စာရင်းတွေကြိုသိနေရပါတယ်..

တစ်ယောက်က ၅ဘာသာ..နောက်နှစ်ယောက်က ၆ ဘာသာနဲ့ အပြုံးပန်းတွေဆင်လို့ပေါ့..

ကျွန်မကတော့သူတို့ကိုကြည့်ပြီးအားငယ်ခဲ့ရတယ်..ကျွန်မဘာကိုမှလဲမမျှော်မှန်းရဲခဲ့ပါဘူး..

ကျွန်မစိုးရိမ်ခဲ့တာတစ်ခုတော့ရှိတယ်…..

အဲ့ဒါကျွန်မမိဘတွေနဲ့ ကျွန်မဆရာမတွေအတွက်ပဲ..ကျွန်မဘာသာကျွန်မဆိုအဲ့လောက်စိတ်မပူပါဘူး..

ခုဟာက ကျွန်မ ဖေဖေနဲ့မေမေ…နောက်တော့ကျွန်မဆရာမတွေ..သူတို့ကကျွန်မကို သိပ်ချစ်ကြတာရှင့်..

ကျွန်မကိုလည်း သိပ်ဖြစ်စေချင်တာ..အဲ့ဒါကြောင့်ကျွန်မဂုဏ်ထူးမထွက်ရင်သူတို့မျက်နှာငယ်ရမှာပဲ..သူတို့ကိုအားနာရမှာ..

သူတို့ခမျာကျွန်မအတွက်အစွမ်းကုန်ပံ့ပိုးထားရရှာတာ..

ဘာမှဖြစ်မြောက်မလာရင်သူတို့အပေါ်ကျွန်မဘယ်တာဝန်ကျေပါ့မလဲ..

ကျွန်မကြောင့်သူတို့ဂုဏ်ယူရတာပဲဖြစ်စေချင်တယ်..ကျွန်မဒီနည်းနဲ့ဖေဖေ မေမေ နဲ့ ဆရာမတွေရဲ့

ကျေးဇူးကိုပြန်ဆပ်ချင်တယ်..တကယ်ပါ.

.အောင်စာရင်းထွက်မယ့် ၆ရက်နေ့ ညမှာကျွန်မမျက်လုံးထဲမှာ ဖေဖေ မေမေနဲ့ ဆရာမတွေမျက်နှာပဲမြင်နေမိတယ်.

.ကျွန်မစိတ်တွေအရမ်းလှုပ်ရှားခဲ့တယ်..ခြေတွေလက်တွေအေးစက်ပြီးထိုင်မရ ထမရနဲ့ တော်တော်လေးကို အရူးမီးဝိုင်း ဂနာမငြိမ် ဖြစ်ခဲ့ရတာပါ.

.မျောက်မီးခဲကိုင်မိသလိုပဲ.

.ည ၈နာရီလောက်မှာ ကျွန်မ ရဲ့ Chemistryဆရာမ ph ဆက်ပြီး တစ်ခွန်းပဲပြောတယ်..“သမီးလေးရေ… All D ပဲ” တဲ့..

ကျွန်မရုတ်တရက်ဘာဖြစ်သွားမှန်းကိုမသိလိုက်ဘူး..လူကလေထဲမှာမြောက်သွားသလိုပဲ.ပြီးတော့ကျွန်မ မျက်ရည်တွေဒလဟောကျလာတယ်..စကားလည်းမပြောနိုင်ဘူး..ရှိုက်ကြီးတငင်ငိုချလိုက်တယ်..

ဒါက ကျုပ်အမိအရရိုက်ထားလိုက်တာပါ

ဒါက ကျုပ်အမိအရရိုက်ထားလိုက်တာပါ

 

 

ဘာလို့လဲဆိုတာတော့ကျွန်မလည်းမပြောတတ်တော့ပါဘူးရှင်..၀မ်းသာလွန်းလို့ထင်ပါရဲ့ ..

အမတစ်ယောက်ကတောင်စလိုက်သေးတယ်..All D ထွက်လို့ငိုတာ နိုး နိုး တစ်ယောက်ပဲရှိတယ်တဲ့..

ကျွန်မတကယ်ကို မမျှော်မှန်းထားခဲ့တာပါ..အဲ့လိုမမျှော်မှန်းထားလို့လဲ ပျော်ရွှင်မှုကို ရူးမတတ်ခံစားလိုက်ရတာ..

ကျွန်မလုပ်နိုင်ခဲ့ပြီ..နောက်ဆုံးတော့ကျွန်မမိဘ ၊ဆွေမျိုး ၊ဆရာမတွေကျွန်မကြောင့်ပျော်ခဲ့ရပြီ

ကျွန်မကြောင့်မျက်နှာပွင့်ခဲ့ရပြီ..ကျွန်မကြောင့်သူတို့ဂုဏ်ယူနိုင်ခဲ့ပြီ..ကျွန်မအရမ်းကျေနပ်မိတယ်..

တစ်ခါမှအဲ့လိုကြည်နူးမှုမျိုးမခံစားခဲ့ဖူးဘူး..ဒါပထမဆုံးပါပဲ..အဲ့ဒါကြောင့် အောင်စာရင်းထွက်တဲ့ည ၆ ရက်နေ့ကို မေ့မရနိုင်တဲ့

နေ့တစ်နေ့အဖြစ်ကျွန်မရင်ထဲမှာသိမ်းထားတယ်..

ညသန်းခေါင်ကျော် ကျောင်းရှေ့မှာ သူငယ်ချင်းတွေနဲ့

ညသန်းခေါင်ကျော် ကျောင်းရှေ့မှာ သူငယ်ချင်းတွေနဲ့

 

 

 

အမှတ်တွေထွက်တော့ကျွန်မထင်တဲ့အတိုင်းပဲ သင်္ချာကို ၈၀ နဲ့

ကပ်ထွက်ခဲ့ပါတယ်..ကံကောင်းတယ်လို့ပဲဆိုရမလားမသိပါဘူး..ဘာပဲဖြစ်ဖြစ်ကျွန်မတကယ်ကျေနပ်မိပါတယ်..

ကျွန်မဆယ်တန်းကို သူများတွေလောက်မပင်ပန်းဘဲပေါ့ပေါ့ပါးပါးနဲ့ အောင်မြင်ခဲ့တယ်ဆို ယုံပါ့မလားမသိပါဘူး..

အပိုတွေပြောပြီးကြွားနေတယ်လို့လဲထင်နေမှာစိုးပါတယ်..ဒါပေမယ့်ကျွန်မပြောပြရပါဦးမယ်..

ကျွန်မ ဆယ်တန်းမှာသူများတွေလို အိပ်ရေးပျက်ခံ့ပြီးစာမကျက်ခဲ့ပါဘူး..

ကျူရှင်က စနေ တနင်္ဂနွေ ၂ ရက်ပဲတက်ရတဲ့အတွက်..ကျွန်မကျောင်းကပြန်လာတာနဲ့ ထမင်းစားပြီး ညနေ၄ နာရီထိအိပ်ပါတယ်..

အိပ်ရာနိုးရင်စိတ်အပန်းဖြေတဲ့အနေနဲ့ TV ကြည့်ပါတယ် …

၅ နာရီဆို guide နဲ့ စာလုပ်ပါတယ်..၇နာရီguideပြန်သွားတော့ ကျွန်မညစာစားပြီး ဖေကြီးနဲ့တူတူ TVထပ်ကြည့်ပါသေးတယ်

၈ နာရီထိုးတော့ကျွန်မစာပြန်လုပ်ပါတယ်၁၁ နာရီထိုးရင်တော့ဘုရားရှစ်ခိုးပြီး အိပ်လိုက်ပါတော့တယ်

မနက်၅နာရီခွဲအိပ်ရာထပါတယ်..အဲ့ဒါကျွန်မနေ့တိုင်းလုပ်တဲ့အလုပ်တွေပါပဲ..

ကျူရှင်သွားရတဲ့နေ့ ဆို မနက်၆နာရီအမှီကျူရှင်ကိုသွားရပါတယ်..ညနေ၆နာရီကျူရှင်ဆင်းရင်အိမ်ရောက်တော့ ၇နာရီထိုးနေပါပြီ.

ကျွန်မအဲ့လိုနေ့မျိုးဆိုကျွန်မပင်ပန်းလို့၁နာရီလောက်အရင်သီချင်းနားထောင်ပြီးအိပ်ရာထဲမှာလှဲနေလိုက်ပါတယ်.

.ပြီးမှထမင်းစားပြီးစာလုပ်ခဲ့တာပါ..

ကျွန်မကအပျော်အပါးမက်ပါတယ်..စာမေးပွဲနီးနေတဲ့ February လအထိကျွန်မ Junction Square မှာသူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်ခဲ့ပါသေးတယ်..

ကျွန်မပြောတာတွေမဖြစ်နိုင်ပါဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်..ဒါပေမယ့်တစ်ခုရှင်းပြချင်ပါတယ်..

တစ်ချို့ ဆယ်တန်းကျောင်းသူတွေကအိပ်ရေးပျက်ခံပြီးစာကျက်ကြပါတယ်..guideတွေ အများကြီးနဲ့လည်းစာကျက်ကြပါတယ်..

စာကျက်ချိန်လည်းအများကြီးယူပါတယ်..ဒါပေမယ့်သူတို့စာကြည့်စားပွဲမှာတာဝန်အရသာထိုင်နေတာပါ..

၅နာရီလောက်စာကြည့်စားပွဲထိုင်ပြီးခေါင်းထဲကို စာက၂နာရီစာလောက်သာဝင်ချင်ဝင်တတ်ကြပါတယ်.

.အဲ့တော့ကျွန်မကအဲ့လိုထိုင်ပြီးအချိန်ကုန်မယ့်အစားစိတ်ထဲရှိတာတွေထလုပ်လိုက်ပါတယ်..

အိပ်ချင်ရင်လည်းအိပ်ပစ်လိုက်ပါတယ်..ကျွန်မကတကယ်စာကြည့်ပြီဆိုရင်၂နာရီထိုင်ရင်၂နာရီစာလုံးခေါင်းထဲဝင်ပါတယ်..

ဘယ်ကိုမှစိတ်မပျံ့ လွင့်ဘဲအာရုံစူးစိုက်ပြီးလုပ်ပါတယ်

စာကျက်ချိန်နည်းတယ်ဆိုတာကလည်းကျောင်းမှာစသင်လိုက်ကတည်းကအာရုံစူးစိုက်ထားတဲ့အတွက်

အိမ်မှာစာပြန်ကျက်တဲ့အခါခဏလေးနဲ့အလွယ်တကူကျက်လို့ရပါတယ်…

တစ်ချို့လွယ်တဲ့စာတွေဆိုကျောင်းမှာသင်ကတည်းကအလွတ်ရအောင်လိုက်ကျက်နေခဲ့ပါတယ် .

အဲ့တော့ကျွန်မဘာလို့ အိမ်မှာစာကျက်ချိန်အများကြီးမယူဘဲစာရလဲဆိုတာသဘောပေါက်ကြမယ်ထင်ပါတယ်..

ကျွန်မလူတတ်ကြီးလုပ်တာလည်းမဟုတ်ရပါဘူးရှင်..

တစ်ချို့သောကျောင်းသားကျောင်းသူတွေ TVတောင်မကြည့်နိုင်အနားမယူနိုင်

ခေါင်းထဲလည်းစာမရောက် စာကြည့်စားပွဲမှာအချိန်ကုန်နေတာကိုသနားမိလို့ပါ..

ကျွန်မအကြံပေးချင်တာကစိတ်အရမ်းပင်ပန်းနေပြီ..အိပ်ချင်နေပြီဆိုရင် ဘာကိုမှမတွေးဘဲအိပ်လိုက်ပါလို့..

အဲ့ဒါပိုအကျိုးရှိပါတယ်..

စာကြည့်စားပွဲမှာအိပ်ငိုက်ပြီးဒုက္ခခံနေမယ့်အစားအိပ်ရာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်တာပိုမကောင်းဘူးလားရှင်..

ကျွန်မကတော့အဲ့လိုပဲတွေးမိတယ်..ကျွန်မရဲ့အတွေးလေးကိုပြောပြတာပါ.အဲ့လိုလုပ်ရမယ်လို့တော့မဆိုလိုပါဘူး..

လူကြီးတွေကတော့ကျွန်မနည်းကိုကြိုက်ချင်မှကြိုက်ပါလိမ့်မယ်..

ဒါပေမယ့်ကျွန်မအပေါ်မှာပြောခဲ့တဲ့အတိုင်းတကယ်လုပ်ပြီးတကယ်အောင်မြင်ခဲ့တယ်ဆိုတာသိစေချင်ပါတယ်ရှင့်..

ကျွန်မဒီစာကိုရေးတယ်ဆိုတာ ပေါ်လွင်ချင်လို့  လုပ်တာမဟုတ်ရပါဘူးရှင်…ကျွန်မကိုကြွားတယ်လို့လဲမထင်စေချင်ပါဘူး..

အဖေကြီးက ကျမဆယ်တန်းအတွေ့အကြုံလေးရေးပေးပါဆိုလို့ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ…

ဟုတ်ကဲ့..တစ်ခါမှဒီလိုမျိုး မရေးဖူးဘဲ အခုမှစရေးတာဖြစ်တဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်..

အခုလိုကျွန်မရဲ့ ဘာမဟုတ်တဲ့စာလေးကိုအချိန်ပေးပြီးဖတ်ပေးတဲ့ လူကြီးမင်းများကိုကျေးဇူးတင်ပါတယ်နော်!

                                               Thank You For Your Attention!!!!

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)