နောက်ဆက်တွဲ ရလဒ်များ

sofiadimpleAugust 13, 20101min310

အန္တရာယ်နံပါတ် -၃ ရဲ့ ကြောက်စရာ ကောင်းပုံတွေကို သိရပြီးတဲ့နောက်တော့ ဒီကနေဘယ်လို လွတ်အောင်ရုန်း မလဲ ဆိုတာ ဆက်ပြီးနည်းလမ်းလေးစဉ်းစားဖို့ဆိုပြီး ဒီစာလေးကိုစရေးဖြစ်တာပါ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ သိစရာ တွေပေါ်လာပြန်လို့ ဆက်ပြီးလေ့လာ မိနေတာကြောင့် ဒီနေ့တော့နောက်ဆက်တွဲအနေနဲ့ ပဲဆက်လိုက်ကြ ပါစို့နော်။ တကယ်တော့ ဒီအန္တရာယ်နံပါတ်-၃ ကို ရှောင်ဖို့ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် မြတ်စွာဘုရားရဲ့ တရားဦး ဖြစ်တဲ့ ဓမ္မစကြာတရားမှာကို ပဲ ဘုရားက ဒါဟာ ပယ်ရမယ့်တရားလို့ကို အရေးတကြီးဟောခဲ့တာနော်။ ပယ်ရမယ့် တရား(၂)မျိုးထဲမှာ သူကထိပ်ကပါနေတယ်ဆိုတော့ ဒါသိပ်ကို အရေးတကြီးရှောင်ရမှာပါလားလို့ မှတ်ထားလိုက် ရပါမယ်။ လောကီအာရုံ ကာမဂုဏ် ငါးပါးတို့မှာ ခုံမင်ပြီး ကိလေသာကာမချမ်းသာ ကို အဖန်ဖန်လိုက်စား ပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်သည် အလွန်ပင် ယုတ်ညံ့လှပါတယ်။ အထက်တန်းပုဂ္ဂိုလ်တွေရဲ့ အကျင့်မဟုတ်ဘူး။ နိမ့်ကျသူတို့ရဲ့ အကျင့်သာဖြစ်တယ်။ သူတော်ကောင်းတို့ကဲ့ရဲ့သော အကျင့်ဖြစ်တာကြောင့် ရှောင်ကြဉ်ရမယ် လို့ ဟောကြားခဲ့ပါတယ်။ မည်သည့်ကောင်းကျိုးတစ်စုံ တစ်ရာမျှ မရှိတဲ့ အလုပ်လဲဖြစ်တယ်လို့ ဟောထားခဲ့တယ်နော်။ အော်…မြတ်စွာဘုရား ရဲ့တရားဦးထဲမှာတောင် ထိပ်ဆုံး ကပါဝင်နေပြီဆိုမှတော့ ပေါ့သေးသေးမမှတ်သင့်ပါဘူး။ သိပ်ကို ကြောက်စရာကောင်းပြီး အထူးသတိထားရှောင်ရမယ့်အန ္တရာယ်နံပါတ် လို့သာမှတ်ရ ပါလိမ့်မယ်။ ဒါကြောင့်ပဲ သူ့နဲ့ပတ် သက် လို့ သိသင့်သမျှတွေ သိရအောင်ဆက်လိုက်ကြဦးစို့။

ဒီအန ္တရာယ်ရဲ့တကယ့် ခေါင်ချုပ်ဟာ တဏှာပါလားလို့သိလိုက်ရတဲ့အခါ သူ့အကြောင်းတွေဆက်ပြီး သိချင်လာ တယ်လေ။ အင်းတဏှာဆိုတာဘာလိုဟာပါလိမ့် ဆိုတာ လေး အရင်စရ အောင်။ ကာမတဏှာ၊ ဘဝတဏှာ နဲ့ဝိဘဝ တဏှာဆိုပြီးလေ။ ကာမတဏှာသည် လောကီအာရုံ ကာမဂုဏ်ဟူသမျှကို တပ်မက်သော တဏှာကိုပြောပါတယ်။ ဘဝ တဏှာကကျတော့ ဘဝအပေါ်မှာ ခိုင်တယ်မြဲတယ်လို့ ယူပြီးစွဲထားတယ်။ ခင်ထားတယ်။ ဘယ်လိုယူထားသလဲဆိုရင် ဒီခန္ဓာထဲမှာ အတ္တကောင် လိပ်ပြာကောင်လေးရှိတယ်။ သူက ဒီဘဝမှာ ဒီခန္ဓာအိမ်မှာနေတယ်။ နောက်ဒီခန္ဓာ အိမ်ပျက်စီး သွားတာနဲ့ နောက်ခန္ဓာအိမ်မှာ ကူးပြီးဆက်ဖြစ်သွားတယ်လို့ယူဆထားတယ်လေ။ တစ်ဘဝပြီး တစ်ဘဝသာ ပြောင်းသွား ပေမယ့် သူကတော့ မပျက်မစီးပဲ ခိုင်မြဲနေတယ်လို့ ယူထားတယ်လေ။ ခန္ဓာအိမ်သာပြောင်းပြီး ဒီအတ္တကောင်လေးကတော့ ရှင်သန်နေဆဲ၊ခိုင်မြဲနေဆဲ ပဲလို့ယူဆထားတာဆိုတော့ ဒီလို အမှားအယူကိုဖက်တွယ်ပြီး စွဲကိုင်ထားတာကိုပဲ ဘဝတဏှာ လို့သတ်မှတ်နိုင်တယ်။ ဒါသည်ပင် သဿတဒိဋ္ဌိ ပဲပေါ့။ နောက်ပြီး ဒီတဏှာရင်းခံပြီး ကုသိုလ်တွေ လုပ်တော့ လည်း ဘာထူးလဲ။ ဘုံဘဝတွေကိုလှမ်းမျှော်ပြီး လူချမ်းသာ၊နတ်ချမ်းသာဖြစ်ရပါလို၏။ ဆိုပြီးမှ ဟိုဘဝကိုခင်လိုက်၊ ဒီဘဝကိုလိုချင် လိုက်နဲ့         ကောင်းမှုတွေပြုနေကြတယ်လေ။ တဏှာတန်းလန်း၊ဒိဋ္ဌိတန်းလန်းနဲ့ လှုနေသမျှကတော့ သံသရာကထွက်နိုင် ဖို့မလွယ်တော့ပါဘူး။ တစ်ဘဝရလာတော့လည်းရေလယ်မှာပဲအီပြီးမြှုပ်လိုက်၊နောက်ကောင်းမှုတွေကို ဒီတဏှာ တွေနဲ့ လုပ်ထားတော့ ဒီကံတွေကအကျိုးပေးပြန်တော့ နောက်ခန္ဓာသစ်တွေရပြန်ရော။ အဲဒီရလာတာကလည်း ဒီဘဝကပြုခဲ့တဲ့ ကောင်းကံ၊ဆိုးကံ တွေကြောင့်ပဲဆိုတော့ အင်း ဂျာအေးသူ့အမေရိုက်သလို ဖြစ်နေပါပေါ့လား။ ဘာကြောင့်လဲဆိုတော့ ဒီ တဏှာနဲ့ဒိဋ္ဌိကို အရင်းခံထားလို့ပဲ။ ကဲနောက်တစ်ခုကရောဆိုတော့ ဝိဘဝတဏှာ ။ သူကတော့ ပျက်စဲ အယူမှားနေတာ ကိုပြောတာ။ သေရင်ပြီးတာပဲဆိုပြီးလေ။ နောက်ဘာဘဝမှမရှိတော့ဘူး။ အရာရာကောင်းတာ ပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် သေတာနဲ့ပျက်ပြီ။ သူ့ရဲ့အကျိုး ပေးတွေ ဘာတွေမရှိဘူး။ ခုဘဝမှာလုပ်ချင်ရာသာလုပ် ။ ချမ်းသာဖို့အတွက် အဖေ၊အမေတွေ ဘာတွေမလိုဘူး။ ခုလက်ရှိကောင်းစားဖို့ပဲလိုတယ်။ ဆိုလိုတာကတော့ အကြောင်း အ ကျိုး ကံကံရဲ့အကျိုးကို မယုံကြည် တာ။ဒီလိုယူဆထားတာဟာမှားနေပါလားလို့ မသိနိုင်အောင် အဝိဇ္ဇာကဖုံးပေးထားလေတော့ ဟာငါ့အယူက မှမှန်တာလို့ ဆိုပြီး ကိုယ်ယူထားတဲ့ အယူသည်သာ အမှန်ပဲဆိုပြီးဒီအပေါ်မှာတဏှာကထပ်စွဲထားလိုက်သေးတယ်လေ။ ဒီလိုအယူမှား ကို တော့ ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်ပါတယ်။ ကဲ…ဒါဆိုဒီလို အမှားတွေကို မွေးကတည်းက စွဲပြီးလာလိုက်တာ သေထိပဲ ဆိုပါတော့။ ကိုယ် ကရော ဘယ်ဒိဋ္ဌိထဲမှာ ပါသလဲဆိုတာ စစ်ကြည့်လို့ရသွားပြီပေါ့။

ကဲအဲလိုတွေ နဲ့ကိုယ်ယူတဲ့အယူအပေါ်မှာ တဏှာတွေနဲ့ချည်ထားလိုက်ပြီး အဝိဇ္ဇာကဖုံးနေပြန်တော့ မလုပ်သင့် တာတွေလုပ်ရဲတယ်။ ပြောရဲတယ်။ ကြံရဲတယ်။ ဒါတွေကိုပဲ ဒုစရိုက် မကောင်းသောအကျင့်တွေလို့ ခေါ်တယ်နော်။ အင်းတဆက်ထဲမှာပဲ ဒီဒုစရိုက် (၁၀)ပါးလေးပါထည့်လိုက်ပါတော့မယ်။ ဒုစရိုက်မှာ ကာယကံ(၃)ပါး ၊ ဝစီကံ(၄)ပါး နဲ့ မနောကံ (၃)ပါးဆိုပြီးခွဲကြည့်လို့ရတယ်နော်။ ကာယကံ(၃)ပါးကဘာတွေလဲဆိုရင် သူ့အသက်ကိုသတ်ခြင်း၊သူ့ဥစ္စာခိုးခြင်း နဲ့ကာမဂုဏ်တို့မှာ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာကျင့်မှု တို့ပဲပေါ့။ နောက် ဝစီကံ(၄)ပါးကတော့ မုသာဝါဒ လို့ခေါ်တဲ့ လိမ်ပြောတာ ၊ ပိသုဏဝါစာလို့ခေါ်တဲ့ ချောပစ်ကုန်းတိုက်တာ၊ ဖရုသဝါစာဆိုတဲ့ အယုတ်တမာတွေဆဲဆိုတာ၊ နောက် သမ္ဖပ္ပလာပ ဝါစာ လို့ဆိုကြတဲ့ သိမ်ဖျင်းသောစကားတွေပြောဆိုတာ တွေပဲပေါ့။ ဒါဆိုရင်ကို (၇)မျိုးရှိပြီနော်။ နောက်ကျန်တဲ့ မနောကံ(၃)ပါးကတော့ သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်တာ (အလွန်လိုချင်သောတဏှာနဲ့ မရရအောင် လုပ်ယူတာ မျိုး)၊ သူတစ်ပါးသေကြေပျက်စီး သွားလျှင် ကောင်းလေစွရယ်လို့ မဝမ်းမြောက်သင့်တာကို ဝမ်းသာတာ၊ နောက်ဆုံး တစ်ခု ကတော့ အစောကပြောတဲ့အယူမှားတွေ (ကံကံရဲ့အကျိုးကိုမယုံကြည်မှု)တွေပေါ့။ အယူမှားနေမှတော့ အတွေး ကလည်း မှားပေမပေါ့။ သူတစ်ပါးအသက်သေမှ ကုသိုလ် ရတယ် လို့ယူထားတာဆိုရင် သတ်ဖို့ဖြတ်ဖို့ဝန်မလေး တော့ဘူး ပေါ့နော်။ သူကတော့ အတော့ကို ကြောက်စရာကောင်းနေပါတယ်နော်။ ဒီဒုစရိုက်ဆယ်ပါးကို ပြုလုပ်လို့ရှိရင် အပါယ် ရောက် ဖို့ လမ်းဖောက်နေပြီလို့သာမှတ်လိုက်ပေတော့။  အဲ နောက်မှတ်စရာရှိသေးတယ်ဗျ။ အဲဒါကလေ ဒီဒုစရိုက်တွေကို (၁)ကိုယ်တိုင်ပြုလုပ်ခြင်း (၂)သူတစ်ပါးကို အပြု ခိုင်းခြင်း၊(၃)ဒီဒုစရိုက်ပြုပေးရင်ရမယ့် လောကီအကျိုးတွေကိုပြောပြခြင်း (၄)သူတစ်ပါးတို့ သူ့အလိုအလျောက် ပြုနေသည်ကို ဝမ်းမြောက်သဘောတူခြင်း ဆိုတဲ့လေးမျိုး နဲ့ မြှောက်ပွားလိုက် ရင်သူကနေ ဒုစရိုက်လေးဆယ်ဖြစ်သွားပြီနော်။ အဲဒါလေးကတော့ စာပေကနေသိရသမျှ လေးတွေကိုပြန်လည် ဝေဌ လိုက်တာပါနော်။

အော်ဒါဆိုရင်တော့ ဒီဒုစရိုက်တွေပြုလုပ် စေဖို့ဘယ်သူကညွှန်ကြားပေးပါသလဲ ဆိုရင်တော့ တဏှာပဲဆိုတာ ပေါ်လာ မယ်နော်။ အင်းခုမှပဲဒီသစ်တုံးပမာ တရား လေးရဲ့အန ္တရာယ်နံပါတ် -၃ကနေမှအသိတွေပွားလာလိုက်ရတာ မနည်း ပါလား။ အဝိဇ္ဇာ ၊တဏှာ ကြောင့်ကံတွေ လုပ်နေသမျှတော့ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် သံသရာလည် စေဖို့ ခန္ဓာအသစ်အသစ်တွေရစေဖို့ ပါပဲလား။ ဒီခန္ဓာရလာလိုက်တာနဲ့ကိုက ဒုက္ခပါပဲလားလို့ သိမြင်မိပြီးတော့ အမှန်မသိပဲရမ်း လုပ်နေတဲ့ အကန်းဘဝ ကနေ အမြန်ဆုံးလွတ်ဖို့ နည်းလမ်းလေးများ မြန်မြန်ရှာပေးကြပါလို့ ၊သိသမျှ လေးတွေကိုလည်း ပြန်လည်ဝေမျှကြပါဦးလို့ ပြောလိုက်ပါရစေ။

နောက်နေ့မှပဲ လွတ်လမ်းလေးရှာလို့ ရုန်းကြပါစို့။