နှလုံးသွင်းနည်း-၃

sofiadimpleAugust 13, 20101min320

အဝိဇ္ဇာအုပ်ချုပ်တဲ့ တဏှာကြောင့် ကျုးလွန်နိုင်မယ့် ဒုစရိုက်(၁၀)ပါးကိုလည်း သိခဲ့ရပြီနော်။ ဒါတွေကတော့ အကုသိုလ်ကံတွေပဲပေါ့။ အဲ..ကုသိုလ်ကံတွေလည်း ဒီ တဏှာ က ဟိုဟာလိုချင်ပြန်လို့ ကုသိုလ်လုပ်ရ၊ ဒီဟာလိုချင်ပြန်တော့ ကုသိုလ်လုပ်ရဆိုရင်တော့ ဒါသည်ပင် ဒုက္ခဖြစ်ကြောင်းကုသိုလ်ဖြစ်လို့ ရလာမယ့် အကျိုးတွေကလည်း ဒုက္ခ ခန္ဓာတွေပဲ ရလာရမှာပါပဲလို့သိသွားပါပြီ။ ဒါဆိုရင် တဏှာရယ် ၊ အဝိဇ္ဇာရယ် ၊ကံရယ်ကြောင့် ဒို့တွေဟာဇာတိတွေရလိုက် ၊ အိုလိုက်၊နာလိုက်၊သေလိုက် မသေခင်ကြား ထဲလဲ ဘာထူးလဲ သောကတွေဗလချာနဲ့ လုံးလည်လိုက်နေရပါတော့တယ်။ ဒါဆိုရင် ကိုပဲ ဒီဒုက္ခတွေရစေသော အဓိကတရားခံသည် တဏှာပါပဲလားဆိုတော့ သူ့ကိုဘယ်လို များ နိုင်အောင်တိုက် ရပါ့မလဲ ဆိုတာအမြန်ဆုံး ဖော်ထုတ်ကြပါစို့နော်။
ဒီတဏှာကို တိုက်ဖို့ သူ့အနေအထားလေးကို လေ့လာလိုက်တော့ သူ့မှာက ခံတပ်(၃)ခုတောင်ပါလား။ ဘာတွေပါလိမ့်ဆိုတော့ အတွင်းမှာ ကိန်းအောင်းနေတဲ့ တဏှာရယ် ၊ ထကြွ အုံကြွ လာတဲ့တဏှာရယ် ၊ နောက်တစ်ခုကတော့ လွန်ကျူးတဲ့တဏှာရယ် ဆိုပြီး (၃)ဆင့်တောင်နော်။ ဒီတော့ ဒို့တွေဟာ အခုလို တရားစာတွေ ဖတ် နေမယ်။ တရားကြောင်း တွေ ပြောနေဆိုနေမယ် ။ ဆိုရင်တော့ ဒီတဏှာဟာ ဖြစ်ခွင့်မရသေးတော့ ငြိမ်ချင်ယောင်ဆောင်နေတယ်ပေါ့။ သူကမရှိတော့ သလိုလို ဘာလိုလို နဲ့လေ။ အဲဒီအချိန်မှာက ထကြွတဲ့တဏှာရယ် ၊ လွန်ကျုးတဲ့တဏှာရယ်မပေါ်သေးဘူးနော်။ သူတို့ကပျောက်နေတယ်။ ဒါပေမယ့် အတွင်းမှာကိန်းနေတဲ့တဏှာ ကတော့ရှိနေ တယ်နော်။ တော်နေမှ ငါမှာတဏှာမရှိတော့ဘူးလို့ တော့မထင်လိုက်ပါနဲ့။ ရဟန္တာပုဂ္ဂိုလ်မှာသာ တဏှာ ကုန်ပါတယ် နော်။ ကဲ အဲလိုနေရင်းနဲ့ လိုချင်စရာအာရုံ တစ်ခုခုက လာတိုက် လိုက်တယ်ထားတော့ ။ ဟောထလာပါပြီ ။ကိန်းနေတဲ့ တဏှာက ခေါင်းထောင်လို့ ငြိမ်ချင်ယောင်ဆောင်နေတဲ့ထကြွတဏှာတွေ ပျော်ပျော်ပါးပါးကိုထွက်လာပါပြီ။ တိုက်စရာ အာရုံ တွေနဲ့မတွေ့မချင်း ပုန်းခိုနေတာတွေက ခုတော့ ထွက်လာကြပါပြီ။ တိုက်လိုက်တဲ့ အာရုံတွေအပေါ်မှာ ဟိုဟာ ငါကြိုက်တယ် ဟေ့။ဒီဟာတော့မကြိုက်ဘူးကွ ဆိုပြီးတော့လေ ။ အင်း ကြိုက်ပြန်တော့ လောဘဖြစ်ပြီ။မကြိုက်ပြန်တော့ ဒေါသဖြစ်ပြီ။ သွားပြီ ဒီကတည်းကကိုပဲ။ အဲဒီကမှ တစ်ဆင့်တက်လို့ လိုချင်စရာ အာရုံအပေါ်မှာ လိုချင်မယ်၊ စွဲလမ်းမယ်၊နှစ်သက်ခင်မင်မယ် ။ ဒီမှာပြီးသွားသလားဆိုတော့ မပြီးသေးဘူးနော် ဒီအဆင့်ကနေ ရာထူးတွေတက်လို့ လိုချင်တာကို မရရအောင် အားထုတ်တော့ တာပါပဲ။ အနုနည်းနဲ့ရရင်ရပေါ့။ မရဘူးဆိုရင်တော့ အကြမ်းနည်း သုံးရမှာပဲ ဆိုပြီးမှ လွန်ကျူးတဏှာ အဆင့်ကို ရောက် သွားပြီနော်။ အဲဒီအဆင့်မှာပဲ ပုံပျက်ပန်းပျက်တွေ ဖြစ်ပြီး တဏှာရူး ဘဝလုံးလုံးရောက်ရရှာတယ်နော်။ ပြီးတော့ဒီတဏှာက ဒါမှမရရင်သေရပါတော့မယ်ဆိုလာတော့ ကျူးလွန်မှုတွေက နောက်ဆက် တွဲရလဒ်တွေအနေနဲ့ ဖြစ် လာတော့တာပါပဲ။ အဲဒီမှာပဲ ဒုစရိုက်မှုတွေ ဆက်တိုက် ကျူးလွန်တဲ့ အဆင့်ကို ရောက်ရပြီပေါ့။ အော…အဆင့်တွေက ဒီလိုကိုး။ step by step နဲ့ပါလားဆိုတာသိသွားပါပြီ။
ကဲ မြန်မြန်လေးတိုက်ရအောင်ပါဆိုတော့။ တစ်ဆင့်ချင်းပယ်နည်းလေးတော့ တွေ့သွားပါပြီ။ နောက်ဆုံး အဆင့်ဖြစ်တဲ့ ကာယကံမြောက် လွန်ကျူးတဲ့တဏှာကို အရင်ဆုံး သီလနဲ့ ထိန်းရပါမယ်။ သီလဆောက်တည်လိုက်တာနဲ့ ကာယကံဒုစရိုက်(၃)ပါး၊ ဝစီကံဒုစရိုက်(၄)ပါးကို ထိန်းထားပြီးသားဖြစ်သွားမယ်နော်။ ဒါဆိုရင်ပဲ တော်တော် သက်သာ သွားမယ်နော်။ အင်းတကယ်တော့ သီလလုံအောင်စောင့်ထိန်းဖို့ကျတော့ တော်တော်လေးခက်မလားပဲနော်။ ကာယကံမှာထိန်းနိုင်တယ်ထားဦး ။ ဝစီကံမှာက မသိလိုက်ပဲ ပြော လိုက်မိတာတွေရှိနိုင် တယ်နော်။ ဒါကြောင့် ငါးပါး သီလကို လုံအောင်ထိန်းနိုင်ဖို့ကိုက မလွယ်လှဘူးနော်။ အဲ..သောတာပန်ပုဂ္ဂိုလ်တွေမှသာ ငါးပါးသီလကို ခါးဝတ်ပုဆိုး လို မြဲအောင် ထိန်းသွားနိုင်တယ်ဆိုတာ ကြားဖူးတယ်နော်။ ဒါပေမယ့်လေ အတတ်နိုင်ဆုံးတော့ ကိုယ့်မှာရှိတဲ့ ဒီတဏှာ ရန်သူ ကအထိန်းလေးမှ မရှိရင်တော့ ဒုက္ခတွေ ဆက်ကာ ပေး နေဦးမှာမို့ သိတာနဲ့တန်းပြီးထိန်း နိုင်မှ တော်ကာ ကျမယ်မလား။ ဒါကြောင့် ဒီအဆင့်(၃)ဖြစ်တဲ့လွန်ကျုးတဏှာကိုတော့ ဒို့တော့ဖြင့် သီလလုံအောင်အတတ်နိုင်ဆုံး ထိန်း လို့ ဆုံးမပေးရပါလိမ့်မယ်နော်။
နောက်တစ်ဆင့်ဖြစ်တဲ့ ထကြွတဏှာကိုတော့ သမာဓိနဲ့ထိန်းကြရပါမယ်။ သမာဓိအားလေးနဲ့ အထူး သတိ ထားပြီး ဖြစ်တာနဲ့ဖြစ်မှန်းသိပေးနေမယ်ဆိုရင် ကမ္မဋ္ဌါန်း အာရုံတစ်ခုနဲ့ စိတ်ကလေးကို လွတ်မထားပဲ ထိန်းထားမယ် ဆိုရင်တော့ ဒီထကြွတဏှာတွေလည်းဖြစ်ခွင့်မရှိတော့ဘူးပေါ့။ ဒါကြောင့် တစ်နေ့တစ်နေ့ တရားစာလေးတွေဖတ် လို့ တရားနှလုံးသွင်းလေးနဲ့ နေနေတဲ့အချိန်တိုင်းမှာက ထကြွတဏှာတွေ ပေါ်ခွင့်မရတဲ့အချိန်လို့သာမှတ်လိုက်ပါနော်။ ဒီနေရာမှာ ကလည်း တစ်ခုနဲ့တစ်ခုက ဆက်စပ်နေပါ တယ်။ သီလလေးလုံပါမှ သမာဓိ လေးရနိုင်ပါမယ်။ ဘာလို့လဲ ဆိုတော့ သမာဓိထူထောင်နေတဲ့အချိန်မှာ ကိုယ်လုပ်ခဲ့တဲ့အကုသိုလ်ဒုစရိုက်တွေက စီတန်းပြီးပေါ်လာတတ် တယ်နော်။ အဲဒါ တွေသာ ပေါ်လာလို့ရှိရင် တော့ သမာဓိကတော်တော်နဲ့ရဖို့မလွယ်တော့ပြန်ပါဘူး။ ဒါကြောင့်သီလနဲ့ထိန်းနိုင်လေ ဒုစရိုက် အလုပ်တွေပြုတ်လေ သမာဓိမှာ စင်ကြယ်လေ။ တိုးတက်လေပါပဲ။ အဲဒီလိုသမာဓိရအောင်ကျတော့ ဘယ်နဲ့ လုပ်ရပါ့မလဲ ဆိုရင် သွားချင်တဲ့စိတ်ကလေးဖြစ်လာတယ်ထားတော့။ ဒါကိုတန်းပြီး “သွားချင်တယ်၊ သွားချင်တယ်၊…”လို့ ဆက်တိုက်သာလိုက်မှတ်ပေးလိုက် ။မှတ်ရင်းနဲ့ကိုပဲ သွားချင်တာလေးပျောက်သွားမယ်။ ဒါဆိုမသွားတော့ဘူး။ အဲလိုပဲ ဒေါသတွေဖြစ်နေရင်လည်း တန်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပေးလိုက် “ဒေါသဖြစ်နေပြီ၊ဒေါသဖြစ်နေပြီ…”လို့ ဆက်တိုက်လိုက်မှတ်ပေးနေလိုက်တော့ ဒေါသကပျောက်သွားပြီးငြိမ်သွားမယ်နော်။ ဒီနည်း နဲ့ကိုယ့်ကိုယ်ကိုယ် တဏှာက တောင်း သမျှတွေကို လိုက်မလုပ်ပဲနဲ့လိုက်မှတ်ပေးနေမယ်ဆိုရင် မှတ်နေရင်းမှာကိုပဲ ထကြွချင်တဲ့ တဏှာတွေ ပြေးရ တော့တာ ပါပဲ။
အင်း…ဒီကနေမှ ဒို့အမြတ်ထပ်ထုတ်နိုင်တာက အခုလို သီလရယ်၊သမာဓိရယ်နဲ့ ထိန်းထားနိုင်တော့ ထကြွ တဏှာ နဲ့လွန်ကျူးတဏှာ က ဖြစ်ခွင့်မရတော့ဘူး။ အားပျော့လာတယ်။ တနည်းပြောရရင် ကိုယ့်ရဲ့စစ်ဆင်ရေးဗျူဟာက ကောင်း လေတော့ သူ့ခမျာလည်း လက်မြောက်ပြေးရတဲ့အချိန်ကများလာတာပေါ့။ အဲဒီအချိန် လူက ဉာဏ်လေး ပွင့်လာပြီ လို့ပြောနိုင်တယ်နော်။ ပွင့်လာတော့ဘာဖြစ်လဲဆိုရင် အင်းအစကတော့ ခိုင်တယ်၊မြဲတယ်လို့ယူဆထားခဲ့တဲ့ အရာတွေဟာ အခုတော့ မှတ်ရုံလေးနဲ့တင် ကို ပျောက်ပျက်ကုန်ပါပေါ့လား။ ခုပဲသွားချင်လှပြီလို့ ဖြစ်နေတဲ့တဏှာဟာ သူ့ကိုလည်း စေ့စေ့ကြည့်ပြီးမှတ်လိုက်ရော သွားချင်တာလေးကပျောက်သွားပါလား။ ဒါဆိုရင်တော့ အရာရာကိုခိုင်တယ်မြဲတယ်လို့ ယူဆထားတဲ့ ဟိုရှေ့ကပြောခဲ့တဲ့ ဘဝတဏှာလေး(သဿတဒိဋ္ဌိ)ဆိုတာကလဲ မဟုတ်ပါလားလို့ အမြင်မှန်လေး ဝင်သွားပါပြီ။ နောက်ပြီး ဒီလိုသွားချင်တဲ့စိတ်ကလေးဟာဖြစ်လာပြီးတဲ့နောက်သူ့ကို မှတ်လိုက်တာနဲ့ ပျက်သွားတာကို သိလိုက်ရတယ်လေ။ အဲလိုပျက်ပြီး တာနဲ့နောက်ထပ်ထပ်မဖြစ်တော့ ဘူးလား ဆိုတော့ မဟုတ်ပြန်ဘူး ဟော ဒီ တစ်မျိုး ပျက်ပြီး တာနဲ့ နောက်တစ်မျိုးက အစားထိုးပေါ်လာပြန်တယ် နော်။ ဟင်ဒါဆိုရင်နေပါဦး ငါယူဆထားတဲ့ ပျက်ပြီးရင်ပြီး သွားပြီ နောက်ဘာမှထပ်မဖြစ်တော့ဘူး ဆိုတဲ့အယူကြီးကလည်း မှားနေပါပေါ့လားလို့ ဒါကိုပဲ ဝိဘဝတဏှာလို့ (ဥစ္ဆေဒဒိဋ္ဌိ) မှန်တယ်လို့ထင်ထားတာ အခုကျအဲလိုမဟုတ်ပါလား။ ဒါဆိုငါယူထားတဲ့ အယူတွေဟာ လက်တွေ့မှာ မှားနေပါလားလို့ အမြင်မှန်လေးပါရသွားမယ်နော်။ ဒါဆိုတော်တော်လေးတော့ အဖိုးတန်သွားပါပြီ။
ကဲနောက်ဆုံး တစ်ခုဖြစ်တဲ့ ကိန်းနေတဲ့တဏှာကို ဘယ်လိုပယ်ရပါ့မလဲဆိုရင်တော့ သူကတော့ အတော်ခေါင်းမာ တာကြောင့် သာမာန်လက်နက်နဲ့တော့ မဖြုံဘူးနော်။ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ရမှသာ သူကပြေးမှာ။ ဒါတောင်မှ တစ်မဂ် တစ်ဖိုလ် လောက်နဲ့ဆိုရင်တော့ အကြမ်းစား တဏှာ(အပါယ်ကျစေနိုင်သောတဏှာ)ကိုသာပယ်နိုင်ဦးမှာနော်။ အနာဂါမ္မိ မဂ်နဲ့ဆိုရင်တောင် အနည်းငယ် သာယာမှုအကြွင်းအကျန်က ကျန်နေသေးတယ်ဆိုပါလား။ အင်းဒီကိန်းနေတဲ့ တဏှာ ကတော့လေ နောက်ထပ် ဘဝအသစ် တွေဖြစ်စေဖို့ ပင်မအရင်းအမြစ်ကြီးမို့ သူ့ကိုအပြတ်တိုက်ချင်ရင်တော့လေးမဂ်၊ လေးဖိုလ် ရမှသာ ဒီတဏှာက အမြစ်ပြတ်လို့ ဘဝအသစ်တဖန်ဖြစ်ရခြင်းဆိုတဲ ့ဒုက္ခက အပြီးတိုင် ငြိမ်းလိမ့်မယ်ဆိုတာလေး ဝေမျှ ရင်း နဲ့ပဲ ကိုယ်နိုင်သလောက် လေးနဲ့ ခုကစလို့ ဒီတဏှာရန်သူတပ်ကြီးကို တိုက်ကြပါစို့လား။
ဒီစာလေးနဲ့ပတ်သက်လို့ ကိုယ်သိထားသလောက်၊ဖတ်မှတ်ထားသလောက်၊ဉာဏ်မီသလောက်လေး ဝေဌလိုက်ရတာမို့ တစ်စုံတစ်ရာ အမှားပါသွားရင် ပြုပြင်လမ်းညွှန်ပေးစေလိုပါတယ်။
အကြံဉာဏ်လေးများရှိပါကdimplemit@gmail.comသို့ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါရစေ။