ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ

etoneAugust 13, 20101min652

ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို ့ကိုဖော်ပြသွားပါမည်။

အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို ့မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀ဝ တွင် လူ ၉ဝ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို ့ ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို ့ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။ ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို ့သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ ့အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိူးမျိူးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။

အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည် အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။ ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး ၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။ တချို ့သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။ အစားနီးလျှင်သို ့မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။ မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို ့မဟုတ် ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။

တက်သည့်ကလေးကို ဝိုင်းဝန်းခြေမချိုးပေးကြ၊

ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင် ဝိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့ ချိုးတတ်ကြသည်။ ကလေးငယ်သည် အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို ့၊ ခြေမလက်မချိုးလို ့ အတက်ကျသွားသည်ဟု ထင်နေကြသည်။ ဤသို ့သော အယူအဆသည် မှားယွင်းပါသည်။ ကလေးငယ်တက်လျှင် နှိပ်ခြင်း ၊ခြေမလက်မချိုးခြင်း လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည်ဆိုလျှင် ကိုယ်အပူချိန်ကျအောင် လုပ်ဆောင်ပေးရန်သာဖြစ်သည်။

အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း အကြောတက်လျှင် အကြောဆေးသွင်းရမည်ဟူသောထင်မြင်ယူဆချက်မှာလည်း အယူအဆမှားတစ်ခုသာဖြစ်သည်။ ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့် အမျိုးမျိုးထုတ်လုပ်ကြသည်။ ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊ အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက် ခွဲထားပေးသည်။ အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည် သွေးကြောအတွင်း တိုက်ရိုက်ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။ အကြောရောဂါများကို ပျောက်စေသည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။ အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်သည်။ အကြောတက်လို့ အကြောဆေးထိုးပေရန် တောင်းဆိုတတ်ကြသော လူနာတစ်ချို ့သတိပြုကြရန်ဖြစ်သည်။

ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ ဆေးခန်းသို ့ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို ့သည် အနာကိုမန်းမှုတ်ထားလို့ ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ ပြုလုပ်တတ်ကြသည်။ခွေးကိုက်ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။ ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း ဝင်နိုင်သေးသည်။ အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။ တစ်ခါတစ်ရံဒဏ်ရာကြီးလျှင် ချုပ်ဖို ့လည်းလိုတတ်သည်။ ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

အားဆေးမသောက်ရခြင်းများ လူနာတချို ့သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။ အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။ အချို ့နေထိုင်မကောင်းပြီး ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။ အားဆေးသောက်လျှင် ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင် အများအားဖြင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို ပိုမိုမဆိုးစေနိုင်ပါ။ သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည် သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို ပိုဆိုးစေသည်။ သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊ ကိုဘော့ စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း ပိုမိုဆိုးစေခြင်းမရှိပါ။ သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏ ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန ္တရာယ် တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။

2 comments

  • winne

    August 13, 2010 at 4:54 am

    ကောင်းပါတယ် ဒီလို စာမျိုးနဲ့ အသိပညာမျိုး တောနေ လူထု အတွက် အလွန်လိုအပ်နေပါတယ် အဲဒီ အယူတွေက အရိုးထဲ အထိ စွဲနေကြပါတယ် တတ်နိုင်သလောက်တော့ ပြောပြဘူးပါတယ် တချို့လူတွေက သူတို့ စိတ်ထဲမှာ ရှိတာ အမှန်ဘဲလို့ယုံသလို ဖြစ်ရင် သူတို့ ဖြစ်မှာ မဟုတ်လို့ လုံးဝ လက်မခံကြတာမျိုးလည်း ကြုံဘူးပါတယ်။

  • unclegyi1974

    August 13, 2010 at 3:48 pm

    ကောင်းပါတယ်၊ဒီလိုအသိပညာပေးလေးတွေဖတ်ရတာ၊
    ဒါပေမဲ့ဒီထက်လူပိုဖတ်နိုင်မဲ့နေရာလေးတွေမှာတင်ပေးနိုင်ရင်ပိုကောင်းမှာပါ၊
    ှုှုဥပမာ၊ ၊မြန်မာသတင်းစာ၊ဂျာနယ်၊
    ဒါမှလူတန်းစားအစုံအသိပညာတိုးမှာပါ၊
    ကျေးဇူးပါ။

Leave a Reply