ပုလင်းနက် နှစ်လုံး (ဇာတ်သိမ်း)

ဒါက အပိုင်း(၁)

ဒါက အပိုင်း(၂)

“အဲဒီမှာကြည့်..စာအုပ်တွေ၊ စာရွက် အများကြီး…မြင်တယ်မို့လား..။ အေး..အဲဒါတွေက..ဒီမှာ ဟိုး..
ရှေးနှစ်ပေါင်းများစွာက နေသွားတဲ့ ကိုယ်တော် ဒေါမနီ စလော့ ရဲ့ဟာတွေပဲ။ အဲဒါတွေအားလုံးက
အောက်လမ်း မှော်ပညာနဲ့ ဆိုင်တာတွေချည်းပဲ။ အဲဒီအချိန်တုန်းက မှော်တွေ၊ စုန်းတွေဆို သိတာ
တွေ့တာနဲ့ မီးနဲ့ရှို့၊ ဆီနဲ့ကြော် ပစ်တာကွ။ ဒါကို ကိုယ်တော်ကြီး စလော့က သိတာပေါ့။ ဘယ်သူ့
မှ မပြောဘဲ ဒီပညာရပ်တွေကို ကြိတ်ပြီးလေ့လာနေတာ..။ ပုံမှန်တော့ တရားလေး ဘာလေးဟော
ပေါ့..။ဒါပေမဲ့ သူ့တကယ့်ရည်ရွယ်ချက်က ဒီမှာ အဲဒီအောက်လမ်းပညာတွေ လေ့လာဖို့ပဲ။
ဖန်တကောင်းတွေထဲက အသေကောင်တွေရော၊ ကျိန်စာတွေ ရွတ်ဆိုတာရော အားလုံးသုံးတာ
ပေါ့။ အဲဒါ ဘယ်သူမှ မသိဘူး..။ အဲ..ကိုယ်တော် စလော့နဲ့ ငါ နဲ့က လွဲလို့ပေါ့..။”

“ခင်ဗျား..?”
ကျွန်တော်လည်း လွှတ်ခနဲ ထွက်သွားတယ်။

“ဟုတ်ပ..ငါပဲ..။”
အဘိုးကြီး မျက်နှာက လိမ်ညာလှည့်ဖျားတဲ့ ပုံပေါက်လာတယ်။
“ဒီမှာ ကျောင်းစောင့်ဖြစ်လာတော့ အဲဒါတွေ ငါတွေ့တာပဲ..။ အလုပ်နားတဲ့ အချိန်ဖတ်ကြည့်ရင်း၊
လေ့လာရင်း နဲ့ မကြာဘူး..ငါအားလုံး သိသွားရော..။”
အဘိုးကြီး ဆက်ပြောတာ ကျွန်တော်နားထောင်နေတယ်။ မိစာ္ဆအတတ်တွေမှာ မနာ္တန်တွေရွတ်ဆိုတာ၊
ကျိန်စာတွေတိုက်တာ၊ ဆေးဝါးတွေ ဖော်စပ်တာ အင်မတန်ခက်ခဲတဲအကြောင်းပေါ့။ သူက လူတွေပေါ်
မှာ တောင် ကျိန်စာတိုက်နိုင်တယ်တဲ့။ သူ့ရဲ့ ဆိုးဝါးညစ်ပတ်တဲ့ အောက်လမ်းအတတ်ကို အသုံးချပြီး ဒီ
က လူတွေကို မကောင်းတာတွေ ဖြစ်အောင် လုပ်ထားသတဲ့။ ရူးသွပ်တဲ့ သူ့အလိုဆန္ဒနဲ့ ဒီ ဘုရားကျောင်း
ကိုလည်း သူ့ထိန်းချုပ်မှုအောက်ရောက်အောင် ကျိန်စာတိုက်တာပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်
က အင်မတန် စွမ်းအားကြီးတာကြောင့်မို့လို့ သူမတတ်နိုင်ဘူး။ အဲဒီတော့ စိတ်အင်အားနည်းတဲ့ ဗန်ဒါဟုဖ်
ကိုပဲ အသုံးချရတာပေါ့။ သူ့ကို ပြုစားလိုက်တော့ လာတဲ့လူတွေကို ပေါက်ကတွေ ဟောရော။ ဒီက တော
သား လူရိုးလူပြိန်းတွေ ခမျာ ကြောက်ရှာကြသပေါ့။ ဘုရားကျောင်း အနောက်ဘက် နံရံရဲ့ နောက်မှာ ရှိတဲ့
ဒီအခန်းလေးထဲကနေပြီးတော့ ဗန်ဒါဟုဖ် တရားဟောတာကို စူးစူးစိုက်စိုက်နဲ့ အမြဲကြည့်နေတာတဲ့။ အဲဒီ
နံရံမှာ ချိတ်ထားတဲ့ ခရစ်တော် ပန်းချီကားထဲက ခရစ်တော်ကို ဖြားယောင်းဖို့ကြိုးစားနေတဲ့ မိစာ္ဆကောင်ရဲ့
မျက်လုံးနေရာကို အပေါက်ကလေးတွေ ဖောက်ထားပြီး အဲဒီက တဆင့် ကြည့်နေတာတဲ့။ နောက်တော့
ဘုရားကျောင်းကို လာမည့်သူ မရှိတော့ဘူးလေ။ အဲဒီတော့ ဖော်စတာ တစ်ယောက် ဗန်ဒါဟုဖ် နဲ့ ကျောင်း
ထဲမှာ လုပ်ချင်ရာ လုပ်လို့ရပြီပေါ့။

“ဒါပေမဲ့…ခင်ဗျား..သူနဲ့ ဘာလုပ်တာလဲ..သူ့ကို ဘာလုပ်လိုက်တာလဲ?”
မေးလိုက်တဲ့ ကျွန်တော့်လေသံက ခြောက်ကပ်ကပ်နဲ့ အသက်မဲ့နေသလိုပဲ။ အဘိုးကြီးက သူ့ဖျောင့်ချက်ကို
ခဏရပ်ပြီး ထ ရီပါရော။ အားရရွှင်မြူးတဲ့ ပုံစံနဲ့ဗျ..။ နောက်တော့ အရှိန်သတ်ပြီး ညည်းသံလိုလိုနဲ့ ပြော
တယ်။
“ငါ သူ့ဝိဉာဏ်ကို နှုတ်ယူလိုက်တာ..။”
အဲဒီလေသံနဲ့ အဲဒီစကားက ကျွန်တော့်ကို တုန်လှုပ်သွားစေခဲ့တယ်။
“ငါ သူ့ဝိဉာဏ်ကိုနှုတ်ပြီး ပုလင်းတစ်လုံးထဲ ..အဲ..ပုလင်းနက်လေး တစ်လုံးထဲ ထည့်လိုက်တာ..။ပြီးတော့
သူ့ကို မြေမြှုပ်လိုက်တယ်လေ။ သူ့မှာ ဝိဉာဏ်မရှိတော့ ကောင်းကင်ဘုံလည်း မသွားနိုင်၊ ငရဲပြည်လည်း
မရောက်နိုင် ဖြစ်နေရှာတာပေါ့။ အဲ..အဲ..ဒါပေမဲ့ အဲဒါအတွက် ငါ့ဆီကို ပြန်လာတော့တာ..။သူ့ကို မြှုပ်ထား
တဲ့ တွင်းထဲကနေ ထွက်လာဖို့ ကြိုးစားနေတာ..။ မြေကြီးတွေ တွန်းဖယ်ပြီး ထွက်လာတဲ့ အသံတောင်
ငါကြားရတယ်…။ အဲလို သူက သန်မာတာ။”

အဘိုးကြီး ပြောတာ ဆက်နားထောင်ရင်း သူအမှန်တွေ ပြောနေတာဖြစ်မယ်လို ပိုပိုပြီး စိတ်ထဲမှာ သေချာ
လာသလိုပဲ။ အခု သူပြောတာတွေက ဟိန်းစ် ပြောပြခဲ့တာတွေနဲ့ ကွက်တိဗျ။ ကျွန်တော်လည်း တကြောက်
ထဲ ကြောက်လာလိုက်တာ လှေကားကနေ ဆင်းပြေးပြီး ကြမ္မာဆိုးသင့်နေတဲ့ ဒီဒေသကနေ ချက်ချင်းလစ်
ပြေးဖို့ စိတ်တွေ တဖွားဖွားပေါ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ အာရုံလွှဲတဲ့အနေနဲ့ ပြတင်းပေါက်ဘက်
ထကြည့်တယ်။ အောင်မလေး..ကျွန်တော့် မျက်လုံးတွေ ကျွတ်ထွက်မတတ် အံ့အားသင့်သွားတယ်။ ဦးလေး
ရဲ့ သင်္ချိုင်းရာ မှတ်တိုင်က ပိုပြီး စောင်းလာပါလား။ လေးဆယ့်ငါး ဒီဂရီလောက်ကို စောင်းနေပြီ။

အသက်မရှူနိုင်ဘဲ အမောတကောနဲ့ ကျွန်တော်မေးလိုက်တယ်။ ဟုတ်တယ်လေ..။ တစ်ခုခုတော့
မြန်မြန်လုပ်ဖို့လိုနေပြီ။
“အမလေး..လေး..လေး…မလုပ်နဲ့…သူ ငါ့ကို သတ်မှာပေါ့”
အဘိုးကြီးက ထအော်တယ်။
“ပြီးတော့ လုပ်နည်း အစီအရင်ကို ငါမေ့နေပြီကွ…သူ သင်္ချိုင်းထဲကထွက်လာရင် ဝိဉာဏ်ကင်းမဲ့နေပေမဲ့
အသက်ရှိသလို လှုပ်ရှားနိုင်တော့ တို့နှစ်ယောက်စလုံးကို သတ်ပစ်မှာ..သိလား။”
“ဒါဖြင့် ဘယ်မတုန်း သူ့ဝိဉာဏ်ထည့်ထားတဲ့ ပုလင်း..။”
မေးရင်း ခြိမ်းခြောက်တဲ့ အမူအယာနဲ့ သူ့ရှေ့တိုးသွားတယ်။ ကျွန်တော့်စိတ်ထဲမှာ မကြာခင်ပဲ စောက်ကျိုး
နည်းတာတွေ ဖြစ်တော့မယ်လို့ ထင်လာတာကိုး။ ဒီတော့ ကျွန်တော့်ရှိသမျှ စွမ်းအားနဲ့ တားဆီးရမယ်။
“မင်းကို ငါ ပြောမှာမဟုတ်ဘူးကွ..ခွေးကောင်လေး..။”
သူကလည်း ဒေါသတကြီး ပြန်အော်တာပေါ့။သူ အခန်းထောင့်ဘက် နောက်ဆုတ်သွားတာ ကြည့်ရင်း
မြင်တာထက် စိတ်ထဲမှာ ခံစားလိုက်ရတာ သူ့မျက်လုံးထဲက ထူးဆန်းတဲ့ အရိပ်အယောင် တစ်ခုဗျ။
“ဟေ့ကောင်.. ငါ့မထိနဲ့နော်..ပြီးမှ မထိမိရင်ကောင်းသားလို့ ဆုတောင်းနေရမယ်..။”

ကျွန်တော် ရှေ့ဆက်တိုးရင်း သူ့နောက်က ခွေးခြေပုကလေးပေါ်မှာ ပုလင်းနက်နှစ်လုံး တင်ထားတာ သတိ
ထားလိုက်မိတယ်။ ဖော်စတာကြီးက ထူးဆန်းတဲ့ စကားလုံးတွေကို သီချင်းဆိုသလို ရေရွတ်လိုက်တဲ့ အခါမှာ
ကျွန်တော့် မျက်လုံးရှေ့က အရာအားလုံး မီးခိုးရောင် ပြောင်းသွားပါရော။ ကျွန်တော့်ကိုယ်ထဲမှာ (ဒါမှမဟုတ်)
ကျွန်တော်နဲ့ ပေါင်းစည်းထားတဲ့ အရာတစ်ခုက စွမ်းအားတစ်ခုခုနဲ့ ဆွဲစုပ်ခံနေရသလိုမျိုး ရုန်းထွက်ဖို့ကြိုးစား
နေတာ ခံစားလာရတယ်။ ကျွန်တော့် လည်ချောင်းထဲကနေ တစ်ခုခု အတင်းတိုးထွက်ဖို့ လုပ်နေတာရော။
ကျွန်တော့် ဒူးတွေ မခိုင်တော့ပဲ ပျော့ကျလာတယ်။ ကျွန်တော့် ဝိဉာဏ်ကို ဆွဲထုတ်ဖို့  လုပ်နေတာများလား။
ဒယိမ်းဒယိုင်နဲ့ အတင်းတိုးသွားပြီးတော့ သူလည်ပင်းကို ဖမ်းကိုင်လိုက်တယ်။ အားတဲ့ နောက်လက်တစ်
ဘက်နဲ့ ခွေးခြေပေါ်က ပုလင်းနက်နှစ်လုံးကို လှမ်းဆွဲတာပေါ့။ အဲဒီမှာ အဘိုးကြီးက နောက်ပစ် လဲကျ
သွားတော့ ခွေးခြေနဲ့ သူတိုက်မိပါရော။ ပုလင်းတစ်လုံးက ကျကွဲသွားပြီးတော့ ကျန်တစ်လုံးကို ဆတ်ခနဲ
ကျွန်တော် ဆွဲမိသွားတယ်။ မီးတောက်ပြာပြာကလေး ဖြုန်းခနဲထတောက်ပြီး ကန့် အနံ့လိုလို အနံ့က
အခန်းထဲ ပြည့်သွားသဗျ..။ပုလင်းကွဲစတွေထဲကနေ အဖြူရောင် အခိုးအငွေ့တစ်ခု တိုးထွက်လာပြီး
တော့ ပြတင်းပေါက်ကတဆင့် အပြင်ကို လွင့်မျော ပျောက်ကွယ်သွားတော့တာပဲ။

“မင်းကို ကျိန်တယ်ကွာ..အပေအတေလေး။”
အသံက အဝေးကလာသလိုမျိုး တိုးတိုးသဲ့သဲ့ပဲ။ ဖော်စတာကြီး ဆီကပေါ့။ ပုလင်း ကျကွဲကတည်းက သူ့ကို
ကျွန်တော် လွှတ်ပေးလိုက်တာလေ။ နံရံဘက်ကို လေးဘက်ကလေးထောက်ပြီး သွားနေတာများ အရင်က
ထက် ပိုသေးပြီး၊ ပိုရှုံ ့တွသွားသလိုပဲ။ သူ့မျက်နှာက စိမ်းပုပ်ပုပ်အရောင် တဖြည်းဖြည်းပြောင်း လာတယ်။
“မင်းကို ကျိန်တယ်..လူရှုပ်..။”
အသံထွက်ရုံကလေး နဲ့ ထပ်ပြောတာ ကျွန်တော်ကြားရတယ်။
“ငါတော့ ပြီးပြီ..။ အဲဒီထဲကဟာက ငါ့ဟာကွ…၊ ဟိုအရင် နှစ်နှစ်ရာလောက်ကတည်းက ဒေါမနီ စလော့
ငါ့ဆီက ဆွဲထုတ်သွားခဲ့တာ..။”
ကြမ်းပြင်ပေါ်က သူ တဖြည်းဖြည်းလဲကျရင်း မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။
သူ့အသားတွေက ဖြူရာကနေ မဲ၊ ပြီးတော့ ဝါလာရော။ နောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး အမှုန်အစတွေ
လို ကြွေကျပြီး အဝတ်ကလေးပဲ အပုံလိုက်ကျန်ခဲ့တာကြည့်ပြီး ကျွန်တော် အပြင်းအထန် တုန်လှုပ်နေမိ
တယ်။

ကျွန်တော့်လက်ထဲကိုင်ထားတဲ့ ပုလင်းက တဖြည်းဖြည်း ပူနွေးလာတော့ ကြောက်ကြောက်နဲ့ တစ်ချက်
ကြည့်လိုက်တယ်။ မီးစုန်းတောက်သလိုမျိုး အရောင်ဖျော့ဖျော့လေး လင်းနေသဗျ..။ အဲဒါနဲ့ စားပွဲပေါ်
ပြန်တင်ထားလိုက်ပြီး ပုလင်းကို မျက်လုံးမခွာနိုင်ဘဲ ဆက်ကြည့်နေမိတယ်။ အဲဒီပုလင်း အရောင်ပိုထွက်
လာတာနဲ့ အမျှ တိတ်ဆိတ်မှုကလည်း ကြောက်မက်ဖွယ် ကြီးစိုးလာတာပဲ။ ကျွန်တော့်နားထဲမှာ မြေကြီး
ယက်သံလိုလိုကြား မိတော့ ပင့်သက်တစ်ချက်ရှိုက်ရင်း ပြတင်းပေါက်ကနေ လှမ်းကြည့်တယ်။ ကောင်း
ကင်မှာ လ က ကောင်းကောင်းကြီး ထွန်းလင်းနေပြီဆိုတော့ ဦးလေး မြေပုံကို သေချာမြင်ရတယ်။
သူ့မှတ်တိုင်က လုံးဝလဲနေပြီ။ နောက်ထပ် အသံကြားရတဲ့ အချိန်မှာ ကျွန်တော့်ကို ကျွန်တော် လုံးဝ
မထိန်းချုပ်နိုင်တော့ဘူး။ လှေကားကနေ တဒုန်းဒုန်း ဆင်းပြီး တွေ့ကရာ အကုန်ကျော်လွှားလို့ သေ
လုမျောပါး ထွက်ပြေးတော့တာပဲ။ တောင်ပူစာ အခြေက မိုးမခပင်လမ်းကြားကို ရောက်တော့ နောက်
ဘက်က ကြောက်စရာ အော်ညည်းသံကြီးကို ကျွန်တော် ကြားလိုက်မိတယ်။ ကျောင်းဘက် တစ်ချက်
လှည့်ကြည့်မိတော့ လရောင်အောက်မှာ ကြီးမား မဲနက်တဲ့ အရိပ်ကြီး တစ်ခု ဦးလေး သင်္ချိုင်းရာထဲက
နေ အပြင်ကို တိုးထွက်လာပြီး ဘုရားကျောင်းဘက်ကို စမ်းတဝါးဝါးနဲ့ သွားနေတာ တွေ့လိုက်ရတာပဲ။

========================================================

နောက်နေ့မနက်ကျတော့ ကျွန်တော့်ဇာတ်လမ်းကို ဟိန်းစ်ရဲ့ ဆိုင်မှာထိုင်ရင်း ရွာသားတွေကို ပြောပြလိုက်
တယ်။ ကျွန်တော်ပြောတာ နားထောင်ရင်း သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ ပြုံးကြ
သဗျ။ အဲဒါနဲ့ ကျွန်တော်နဲ့အတူတူ အဲဒီသွားကြည့်ကြမယ်ဆိုတော့ အကြောင်းစုံပြပြီး မလိုက်ချင်ကြောင်း
အသီးသီးပြောကြရော။ သူတို့ အဲဒီလောက် အရဲမကိုးဘူး။ အန္တရာယ်တွေ့တာနဲ့ သိပ်စဉ်းစားမနေနဲ့၊ ပြေး
မှာပဲ ဆိုတာမျိုး။ ဒါဖြင့် ကျွန်တော် တစ်ယောက်သွားမယ်ဆိုပြီး ဖိန့်ကြည့်တော့ သွားချင်သွားပေါ့ ဆိုတဲ့
အနေအထား။ တကယ်တော့ ကျွန်တော်လည်း တစ်ယောက်တည်း ဘယ်သွားရဲတော့မလဲ။

အဲဒါနဲ့ ကျွန်တော်လည်း ဟိန်းစ် ဆိုင်ကနေထွက်လာတော့ မုတ်ဆိတ်ဖြူအရှည်ကြီးနဲ့ အဘိုးကြီးတစ်ယောက်
ကျွန်တော့်နောက်က ပြေးလိုက်လာပြီး လက်မောင်းကို လာဆွဲတယ်။
“မင်းနဲ့ ငါလိုက်ခဲ့မယ် ကောင်လေး…။ ဒေါမနီ စလော့နဲ့ပက်သက်ပြီး ငါ့အဘိုးပြောတာ ငါကြားဖူးတယ်ကွ။
လူဆန်းကြီး တစ်ယောက်ပဲတဲ့..။ နို့ပေမဲ့ ဗန်ဒါဟုဖ်က သာဆိုးနေသလိုပဲကွ။”

ကျွန်တော်တို့ ရောက်သွားတော့ ဦးလေးရဲ့ မြေပုံက မွစာကျဲနေပြီ။ သင်္ချိုင်းဖောက်တဲ့ အကောင်တွေကြောင့်
ဖြစ်မှာလို့ နှစ်ယောက်သား သဘောတူမိကြတယ်။ ခေါင်းလောင်းထိုးစင် အခန်းထဲကျတော့ ..အဲ..ကျွန်တော်
စားပွဲပေါ်တင်ထားတဲ့ ပုလင်းမရှိတော့ဘူးဗျ။ ကျကွဲသွားတဲ့ ပုလင်းကတော့ ကြမ်းပြင်ပေါ်မှာ ရှိသေးတယ်။
နောက် ဖုန်မှုန့်ဝါဝါတွေ နဲ့ ဖော်စတာကြီး အဝတ်တွေက အပုံလိုက်ကလေး။

ခေါင်းလောင်းထိုးစင်အခန်းထဲက စာအုပ် စာတန်းတွေ၊ ဘုရားကျောင်းနဲ့ မပက်သက်တဲ့ မသန့်ရှင်းတဲ့
ပစ္စည်းတွေ အကုန် သယ်ချပြီး စုပုံ မီးရှို့ပစ်လိုက်တယ်။ ဂေါ်ပြားတစ်ချောင်းတွေ့တာနဲ့ ဦးလေးရဲ့ တွင်းကို
ပြန်ဖို့ ထားခဲ့တာပေါ့။ သူ့မြေပုံ မှတ်တိုင်ကိုတော့ မီးပုံထဲ ပစ်ထည့်လိုက်တယ်။

အခုတော့ တစ်ချို့အမျိုသမီးများ ဘာပြောလဲဆိုရင် လပြည့်ညတွေဆို ဘုရားကျောင်းနားတဝိုက်မှာ မဲမဲအကောင်
ကြီးတစ်ကောင်ဟာ လက်ထဲမှာ ပုလင်းကလေးတစ်လုံးကိုင်လို့ မမှတ်မိတော့တဲ့ ရည်မှန်းချက်တစ်ခုကို ရှာဖွေရင်း
တလည်လည် ဖြစ်နေတာ မြင်ကြရပါသတဲ့လေ။

 

 

စာကြွင်း –
H.P Lovecraft ရဲ့Two Black Bottles ကို အနီးစပ်ဆုံး ဘာသာပြန်ပါသည်။

16 comments

  • ဇီဇီ

    July 8, 2014 at 2:08 pm

    အီးးးး
    :hint:

    မဆိုင်တာ မေးဦးမှ…
    သူတို့ မှော် ပညာ က ဆား ကို ကြောက်သတဲ့ ဆို??
    ဒရက်ဂူလာတွေ ဆို ကြက်သွန်ဖြူ ကြောက်သတဲ့။
    နာ လည်း ရုပ်ရှင်တွေက ကြပ်လွှတ်တာတွေ အဟုတ်မှတ်နေတာ။
    😀

  • မောင်ဘလိူင်

    July 8, 2014 at 3:32 pm

    သူတို့မှော်ပညာက ဆားကို ကြောက်သလား ဆိုတာ ကျွန်တော်လည်း
    မသိဘူး အစ်မရေ..။ ကိုရီးယားကားတွေထဲမှာ တော့ ဆားနဲ့ပက်ရင်
    လူယုတ်မာ မကောင်းဆိုးဝါးလို ့ပြောလိုက်တာနဲ့ အတူတူပဲ ထင်တယ်။
    (အဲဒီအခန်းမျ ိုး မကြာခဏ ပါတာကိုး..)
    ကြက်သွန်ဖြူကြောက်တဲ့ ဒရက်ကူလာလည်း ဇာတ်လမ်းတွေထဲ အမြဲပါ
    တတ်သား။ အရှေ့တိုင်းသားတွေလည်း အဲဒီလို ယုံကြည်မှုမျိုးတွေ ရှိသ
    ဗျ..။ ဇာစ်မြစ်ကို အချိန်ပေးတူးဖော်ကြည့်ရင် ဘာမှမဟုတ်ပေမဲ့ စိတ်ဝင်
    စားစရာလေးတွေ တွေ့နိုင်မယ် ထင်ရဲ့။

  • kyeemite

    July 8, 2014 at 3:54 pm

    ဘာပြောပြော ဖတ်ကောင်းတဲ့ စိတ်လှုပ်ရှားဖွယ် ဇတ်လမ်းလေးတစ်ပုဒ်တော့ ဖတ်လိုက်ရတာပေါ့ဗျာ..
    ယုံတာမယုံတာတော့တစ်ပိုင်းပေါ့….နာမည်တွေသာ ဗမာနာမည်ပေးလိုက်ရင် ဘာသာပြန်တဲ့စာလို့တောင်ထင်စရာမရှိဘူးဗျ

    • မောင်ဘလိူင်

      July 9, 2014 at 12:26 pm

      ဦးလေး မိုက်ရေ..ပထမတော့ ကျွန်တော်လည်း အမှီးပုံစံနဲ့ မြန်မာမှုပြုမယ်
      ပေါ့လေ။ လူက ခပ်ပျင်းပျင်း၊ ဒေသန္တရ ဗဟုသုတက နည်းတော့ ဒဲ့ပဲ ပြန်
      ချလိုက်တော့တယ်။ ဗမာပြည်ထဲက သွားလာရခက်ခဲတဲ့ ရွာကလေးက
      ဘုန်းကြီးရယ်၊ ကပ္ပိယ ရယ်၊ ဘုန်းကြီးတူရယ် ဒီလိုမျိုး။

  • Mr. MarGa

    July 8, 2014 at 6:08 pm

    စိတ်လှုပ်ရားစရာလဲကောင်း
    ဖတ်လို့လဲ ကောင်းတယ်ဗျာ
    ဦးမိုက် ပြောသလို ထပ်တူထပ်မျှ ထပ်ပြောပါကြောင်း 🙂

    • မောင်ဘလိူင်

      July 9, 2014 at 12:28 pm

      ကျေးဇူးပါ မောင်သိကြားရေ… ကျန်တာတော့
      ဦးမိုက်ကို ပြောသလို ထပ်တူထပ်မျှ ပြောပါကြောင်း ။ 😀

  • အရီးခင်

    July 8, 2014 at 11:05 pm

    ဇီကလေး ရဲ့
    အရီး တို့ ရဲ့ မာမီများ စောစော ထပြီး မီးဖိုချောင် ဝင်ရဲ အောင် လက်နက်ပေးထားခြင်း ဖြစ်ကြောင်းပါကွဲ့။
    တွေးကြည့်ပါလား။
    ဟင်း ချက်နေတုန်း ချွတ် ကနဲကြားလိုက်ရင် ဆားနဲ့ပက်၊ ကြက်သွန်ဖြူ နဲ့ ပေါက် ဘယ်လောက် လွယ်သလဲ။
    စိတ်ပါရင် ဆား နဲ့ စည်းတောင်တားလို့ ရသေး။
    ရှေးလူကြီးတွေ အကြံကောင်းပုံများ ဈေးကြီးတဲ့ ဆီ ကို ထည့်မထားဘူး။ lol:-)))

    မောင်ဘလှိုင်
    ဘယ်လို စကားနဲ့ ချီးမွမ်း ရမယ်တောင် မသိတော့။
    အတော်လေးဖတ်လို့ ကောင်းပါ၏။
    အသိမ်းစာသား ကို ကွန့် မယ်။
    {အခုတော့ တစ်ချို့အမျိုသမီးများ ဘာပြောလဲဆိုရင် }
    ကြားဘူးတာကတော့ သရဲ ဆိုတာ ကို ကြောက်တတ်တဲ့ သူမှ မြင်ရ တာဆိုတော့
    မိန်းမ တွေဘဲ သူရဲ ကြောက်တတ်တာမှမဟုတ်တာလေ။
    ကျား တွေက မြင်လဲ မမြင်ချင်ရောင်ဆောင်ပြီး မပြောလို့ နေမှာပါတော်။
    သူတို့ လဲ ကြောက်တာဘဲ ဟာကို။

    • မောင်ဘလိူင်

      July 9, 2014 at 12:12 pm

      အရီးရယ် ကိုယ့်အချင်းချင်းတွေ အရမ်းမြှောက်တာပဲ..။ 😀

      ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ရင် ဘာလိုမှန်း မသိဘူး။
      ဟုတ်ကဲ့ ..ကျွန်တော်လည်း ကြောက်တတ်ပါတယ်
      အရီး…။ နို့ပေမဲ့ လူတွေ ကွဲပြားပုံက အကြောက်တရားကို
      ဘယ်လို ဘယ်ပုံ တွန်းလှန်သလဲ ဆိုတာမှာ ဖြစ်မယ်။

  • hmee

    July 9, 2014 at 8:19 am

    ကိုဘလှိုင်​​ရေ ဖတ်​လို့ တကယ်​ကို​ကောင်​းပါတယ်​။ ဂျုး​တွေလည်​း ကြက်​သွန်​ဖြူ​ဆောင်​ကြတယ်​။ ​ငွေလဲတဲ့ ဆိုင်​​တွေရဲ့ ​ကောင်​တာ​ဒေါင်​့​တွေမှာ ကြက်​သွန်​ဖြူထုတ်​​လေး​တွေ ချိပ်​ထားကြတယ်​။ ​နောက်​အိမအဝင်​ဝ​တွေမှာ ​ဒေးဗစ်​ကြယ်​ပုံ​တွေကို အ​ဆောင်​အ​နေနဲ့ ချိပ်​ထားကြတယ်​။

    • မောင်ဘလိူင်

      July 9, 2014 at 12:18 pm

      ကျေးဇူး အန်တီမှီး ရေ..။ ကြက်သွန်ဖြူ ယုံကြည်မှုကတော့
      အတော်ကျယ်ပြန့်တာပဲ နော်။ တရုတ်လူမျိုးတွေလည်း
      ယုံကြတယ် ထင်တယ်။

  • weiwei

    July 9, 2014 at 10:46 am

    ဖတ်လို့တကယ်ကောင်းလို့ ပထမပိုင်းဖတ်ပြီးကထဲက စောင့်ဖတ်ဖြစ်တဲ့ပို့စ်ပါ ..

  • မောင်ဘလိူင်

    July 9, 2014 at 12:39 pm

    H.P Lovecraft ဟာ သူ့ခေတ်အခါက သူ့လိုင်းမှာ ထိပ်အတန်းအဆင့် နေရာရထား
    တဲ့ စာရေးဆရာပါ။သူ့ရဲ့ ဟော်ရာ ဝတ္ထုတိုတွေဟာ အင်မတန် နာမည်ကြီးပါတယ်။
    အခု ဝတ္ထုတိုတွေထဲကမှ အတော်ကလေးကို တိုတဲ့ တစ်ပုဒ်ကို ရွေးနှုတ်ပြီး ဘာသာ
    ပြန်တင်ဆက် ပေးလိုက်ပါတယ်။

  • Ma Ma

    July 9, 2014 at 7:56 pm

    မှော်ဝတ္ထု ဘာသာပြန်ကို ဖတ်ရင်းနဲ့ ဇာတ်သိမ်းမှာ…..
    အထက်တန်းကျောင်းတုန်းက သင်ခဲ့ရတဲ့ `သရဲခြောက်သည်ဆိုသော အိမ်ကြီး ` ထဲကလိုမျိုး ဖြစ်သွားလိမ့်တယ်လို့ ထင်နေခဲ့တာ။ 🙂

    သဂျီးက ဘရိန်းဝေါ့ချ် လုပ်တာခံထားရလို့ထင်တယ် 😀

  • alinsett (gazette)

    July 9, 2014 at 8:43 pm

    အစကနေ..အဆုံး…
    ခုထိ မဖတ်ရသေးပါဘူး..

    :mrgreen:

    သေချာ အချိန်ယူပြီးဖတ်ဖို ့… သိမ်းလိုက်ပြီလို ့…
    အဲဒါလေး…အချိန်မှီအောင်…လာပြောတာပါ..

Leave a Reply