သက်ကြီး အနုပညာရှင်တို့ရဲ့ လှုပ်ရှားတောက်ပနေဆဲ အနုပညာပုံရိပ်များ

manawphyulayAugust 13, 20101min350

အသက်အရွယ် ကြီးရင့်လာသည့်တိုင်အောင် ကျရာအခန်းကဏ္ဍကနေ ဆေးစက်ကျရာ အရုပ်ထင်စေလို့ သူတို့ရဲ့အနုပညာ စွမ်းပကားတွေ ကို ဖော်ထုတ်ပြသနေကြသူတွေ အများကြီးရှိပါတယ်။ သူတို့တွေရဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ရင့်ကျက်လာတဲ့ အနုပညာဗီဇ၊ ရင့်သန်လာတဲ့ ပါရမီတို့နဲ့ တတ်စွမ်းရာ အနုပညာကို စွဲကိုင်ပြီး ဇာတ်လမ်းရဲ့ အနှစ်သာရ၊ ဇာတ်ရုပ်တစ်ခုချင်းရဲ့ လိုအပ်ချက်ကို အထောက်အပံ့ ပေးနိုင်တာကလည်း အထင်အရှားပါပဲ။ လက်ရှိအနုပညာ ရပ်ဝန်းထဲမှာ လိုအပ်ချက်တစ်ခုဖြစ်တဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွားဇာတ်ရုပ်တွေကို ပီပီ ပြင်ပြင် ပုံဖော်အသက်သွင်းနိုင်တဲ့ ဒီလိုဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ဆို ရမှာပါ။ အသက်အရွယ်ကြီးရင့်လာလို့ အနုပညာလောက က အနားယူသွားပြီဖြစ်တဲ့ သက်ကြီးအနုပညာရှင် တချို့ရှိသလို တတ်စွမ်းရာအနုပညာနဲ့ ပုံဖော်လှုပ်ရှားနေကြသူတွေလည်း ရှိပါတယ်။ သူတို့တွေရဲ့မအိုဟောင်းသော အနုပညာနဲ့ ဖန်တီးနေဆဲ အနုပညာတွေနဲ့ ပတ်သက်လို့ မေးဖြစ်တဲ့ အခါမှာတော့ . . .

ဝါဝါဝင်းရွှေ

အန်တီဝါ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလှုပ်ရှားမှု တွေ အချိန်ခဏ ရပ်နားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ပရိသတ်က အန်တီဝါ ဘာလို့အနုပညာအလုပ် တွေ မလုပ်တော့တာလဲလို့ မေးလာ ကြတဲ့သူတွေရှိသလို ကိုယ်တိုင်ကလည်း အနုပညာနဲ့ပတ်သက်ရင် လုပ်ချင်တဲ့စိတ်က အမြဲလိုလိုရှိနေတယ်။ ဒါကြောင့် အန်တီဝါ ဒီအလုပ်တွေကို ပြန်လုပ်တော့မယ်လို့ ရည်ရွယ်ဆုံးဖြတ်ခဲ့ပါတယ်။ အန်တီဝါရဲ့ ဝါသနာဗီဇအရ သရုပ်ဆောင် တစ်ယောက်အဖြစ်တင် မဟုတ်ဘဲ ဒါရိုက်တာတစ်ယောက် အဖြစ်ကလည်း ၁၉၇ဝ ပြည့်နှစ်ကတည်း က လုပ်ဖြစ်ခဲ့တာဆိုတော့ အခုအနုပညာအလုပ်တွေ ပြန်လုပ်တဲ့အခါလည်း သရုပ်ဆောင်တစ်ယောက် အဖြစ်ရော ဒါ ရိုက်တာ တစ်ယောက်အဖြစ်ပါ ပြန်လုပ်ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေက အရမ်းကောင်းလှတယ်လို့ မဆိုနိုင်ပေမယ့် အန်တီဝါ scene ပေါ်ရောက်သွားလို့ အနုပညာအလုပ်တွေ လုပ်ခွင့်ရတဲ့အခါ ကျန်းမာရေးကောင်း သွားသလိုကို ခံစားရပါတယ်။ ဒါကြောင့် တတ်စွမ်းသရွေ့လေးတော့ အနုပညာအလုပ်တွေကို ဖန်တီးဖြစ်ပါတယ်။ နိုင်ငံတကာမှာဆိုလည်း သက်ကြီးအနုပညာရှင်တွေက သူတို့တတ်နိုင်ရာ အခန်းကဏ္ဍကနေ ပါဝင် နေကြတယ်ဆိုတော့ အန်တီဝါတို့ ဒီမှာလည်း တတ်နိုင်တဲ့သူက တစ်တပ်တစ်အား လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါဆိုရင် အနုပညာ အရည်အသွေးပိုင်းတွေမှာလည်း ပိုပြီးအားရှိလာနိုင်တာပေါ့လေ။ အသက်အရွယ် အရ အများကြီး မလုပ်နိုင်ပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် ကလေးနဲ့လုပ်ခွင့်ရတာကိုပဲ ကျေနပ်မိတယ်။ အခုချိန်ထိလည်း အန်တီဝါကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်မိတယ်။ အနုပညာ ဆိုတာကတော့ အသက်ရှင်သရွေ့ ရှိနေမှာပါပဲ။ လုပ်ခွင့်ရတာ၊ လုပ်နိုင်တာဆိုတဲ့ အတိုင်းအတာအပေါ်ပဲ မူတည်ပါတယ်။

ဒေစီကျော်ဝင်း

အန်တီအရင်ကတော့ အနုပညာ အလုပ်တွေကို နားထားဖြစ်တာပါ။ အခု နောက်ပိုင်းမှာတော့ တချို့ ဇာတ်ကားလေးတွေကို ရိုက်ကူးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ရုပ်ပိုင်းအရလည်း အန်တီလုပ်နိုင်တဲ့ဇာတ် ရုပ်မျိုးဖြစ်နေတယ် ဆိုတဲ့အတွက် ရိုက်ဖြစ်တာပါ။ ဒီအခါမှာ ကျန်တဲ့ အခက်အခဲတွေ ကတော့ သိပ်အများကြီး မကြုံရပါဘူး။ အသက်အရွယ်အရ ဒိုင်ယာလော့ခ်တွေ ကျက်ရင် ခဏခဏ မေ့တတ်တာလောက်ပဲ ကြုံရပါတယ်။ အဲဒါကလည်း လုပ်ဖော်ကိုင်ဘက် အနုပညာရှင်တွေက နားလည်သည်းခံ ပေးကြတဲ့အတွက် အဆင်ပြေတယ်လို့ ဆိုရမှာပါ။ နောက်ပိုင်းလည်း လာပြီး ပြောတဲ့သူရှိမယ်ဆိုရင် ဇာတ်ရုပ်ပိုင်း အရလည်း လုပ်နိုင်တာမျိုးဆိုရင် လုပ်ဖြစ်သွားမှာပါ။ အသက်အရွယ် ကြီးရင့်လာတယ် ဆိုပေမယ့် အနုပညာကိုချစ်တဲ့စိတ်၊ ဝါသနာဗီဇတို့ကတော့ မပြောင်းလဲပါဘူး။ အရင်အတိုင်းပါပဲ။ တတ်စွမ်းတဲ့အပိုင်းကနေ ပါဝင်ခွင့်ရချင်ပါသေးတယ်။

မြင့်မြင့်ခင်

အန်တီ့ အသက်အရွယ်ပိုင်းအရ ဇာတ်ကားတွေ အများကြီးတော့ မရိုက်နိုင်ပါဘူး။ ရိုက်ပေးတဲ့အခါမှာလည်း အသက်အရွယ်အရ နှောင့်နှေးတာ မျိုးလေးတွေ ကြုံရပါတယ်။ အဲဒီလို အခက်အခဲလေးတွေ ကလွဲရင် ကျန် တာတော့ သိပ်အများကြီးမကြုံရပါ ဘူး။ အန်တီ့ကို တချို့ကားလေးတွေလည်း လာပြောပေမယ့် ကျန်းမာရေး အခြေအနေ အရ လက်မခံဖြစ် လိုက်တာလေးတွေ ရှိပါတယ်။ အနုပညာသမား ဆိုတာကတော့ အခြေအနေ အခွင့်အလမ်းပေးရင် လုပ်ချင်တဲ့သူချည်းပါပဲ။ အန်တီ့အနေနဲ့လည်း အသက်အရွယ်အရ အများကြီး မလုပ်နိုင်တော့တဲ့ အနေအထားမျိုး ဖြစ်သွားပြီ။ ဒီအသက်အရွယ်အထိ ပရိသတ်က အားပေးတယ်ဆိုတော့လည်း အန်တီတို့အတွက် အားဆေးတစ် ခွက်ပါပဲ။ အနုပညာသမားဆိုတာ အသက်သေသည်အထိ အနုပညာကို ချစ်တဲ့စိတ်က ရင်မှာရှင်သန်နေတာပါ။ ဒီတော့နောက်ပိုင်းလည်း ကျန်းမာရေးအရ လုပ်နိုင်မယ်၊လုပ်ဖို့ အခွင့်အရေးလည်း ပေါ်လာမယ်ဆိုရင်တော့ အနုပညာအလုပ်တွေ ဆက်လုပ်ချင်ပါသေးတယ်။

ချိုပြုံး

အမေချိုတို့ အနုပညာသမားတွေက အနုပညာကို သိပ်ပြီးချစ်မြတ်နိုးကြပါတယ်။ ဘယ်လောက်ပဲ မကျန်းမာနေပါစေ၊ ရိုက်ကွင်းပေါ်ကို ရောက်သွားလို့ ကင်မရာရှေ့ကို ရောက်သွားတဲ့ အချိန်မှာတော့ အဲဒါတွေ အားလုံး မေ့သွားတော့တာပါပဲ။ ဒါ က အမေချိုတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အားလုံးသော အနုပညာရှင်တွေက အတူတူပဲလို့ ထင်ပါတယ်။ အမေချိုလည်း တတ်စွမ်းတဲ့ အနုပညာတွေနဲ့ ကိုယ့်ကိုလာငှားကြတဲ့အခါ သရုပ်ဆောင်ဖြစ်ပါတယ်။ ဒိုင်ယာလော့ခ်တွေ ကျက်ရတာခက်ခဲတာကလွဲလို့ ကျန်တဲ့အခက်အခဲက သိပ်မရှိပါဘူး။ ရိုက်ကွင်းပေါ် ရောက်ရင်ကို ပျော်နေတော့တာပါ။ ဒါကြောင့် အမေချို့သားသမီးတွေ ရှိတဲ့ ပြည်ပခရီးကို သွားဖြစ်တဲ့ အချိန်ပိုင်း လောက်ကလွဲပြီး မြန်မာပြည်မှာရှိတဲ့ အချိန်မှာတော့ ဇာတ်ကားရိုက်တာ၊ သီချင်းဆိုတာ စသဖြင့် အလျဉ်းသင့်သလို လုပ်ဖြစ်နေတာပါပဲ။ အနုပညာနဲ့ကင်းကွာပြီး မနေနိုင်တာလည်း ပါတာပေါ့လေ။ အခုချိန်ထိအားပေး နေကြတဲ့ ပရိသတ်တွေကိုလည်း သိပ်ပြီးကျေးဇူးတင်ပါတယ်။ အမေချို လှုပ်ရှားနိုင်နေသရွေ့တော့ တတ်စွမ်းတဲ့အနုပညာတွေနဲ့ အမေချို့ ပရိသတ်တွေကို ဖျော်ဖြေနေဦးမှာပါ။

ဒေါ်နွဲ့နွဲ့စန်း

အန်တီတို့ အသက်အရွယ်ပိုင်း အရတော့ အများကြီး မရိုက်နိုင်တော့ပါဘူး။ ကိုယ့်ကိုလာပြောကြတာတွေ ထဲက ကိုယ်လည်းလုပ်နိုင်တဲ့ အပိုင်းလေးတွေကိုတော့ လက်ခံပြီး လုပ်ဖြစ်တာပေါ့လေ။ ဒီလို လာငှားကြတဲ့အထဲမှာ ဇာတ်တစ်ခုလုံးကို ပံ့ပိုးပေးရတဲ့အပိုင်းတွေလည်း ရှိသလို သမားရိုးကျလောက်ပဲ လုပ်ခွင့်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒရာမာကားတွေမှာ သရုပ်ဆောင်ရတာမျိုးရှိသလို အခု ပရိသတ်လက်ခံနေတဲ့ ဟာသကား တွေဆိုတော့လည်း အန်တီတို့ကလက်ခံပြီး သရုပ်ဆောင်ရတာပါပဲ။ အသက် အရွယ်အရ ဇာတ်ရုပ်ပိုင်းကို အများကြီးရွေးချယ်လို့ မရတော့ဘူးပေါ့လေ။ အနုပညာအလုပ် ဆိုတာမျိုးကလည်း အင်မတန်ကိုဖြတ်တောက်ရတာ ခက် ခဲပါတယ်။ ကင်မရာရှေ့ရောက်ရင် သရုပ်ဆောင်ချင်တာပါပဲ။ ဒါကြောင့် လုပ်ခွင့်ရှိသလောက်တော့ ဘယ်အသက်အရွယ်ပဲ ရောက်ပါစေ လုပ်နိုင်တဲ့ အတိုင်းအတာအထိ အန်တီတို့ကတော့ လုပ်ဖြစ်မှာပါ။ ပရိသတ်ကြီး ကလည်း အားပေးကြစေချင်ပါတယ်။
@news-eleven.com