ဂျိုးနှင့် နှပ်ချေး

marblecommetJuly 9, 20141min23319

အိပ်ရာက နိုးလာသည်နှင့် ဒီနေ့ နေသာသော နေ့တစ်နေ့ ဖြစ်ပါစေဟု ကျွန်တော် အမြဲ ဆုတောင်းရသည်။ နေသာသော နေ့များ၏ နံနက်ခင်းသည် စိမ်းစိုဝင်းဝါ လှပမည်။ မြက်ခင်ပေါ်မှာ ပန်းများပွင့်၍ လိပ်ပြာများလည်း ပျံဝဲကြမည်။ မြက်ပင်စိမ်းတို့ကြားမှ ပုရွက်ဆိတ်ကလေးများ တန်းစီး၍ ရိက္ခာရှာ ထွက်လာကြမည်။ လူသားအားလုံး၏ နှလုံးသားကို တက်ကြွလန်းဆန်းပျော်ရွှင်မှု ဖြစ်စေမည်။ နေသာသော နေ့တစ်နေ့၏ မင်္ဂလာသည် ထိုမျှှလောက်နှင့် မခမ်းနားသေးပါ။ နေသာသော နေ့တစ်နေ့ ဖြစ်ဖို့ရန်အတွက် ကျွန်တော်ဆုတောင်းရခြင်းမှာ ဂျိုးအတွက်ဟူသော ဝိသမလောဘ အနည်းငယ် ပါဝင်ပါသည်။ နေသာသော နေ့တစ်နေ့ ဖြစ်ပါက ဂျိုး ပျော်ရွှင်မည်။ ကျန်းမာမည်။ ပြီးတော့ အအေးမိ နှာစေးခြင်းလည်း ဖြစ်မည်မဟုတ်။ ဂျိုး နေကောင်းဖို့ရန် အတွက် နေသာရန် ကျွန်တော်၏ အတ္တကို လူသိရှင်ကြား ပြောပြရသည့်အတွက် ရှက်စရာ မရှိပါ။ ထို အတ္တကို ဂျိုး ၏ ပျော်ရွှင်ခြင်းများမှ တစ်ဆင့် ပြန်လည်ဖျောက်ဖျက်ပစ်နိုင်သောကြောင့် ဖြစ်ပါ၏။ ထို့ကြောင့် နံနက် အိပ်ရာမှ နိုးသည်နှင့် ကမ္ဘာကြီးနှင့် ဂျိုး အတွက် နေသာပါရန် ကျွန်တော် ဆုတောင်းသည်။

ကျွန်တော်နှင့် တွေ့သည့်အခါများတွင် ဂျိုး မပျက်မကွက် ပြုလုပ်လေ့ရှိသည့် အကျင့်များစွာရှိသည်။ ပထမဆုံး
“ဂျိုးကို ချစ်လား ”
ဟုမေးမည်။ ကျွန်တော်က
“ချစ်တယ်”
ဟု ဖြေမည်။
“ဘယ်လောက် ချစ်လဲ”
ဟု ဂျိုး ထပ်မေးမည်။
“သံသရာလောက်”
ဟု ကျွန်တော်က ထပ်ဖြေမည်။
“သံသရာ ဘယ်လောက်ကြီးသလဲ”
ဟု ဂျိုးက မေးလျှင်
“ဂျိုး အနမ်းလေး တစ်ချက်လောက်”
ဟု ကျွန်တော်က ထပ်ဖြေမည်။ ပြီးနောက် သူ့ဘာသာ စိတ်ကူးနှင့် စီထားသည့် လင်္ကာမကျ၊ ကဗျာမကျ စကားလုံးများကို ကျွန်တော့်အား တိုင်ပေးပြီး ရွတ်ဆိုခိုင်းမည်။ စိတ်မပါလို့ မဆိုချင်လို့မရ။ ဝမ်းနည်းနာကျင်နေလို့၊ နှုတ်မဟချင်လို့ မရ။ ဂျိုး ၏ အမိန့်သည် ပြန်လည် ပယ်ဖျက်လို့မရသော တစ်ချက်လွှတ် အာဏာပေါ်တွင် တည်၏။
သူက
“ဖေကြီး” ဟု တိုင်ပေးလျှင် ကျွန်တော်က “ညစ်ပတ်” ဟု နောက်က ထပ်ဖြည့် လိုက်ဆိုရသည်။
သူက
“မမ” ဆိုလျှင် ကျွန်တော်က “ပိန်ပိန်”
သူက
“ကိုကို” ဆိုလျှင် ကျွန်တော်က “ပိကျိ”
သူက
“မောင်လေး” ဆိုလျှင် ကျွန်တော်က “ သေးသေးလေး”
သူက
“ဂျိုး” ဆိုလျှင် ကျွန်တော်က “စင်းလုံးချော”
ထိုသို့ သူသာလျှင် အကောင်းဆုံး သံချပ်ကို ကျွန်တော့်အား သင်ပေးထားသည်။

ပြီးလျှင် ရောက်ရာ အရပ်၌ သူ၏ ဇက်ကြောကို နှိပ်ပေးရမည်။ ဘတ်စ်ကားပေါ်မှာကတော့ ထိုအလုပ်မှာ ကျွန်တော့်အတွက် ရိုးလို့ပင် နေပါပြီ။ အရှက်အကြောက်ကြောင့် လူတော့ မတိုးသော ကျွန်တော်သည် ဂျိုးနှင့် ပတ်သက်လာသောအခါ အတော်မျက်နှာပြောင်တိုက်သော အူကြောင်ကြား အဖြစ်သို့ လုံးဝ ကူးပြောင်းသွားတတ်ပါသည်။

ထို ကိစ္စများ ပြီးသောအခါ အစားအသောက်တစ်ခုခု စားသောက်ဖို့ ဂျိုး ပြင်ဆင်မည်။ ကျွန်တော်က အစားအသောက်ထုတ်ကို သူ ယူစားနိုင်ရန် အဆင်သင့် ကို်င်ထားပေးရမည်။ အစားတစ်လုပ်ကို အချိန်အကြာကြီး ဆွဲထားသော်လည်း ကျွန်တော်က မငြီးမညူ ကိုင်ထားပေးရမည်။ ထို့နောက် သူ မောင်းချင်သည့် ပင်လယ်ကူး သင်္ဘောကြီးများအကြောင်း၊ နှစ်ဖက် မိသားစုများကို သူ မည်ကဲ့သို့ ပညာပေး နှိပ်စက်ပစ်မည့် အကြောင်းများကို နှုတ်ခမ်းကို မြ နေအောင် ချွန်ထားရင်း ဖြူစင်ရွှင်ပျစွာ ပြောမည်။ တစ်ခါတစ်ခါမှာတော့ သူ၏ ကြောက်မယ်ဖွယ် အတိတ်အိပ်မက်ဆိုးများကို ပြန်သတိရတတ်ပြီး အထိတ်တလန့် ရင်ဖွင့်လာသောအခါ အကြောင်းအကျိုးနှင့် အကောင်းအဆိုးစည်းများ၊ ကျင့်ဝတ်စံနှုန်းများနှင့် လူသား၏ မူလဘူတ ရှင်သန်မှုဂုဏ်ရည်ကို ရှင်းပြနှစ်သိမ့်ရမည်။
ပြီးသောအခါမှ ကျွန်တော် ထိတ်လန့်စွာ ယဉ်ပါးခဲ့ရသော အပြုအမူတစ်ခု ဂျိုး ထပ်မံ ပြုပါလေဦးမည်။ ထို့ကြောင့်ပင် နေ့ရက်တိုင်း ကမ္ဘာကြီးနှင့် ဂျိုး အတွက် နေအမြဲသာနေစေရန် ကျွန်တော်က ဆုတောင်းရပါသည်။

ပန်းဆိုးတန်းညနေခင်းသည် သူ၏ အလင်းရောင်လက်ကျန်ကို အပေါ်တည့်တည့်သို့ ပင့်တင်ကာ ကပ်ပလီပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။ ထို့ကြောင့် ဆိပ်ကမ်းသည် ရွှေရောင်လွှလွှ ဝင်းတောက်နေသည်။ ရန်ကုန်မြစ်ဝဆီမှ ညိုညစ်ညစ် တိမ်တစ်အုပ်သည် တရွေ့ရွေ့ ရွေ့နေရင်းနှင့် ဝက်ကလေး တစ်ကောင်နှင့်တူသော ရုပ်ပုံဖြစ်လာသည်။ ဂျိုးသည် ကျွန်တော့်ကို မှီထားရင်း တိတ်ဆိတ်စွာ ထို ဝက်ရုပ်တိမ်တိုက်လေးကို လက်ညှိုးလေးဖြင့် လိုက်ဝိုင်းထောက်နေသည်။ ဒလ-ရန်ကုန် ကျန်စစ်သား ဇက်သင်္ဘောကြီးသည် ဗောတံတားကို ဆိုက်ကပ်လိုက်သောအခါ အောက်ခံဗောတံတားကြီး ရုန်းထွက်သွားပြီး လူအုပ်က ဝေါကနဲ ပြိုဆင်းလာသည်။ စင်ရော်လေးများ ဝဲပျံကာ ရေပေါ်တွင် လှိုင်းစီးနေကြသည်။ ဆိပ်ခံဗောတံတားပေါ်မှ ကိုယ်လုံးတီးနှင့် ကလေးတစ်ယောက် ရေထဲသို့ ကျွမ်းထိုးချလိုက်သဖြင့် လူအချို့ ဝိုင်းကြည့်ကြသည်။ သဗ္မာန်လေးများ တစ်စီးပြီးတစ်စီး ထွက်သွားကြသည် ။ တစ်စီးပြီးတစ်စီး ပြန်ဝင်လာကြသည်။ ကမ္ဘာလှည့်ခရီးသည်အချို့ မြစ်ရှုခင်းကို ဓာတ်ပုံရိုက်နေကြသည်။ ငါးမျှားနေသော ကုလားအဖိုးကြီးတစ်ယောက် ကြိုးကို ဆွဲတင်နေသည်။ ချစ်သူ စုံတွဲအချို့သည် ပတ်ဝန်းကျင်ကိုမေ့လျော့ကာ(ဒါမှမဟုတ်)ဥပေက္ခာပြုကာ ချုပ်တည်းမှု လွတ်ကင်းနေကြသည်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းသည် သစ်လုံးကြီးများ အပြည့်တင်ဆောင်ကာ ရန်ကုန်မြစ်ဝသို့ ဥဩဆွဲရင်း တစ်ရွေ့ရွေ့ ထွက်ခွာနေသည်။ ကျွန်တော်တို့ဆီမှ အပြီးပိုင် ထွက်ခွာသွားသော ထို သစ်လုံးကြီးများကို ဂျိုး နှင့် ကျွန်တော် ဝမ်းနည်းနာကျင်စွာ မျှော်ငေးနေကြသည်။
“ကြည့်ပါဦးကွာ….မြစ်ထဲ ..သူတစ်ယောက်တည်း ရှိနေတာ ကျနေတာပဲ …စွာလိုက်တာ…”
ဥဩသံရှည်ဆွဲပြီး ထွက်ခွာသွားသော သင်္ဘောကြီးကို ကြည့်ကာ မကျေမချမ်း ရေရွတ်လိုက်သော ဂျိုးကို ကြည့်လိုက်ရာ ကျွန်တော့်ရင်ထဲ ဒိတ်ကနဲ ခုန်သွားသည်။ စနေပြီ။ ဒါ ဂျိုး ၏ နောက်ဆုံး အကျင့်တစ်ခုကို မမေ့မလျော့ ဖော်ထုတ်ဖို့ ပြင်ဆင်နေလေပြီ။ ဂျိုးသည်သူ၏ နှာခေါင်းသေးသေးလေးထဲသို့ လက်ချောင်းကို အတင်းထိုးထည့်လိုက်ပြီး တိတိကျကျ မွှေနေလေသည်။ ကျွန်တော်၏ ရင်သည် တုန်နေ၏။
“ဟာကွာ …ဒီနေ့ကျမှ…ရှားလိုက်တာ ..အဲ….တစ်ဖတ်ရပြီ……ကိုကို …လာ….”
နှပ်ချေးတစ်ဖတ် ရှာတွေ့သွားသော ဂျိုးထံသို့ ကျွန်တော့် ဘယ်လက်မောင်းကို အလိုက်သင့် ထိုးပေးလိုက်ရသည်။
အေးကနဲ အတွေ့တစ်ခုသည် ကျွန်တော်၏ ဘယ်ဖက် လက်မောင်းမှ တစ်ဆင့် တစ်ကိုယ်လုံးမှ သွေးကြောများအထိ ယားယံလာစေကာ ကြက်သီးမွှေးညင်း ထစေသည်။ ကျွန်တော်၏ ဘယ်လက်မောင်းမှာ ညိုညစ်ညစ်၊ စေးကပ်ကပ်နှင့် ဂျိုး၏ နှပ်ချေးဖတ်သည် အောင်မြင်စွာ စံစားနေလေသည်။ ဂျိုးသည် မျက်လုံးများ ပိတ်သွားသည်အထိ ကျေနပ်ပျော်ရွှင်စွာရယ်သည်။
“နှပ်ချေးတွေ ဘယ်တော့မှ မကုန်နိုင်ဘူး ကိုကိုရာ…နေ့တိုင်းထွက်နေတယ်… စိတ်ညစ်တယ်…နှိုပ်လိုက်ရင် ထွက်လာတာချည်းပဲ”
“မင်း…အဲဒါ …အအေးမိလို့ပေါ့ကွ.. နွေးနွေးထွေးထွေးနေပြီး နေထိုင်စားသောက်တာကအစ ကျန်းမာရေးဂရုစိုက်ဖို့ ကိုယ်ပြောသားပဲ”

ထိုသို့ အကြောင်းများကြောင့် နေသာသော ရက်များ ဖြစ်လာရန် ကျွန်တော်က ဆုတောင်းရသည်။
“ကိုကို….ဂျိုးနှပ်ချေးလေး …ချစ်စရာလေး…ဟိဟိ”
ထိုကိစ္စများသည် ဂျိုးနှင့် ကျွန်တော်၏ နိစ္စဓူဝများသာဖြစ်ပြီး ထိုနှပ်ချေးဖတ်များကို သူနှင့်အတူ ရှိနေသည့်အချိန်တစ်လျှောက်လုံး မပျောက်မပျက် ထိန်းသိမ်းထားရသည်။ သို့သော် ဂျိုးသည် သူ၏ နှပ်ချေးဖတ်နှင့် သူ့ကို ပြန်သုတ်ရန် ကျွန်တော် စပါက သိမ့်သိမ့်တုန်အောင် ကြောက်သည်။ ကျွန်တော် လိုက်သုတ်လျှင် သူ အကြောက်အကန် ထွက်ပြေးသည်။ သို့သော် ကျွန်တော် မသုတ်ရက်ပါ။ ဂျိုးသည် ကျွန်တော်တစ်ဦးတည်း မူပိုင် ခွင့်လွှတ်မှုအတွက် ခြွင်းချက်ရထားသည့် ဂုဏ်ရည်တစ်ခုသာ ဖြစ်သည်။

ဂျိုးနှင့်ချစ်သူဖြစ်ခဲ့ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နှပ်ချေးဖြင့် အကပ်ခံရသော ထူးဆန်းသည့်ဝေဒနာ၏ အရသာကို ကျွန်တော် ဘယ်တော့မှ မမေ့ပါ။
“ရေသောက်မယ်ပေး….”
ရေဘူးကို ဖွင့်ပြီး သူ့ကို ကျွန်တော် ရေတိုက်သည်။ ဂျိုးသည် ရေသောက်အပြီး ပါးစပ်ထဲမှာ လက်ကျန်ရေအနည်းငယ်ကို ချန်ထားကာ ကျွန်တော့် တစ်ကိုယ်လုံးကို လိုက်ထွေးသည်။ ဒါက ရေသောက်တိုင်း ဂျိုး ပုံမှန်ပြုလုပ်နေကျ ကိစ္စသာဖြစ်ပြီး ဂျိုး ပါးစပ်ထဲမှ ပြန်ထွက်လာသော ရေများသည် ကျွန်တော့်ခန္ဒာအား ဘေးဥပါဒ် မဖြစ်စေပါ။

ထိုနေ့က ဂျိုးသည် သူ၏ နှာခေါင်းပေါက် သေးသေးလေးပေါ်သို့ လက်ညှိုးကို ကျင်လည်စွာ ထိုးသွင်းလိုက်ပြီးနောက် သူ၏ လက်ညှိုးကို ဆီကြိတ်သည့် ဆုံလည်တိုင်လို ညက်ညက်ညောညော လှည့်နေသည်။
ကျွန်တော်သည် ထိုအခြင်းအရာအား ဂျိုး၏ လွတ်လပ်ပွင့်လင်းသည့် အပြုအမူ တစ်ခုအဖြစ် ရှုမြင်ငေးမောနေဆဲဖြစ်ပြီး အခြား မည်သို့မျှ မတွေးမိခဲ့ပါ။

ဂျိုး၏ ဖြူစင်သွယ်ပျော့သော လက်ညှိုးလေးသည် နှာခေါင်းလှိုဏ်ပေါက်ငယ်မှ ပြန်ထွက်လာသောအခါ ကြီးမားအိတွဲနေသော နှပ်ချေးဖတ်ကြီး တစ်ဖတ် လက်ညှိုးထိပ်တွင် တွဲလောင်း ပါလာသည်။ ဂျိုးသည်သူနှင့် ကျွန်တော်ကြားတွင် လက်ညှိုးလေးကို ထောင်ကာ ထိုအရာအား အဖိုးတန်ရတနာတစ်ကုံးလို ကြည့်ရှုသည်။ ကျွန်တော့်အား စပ်ဖြဲဖြဲ ရယ်ပြသည်။ ထို့နောက် အလွန်လျင်မြန်သော အရှိန်ဖြင့် ကျွန်တော့် လက်မောင်းအား ဖတ်ကနဲ လှမ်းကပ်လိုက်လေသည်။ ကျွန်တော်သည် ရုတ်တရက် အေးစက်တောင့်တင်းသွားသည်။ အသူတစ်ရာနက်သော ချောက်ထဲသို့ ထိုးကျသွားသလို အသက်ရှူကြပ်ကာ အမြင်အာရုံများ ပြာနှမ်းသွားသည်။ ထို့နောက် ဘယ်ဘက်လက်မောင်းကို လေပေါ်တွင် မြှောက်ထားရင်း ကြောင်အနေမိသည်။ ဂျိုးသည် တဆွေ့ဆွေ့ခုန် လက်ခုပ်တီးကာ
“ဟေး …ဟေး …ကိုကိုလေး …ချစ်စရာလေး…”
ဟု အော်ကာ ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေလေသည်။ ကျွန်တော်သည် အသိစိတ်ကို ပြန်လည်ဖမ်းဆုပ်ကာ စိတ်ကို အရင်တည်ငြိမ်အောင်လုပ်ရသည်။ တစ်သျှူးစကို ဆွဲထုတ်သည်။ ပြီးနောက် ဘယ်ဘက်လက်မောင်းကို မရဲတရဲ ကြည့်ကာ တစ်သျှူးစနှင့် ထိုအရာကို အုပ်မည့် ဟန်ပြင်လိုက်ရာ…
“ဟင့်အင်း….ဖယ်နဲ့…ဟင့်အင်း…”
ဂျိုးသည် ကျွန်တော်၏ တစ်သျှူး ကိုင်ထားသော လက်ကို ဖမ်းဆုပ်ကာ အကြောက်အကန် ငြင်းဆန်သည်။ မျက်နှာကငိုမဲ့မဲ့ဖြစ်နေသည်။ ထိုအခြေအနေသည် ဂျိုးစိတ်ဆိုးရန်အတွက် အဝါရောင်အဆင့် အန္တရာယ်အခြေအနေဖြစ်ကြောင်း ကျွန်တော် သိရှိလိုက်ပါပြီ။ ကျွန်တော်သည် စိတ်ထဲကမှ အထိတ်တလန့်ကြောက်လန့်မှုနှင့် အမည်ဖော်မပြနိုင်သော တုန်လှုပ်ရမှုတို့ကို ကြက်သီးဖြန်းဖြန်းထအောင်ခံစားနေရသည့်အဖြစ်ကို ဖုံးကွယ်ရင်း ဂျိုးကို လေသံအေးအေးဖြင့် ပြောသည်။
“ဂျိုးလေး ..ကိုယ်တို့ ဒါကြီးကို ဖယ်လိုက်ရအောင်..”
သို့သော်….
“ဟင့်အင်း မရဘူး…ဒါဆို ဂျိုးကို မချစ်လို့ဘဲ”
ဂျိုး ငိုသည်။ ဂျိုး ငိုသောအခါ ကျွန်တော်သည် ဂျိုး၏ အတိတ်အိပ်မက်ဆိုးများကို ဂျိုးလိုပင် ထိတ်လန့်ကြောက်ရွှံ့စွာ သတိရမိသည်။ ထိုအခါ ကျွန်တော်၏ မေတ္တာစိတ်သည် အဆုံးစွန်အထိ မြင့်တက်သွားပြီး ဂျိုးကို အငိုတိတ်စေသည်။ ကျွန်တော့်ကြောင့် ဂျိုး မငိုစေရပါ။ ထို့နေ့မှစ၍ မည်သည့်အကြောင်းကြောင့်မှ ဂျိုး မငိုစေရ။ ထိုအခါ ကျွန်တော်၏ လက်မောင်းမှ နှပ်ချေးဖတ်သည် ခြောက်ကပ်တောင့်ခဲနေလေပြီ။ ထိုသို့ ကြီးမားသည့် မေတ္တာတရား၏ ဖြစ်တည်ရာလမ်းကြောင်းတွင် ထိုကဲ့သို့ ချစ်ရသော လူတစ်ယောက်၏ အရိအရွဲ နှပ်ချေးတစ်ဖတ်သည် ဤသို့ အရေးပါသော အဆင့်၌ ပါဝင်နေသည်ကို ချစ်သော စာရှုသူများ နားလည်နိုင်ကောင်းပေစွ။

“ကိုကိုရေ့..မန်းစားပြီးပြီလား…သတိရတယ်ကွာ..”
“အင်း…စားပြီးပြီး.. ကိုယ်လည်း သတိရတယ်ဂျိုး”
“ညနေကလေ ဖေကြီးကို ကိုက်ပစ်လိုက်တယ်…ဖေကြီးက အော်တယ် သိလား..
ကိုကို့ကိုလည်း ကိုက်ပစ်မယ်”
“အင်း…အင်း…မနက်ဖြန် တွေ့တော့ ကိုက်နော်.. ဒါနဲ့ ဂျိုး…အခု အိပ်ရာထဲမှာပဲလား အနွေးထည်ကော ဝတ်ထားရဲ့လား၊ အေးတယ်လေ ”
“ဝတ်ဖူး”
“ဝတ်ထားလေ…အအေးပတ်လိမ့်မယ်…နှာစေးမယ်..ချောင်းဆိုးမယ်…စောင်လည်း သေချာခြုံအိပ်”
“လုပ်ဖူး…နှာမစေးရင် နှပ်ချေးမထွက်ဘူး..ဒါဆို ကိုကို့ကို သုပ်လို့မရဘူး…”
“အာကွာ…”
“ဟိဟိ ကိုကိုရေ့.အိပ်တော့မယ် မွမွ”
ဂျိုး ဖုန်းချသွားသောအခါ နွေးထွေးသော အဝတ်အစားများနှင့် အိပ်ရာဝင်ရန် မက်ဆေ့ထပ်ပို့သည်။

ကျွန်တော်သည် ဂျိုးအား ကျန်းမာခြင်း၏ အကျိုးကျေးဇူးများနှင့် ကျွန်တော့်ဆီသို့ ဂျိုးလာတိုင်း အစားအသောက်ကအစ စနစ်တကျ သူ့ကို ကျွေးသည်။ အသီးအရွက်နှင့် သားငါးကို မျှတအောင်စားဖို့ ဂျိုး အကြိမ်ကြိမ်ဖျောင်းဖျသည်။ ဂျိုးသည် အသား အလွန်ကြိုက်ပြီး အသီးအရွက်ကို လုံးဝမတို့မထိချင်။ ဂျိုးသည် ကန်စွန်းရွက်သုတ်ကိုတော့ အတော်ကြိုက်သည်။ ထို့ကြောင့် ကျွန်တော်သည် ကန်စွန်းရွက်သုတ်ကို အသားနှင့်မျှကာ လှည့်ပတ်ကျွေးမွေးရသည်။ ထို့ပြင် ဂျိုးသည် အထက်တန်းစား ဝက်သားကြိုက်သူ တစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကိုတော့ အပျော်တမ်း ဝက်သားစားသူဟု သတ်မှတ်သည်။ ကျွန်တော်သည် ဝက်သားတုတ်ထိုးစားသောအခါ အသားမှလွဲ၍ ကျန်တာကို မစားရဲ။ ဂျိုးသည် အူသိမ်၊ အူမ၊ အူပိတ်၊ နားရွက်၊ လျှာ၊ အချင်းတိုင်၊ စသည့်အရာများကိုသာ အချဉ်ရည်နှင့် ထိရုံလေးတို့စားသည်။ အသားဟူသည်ကား ဂျိုးအဖို့ ထိကိုင်သင့်သော အရာမဟုတ်။ ကြံမဆိုင်ဖတ်နှင့် အငွေ့တထောင်းထောင်းထနေသော ဟင်းရည်ခွက်ထဲသို့ ငရုတ်သီးစိမ်းကို ထက်ပိုင်းချိုးထည့်ကာ သံပရာသီးချဉ်ညှစ်ပေးရသည်။ ထို့နောက် ဂျိုးသည် ဝက်မျက်လုံးတစ်လုံးကို သူ၏ သေးငယ်သည့် ပါးစပ်ပေါက်ထဲသို့ ပစ်ထည့်လိုက်ချိန်တွင် ကျွန်တော် မည့်သည့်အခါကမှ မကြည့်ရဲခဲ့။

အနော်ရထာလမ်း ဝက်သားတုတ်ထိုးဆိုင်မှ ထလာကြသောအခါ ဗိုက်ပြည့်သွားသော ဂျိုးသည် ကျွန်တော်၏ လက်ကိုဆွဲကာ ရှေ့မှ ကော့တက်ကော့တက်ဖြင့် ပန်းဆိုးတန်း ဆိပ်ကမ်းဆီသို့ ဦးတည်လျှောက်သည်။ ကျွန်တော်သည် ကျောပိုးအိတ်တစ်လုံး ဆလင်းဘက်အိပ်တစ်လုံးကိုလွယ်ပြီး ခေတ်သစ် ဖာတစ်လုံးရွှေရိုးအဖြစ် ဂျိုးနောက်မှ တကောက်ကောက်လိုက်နေရသည်။ ကျွန်တော်၏ အသီးအနှံ ကျွေးမွေးရေး စီမံကိန်းအတွက် ပန်းဆိုးတန်းသည် ရေခံမြေခံကောင်းသည့် အရပ်ဒေသတစ်ခုဖြစ်သည်။ ဒီနေ့လည်း သူ့ကို မြစ်၏ လေညှင်းနှင့် မျှားပြီး မင်းဂွပ်သီးဖြစ်ဖြစ်၊ ကြက်မောက်သီးဖြစ်ဖြစ်၊ စပျစ်သီးဖြစ်ဖြစ် ကျွေးမည်။

ဂျိုးသည် လမ်းသွားနေရင်း ကျွန်တော်နှင့်တွေ့တိုင်း လုပ်မြဲ အကျင့်များကို တစ်ဆင့်ချင်း လုပ်သွားသည်။ ထုံးစံအတိုင်း ချစ်လားဟုမေးသည်။ သူ၏ သံချပ်ကို ရွတ်ခိုင်းသည်။ ဇာတ်ကြောကို ကြုံသလို လမ်းသွားရင်း နှိပ်ခိုင်းသည်။ ထိုသို့ လမ်းသွားရင်း တစ်ဆင့်ချင်း ဆောင်ရွက်လာသည်။ ပန်းဆိုးတန်း ဆိပ်ကမ်း သစ်သီးဆိုင်များသို့ မရောက်ခင်မှာပင် ကျွန်တော့် ဘယ်ဖက် လက်မောင်း အေးကနဲ ဖြစ်သွားသည်။ ဂျိုးကို ကျွန်တော်ကြည့်လိုက်တော့ မျက်လုံးလေး မှေးပြီး
“ဟေး …ဟေး…” ဟု ပေါ့ပါးစွာ ရယ်ပြသည်။
“အိမ်မရောက်ခင်အထိ မဖယ်ရဘူးနော် ကိုကို…ပျောက်လည်း မပျောက်သွားစေနဲ့”
“အင်းပါ…ကိုယ်သိပါတယ်”
ကျွန်တော်၏ ဘယ်လက်မောင်းမှ ဂျိုး၏ အရာဝတ္တုသည် ထိုနေ့အတွက် ကျွန်တော်၏ မေတ္တာပါရမီရာထူးတစ်ဆင့်တက်သွားသည့် ဖောင်းပြားပင်ဖြစ်သည်။
ဆိပ်ခံတံတားပေါ်ရောက်သောအခါ ကျောပိုးအိတ်ထဲမှ ဂျာနယ်ကိုထုတ်ခင်းသည်။ ဂျိုးကို မင်းဂွတ်သီး ခွာကျွေးသည်။ ဂျိုးသည် မင်းဂွတ်သီးစားရင်း ရွှင်မြူးတက်ကြွနေသည်။ မြစ်လေကို တဝရှူဖို့ပြောသောအခါ ကျွန်တော်ပြောသလို လိုက်လုပ်သည်။ အဖေကို ဂျီမကျရန်နှင့် နမော်နမဲ့ မနေထိုင်ရန် ကျွန်တော်ပြောသောအခါ “ဟုတ်” တစ်လုံးတည်းဖြင့် ခေါင်းညိတ်သည်။

ဝက်သားဒုတ်ထိုးကို ဗိုက်ပြည့်အောင်စားထားပြီး အအီပြေ မင်းဂွတ်သီး ချိုချဉ်လေးစားကာ အလိုလိုက်တတ်သော ချစ်သူတစ်ယောက်ဘေးမှာ ရှိနေသော ဂျိုးသည် အံ့အားသင့်ရလောက်အောင် ပျော့ပျောင်းနူးညံ့နေကာ ကျွန်တော်၏ အသက်တမျှ မြတ်နိုးရသော ယုန်ကလေး တစ်ကောင်ဖြစ်နေသည်။ ကျွန်တော်ပြောသမျှ ခေါင်းညိတ်နားထောင်ရှာသည်။
“ဟင်….ကိုကို…ဂျိုး.. နှပ်ချေးလေး…ဘယ်ရောက်သွားလဲ…”
“အဲ…”
ရုတ်တရက် ကျွန်တော် ထိတ်လန့်သွားကာ ဘေးဘီဝဲယာကို အမြန်ကြည့်သည်။ မရှိတော့။ ကျွန်တော်တို့ ထိုင်ခဲ့ကြစဉ်တုန်းက ကျွန်တော်က ဂျိုး၏ နှပ်ချေးကို တစ်သျှူးလေးနှင့် အုပ်ပြီး ခွာကာ ဘေးမှာချထားခဲ့သည်။ အစားအသောက်နှင့် ထိုအရာကို အတူ ရှိမနေစေချင်တာလည်း ပါသည်။ ဂျိုးမေးသောအခါ ရှင်းပြရန်လည်း စိတ်ကူး ထားပြီး ဖြစ်သည်။ သို့သော် ဂျိုးကို သူ၏ အဆုတ်ကျန်းမာဖို့အတွက် ရှူခိုင်းသော လေညှင်းသည် ထိုအရာကို တိုက်ချ ဆောင်ယူသွားလေပြီ။ ချက်ချင်းပင် ဂျိုး၏ မျက်ဝန်းသည် ဒေါသဖြင့် အရောင်လက်လာသည်။
“ကိုကို….ဂျိုးကို မချစ်ဘူး…ဂျိုးနှပ်ချေးကို ရွံတယ်ပေါ့ ဟုတ်လား…”
“မဟုတ်ဘူးဂျိုး…ကိုယ်ရှင်းပြ….”
“မလိုဘူး…ရအောင်ပြန်ရှာပေး…မရရင်တော့ ဒီကို ဘယ်တော့မှ မလာတော့ဘူး…လာလည်း မခေါ်နဲ့တော့..”
ဝမ်းနည်းမှု၊ နာကျင်မှုနှင့် ချုပ်တည်းထားရသည့် ဒေါသတို့ကြောင့် ကျွန်တော် မတ်တပ်ထရပ်လိုက်သည်။ မျက်လုံးကို သိမ်းငှက်တစ်ကောင်၏ အကြည့်ထက်မနည်းသည့် အားစိုက်ခြင်းမျိုးဖြင့် ဗောတံတား တစ်ခုလုံးကို ကြည့်သည်။ ဖြူဆွတ်နေသော အပိုင်းအစလေးတစ်ခုသည် တိုက်ခတ်နေသော လေညှင်းနှင့်အတူ ဗိုလ်တစ်ထောင်ဆိပ်ကမ်းဖက်သို့ လိမ့်ကာ လိမ့်ကာ လွင့်ပါနေသည်။ ကျွန်တော်သည် တစ်သက်တာတွင် အမြန်ဆုံးသော လျင်မြန်မှုဖြင့် ပြေးသည်။ အူစိန်ဘို့၏ ကမ္ဘာ့စံချိန်သည် ကျွန်တော့်အတွက် မှုလောက်စရာ မဟုတ်ပါ။ ဂျိုး၏ မျက်ဝန်းများ ဝိုင်းစက်နေဆဲ။ ကျွန်တော်၏ ပြေးအားကြောင့် ဗောတံတားသစ်သားချောင်းများ တစ်ဖြောင်းဖြောင်းမြည်သံထွက်လာရာ လူများ အလန့်တကြားထရပ်ကြသည်။ ကျီးကန်းတောင်းမှောက်ဖြစ်ကုန်ကြသည်။ လိမ့်နေသော အဖြူလိပ်ကလေးမှလွဲ၍ ကျန်တာ ဘာမှ မမြင်၊ မကြား၊။ အဖြူလိပ်ကလေးသည် ဗောတံတားအဆုံးသို့ ရောက်ခါနီးနေပြီ ။ ကျွန်တော်ရှိသမျှအားအင်ကို ညှစ်ထုတ်ပြီးပြေးသည်။ ခေါင်းများ မူးနောက်လာသည်။
“ဟေ့…ဟေ့….ကျမယ်….ရပ်…ရပ်….”
အော်သံများကို ကျွန်တော် ဂရုမစိုက်နိုင်။ အဖြူလိပ်ကလေးသည် ဗောတံတားပေါ်မှ ရေပေါ်သို့ ပျံအလွင့် တစ်ဖက်မှ သင်္ဘောကျောက်ဆူးကြိုးကို ကိုင်ရင်း တစ်ဖက်က တစ်သျှူးစလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ဗောတံတားအောက်သို့ ခြေတစ်ဖက်ကားရားခွဖြင့် ကျွန်တော် မှောက်ခုံကြီးဖြစ်နေသည်။
“ရပြီ…ဂျိုးရေ့…ရပြီကွ…”
ရန်သူ့စခန်းကို တက်သိမ်းပြီးဂုဏ်ယူစွာနှင့် နိုင်ငံတော်အလံကို ပြေးစိုက်ထူသော တပ်သားတစ်ယောက်လို တစ်သျှူးစလေးကို မြှောက်ပြပြီး ဝင့်ကြွားစွာ အော်ဟစ်နေသော ကျွန်တာ့်ကို ဗောတံတားပေါ်မှ လူများ အံ့ဩတကြီး မျက်လုံးအပြူးသားဖြင့် ဝိုင်းကြည့်နေကြသည်။ ကိုယ့်ရဲ့ မေတ္တာပါရမီရာထူးဖောင်းပြားဖတ်လေး ..ကိုယ့်လက်ထဲကို မိမိရရ ပြန်ရောက်လာခဲ့ပါပြီ ဂျိုး…။
ကျွန်တော် ထိုသို့ ချစ်ခဲ့ရလေသည်။
9.7.2014 Wed
ညနေ 3း 38

19 comments

  • ဇီဇီ

    July 10, 2014 at 6:39 am

    O….. M…… G…!!!
    Haaaaahaaaahaaaaa…!!!
    Ko Come yay…!!!
    Speechless and No Comment….!!

    Anyway Bravo for the way you can compose all these posts.

    :s:

  • black chaw

    July 10, 2014 at 8:38 am

    ချစ်တတ်လိုက်ကြတာ…။
    ဝက်ခြံလေးတွေ ကစခဲ့ပြီး…
    အခု ကြီးမားအိတွဲနေသော နှပ်ချေးဖတ်ကြီး အလယ်…
    နောက်ထပ်…
    နောက်ထပ်…
    ……………..။
    အနုပညာ အားကောင်းရင် ဆက်စုပ်ရွံရှာစရာတွေတောင်
    ချစ်စရာကောင်းလာတတ်တယ်ဆိုတာ
    ဂျိုး စီးရီး ပို့စ်တွေက ပြောနေတယ်လို့ပဲ နှမ်းဖြူးလိုက်ပါရစေတော့ဗျာ…။
    ကဗျာဆရာ ကမ်းဝေးကို
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • Ma Ma

    July 10, 2014 at 9:30 am

    ကမ်းကြီးကတော့ ကမ်းကြီးပါပဲ။
    စာကိုခံစားပြီး ကိုယ့်တူဘက်က နာလိုက်အုံးမယ်။
    အဆုံးစွန်ထိ အလျှော့ပေးတိုင်းကောင်းတာမဟုတ်။ :buu:

  • weiwei

    July 10, 2014 at 9:47 am

    တော်သေးတာပေါ့နော် ..
    လက်မောင်းမှာကပ်ထားခိုင်းပေလို့ .. စားခိုင်းပြီလားလို့တောင်ထင်မိသွားတာ .. 🙂

  • Wow

    July 10, 2014 at 10:20 am

    ယွံစယာဂျီးအေ… ညီးဟာက နောက်တစ်ပို့ကို စိတ်ကူးတောင် မကျိဝန့်တော့ဝူး :mrgreen:

  • Iris

    July 10, 2014 at 11:19 am

    စာအ​နေနဲ့ဖတ်​လို့​ကောင်​း​ပေမဲ့.အပြင်​မှာဆိုကြည်​့မ​ကောင်​းတဲ့ မရင်​့ကျက်​တဲ့ အပြုအမူ​တွေလို့ထင်​ပါတယ်​။ ဒါ​ပေမဲ့ ကိုယ်​ပိုင်​လွတ်​လပ်​ခွင်​့နဲ့ယုံကြည်​မှူပါ။ အချစ်​ က​တော့ ပုံစံ အမျိုးမျိုးနဲ့ လှပ​နေမှာပါ။ တာရာပွကြီး ကာတွန်​း​တွေကိုသွားသတိရမိတယ်​။ ဟီးးးး စိတ်​မဆိုးနဲ​နော်​ အနုပညာနဲ့ပတ်​သတ်​ရင်​ကျွဲပါး​စောင်​းတီးမို့လို့။ ကိုယ်​ထင်​ရာမြင်​ရာ ​ဝေဖန်​လိုက်​တာ။

    • sorrow

      July 10, 2014 at 11:27 am

      အကြည် ..မန့်တာလွတ်လွတ်ကင်းကင်းမန့်ပါ…စောင်းလားချိတ်လားနဲ့ ..တာယာပွကြီးမပါကြေး….အဟိဟိ
      စကားအတင်းစပ်..ကင်မလာအသစ်ကြီးနဲ့ ရိုက်ထားတဲ့ ပန်းပုံတွေတင်ပါ……
      **************
      ကိုကို..တားတားအားပေးတယ်..အချစ်သည် ဧဒင်၏သစ်သီး …မကောင်းမှန်းသိလဲ …စားမိနေမှာပဲ….အဟေးဟေး

      • Iris

        July 10, 2014 at 5:42 pm

        တားတားပွကြီးတို့လို ဂျီအန်​ကြီး မဟုတ်​​တော့ ခိုင်​း​ကောင်​းမဲ့သူမရှိဘူးကွယ်​။ အသက်​​တောင်​ ​ကောင်​း​ကောင်​းရှူနိုင်​ဘူး။ ကင်​မလာလည်​းမှိုတက်​​လောက်​ပြီ။ ပြသနာ​တွေနဲနဲ နည်​းသွားရင်​ တားတားကြိုက်​တဲ့ ​ဒေါင်​းဥကိုရှာပြီးရိုက်​တင်​​ပေးမယ်​​နော်​။ 😛

  • ရွှေတိုက်စိုး

    July 10, 2014 at 12:54 pm

    အော်ငါ့လူနှယ့် ချစ်တတ်လိုက်တာနော်….. အေးဗျာ.. ခင်ဗျားရဲ.အချစ်ကို တန်ဖိုးထားသင့်တာပေါ့နော…

  • Kaung Kin Pyar

    July 10, 2014 at 2:17 pm

    အသေးစိတ် မှတ်မှတ်ရရရှိထားတာပဲ…
    😀
    အားပေးသွားပါတယ်….ကိုကမ်းရေ့…
    တခြားစီးရီးများလဲ စောင့်မျှော်နေပါတယ်လို့…….

  • TNA

    July 10, 2014 at 3:26 pm

    ဒီလောက်ချစ်တတ်တဲ့သူမျိုး တန်ဖိုးထားချစ်တတ်သူနဲ့တွေနိုင်ပါစေ

  • kyeemite

    July 10, 2014 at 3:27 pm

    ဖျားဖျား…နောက်လာမဲ့ပို့စ်ဆို ဘာလုပ်ကြအုံးမယ်မသိ..ခိခိ
    ချစ်ကြပါ….ကြိုက်ကြပါ..ဟဟ..ဟာ 😀

  • ဦးကျောက်ခဲ

    July 10, 2014 at 8:14 pm

    ကျောက်စ်လောက်ချစ်တတ်သူမရှိလို့ မှတ်ထားတာ… ကျောက်စ်ထက် ချစ်တတ်သူကိုတွေ့သွားပြီ…
    ဂျိုးရယ်… လက်မောင်းမှာကပ်ခိုင်းလို့ တော်သေးတာပေါ့… နှုတ်ခမ်းမှာကပ်ခိုင်းရင်… ဝေါ့…
    ဆြာကမ်းရဲ့ အရေးအဖွဲ့ကတော့… သက်ရှိ ကဗျာတစ်ပုဒ်ပါပဲ…
    😀

  • kai

    July 11, 2014 at 7:52 am

    ချစ်တဲ့စိတ်ကို.. အနိုင်ကျင့်နေတယ်လို့မြင်မိတယ်.
    အနိုင်ကျင့်ခံရသူ.. ကာယကံရှင်ကိုယ်နှိုက်က.. “ဟီးဟီး.. ဟဲဟဲ သွားအဖြဲသား”…ဆိုတော့လည်း.. ဘယ်သူ.. ဘာတတ်နိုင်တာလိုက်လို့…
    တချို့..
    သူ့ထက်ဆိုးပေညစ်ပါတ်တယ်(ထင်ရ)တာတွေ လူကွယ်ရာမှလုပ်ကြတယ်.. ထင်.။ :mrgreen:

  • marblecommet

    July 11, 2014 at 10:13 am

    သကြီးမင်း ပြောသလို
    နွားပြာကြီး အောက်သွား တဖြီးဖြီးဆိုသလိုပေါ့ဗျာ….
    …..
    သို့ပေသိ…
    ကိုယ်တိုင်ကြုံရမှ ရတဲ့တရားမို့
    တန်ဖိုးရှိပါကြောင်း…….

  • alinsett (gazette)

    July 11, 2014 at 1:04 pm

    နှပ်ချေးဖက်ကိုတောင် အနုပညာဆန်ဆန် ရေးပြနိုင်တာ…

  • ဦးကြောင်ကြီး

    July 11, 2014 at 1:22 pm

    အယူးမ လင်လုပ်ရသလိုမျို း နေမှာပေါ့..

  • padonmar

    August 1, 2014 at 9:55 pm

    ကိုကမ်းရာ..ဖွဲ့နွဲ့နိုင်ပါပေ့…

  • မြစာကလေး

    August 10, 2014 at 10:54 pm

    အလိုလေးလေး
    တော်သေးတာပေါ့။
    နှပ်ချေး မို့လို့။
    တစ်ခြား ချေး ဆိုလဲ ခံမှာဘဲလားကွဲ့ မောင်ကမ်း the ကဗျာဆရာ ရဲ့။
    နဖာချေး တို့ ဘာတို့ ကိုပြောပါတယ်။
    အဲ့ ပြောသာပြော ရ။
    နောက်ဆက်လာမယ်လား။
    စိတ်ဝင်စားစရာဘဲ။
    :-)))

Leave a Reply