ခေတ်မီတာလား၊ ခေတ်ဆန်တာလား၊ ခေတ်လွန်တာလား လက်ရှိဖက်ရှင် ရေစီးကြောင်း အဆိုးအကောင်းနှင့် သူတို့အမြင်

manawphyulayAugust 13, 20101min1319
ခေတ်မီတာလား၊ ခေတ်ဆန်တာလား၊ ခေတ်လွန်တာလား လက်ရှိဖက်ရှင် ရေစီးကြောင်း အဆိုးအကောင်းနှင့် သူတို့အမြင်

ဝတ်စားဆင်ယင်မှု ဖက်ရှင်ဆိုသည်မှာ ယနေ့ကမ္ဘာတွင် စိတ်ပါဝင်စားမှု၊ တီထွင်ဖန်တီးမှု၊ အတုယူပျံ့နှံ့မှု များပြားသော ဘာသာရပ်တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ရွာထဲတွင် တိုးတက်လာသည့် နည်းပညာ၊ ပျံ့နှံ့လွယ်သည့်မီဒီယာ၊ ဖလှယ်လာသည့် ယဉ်ကျေးမှု စသည်တို့၏ နောက်ဆက်တွဲအဖြစ် ဖက်ရှင်ရေစီးကြောင်းသည်လည်း အကြောင်းအရာတစ်ခု အသွင်ဖြင့်စီးမျောလျက် ရှိပြန်သည်။ ယင်းသို့ ပါဝင်စီးမျောကြရာ၌ နေရာ ဒေသ၊ ယဉ်ကျေးမှုအခြေခံ၊ ထိန်းသိမ်းရမည့် ရိုးရာတို့ အခိုင်အမာရှိသည့် မြန်မာအနုပညာရှင်များနှင့် လူငယ်များအနေဖြင့် မိမိတို့ဝတ်စားဆင်ယင်မှုများအား မည်သို့စံနှုန်းများနှင့် ဝတ်ဆင်ဖန်တီးမည်၊ မြန်မာအမြင် မြန်မာမျက်စိဖြင့် မြန်မာမိန်းကလေးတစ်ဦး အသွင်မပျောက်သွားစေရန် ယနေ့ဖက်ရှင် ရေစီးကြောင်းအတွင်း မည်သို့စီးမျောကြမည် ဆိုသည်ကို မြန်မာဖက်ရှင် ဒီဇိုင်နာအချို့နှင့် အနုပညာရှင်အချို့ ပြောပြခဲ့သမျှမှာ . . . . . . .

ဒီဇိုင်နာလတ်လတ်
ဝတ်စုံတွေကို ဖန်တီးရာမှာ ညနေခင်းဝတ်စုံ၊ ပွဲတက်ဝတ်စုံ၊ ရှိုးပွဲလျှောက်တဲ့ ဝတ်စုံစသဖြင့် ဝတ်စုံ ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။ ဖန်တီးပြီးသွားခါမှ ဝတ်တဲ့အခါ မြန်မာအမြင်နဲ့ မသင့်တော်တာမျိုး၊ ဆင်ဆာမလွတ် တာမျိုးတွေမဖြစ်အောင် အမြဲဂရုစိုက်ပါတယ်။ မလိုအပ်ဘဲ ဖော်နေတာမျိုးတော့လည်း မကောင်းဘူးပေါ့။ ဝတ်စားဆင်ယင်မှုဆိုတာ အလွန်အကျွံ ကြီးဖြစ်နေရင်တော့ မကောင်းပါဘူး။ မြန်မာမှုဆိုလည်း မြန်မာမှုအရသင့် တော်တဲ့ပုံစံမျိုးဖြစ်ရမယ်။ ကိုယ်နဲ့ လိုက်ဖက်တင့်တယ်တဲ့ ဒီဇိုင်းမျိုးကိုပဲ ဝတ်ဆင်သင့်ပါတယ်။

ဒီဇိုင်နာပြည်စိုးအောင်
ကျွန်တော်ပွဲတစ်ပွဲအတွက် ဝတ်စုံစပွန်ဆာပေးမယ်ဆိုရင် ဒီဝတ်စုံကိုဝတ်မယ့် မော်ဒယ်လ်ပဲဖြစ်ဖြစ်၊ မင်းသမီးပဲဖြစ်ဖြစ် သူ့ကိုယ်တိုင်းနဲ့ပဲ ကျွန်တော်စဉ်းစားပါတယ်။ ဝတ်စုံကို Fitting ချပြီးမှပဲ တီထွင်ဖြစ်တာပါ။  ဝတ်စုံဒီဇိုင်းဝတ်တယ် ဆိုတာက ကိုယ့်သိက္ခာ အဆင့်အတန်းနဲ့အများကြီး သက်ဆိုင်နေပါတယ်။ ကိုယ်သွားရမယ့်ပွဲ၊ အနေအထားနဲ့ လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးဖြစ်အောင် သတိထားသင့်တာပေါ့။ မိန်းက လေးတစ်ယောက်က လိုအပ်တာထက်ပိုပြီး ကိုယ့်ရဲ့ထိန်းသိမ်းရမယ့် အရာတွေကို ဖော်ပြဝတ်စားမယ်ဆိုရင် သူ့ကိုအားနာလို့ မပြောဘူးဆိုရင်တောင် အထင်ကြီးလေးစားတယ် ဆိုတာမျိုးတော့ ရှိမယ်မထင်ဘူး။ အထင် သေး ရှုတ်ချခံရဖို့ပဲရှိပါတယ်။ ဒါကြောင့် အလွန်အကျွံကြီး ဝတ်စားဆင်ယင်နေတာမျိုးတော့ လုံးဝမထောက်ခံပါဘူး။ ကျွန်တော်တို့ ဒီဇိုင်နာတွေဘက်ကလည်း အပြန်အလှန် ထိန်းသိမ်းသွားသင့်တယ်လို့ ထင်ပါတယ်။

ဒီဇိုင်နာမမဉ္ဇူ

အခုတွေ့မြင်နေရတဲ့ အများစုသော အနုပညာရှင်တွေ၊ သာမန်မိန်း ကလေးတွေကအစ လွန်ကျွံတဲ့ဝတ်စားဆင်ယင်မှုမျိုးတွေ ဝတ်နေကြတာတွေ တွေ့မြင်နေရပါတယ်။ အနုပညာရှင်တွေ အနေနဲ့ကတော့ ဒါဟာ လို အပ်တာထက်ပိုပြီး ပရိသတ်အာရုံစိုက်မှုကို ရယူလိုလို့လား၊ ဒါမှမဟုတ် ထင်ရှားကျော်ကြားချင်လို့လား ဒီလိုမေးစရာပါ။ ဒီလိုသဘောမျိုးနဲ့ ဝတ်တယ်ဆိုရင်လည်း ဒါကမဖြစ်သင့် တာပါပဲ။ ကိုယ်ပိုင်စွမ်းရည်နဲ့ပဲ အနု ပညာဆိုတာ ကျော်ကြားတာ ကောင်းပါတယ်။ မလိုအပ်ပဲ ဖော်နေတာမျိုးကတော့ မကောင်းပါဘူး။ အော်စကာဆုပေးပွဲလို နေရာမျိုးကို ဘယ်လိုတွေ ဝတ်ပြီးတက်ကြသလဲ၊ နိုင်ငံတကာမှာရှိတဲ့ သမ္မတကတော်တွေ၊ မင်းစိုး ရာဇာတွေ ဘယ်လိုဝတ်ကြသလဲ စသဖြင့် သတိထားကြည့်ရင် လေ့လာလို့ရပါတယ်။ အပြန်အလှန်အားဖြင့် ပြောရရင်တော့ ဝတ်စုံဒီဇိုင်းတွေကို ဖန်တီးပေးရတဲ့ ဒီဇိုင်နာတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ကိုယ်ဖန်တီးတဲ့ ဝတ်စုံတစ်စုံဟာ မြန်မာပြည်တွင်းမှာ ဝတ်မှာဖြစ်တဲ့အတွက် ပြည်တွင်းနဲ့ လိုက်ဖက်သင့်လျော်တဲ့ ဒီဇိုင်းမျိုးဖြစ်အောင် သတိထားရမှာပါ။ မလိုအပ်ဘဲ အဖော်အချွတ် မဖြစ်အောင်သတိထားဖို့ လိုသလိုကိုယ်ပိုင်ဖန်တီးမှုသာရှိရင် ဘာတစ်ခုမှဖော်စ ရာမလိုဘဲလည်း လှပါတယ်ဆိုတာ ပြောပြချင်ပါတယ်။

တင်မိုးလွင်
ဝတ်ဆင်တတ်မှုက အနုပညာတစ်ရပ်ကို တတ်မြောက်တာနဲ့ အတူတူပါပဲ။ မဝတ်တတ်တော့လည်း ကိုယ့်ကိုယ်ကို အမှန်အတိုင်း မဖော်ပြနိုင်ဘူး ဖြစ်ရတာပေါ့နော်။ အခြေအနေ အချိန်အခါနဲ့ လိုက်ဖက်ညီတဲ့ ဝတ်စားဆင် ယင်မှုမျိုးဖြစ်အောင် မဝတ်ဆင်တတ်ဘူးဆိုရင် ကိုယ်ကတော့သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေသော်လည်း ကိုယ့်အဝတ်အစားက ကိုယ့်ကို အဲဒီလိုမဖော်ပြတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ကြိုးစားတည်ဆောက် ထားတဲ့ နာမည်ကို ကိုယ်တိုင်ဖျက်ဆီး ပစ်လိုက်တာနဲ့ အတူတူပါပဲ။ တစ်ခုခုကို အလွန်အကျွံရူးသွပ်သွားတာမျိုး၊ တစ်ယောက်ယောက်ကို အလွန်အကျွံ အတုယူလိုက်တာမျိုးပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုက ကောင်းသလား မကောင်းသလားဆိုတာကို ပုံမှန်စိတ်အနေအထားနဲ့ ဘယ်သူမဆို သုံးသပ်တတ်ပါတယ်။  ကိုယ်လုပ်လိုက်တဲ့ အပြုအမူတစ်ခုက ကိုယ့်မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် ဘယ်လောက် ထိခိုက်နစ်နာနိုင်လဲ ဆိုတာတွေးရင်တော့ အကောင်းဆုံးပါပဲ။ လူအများအလယ်မှာ ဟင်ကနဲဖြစ် သွားစေချင်တဲ့ လူငယ်တချို့ရဲ့ တခဏတာ ရူးသွပ်မှုကြောင့် ဖက်ရှင်တွေက အလွဲသုံးစား ဖြစ်သွားတာပါ။ ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ရဲ့သိက္ခာ၊ image ကို မထိခိုက်ဖို့ အရေးကြီးပါတယ်။

အိန္ဒြာကျော်ဇင်
ဝတ်စားဆင်ယင်မှုကတော့  မြန်မာပြည်လည်းဖြစ်သလို ကိုယ်က မြန်မာလူမျိုးတစ်ယောက်လည်း ဖြစ်နေတာကြောင့် နည်းနည်းလေးလည်း ထိန်းထိန်းသိမ်းသိမ်းလေး ဖြစ်မယ်၊ ကိုယ်နဲ့လည်း ဖက်ရှင်ကျအောင် ရွေး ချယ်တတ်ဖို့တော့ လိုတာပေါ့လေ။ သူ့နေရာနဲ့သူ ဝတ်တတ်ဖို့လိုတာပေါ့။ အရမ်းကြီး ပေါ်နေတာမျိုးမဟုတ်ဘဲ ဖက်ရှင်ကျအောင်လည်း ဝတ်စား ဆင်ယင်လို့ရပါတယ်။ ခေတ်လည်း မီရမှာပေါ့လေ။ အမြဲတမ်းချည်း ဟော့ပ်နေစရာတော့လည်း မလိုပါဘူး။ဟော့ပ်လွန်းရင်တော့လည်း နည်းနည်းတော့ မျက်စိစပ်စရာဖြစ်တာပေါ့။ လုံလုံခြုံခြုံနဲ့ခေတ်မီအောင် ဝတ်လို့ရတယ်ဆိုတာလေးတော့ ပြောချင်ပါတယ်။

ဒီဇိုင်နာသက်နှင်းအေး
ကျွန်မအနေနဲ့ကတော့ ဝတ်စုံတစ်စုံကို လာအပ်ပြီဆိုရင် ဘယ်လိုနေရာသွားမှာလဲ၊ ဘယ်လိုပွဲသွားမလဲ ဆိုတာမျိုး အမြဲမေးပါတယ်။ အဲဒီလိုမေးပြီးမှ ဝတ်မယ့်သူရဲ့အသားအရေ၊ structure တွေနဲ့ လိုက်ဖက်တာကို စဉ်းစားဖန်တီးဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုကို ခြုံပြီးပြောရမယ်ဆိုရင်ပေါ်မှ စတိုင်လ်မိုက်တာမျိုး မဟုတ်ဘူး။ ကိုယ်နဲ့လိုက်ဖက်မှုရှိဖို့က ပိုအရေးကြီးတာ။ စတိုင်လ်မိုက်တယ် ဆိုတာကအရောင်၊ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံဆိုတာတွေ ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ တချို့ကျ တိုမှလှမယ်ထင်တယ်။ ကိုယ့်အချိုး အဆက်ကကျတော့ အဲဒီလိုအတိုနဲ့ မလိုက်ဖက်တာမျိုးဆိုရင် ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

မိုးယုစံ

မိုးယုတို့က မြန်မာပြည်မှာနေတဲ့ မြန်မာမိန်းကလေးတွေ ဖြစ်နေတဲ့အတွက် မြန်မာဆိုတဲ့ အတွေးအမြင်လေးနဲ့ ကိုယ်ဝတ်တဲ့ အဝတ်အစားပေါ်မှာ ထိန်းသိမ်းဖို့တော့ လိုအပ်တယ်လို့ ထင်ပါတယ်။ မိုးယုတို့ရှိုးပွဲ တွေလျှောက်တဲ့အခါ ဒီဇိုင်နာတွေ ဆင်ပေးတဲ့ ဝတ်စုံမျိုးကိုဝတ်ရတာ ဖြစ်တဲ့အတွက် တချို့ဝတ်စုံလေးတွေက တိုသွားတာမျိုးလေးတွေ ရှိနိုင်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် မိုးယုအတိုလေးတွေ တစ်ခါတလေမှာ ဝတ်ရင်လည်း ဝတ်ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ သင့်တော်တဲ့ပုံစံမျိုးဖြစ်အောင်ပဲ အဓိကထား ရွေးချယ်ပါတယ်။ ကိုယ်ဝတ်တဲ့ အဝတ်အစားကြောင့် ကိုယ့်သိက္ခာ ကျဆင်းရမယ့် အဖြစ်မျိုးတော့ အဖြစ် မခံချင်ဘူးလေ။ ဒါကြောင့် မိုးယုအနေနဲ့တော့ ဝတ်စားဆင်ယင်မှုအပိုင်းကို အတတ်နိုင်ဆုံး သတိထားပါတယ်။  မိုးယုတို့လို အနုပညာရှင်တွေပဲဖြစ်ဖြစ်၊ သာမန်မိန်းကလေး တစ်ယောက် ပဲဖြစ်ဖြစ် လူငယ်ဆန်ဆန်လေးလည်း ဝတ်လို့တော့ ရပါတယ်။ ဒါပေမယ့် မြန်မာအမြင်နဲ့ သင့်တော်တာမျိုးလေး ဝတ်ဆင်ပြီးတော့လည်း လှနိုင်ပါတယ်ဆိုတာလေး ပြောချင်ပါတယ်။

ဖွေးဖွေး
ဝတ်စားဆင်ယင်မှု ဆိုတာကတော့ နေရာဒေသနဲ့လိုက်ပြီး လိုက်လျောညီထွေဖြစ်တာကို ရွေးချယ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဘုန်းကြီး ကျောင်းသွားရမယ့်ပွဲမျိုးကို မလိုက်ဖက်တာ ဝတ်စားသွားမယ်ဆိုရင် ဝတ်သွားတဲ့သူကိုပဲ အရင်ဆုံးထိခိုက်မှာပါ။ နေရာနဲ့လိုက်တာကို ရွေးနိုင်ရင် အကောင်းဆုံးပါပဲ။  ဒီဇိုင်နာဆိုတာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်ကို အသိဆုံးပဲလေ။ ဒါကြောင့်သူတို့ ဖန်တီးပေးတာနဲ့ ကိုယ်လိုချင်တာကို အမြဲညှိနှိုင်းတိုင်ပင် ဖြစ်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်တာကြောင့် ဖက်ရှင်ကျဖို့လိုအပ်သလို အများအမြင် သင့်တော်ဖို့လည်းလိုပါတယ်။

ဝတ်မှုန်ရွှေရည်
ဝတ်စားဆင်ယင်မှုက အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုကို ကိုယ့်ကိုချစ်တဲ့ ပရိသတ်က စိတ်ဝင်စား စောင့်ကြည့်နိုင်တယ်လေ။ ဒါကြောင့် ခေတ်လည်းမီ လူငယ်လည်းဆန်ပြီး မြန်မာအမြင်နဲ့လည်း သင့်တော်တဲ့ ဝတ်စုံမျိုးကို အတတ်နိုင်ဆုံး ရွေးချယ်ပါတယ်။ နေရာဒေသ အခြေအနေနဲ့လည်း လိုက်ဖက်အောင် ဝတ်ဆင်တတ်ဖို့ လိုတာပေါ့။ ဒီဇိုင်နာတွေဖန်တီးပေးတဲ့ ဝတ်စုံဆိုလည်း ဖန်တီးပေးတာနဲ့ ဖြစ်ချင်တာကို ညှိနှိုင်းဖြစ်ပါတယ်။
source: news.eleven

9 comments

  • narziparty2009

    August 13, 2010 at 5:13 am

    အိန္ဒြာကျော်ဇင် မိုးယုစံ ဖွေးဖွေး ဝတ်မှုန်ရွှေရည် အကုန်လုံး တော်တော်ပလီကျတယ်ခဗျားတို.ပုံတွေအကုန်ရှိတယ်ပို.ပေးရမလားအပြောနဲ.အလုပ်တစ်ထပ်တည်းကျအောင်လုပ်ပါဗျာ
    ပါးစပ်ကဘုရားဘုရားနဲ.လက်ကကားယားကားယားဆိ်ုတာခဗျားတို.လိုလူတွေကိုပြောတာ အဝတ်စားဆိုသူတို.လောက်ရိုင်းတာသူတို.ပဲရှိတယ်။
    ပြောလိုက်ရင်သူတော်ကောင်းကျနေတာပဲ

  • k19

    August 13, 2010 at 6:02 am

    ခေတ်မီတာမဟုတ်ဘူးဗျ ကျောက်ခေတ်ပြန်ရောက်သွားတာ….
    ရှေးဟောင်းအမွေအနှစ်ကိုထန်းသိမ်းတယ်ခေါ်တယ်..
    ထားလိုက်ပါဗျအဲတိုင်း
    ကြည်လို ့ကောင်းလိုပါဟဲဟဲ…..နော်

  • Shwemannmay

    August 13, 2010 at 7:03 am

    အင်း အနုပညာရှင်တွေနဲ ့ဒီဇိုင်းနာတွေ ဘောလီဘောပုတ်နေကျတာပဲ
    ချုပ်တဲ ့လူက အပ်တဲ ့လူရှိမှ ချူပ်ရမှာလေ ။

  • True Faith

    August 13, 2010 at 9:29 am

    ဟုတ်ကဲ့ ခင်ဗျားတို့ရဲ့ နှုတ်ထွက်စကားတွေကို မှတ်ထားပါ့မယ်။ အပြောနဲ့ အလုပ်တော့ ညီပါစေနော့်။ နောက်ပိုင်းမှာ ကို့ယို့ကားယား ဖြစ်လို့ကတော့ အခု ပြောထားတဲ့ စကားတွေကို ဓာတ်ပုံတွေအောက်မှာ တွဲထည့်ပေးလိုက်မှာ။ ရုတ်ရုတ်တော့ မလုပ်နဲ့။

  • မန်း ရိပ်

    August 13, 2010 at 10:10 am

    ခေတ်မီတာလား ခေတ်လွန်တာလားတော့မသိဘူး မြန်မာပြည်က အမျိုးသမီးတွေတော့ အကုန်အကွဲတွေ၊မပေါှတပေါှတွေနဲ့ကြည့်ပဲ

  • yawai

    August 13, 2010 at 10:15 am

    လွန်သွားရင်တော့ မကောင်းတော့ဘူး

  • etone

    August 14, 2010 at 4:42 am

    ဟုတ်တယ် အပေါ်က လူတွေရေးတာမှန်တယ် ။ လျှောက်ပြီး အင်တာဗျူးမှာသာ ရေးထားတာ တစ်ကယ်တမ်းသူတို့လည်း ဘာထူးလို့လဲ ။

  • lyanmoeaung

    August 14, 2010 at 8:40 am

    အကုန်လုံး စပွန်ဆာပေးပစ်မယ် … ဒါမှငါကွ

  • kai

    August 14, 2010 at 9:00 pm

    ရိုးရာယဉ်ကျေးမှုထိန်းတဲ့အနေနဲ့ ပုဂံခေတ်က အဝတ်အစားတွေ ပြန်ဖေါ်ထုတ်ဝတ်ကြဖို့ကောင်းတယ်။
    လက်မောင်းရင်းနဲ့ ခါးနဲ့နှဖူးမှာ လက်ဝတ်တန်ဆာဆင်ထားတဲ့ မိုဒယ်တွေအလှက ကမ္ဘာတန်းဝင်လောက်မယ်ထင်ပါတယ်။
    အခြေခံအားဖြင့် အိန္ဒိယအဝတ်အစားနဲ့ ဆင်ဆင်တူလောက်ပေမဲ့ မြန်မာမှုနည်းနည်းပြုလိုက်ကြပေါ့။

    အဲဒါဆို နိုင်ငံခြားက ဖက်ရှင်ကုမ်မဏီတွေ စပွန်ဆာပေးခေါ်လောက်မှာပါ။

Leave a Reply