” စိန်နားကပ်ရောင်နဲ့ပါးပြောင်ကြသူများ “

 

မနေ့ကရုံးပိတ်တာနဲ့ ခြံထဲထိုင်နေရင်း လက်ပွေ့ရောင်းဂျာနယ်သမားတစ်ယောက်ဖြတ်သွားတာနဲ့ အပတ်စဉ် ထုတ်ဂျာနယ်တစ်စောင်ကိုဝယ်ပြီးဖတ်လိုက်တော့ လတ်တလော သာသနာရေးဝန်ကြီးကို တရားစွဲလို့ ဖမ်းဆီး တဲ့အခါ သူ၏ကိုယ်ရေးအရာရှိ (PA – Personal Assistant)ကိုလည်း ခေါ်ယူသွားသမို့ ထိုPA ၏ ဇနီးသည်က သူ့ခင်ပွန်းကိုဘာကြောင့်ခေါ်သွားမှန်းမသိဘူးဆိုပြီး ၀မ်းနည်းစကားဆိုတဲ့အကြောင်း ဖတ်ရတော့ ခင်ခ တွေးမိ တွေးရာတွေးမိပြန်တယ်ဗျာ PA တွေအကြောင်းပြောပါတယ်။

ဟိုးအရင်အချိန်ကာလတစ်ခုတုန်းက

ဆက်သွယ်ရေးစနစ်က အခုလိုလက်ကိုင်ဖုန်း(ဟမ်းဖုန်း)တွေနဲ့ ပြောဖို့နေနေသာသာ ကြိုးဖုန်းတောင်မှ အိမ်ပေါက်စေ့ရှိကြတာမဟုတ်ဘူး ကြိုးဖုန်းတစ်လုံးအိမ်မှတပ်ခွင့်ရဖို့ဆိုတာလည်း လွယ်တဲ့ခေတ် မဟုတ် ဘူးလေ။ အဲဒီမှာ ရန်ကုန် မြို့ထဲစာတိုက်ကြီးဘေးက ဆက်သွယ်ရေးရုံးကို ခင်ခ အိမ်မှာကြိုးဖုန်းလေး တစ်လုံး လောက်တပ်ရအောင် မန္တလေးက ခင်ခ နဲ့ဦးလေးဝမ်းကွဲတော်စပ်သည့်သူတစ်ယောက် ထိုရုံးမှာတိုင်းဂျာ အဆင့် နဲ့ရောက်နေတာမို့ ခင်ခအဖေက ” သားမြို့ထဲသွားရင်းနဲ့ မင်းရဲ့ဦးဆီကို ဒီဖုန်းလျှောက်လွှာလေးသွား ပေးလိုက်” ဆိုလို့ ထိုဖုန်းလျှောက်လွှာလေး စာအိတ်ထဲထဲ့ပြီး ထိုရုံးကိုရောက်ခဲ့တယ်လေ။ ရုံးရောက်တော့ တိုင်းဂျာ အခန်း ဘယ်မှာလဲမေးပြီး လှေကားနဲ့တက်လို့ တိုင်းဂျာအခန်းလည်းရောက်ရော ၀င်လိုက်မယ် လုပ်တော့

” ကိုယ့်လူ ဘယ်သွားမလို့လဲ”

” တိုင်းဂျာနဲ့တွေ့မလို့”

” ဘာကိစ္စလဲ “

” အိမ်အတွက်ကြိုးဖုန်းတစ်လုံးလျှောက်ချင်လို့”

” အဲဒီကိစ္စဆို ဒီကိုခဏလာအုံး “

ဆိုပြီး အဲဒီ စတစ်ကော်လာအဖြူအင်္ကျီနဲ့သူက သူ့စားပွဲကိုခေါ်သွားတာနဲ့ အခန်းထဲမ၀င်ရသေးဘူး သူ့စားပွဲကိုလိုက်သွားရတာပေါ့။ သူက အဲဒီတိုင်းဂျာရဲ့ PA ဆိုတာ သူ့စားပွဲရောက်တော့သိရတယ်၊ ပြီးတော့ ကြိုးဖုန်းတစ်လုံးကို လွယ်လွယ်လျှောက်ချင်တိုင်းလျှောက်လို့မရတဲ့အကြောင်း အစိုးရရုံးဌာနဆိုရင်တော့ အစိုးရရုံးအချင်းမို့ ရနိုင်တယ်ဆိုရင်တောင် အချိန်ကာလတစ်ခုကြာတတ်ကြောင်း ကိုယ်ပိုင်အိမ်ဆိုရင်တော့ လျှောက်လွှာမှာဘာတွေလိုမယ် အဲဒါတွေပြည့်စုံရင်သူဆီတင်ထားခဲ့ပြီး လာလာစုံစမ်းဖို့လိုကြောင်း အကယ်လို့ မအားလပ်ရင် သူလုပ်ထားပေးဆိုလည်း ကူညီလုပ်ထားပေးမယ့်အကြောင်း ဒါပေသည့် အဲလိုကူညီလုပ်ထား ပေးဖို့ ဘာကြေးညာကြေးလေးတော့ ရှိနိုင်ကြောင်းစသည်ဖြင့်ရှင်းပြပြီး ညီလေးကဘယ်လိုမျိုးလုပ်ချင်သလဲ မေးလာတော့မှ

” အကို အခုတိုင်းဂျာက ကျွန်တော်ဦးလေးဖြစ်ပြီး ခင်ခ လာတွေ့တဲ့အကြောင်းလေးဘဲ ပြောပေးပါ၊ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ ဦးလေးနဲ့တွေ့ပြီး သူပြောတဲ့အတိုင်း ကျွန်တော်ဆက်လုပ်ရမှာ အဖေကသူဆီ ဖုန်း ဆက်ပြီး ပြီမို့ ဒီလျှောက်လွှာဦးဆီပေးဖို့လွှတ်လိုက်တာ” လို့ပြောတော့မှ အဲဒီသူက

” ဟာ ငါ့ညီက အတော်နောက်တာဘဲ အစထဲက ဦးလေးတော်တယ်ပြောလိုက်ပြီးရောကွာ” ဆိုပြီး တိုင်းဂျာအခန်းထဲလိုက်ပို့ပေးတယ်လေ။

အဲဒီလို PA တွေက အထက်အရာရှိကတော်တော် သူတို့က ပိုပြီးအာဏာပြချင် နေရာရချင်ကြတာလေ။

 

တစ်ခါတုန်းကလည်း

အလုပ်ကိစ္စလေးတစ်ခုရှိလို့ ၀န်ကြီးရုံးတစ်ခုကိုသွားပြီး ၀န်ကြီးနဲ့တွေ့ဖို့ကို PA နဲ့အရင်တွေ့ပြီး ကိုယ့် Case File လေးတင်ခဲ့ရတယ် ၀န်ကြီးနဲ့ တစ်ခါတည်းမတွေ့ရသေးဘူး ဟိုနေ့ပြန်လာခဲ့ပါဆိုလို့ ချိန်းတဲ့ရက် အတိုင်း သွား ပေမယ့်လည်း အခေါက်ခေါက်အခါခါသွားခဲ့ရပြီး တစ်ခေါက်ကျတော့ လက်ထဲမှ ဒဘလယ်ဘလက် ပုလင်းကြီး (၂)လုံးလောက်ဆွဲသွားပြီး အဲဒီ PA ကို ဟိုပြောဒီပြောပေးထားခဲ့တော့မှ မနက်ဖြန်မနက် ၀န်ကြီးနဲ့ လာတွေ့ပါ သူတွေ့လို့ရအောင် အဆင်ပြေအောင်ပြောထားပေးမယ်တဲ့ ကဲကြည့် ၀န်ကြီးထက်တောင် တံခါးမှုး PA က ပို အစွမ်းပြနေတယ်လေ။

 

အစိုးရရုံးဌာနတွေဆိုတာကလည်း မဆက်ဆံချင်ဘူးနေပေမယ့် အရှင်းတော့မရဘူးလေ တစ်ကြိမ်တစ်ခါတော့ ကိစ္စတစ်ခုခုနဲ့ ဆက်ဆံကြရတာဆိုလေတော့ အဲဒီရုံးဌာနတွေက PA တွေကလည်း သူထက်သူလက်စောင်း ထက်ကြောင်းပြချင်ကြတဲ့ စိန်နားကပ်ရောင်နဲ့ပါးပြောင်ကြသူများ ဆိုတာကတော့ ကြုံဖူးသူတိုင်းသိကြလိမ့်မယ် ထင်မိပါရဲ့ဗျာ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..