အဲဒီကောင်မလေးကို.. ဘယ်သူတွေဘာပြောပြော…

alinsettJuly 18, 20141min30423

အဲဒီကောင်မလေးကို သတိထားမိနေတယ်။
သူ ့ရဲ့ ရုပ်ရည်က ဘာမှ မပြောပလောက်တဲ့ သာမန်။
သာမန်ထဲမှာ ပြောစရာရှိတာလေးက အဲဒီကောင်မလေးဟာ တခြားမိန်းကလေးတွေထက် အရပ်ကလေးနိမ့်တယ်။
ငါးပေလောက်ပဲ ရှိမယ်ထင်ရဲ့။
အဲဒီကောင်မလေး. . .စင်ပေါ်မှာ သီချင်းဆိုနေချိန်တိုင်းမှာ အင်မတန်ကြီးမားတဲ့ ဝတ်စုံကြီးတွေကို ဝတ်လေ့ရှိတယ်။ ဂါဝန်ကားကားကြီးတွေ. . .
ပိတ်စရှည်ရှည်ကြီးတွေ. . .
တို့လို့တွဲလောင်းကြီးတွေနဲ့ . . .
သူ သီချင်းဆိုရင်. . .
သူ ့အသံနဲ့ မာန်ပါပါသီချင်းဆိုသံနဲ့အတူ သတိပြုမိ ငေးကြည့်ယူနေကြတဲ့အထဲမှာ အဲဒီ သူ ့ဝတ်စုံကြီးတွေလည်း ပါတယ် ။
ထူးခြားတဲ့ ဒီဇိုင်းကို မထူးခြားတဲ့ အရောင်ဖြစ်တဲ့ အဖြူ အနက် အနီ တွေနဲ့ ဝတ်ပြတာများတယ်။

အဲဒီကောင်မလေးကို အပြင်မှာ မမြင်ဖူးခင်က သီချင်းခွေတွေထဲကနေ သူ သီချင်းဆိုတာကို ကြည့်ပြီး အရပ်နိမ့်နိမ့်လေးလို့ မထင်ခဲ့ဘူး။
အသားမဖြူဘူးလို့ မှန်းမိပေမယ့် အပြင်မှာတွေ့ချိန်မှာ မြင်လိုက်ရသလိုမျိုး မည်းတဲ့အထိလို့လည်း မထင်ခဲ့ဘူး ။
အရပ်နိမ့်မယ်လို့မထင်ခဲ့တာက သူ့ဝတ်စုံ အကြီးကြီးတွေကြောင့်ရယ်
သူ ့အသံ ဟိန်းထွက်နေတဲ့ အသံအလုံးကြီးကြီးကြောင့်ရယ်ပေါ့။ စင်ပေါ်မှာမြင်နေခဲ့ရာက စ စိတ်ဝင်စားမိတာ. . .
သူ ့အသံ. . . .
မိန်းကလေးတစ်ယောက်အနေနဲ့ အင်မတန် မာန်ပါတဲ့အသံကို သူပိုင်ထားတယ် ။
အဲဒီ အသံနဲ့ သူဆိုရသမျှသီချင်းစာသားတွေကို စိတ်နှစ်ကိုယ်နှစ် တကယ်ခံစားပြီး ဆိုတတ်တဲ့
သူ ့သီချင်းဆိုဟန်လေး. . .
သူ စင်ပေါ်မှာ သီချင်းဆိုပြီဆိုရင်. . .စင်အောက်က ဂီတပရိသတ်တွေအားလုံးလိုလို သူ ့ကို ငေးကြည့်မိကြတယ်။
သီချင်းစာသားအလို မျက်နှာ ကိုယ်ဟန်အမူအရာကို အပီအပြင်ခံစားပြီး သီချင်းကို အသက်ဝင်သည်ထက် ဝင်အောင် သူ ဆိုတယ် ။
တချို့သီချင်းစာသားတွေမှာ. . .
သူ ငိုတော့မလောက် ခံစားတယ်။
တချို့သီချင်းစာသားတွေမှာ
သူ ဒူးထောက် ကျသွားတယ်။
တချို့ သီချင်းစာသားတွေမှာ. . .
သူ. . .မဲ့ပြုံးကို ကျကျနနပြုံးပစ်တတ်တယ်။
တချို့ စာသားတွေမှာတော့ နာနာကျည်းကျည်းနဲ့ မျက်စောင်းတွေ ဝင့်တယ်။
တချို့စာသားတွေနဲ့အတူ သူ ညုှတုတုအမူအရာလေးကို ချစ်စရာကောင်းအောင် လုပ်ပြတတ်ပြန်ရော ။
သူလေးဟာ. . .ဂီတကို ရူးသွပ်မှန်း. . .သိသာတယ်။
သူ. . .ရူးသွပ်ရာ ဂီတနဲ့ အသက်မွေးဝမ်းပြုလို့ရလောက်အောင်လည်း ကျွမ်းကျင်ပိုင်နိုင်ပုံ ရတယ် ။
သူ. . .သီချင်းကို ကျကျနနဆိုတတ်တယ် ။ ပိုင်ပိုင်နိုင်နိုင် လုပ်ပြနိုင်တယ် ။
သူ. . . ထင်ရှားကျော်ကြားလိုလို့လားတော့မသိဘူး. . .
အမူအရာပိုပို ဖက်ရှင်ထူးထူးခြားခြားး ကြောင်ကြောင်ကျားကျားကြီးတွေလို့ လူတွေ သတ်မှတ်တာမျိုးကို ထုတ်ပြတတ်တယ် ။ ဆံပင်ပုံစံ ထူးထူးခြားခြားကြီးတွေကို လုပ်ပြတုန်းက သူ့ကို လူတွေ တော်တော် အံ့ဩတကြီးဖြစ်ကုန်တယ် ။
အိုဗာတင်းတွေ ဖျော်တယ်တို့ ဘာတို့ သူ အပြောခံရတယ်။
ဒါပေမယ့် သူ ့ကို ကျွန်တော် သဘောကျတယ် ။
သူများထက် ထူးအောင် လုပ်ပြပြီး သူယုံကြည်ရာ ဂီတဖန်တီးမှုတွေကို သူ ဖန်တီးပြတယ် ။
သူ ့ကို လူတွေ ကြည့်ဖြစ်အောင်ကြည့်မိကုန်ကြတယ် ။
သူ. .ဒီနိုင်ငံမှာ သူ ့နာမည်ကို ကလေးကအစ သိအောင် လုပ်နိုင်ခဲ့တယ် ။
တခြား သူလုပ်ပြတာတွေကို အသာထားပြီး
ကျွန်တော်တော့
သူ ့ဂီတဖန်တီးမှုကို အသိအမှတ်ပြုတယ် ။
သူ အဆိုတော်တာဝန်ကျေတယ်။
သီချင်းကို သီချင်းပီပီသသ ဆိုပြနိုင်တယ် ။
သူ ့ နှုတ်က ပေါ်လာတဲ့ သီချင်းစာသားသံတွေကို
သူ ့အမူအယာနဲ့ ပိုတောက်ပစေခဲ့တယ်။
သူ. . . သီချင်းစာသားတွေကို အသံနဲ့ရော. . . အမူအယာနဲ့ပါ ရောပြီး အသက်တွေ သွင်းနေတယ်။
လျှာဖျားလေးပေါ်က ဆိုပြတတ်တဲ့ အဆိုတော်တွေထက် . . .ရင်ဘက်နဲ့ ဆိုပြတဲ့ သူ ့အသံက သာတယ် ။

သူနဲ့ အပြင်မှာ
စတွေ ့ဖြစ်တုန်းက. . .
သူ လို့တောင် မထင်မှတ်ရလောက်အောင် အင်မတန် ရိုးရှင်းမှေးမှိန်နေခဲ့တယ်။
သာမန် ဘာမှ မထူးခြားတဲ့ အရပ်နိမ့်နိမ့် အသားမည်းမည်း
ဘာဆွဲဆောင်မှုမှ ရှာမရတဲ့ မိန်းမတစ်ယောက်အဖြစ် သူ နဲ့ တွေ ့ရတာ ။
အဲဒီလို ကောင်မလေးတစ်ယောက်က စင်ပေါ်ကနေ လူတွေအများကြီးရဲ့ အမြင်အာရုံ အကြားအာရုံတွေကို ဖမ်းစားသိမ်းပိုက်နိုင်ခဲ့တာ. . .
သူ တော်တယ် ။

သူ့မှာ ပရိသတ်ကို ပြုံးပြဖို့ အင်မတန်နွေးထွေးတဲ့အပြုံးလေးရှိတယ် ။
သူ ့အသားအရည်နဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ်ရတဲ့ သူ့နာမည်ကို ခေါ်မိတော့ ဘာလို့များ ဒီနာမည်ကို ပေးထားတာပါလိမ့်လို့ တွေးမိသေးတယ် ။

ဒါပေမယ့် အဲဒီ အသားအရောင်နဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ်ရတဲ့ သူ့နာမည်ရယ်. . . .
သာမန်ထက် ထူးခြားတဲ့ ဆံပင်တိုတိုနဲ့ စင်ပေါ်စတက်ခဲ့ပုံရယ်. . .
(သူ စင်ပေါ်စတက်ချိန်က အဆိုတော်မိန်းကလေးတော်တော်များများထဲမှာ သူ ့လို ကတုံးဆံပင်ပေါက် ပုံစံ မရှိသလောက်ပဲ/ အဲဒီတုန်းက သူ ့ဆံပင်က ထူးခြားခဲ့တယ်)
စင်ပေါ်မှာ သီချင်းကို သရုပ်ဖော်မှုတွေ တသီကြီးနဲ့ စင်ရဲ့ ဟိုဘက်ဒီဘက် ပြေးလွှားပြီး မာန်ပါပါဆိုခဲ့တဲ့ ဟန်ရယ်. . .(သူ စပေါ်လာကာစက သီချင်းဆိုတဲ့ မိန်းကလေးတော်တော်များများက စင်ပေါ်မှာ တောင့်တောင့်ကြီးရပ်ပြီး သီချင်းကို စာဖတ်ပြသလို ဆိုနေတုန်း)
အဲဒီ အချက်တွေက သူ့ကို လူတွေ သတိပြုမိစေတဲ့ အချက်တွေပဲ။

အခုအချိန်ထိ သူ ့ကို ကျွန်တော် အားပေးနေပါတယ်။
ခံစားချက်အပြည့်နဲ့ သူ စာသားတွေကို အသက်သွင်းပြနေတာလေးကို အဓိက အားပေးနေမိတာပါ။
သူ ့ကို အနီးကပ်တွေ ့ရတုန်းက
ပြောဖြစ်ခဲ့တဲ့စကားတွေ သူ မှတ်မိပါ့မလားမသိဘူး။
သူ ့မှာ ပရိသတ်တွေရဲ့စကားတွေ အများကြီးကို လိုက်မှတ်နေဖို့ အခွင့်သာချင်မှသာမှာပေါ့။
ဒါကြောင့် သူ ့ကို အပြောချင်ဆုံးစကားတွေထဲကမှ အပြောချင်ဆုံးတစ်ခွန်းကို ထပ်ပြောချင်မိနေတာ

”ဘယ်သူတွေ ဘာပြောပြော
သီချင်းတွေ ဆိုမြဲ ဆိုနေပါဖြူဖြူ. . .
ကျွန်တော်. . . ဖြူဖြူ့သီချင်းဆိုသံ/ဆိုဟန်တွေကို ဆက်လက် အားပေးနေပါ့မယ် . . .”

 

 

.
.

 

.
.

 

.
.

 

 

.
.

 

.
.

 

 

 

 

 

23 comments

  • ဇီဇီ

    July 18, 2014 at 8:32 am

    မမဂျီးလည်း သူ့ကို ကြိုက်တယ်။
    အသံကိုရော
    အသံထွက်ကိုရော
    မုဒ်ကို ရော
    သူ့ အလုပ်မှာ သူ ဝင်စားမှုကိုရော
    စိတ်ဝင်စားအောင်လုပ်ပြချင်စိတ်ရော (လိုတာ ပိုတာ နောက်တပိုင်းမှ ပြောတာပေါ့)
    အသားသာညိုတာ …..
    မျက်နှာက ဖစ်ဂါလေးတွေ တစ်ခုချင်းကြည့် လှတယ်။
    ချစ်စရာလေးတွေ။

    :s:

  • နှူးဘာ မိဂီ

    July 18, 2014 at 9:04 am

    ဘယ်သူများလဲလို့ …
    ဘော့ဘ်ဒီလင် မနေရ ရှာကီရာ မနေရ ဘွန်ဂျိုဘီ မနေရ တဲ့ အဆိုဒေါ်ကိုး …
    ငိငိ
    ကြိုက်ဖူး..
    ရဲဘက်ကဝင်းလေးပဲ ကြိုက်တယ်

  • Kaung Kin Pyar

    July 18, 2014 at 9:12 am

    ဖြူဖြူက Creative သမားပဲ..ဘယ်သူဘာပြောပြော…။ အနုပညာသမားထဲက အမျိုးသမီးတွေထဲမှာ ဖြူဖြူနဲ့ဖွေးဖွေးက ကိုယ်ကြိုက်ရင် ဘယ်ဒီဇိုင်းပဲဖြစ်ဖြစ် လုပ်ရဲတာသဘောကျတယ်..။
    ဖြူဖြူက အသံပါဝါလဲကောင်းတယ်..(Celine Dion လောက် တချို့သီချင်းတွေ မလိုက်နိုင်တာကလွဲရင်..)
    ကြားဖူးတာတော့…Show မစခင် ရေသန့်တစ်ဗူးနဲ့ စင်ပေါ်မှာ ခေါက်တုံ့ ခေါက်ပြန် လေ့ကျင့်သတဲ့… သူ့ရဲ့ ပြီးပြီးရော မလုပ်တတ်တဲ့အကျင့်ကိုလဲ သဘောကျတယ်…။

    :mrgreen:

    • alinsett (gazette)

      July 18, 2014 at 10:44 am

      ဟုတ်တယ်.. ။
      သူ့အလုပ်ကို..သူ..သေချာအာရုံဝင်စားပြီး..လုပ်ပြတာလေးက….အသိအမှတ်ပြုရမှာ.. ။

      တချို ့အဆိုတော်ကြီးတွေဆို..စင်ပေါ်မှာ..သီချင်းစာရွက်ကြီးကိုင်ပြီး..ဆိုပြနေတာ..
      အဲဒါတွေထက်တော့… သာတယ်ဗျ.. ။

      :kwi:

  • manawphyulay

    July 18, 2014 at 10:51 am

    သူရဲ့ အသံပါဝါကိုက လူကြီးကော လူငယ်တင်မကဘူး။ ကလေးတွေပါ အတော်ကြိုက်ကြတယ်။ တချိို့သီချင်းတွေ သူဆိုနေရင် ကိုယ်တိုင်ဆိုနေသလို ခံစားမိတယ်။ ဒီဇိုင်းကလည်း သူများမတူအောင် လေဒီဂါးဂါးပဲ စင်ပေါ်ရောက်နေသလားမှတ်ရတယ်။
    မျက်နှာကတော့ သေချာကြည့်ရင် ကလေးတစ်ယောက်လိုပဲ။ ချစ်ဖို့ကောင်းတယ်။

    • alinsett (gazette)

      July 18, 2014 at 10:59 am

      အဟုတ်…အဟုတ်.. .။
      သူသီချင်းဆိုနေရင်.. အဲဒီ သူ ့ဆိုနေတဲ့စင်ပေါ်…ဘယ်သူ..လှည့်မကြည့်ပဲ..နေနိုင်မလဲ… ..

  • Mr. MarGa

    July 18, 2014 at 11:59 am

    ဖြူဖြူ နဲ့ ဖွေးဖွေး
    နင် ဘာကို ရွေးမလဲ ???

    • alinsett (gazette)

      July 19, 2014 at 6:42 pm

      နှစ်ယောက်လုံးကို..ကျွေးမယ်..
      အဲ..ရွေးမယ်.. ။

      😆

  • kai

    July 18, 2014 at 12:33 pm

    အဲဒီသီချင်းနားထောင်ပြီးပြီလား…
    အယ်လ်အေမှာ.. စင်ပေါ်ကနေပြောသွားတာတော့.. ပထမဆုံးဆိုတာပဲ.. ။ :mrgreen:

    • alinsett (gazette)

      July 19, 2014 at 6:48 pm

      ဘာသီချင်းများလဲ..ဆိုပြီး..နားထောင်ဖို ့..ကလစ်တာ..အခါပေါင်းတစ်သိန်းလောက်ရှိတော့မယ်။
      အဝိုင်းလေး…လည်နေတာနဲ ့ပဲ… ထပ်ခါထပ်ခါ ပြန်ကလစ်နေတာ..။
      အခုထိ…သဂျီးထည့်ပေးထားတာ… ဘာမှန်းကို..မသိသေးဘူး..သဂျီးရာ..

      တောက်ကျိုးနည်း.မြန်မာပြည်အင်တာနက်

      • အရီးခင်

        July 19, 2014 at 8:02 pm

        ဖြူဖြူကျော်သိန်း ဆိုနေတာပါ။
        မြန်မာပြည် ပြည်သူ တွေ ရဲ့ ဒုက္ခတွေ နဲ့ စစ်ပွဲ တွေ ငြိမ်းဖို့ အတွက် ပါ။
        တိုးတက်နေမဲ့ တိုင်းပြည်များကို ကျည်ဆံ နဲ့ တည်ဆောက်မရ တဲ့။
        ဒါကြောင့်မို့ လွှတ်တော်ထဲ ဝင်ထိုင်ပေးနေတာပါ ဖြူဖြူ ရယ်။
        :-)))

        • alinsett (gazette)

          July 20, 2014 at 12:46 pm

          အဲဒီသီချင်းတော့… ဒီမှာ..ဆိုသံ မကြားဘူး…။
          ဆိုးပါဘူး…။ သူလေးးး ဆိုရဲသားပဲ…

          :mrgreen:

  • ခင် ခ

    July 18, 2014 at 12:56 pm

    သူလုပ်ချင်တာကို လုပ်ရဲတဲ့သတိ္တကိုတော့ ချီးကျူးမိပါတယ်။
    သူ့ရဲ့သီချင်းတွေကလည်း နားထောင်ကောင်းစဲပါဘဲ။
    ကျုပ်တော့ သူ့စတိုင် သူ့အသံ သူ့ဆိုဟန် သူ့သီချင်းတွေကို ကြိုက်တယ်ဗျာ။

    • alinsett (gazette)

      July 19, 2014 at 6:41 pm

      ဒါလေးတော့…. အကြိုက်တူတွေဖြစ်သွားပြီပေါ့..လေးခ ရေ..

  • Crystalline

    July 18, 2014 at 1:49 pm

    ဆရာဝန်အဆိုတော်တွေထဲရော.. အဆိုတော်ထဲမှာပါ သူနဲ့ နီနီခင်ဇော်ကိုအတော်လေးသဘောကျမိတယ်.. ဂီတဖက်ကို ပိုပြီးအလေးပေးနေတာလည်း နားလည်လို့ရတယ်.. နီ့အရင်ချစ်သူလေး ထွီဇာကိုတော့ ဘာကြောင့် အနုပညာလမ်းကြောင်းဖက်အလေးပေးလည်း နားမလည်နိုင်ဘူး.. သူက တကယ်တမ်း ဟိုနှစ်ယောက်ထက်စာရင် ပညာရေးပိုင်းပိုထူးချွန်ပြီး တကယ်ထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်နိုင်တယ်လို့ ထင်တယ်.. သူ့သင်ဖူးတဲ့ဆရာမတွေလည်း အဲ့လိုပဲကောက်ချက်ချတယ်..

    • ဦးကြောင်ကြီး

      July 18, 2014 at 2:09 pm

      ခွစ်လေးနဲ့ကြောင် တူတူနေဂျင်ပီ..

    • alinsett (gazette)

      July 19, 2014 at 6:40 pm

      ဖြူဖြူက..ဂီတကို..ရူးသွပ်တဲ့ပုံလေးပါ.. ။
      သေသေချာချာတော့..လုပ်ပြနေတာပဲ..နော့ ။

      ချစ်သုဝေအကြောင်းတော့..ပြောကိုမပြောချင်တော့ဘူး..။ အဟိ ။

      :mrgreen:

  • TNA

    July 18, 2014 at 3:17 pm

    ဘူများလဲလို့ စလင်းဂါဂါကြောင်သိန်းကိုး။ ခွဒစ်တူ သော်

    ကိုယ်ပိုင်သံဇဉ်မရှိပဲလေကျယ်နေတာ ကြိုက်ဖူးတော်

    • alinsett (gazette)

      July 19, 2014 at 6:37 pm

      ဒီတစ်ယောက်ကို.. ကြိုက်ဖူးလား..
      တဲသီင်္တော့..ဖွေးဖွေးကို ကြိုက် မကြိုက်မသိဘူးး..
      အနော်တော့… ဖွေးဖွေးကို ကြိုက်တယ် ။

      အဟိ ။

      :mrgreen:

      • TNA

        July 20, 2014 at 1:28 pm

        ကြိုက်ဖူးသူ့ကို နီနီခင်ဇော်ကိုမှကြိုက်သေး။ အေးချမ်းလို့။ သူ့ကြည့်ရတာ ပူလောင်ပျာစလူးခပ်နေဒါဘဲ

Leave a Reply