” ဂရုတစ်စိုက် နေသွားသင့်တယ်လို့ “

 

သဂျီးမင်း ကျွန်တော့ပိုစ့်တစ်ခုမှာခုလို ကွန်မန့်လေးရေးထားလို့

အနော်ရထာက.. စုက္ကတေးမင်းကိုလုပ်ကြံတယ်…
ကျန်စစ်သားက.. အနော်ရထာကို သစ္စာဖောက်တယ်….
..
.. တပင်ရွှေထီးလုပ်င်္ကြခံရတယ်..။
ဆင်ဖြူရှင်လက်ထက်မှာ.. ယိုးဒယားတက်သိမ်းတယ်..။
အလောင်းဘုရား စစ်တိုက်ရင်းသေတယ်..။
ကနောင်မင်းအသတ်ခံရတယ်..
သီပေါမင်း ညီနောင်တွေလည်မြိုတုတ်နဲ့ရိုက်သတ်ခိုင်းတယ်..
..
ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောလုပ်ကြံတယ်..
ဦးနုကို.. ဦးနေ၀င်းနေရာဖယ်ထောင်ချတယ်..
ဦးနေ၀င်းကို.. မှုးကြီးသန်းရွှေ.. ဖယ်ထုတ်တယ်..။
..
..
မြန်မာပြည်မယ်.. အေးအေးချမ်းချမ်း တိုင်းပြည်တိုးတက်အောင်လုပ်ပြီး.. ကောင်းကောင်းမွန်မွန်.. လွန်သွားတဲ့.. မင်း..အုပ်ချုပ်သူ.. အစိုးရမှ ရှိဖူးရဲ့လား…။

 

အဲဒါလေးဖတ်ပြီး လတ်တလော ကျုပ်နေတဲ့ မန်းမှာ ဟိုနေရာ ဟိုလိုသတင်းနဲ့ ရုတ်ရုတ်ဖြစ်နေတာကို အခြေပြုကာ ခဏလောက်အတွေးအဖြစ် အခုလိုတွေးမိသွားတယ်ဗျာ

အရင်အရင်က ကိစ္စတွေတော့ ကျုပ်တို့မမှီလိုက်ဘူးပေမယ့် စာပေတွေတော့ ဖတ်ရတာပေါ့ဗျာ။ ကျုပ်ပေတရာလမ်းပေါ် ဘောလုံးကန်ကြတဲ့ ကလေးအရွယ်ရောက်တော့ သမ္မတကြီးဦးနေ၀င်း အုပ်ချုပ်နေတဲ့ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ခေတ်ကိုရောက်လေပြီဗျ။

ကျုပ် စတုတ္ထတန်းကျောင်းတက်နေတဲ့ တစ်ရက်မှာတော့ နေ့လည်မုန့်စားကျောင်းဆင်းချိန်မှာ သတင်းတစ်ခု မုန့်ဈေးတန်းကကြားလာခဲ့တာ ဒီနေ့ကျောင်းစောဆင်းပေးမယ် ဦးဝိစာရလမ်းကနေ ဦးသန့်ဈာပနချလာမှာ သွားကြည့်မယ်တို့ ဟံသာဝတီကြံတောသုဿန်မှာသွားစောင့်ကြည့်ကြမယ်တို့ အဲလိုသိရတာပေါ့။ ကျုပ်တို့ မူလတန်းကျောင်းက စမ်းချောင်းက ကျွန်တော်လမ်းနဲ့မကြီးကြီးလမ်းထောင့်ဆိုတော့ ဟံသာဝတီကြံတောဘဲ သွားသွား ဦးဝိစာရဘဲသွားသွား နီးလေတော့ သူငယ်ချင်းတစ်သိုက်တိုင်ပင်ပြီး ကြံတောသုဿန်ဘဲသွားကြ မယ်လို့ ဆုံးဖြတ်ထားကြတယ်လေ။ မုန့်စားကျောင်းတက်ပြီး သိပ်မကြာဘူး နေ့လည်(၁)နာရီကျောင်းဆင်း ပေးတော့ အိမ်ပြန်လွယ်အိတ်ထားပြီး အဖိုးကို ဦးသန့်ဈာပန သူငယ်ချင်းတွေနဲ့ သွားကြည့်မလို့လဲဆိုရော အဖိုးက အေး အဖိုးလိုက်ပို့ပေးမယ်ဆိုပြီး ကျုပ်သူငယ်ချင်းတစ်သိုက်နဲ့ အဖိုးနဲ့ ဟံသာဝတီကြံတော သုဿန် ကိုချီတက်ခဲ့ကြတာပါပေါ့ဗျာ။ ဟိုရောက်တော့ ဈာပနလာကြည့်တဲ့သူတွေ မနည်းပါးလား အားလားလား အများ ကြီးပါဘဲလေ၊ အသုဘဈာပန မရောက်လာသေးလို သုဿန်အ၀မျှော်လိုက်ကြ အုတ်ဂူတွေပေါ်ပြေးလွှားရင်း ကျုပ်တို့သူငယ်ချင်းတစ်သိုက် ဆော့ကြတဲ့ ကလေးအရွယ်ဆိုတော့ ပျော်ကြတာပေါ့။ အဲ ညနေလေးနေနည်း နည်းစောင်းလာတော့ သုဿန်ထဲကို သတင်းတစ်ခုရောက်လာတယ် ဦးသန့်အလောင်းကို အာဏာရ ဦးနေ၀င်း အစိုးရက သာမာန်သုဿန် ကြံတောမှာဘဲ သင်္ဂြိုလ်ခွင့်ပေးတာကို လက်မခံနိုင်လို့ တက္ကသိုလ်ကျောင်းသား ထုက ဈာပနလမ်းခရီးကနေ အလောင်းကိုတက္ကသိုလ်ဘက်သယ်သွားကြပြီတဲ့ အဲဒီမှာ စောင့်နေတဲ့ လူအုပ်ကြီး လည်း ဟယ်တွေ ဟာတွေ ဖြစ်ပြီး တစ်ချို့လည်း အိမ်ပြန်ကြမယ် တစ်ချို့လည်း ကျောင်းလိုက်သွားမယ်နဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်လေပေါ့ဗျာ။ ကျုပ်ကလည်း အဖိုး သားတို့ကျောင်းလိုက်သွားကြည့်ရအောင်ဆိုတော့ အဖိုးက တက္ကသိုလ်ကျောင်းကိုအလောင်းသယ်သွားပြီဆိုတော့ သပိတ်စခန်းဖွင့်ပြီပေါ့ လာပါ အိမ်ပြန် ရေချိုး ထမင်းစားပြီး ညကျမှသွားကြည့်ကြတာပေါ့ကွာဆိုလို့ အဖိုး ည တကယ်လိုက်ပို့ပေးမှာနော်လို့ဆိုကာ အဖိုးနဲ့အိမ်ပြန်ခဲ့မိတယ်။

ကျုပ်ငယ်ရွယ်တဲ့ ထိုအရွယ်ကထဲက မြန်မာပြည်ကြီး ဖျားတာကို စတင်တွေ့ကြုံခဲ့ရတာပါဘဲဗျာ။ ထိုအချိန်က ၁၉၇၄ ခုနှစ်ဝန်းကျင်လောက်ပေါ့။

နောက်ပိုင်းလည်း မြန်မာပြည်ကြီး ဖျားတာကို ကျုပ်တို့ အထက်တန်း တက္ကသိုလ်တန်းတွေတက်စဉ်ကာလမှာ ရံဖန်ရံခါကြုံ လာလာရတယ်တယ်ဗျ။ ဘာဖြစ်လို့ အဲဒီလို မြန်မာပြည်ကြီး ဖျားနာနေရတယ်လည်းလို့ အရင်က သေချာမသိပေမယ့် ကျုပ်တက္ကသိုလ်တန်းတွေတက်တော့ သိလာရပြီ အဲဒီတုန်းက စနစ်က တိုင်းပြည်မှာ ပြည်သူပိုင်စနစ် ဒါပေမယ့် ခေတ်ကတော့ ပြည်သူမပိုင်ပါဘူး အခွင့်ထူးခံ လူတန်းစားအလွှာတစ်ခုကဘဲ တိုင်းပြည်ရဲ့ သံယံဇာတတွေ အသီးအပွင့်တွေကို ပိုင်ဆိုင်ခွင့်ရ စားသောက်ခွင့်ရတာပါ။ ပြည်သူလူထုက ငကျွဲ (၃၅)မှတ်ဆန်နဲ့ဧည့်မထ (၃၈) မှတ်လောက်စားနေတဲ့ချိန်မှာ ပါတီဥက္ကဌ နဲ့ သမ္မတက ငကျွဲပေါ်ဆန်မွေး (၀) မှတ်စားနေကြတာလေ။ (၃၅)မှတ်ဆိုတာက ဆန်လုံးအရေအတွက် (၁၀၀)စေ့မှာ ဆန်ကွဲခေါ်တဲ့ ဆန်အကြေက (၃၅)စေ့ ရောနှောပါနေတာ၊ (၃၈)မှတ်ဆိုတာ ဆန်ကွဲခေါ်တဲ့အကြေက(၃၈)စေ့ပေါ့။ သူတို့ကတော့ ဆန်လုံး ကြည်ဘဲ ဆန်ကွဲအကြေတစ်စေ့တောင်မပါဘူးပေါ့ဗျာ။ အဲလို ဆန်တ၀က် ဆန်ကွဲအကြေတစ်ဝက်လောက် ပြည်သူလူထုအတော်များများ နေ့စဉ်နဲ့အမျှစားနေကြရတာ ဘယ်လာပြီးတရားမျှတတဲ့ တိုင်းပြည်ဖြစ်တော့မလဲ ပြီးတော့ ဆန်ဈေးကလည်း တစ်ရိပ်ရိပ်ကြီးသေးတယ်လေ၊ ပြည်သူတွေက မီးထွန်းဖို့အတွက် ရေနံဆီကို သမ၀ါယမဆိုင်က တစ်အိမ် ထောင်ကို တစ်လလျှင် တစ်ပုလင်းရတဲ့အချိန်မှာ အုပ်ချုပ်သူအစိုးရအဖွဲ့ကသူတွေက တစ်လကို အစိုးရ သတ်မှတ်ဈေးနဲ့ ကားတစ်စီးလျှင် ဓာတ်ဆီဂါလံများစွာကို ရသတဲ့လေ၊ အဲဒီထဲက တစ်လုံးက မီးထွန်းဖို့ တစ်လုံးက တီဗွီကြည့်ဖို့ တစ်လုံးက ကတ်ဆက်ဖွင့်ဖို့ ကြော်ငြာလို့ ဘယ်ဂါလံလောက်အပြင်ပြန်ရောင်း မီးဖိုချောင်စရိတ်သုံး ဘယ်ဂါလံလောက်ပြန်ရောင်း သမီးသားသုံးနဲ့ အဟုတ်ကို ဟန်ကြနေကြလေတော့ အဲဒီလို လူတန်းကွာဟမှုတွေဖြစ်လာတဲ့အခါ မခံမရပ်နိုင်ကြသော ပြည်သူတွေစိတ်မှာ နာကျဉ်းလာတဲ့အခါ မဆလ ပြည်သူပိုင် အာဏာရှင်စနစ်ကို တွန်းလှန်ချင်တော့တစ်တိုင်း တစ်ပြည်လုံးအုံကြွမှုတွေ နေရာအနှံဖြစ်လေသော အခါ မြန်မာပြည်ကြီး အကြီးအကျယ်ဖျားနာလာတဲ့အချိန် ဦးနေ၀င်းက တစ်ပါတီစနစ် နှစ်ပါတီစနစ် ပါတီစုံ ဒီမိုကရေစီစနစ်တွေကို မိန့်ခွန်းထဲမှာ ဆွပေးကာပြောချ လိုက်ပြီး ဖျားနာနေတဲ့ မြန်မာပြည်ကို ရည်ရွယ်ချက် လမ်းကြောင်းပြောင်း အပြင်းဖျားအောင်ဖန်တီးပေး လိုက်တော့ မြန်မာပြည်ကြီး အဖျားကြီး လေပေါ့ဗျာ။ ဒါနဲ့ဘဲ ခေတ်စနစ်တစ်ခုပြောင်းပြီး ဒီမိုကရေစီ ဆိုတာကို တရားဟောသူဟော စာရွက်ကမ်း သူကမ်း စည်းရုံးသူ စည်းရုံးနဲ့ အုတ်အော်သောင်းနင်းဖြစ်နေတဲ့အချိန်မှာ ဒုစရိုက်မှု အစပြုဖို့ ဖျက်စီးမှုနဲ့ လူသတ်မှုစုံ ဖြစ်ပေါ်ပြောင်း လဲမငြိမ်မသက်ဘဲနှင့် ပြည်သူအသက် အိုးအိမ်ထိပါး လေပြီ အပြင်းဖျားသော မြန်မာပြည်ကို ကယ်မှဖြစ်မယ် အခြေအနေမို့ ကဲ ကယ်လိုက်ကြစို့ဟုဆိုကာ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာတော့ စစ်တပ်အစိုးရမှ တိုင်းပြည်အာဏာရယူကာ အာဏာရှင်စနစ် အသက်ပြန်သွင်းလို့ အုပ်ချုပ် သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ရပါ ကောလား အဲဒီတုန်းက လှည့်ကွက်တွေကြား စီမံမှုအောက်မှာ မြန်မာပြည် အပြင်းဖျားခဲ့တာကိုး။

နောက်နှစ်ဆိုရင် ၂၀၁၅ ကိုရောက်တော့မှာဆိုတော့ကာ

အဲဒီတော့ မြန်မာပြည် ဘာလို့ဖျားတာလဲ ?

ဘယ်အချိန်မှာ မြန်မာပြည် ဖျားတတ်သလဲ ?

ဘယ်သူတွေကြောင့် မြန်မာပြည် ဖျားမှာလဲ ?

မြန်မာပြည် အခု ဘယ်သူတွေက ဖျားစေချင်တာလဲ ?

အဲဒါလေးတွေ တွေးတတ်အောင်တွေးပြီး……………………………

မြန်မာပြည် ဖျားသင့်သလား မဖျားသင့်သလား ပြန်လှန်စဉ်စားကာ အကယ်လို့မဖျားသင့်ဖူးဆိုရင် မြန်မာပြည် မဖျားအောင်လို့ ဖျားတတ်တဲ့မြန်မာပြည်အတွက် ဒို့ပြည်သူတွေ ဂရုတစ်စိုက် နေသွားသင့်တယ်လို့။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..