က) ကျွန်တော်ဆိုတဲ့ချာတိတ်လည်း ခေါင်းကိုထိခိုက်မိပြီးကတည်းက ရူးချင်ချင်ဖြစ်သွားတာများလား ?

ခ) မေးခွန်းတွေတစ်မျိုးပြီးတစ်မျိုး မေးချင်နေတာ ဘာကြောင့်များပါလိမ့် ?

ဂ) ကျွန်တော် မေးချင်တာလေးတွေ ရှိလို့ စိတ်ထဲကလိကလိဖြစ်နေတာတွေကို မေးတဲ့အခါ ဖြေကြမလား ?

ဃ) မေးချင်တာတွေ တန်းစီနေတဲ့အထဲကမှ ဘယ်ဟာကိုအရင်စ မေးရင်ကောင်းမလဲ ?

———————————–

 

၁) အိပ်မက်နည်း

ကျွန်တော်ဗျာ. . .
ည ညအိပ်ရင် . . . အိပ်မက်လုံးဝ မမက်တတ်ဘူး ။ သူများတွေများ မက်လိုက်ကြတဲ့အိပ်မက်တွေ ။ အိပ်မက် မက်ရင်းနဲ့ လမ်းထလျှောက်တာတို့. . .ထယောင်ပြီးအော်တာတို့ ဘာတို့ မြင်ရကြားရရင် ကျွန်တော် တော်တော်အားကျတယ်ဗျာ ။

ကျွန်တော်လေ အိပ်မက်တွေမက်ချင်တာဗျ ။
ခက်တာက ဘယ်လိုမှကို မမက်ဘူး ။
အိပ်မက် မမက်တတ်တဲ့ လူရယ်လို့ ရှိတယ်ဆိုရင် အဲဒါ ကျွန်တော်ပဲ။

အိပ်မက်ဆိုးပဲ ဖြစ်ပါစေဦး ။ အားခနဲ အော်ပြီး လန့် နိုးလိုက်ရပါစေဦး ။
မက်ချင်တယ် ။

အိပ်မက်ကောင်းဆိုလည်း ဇိမ်ရှိရှိနဲ့ သာသာယာယာလေး မက်ခွင့်ရချင်ပါတယ်။
အေးမြတ်သူတို့ ဖွေးဖွေးတို့နဲ့ ချစ်ခန်းကြိုက်ခန်းလေးတွေလည်း မက်ချင်ပါတယ် ။
အဲဒါ. . .
ဘာ အိပ်မက်မှ မမက်တတ်တဲ့ ကျွန်တော့်အတွက် အိပ်မက် မက်စေတဲ့ နည်းလမ်းတစ်ခုခုများ ဘယ်သူပြောပြနိုင်မလဲ ။

———————————

 

၂) ငြင်သာတဲ့နှိုးစက်

အိပ်မက် မက်နေတုန်းမှာဖြစ်ဖြစ် . . . ဒါမှမဟုတ် ဘာအိပ်မက်မှ မမက်ပဲ အိပ်မောကျနေတုန်းမှာဖြစ်ဖြစ် . . .နှိုးစက်ကြီးတဂီးဂီး ထမြည်လို့ အလွန်တရာ ထိတ်လန့်စွာ နိုးထရတာ စိတ်ပျက်လွန်းလို့ဗျာ။

အဲဒါလေ. . .
လူကို ထိတ်လန့်မှုလည်း မဖြစ်စေအောင် . . .
အသာတကြည်နဲ့လည်း ထလာစေအောင်. . .
ငြိမ့်ငြောင်းသာယာမှုလည်း ရှိအောင် နှိုးပေးနိုင်မယ့်. . နှိုးစက်အသံလေးများ. . . ဘယ်ကရနိုင်မလဲ
တစ်ယောက်ယောက် လမ်းညွှန်ပေးမလားးဟင် ?

———————————-

၃) အိပ်ပျော်အောင်လုပ်ပေးမယ့်စက်

နှိုးစက် ဆိုလို့ တလက်စတည်း မေးဦးမယ်ဗျာ။

နှိုးစက် ရှိတာတော့ ဟုတ်ပါပြီ။
အိပ်မပျော်တဲ့ညတွေမှာ ငြိမ်းချမ်းစွာ အိပ်ပျော်စေဖို့ “အိပ်စက်” (အိပ်ပျော်အောင်လုပ်မယ့်စက်)လေးများ ဘယ်သူ တီထွင်ပေးနိုင်မလဲဟင် ?
ဒါမှ မဟုတ်လည်း အိပ်ပျော်စေမယ့်နည်းလေးတွေ တစ်ယောက်ယောက်ပြောပြပေးမလား ?

———————————-

၎) ခြင်မ၀င်စေရန်နည်းလမ်း

ကျွန်တော် . . .ည အိပ်ရင်ဗျာ
ခြင်ထောင် ထောင်ပါတယ် ။
ခြင်ထောင်ထဲ ခြင်မဝင်အောင် သေချာ ခါပြုပြီးမှ ဝင်အိပ်တာပါ။
အဲဒါဗျာ ဘယ်လိုက ဘယ်လိုတွေ ဖြစ်တယ်မသိပါဘူး။ မနက်မိုးလင်းရင် ခြင်ထောင်ထဲမှာ ခြင်ကောင်ရေက မနည်းဘူးဗျို့။ ခြင်အမတွေပဲနေမှာ။ ခြင်နှာဗူးမကြီးတွေပေါ့ဗျာ ။ တဝီဝီနဲ့ ပျံပြနေတာဗျာ။ ရိုက်သတ်ချင်အောင် မြှူဆွယ်နေကြရော ။
ကျွန်တော် အိပ်ပျော်နေတုန်း ကျွန်တော့်သွေးတွေကို စုပ်ယူထားကြတာလည်း သွေးတွေကို ဝ လို့  ။

အဲဒါ ဘယ်က ဘယ်လို ဝင်လာတယ်မသိဘူးဗျာ ။ ခြင်ထောင်မှာ အပေါက်လည်း မရှိပါဘူး ။ မအိပ်ခင်မှာ ဝင်မလာပဲ အိပ်မှ ဝင်လာတာဆိုတော့ ဘာမှလည်းမတတ်နိုင်ဘူး ။
မင်းသိင်္ခကြီးစကား ငှားပြောရရင် ဘာဘာ ဘာမှ မတတ်နိုင်ဘူးပေါ့ဗျာ ။
အဲဒါ လောလောဆယ် စဉ်းစားထားတာတော့ ခြင်ထောင်ရဲ့ ဘေးပတ်လည် ထောင့်လေးထောင့် တစ်ထောင့်ဆီမှာ စာတမ်းတစ်ခု ချိတ်ထားမလားလို့ ။
“ခြင် မဝင်ရ ” လို့  ရေးပြီးတော့ပေါ့ ။

ဘယ်လို ဖြေရှင်းသင့်လဲ တခြားနည်းလမ်းလေးတွေများ ရှိဦးမလား ?

———————————

၅) ယောင်တောင်ပေါင်တောင်

အညှီအဟောက်တော့ ဖြစ်သွားမလား မသိ။ အဟိ ။

ဟိုလေ . . . မြန်မာစကားတွေထဲမှာလေ
“ယောင်တောင်ပေါင်တောင်”ဆိုတဲ့စကားကြီးကဗျာ။ ဘယ်လိုကြီးမှန်းလဲ မသိ ။
အဲ. . . ဒါပေမယ့် ကျွန်တော်က အခုအချိန်မှာ အလုပ်မရှိ အကိုင်မရှိဆိုတော့ . . .အဲဒီ ယောင်တောင်ပေါင်တောင်ဆိုတာကြီး ဖြစ်နေတယ်လို့ ဆိုရမယ်ဗျ။
ခက်တာက. . .”ယောင်တောင်ပေါင်တောင်”ဆိုတဲ့စကားကြီးက အဓိပ္ပာယ်ကတစ်မျိုး စာသားကတစ်မျိုးနဲ့
သူ့ ဟာသူလည်း ကီးမကိုက်ဘူးဗျ။
ကျွန်တော့်အဖြစ်ကို အဲ့ဒီစကားကြီးနဲ့ ဖော်ပြရမှာလည်း အီလည်လည်ကြီး ခံစားရတယ်ပေါ့ဗျာ ။
ဒါပေမယ့် တခြားစကားလုံးလည်း စဉ်းစားမရဘူး ။

အဲဒါ. . ”ယောင်တောင်ပေါင်တောင်”ဆိုတဲ့စကားကြီး အစား အဓိပ္ပာယ်တူ တခြား ဘာစကားလုံး ရှိမလဲ ?
(အဲဒီ ”ယောင်တောင်ပေါင်တောင်ဆိုတဲ့စကားကြီးကို ဘယ်လိုက ဘယ်လို

ဘာကြောင့် ဘယ်သူ စပြောခဲ့တာလဲ ဆိုတာလည်း သိချင်နေတာဗျ ။

(အလုပ်မရှိ ယောင်တောင်ပေါင်တောင်ဖြစ်နေလို့ပါ )

———————————

၆) ဒီကဗျာ …ဘယ်သူရေး

ဟိုနေ့က စာအုပ်ပုံကြီး ရှင်းတုန်းမှာ ကျွန်တော့်လက်ရေးနဲ့ ကူးယူထားမိတဲ့ ကဗျာစာရွက်အပြဲလေးတစ်ရွက် တွေ့ တယ်ဗျာ ။
ကဗျာစာသားလေးကလည်း စာရွက်အပြဲထဲမှာ တစ်ပိုဒ်ပဲ ရှိတော့တယ် ။
ရေးတဲ့သူ နာမည်တို့ ကဗျာ နာမည်တို့ တခြား အပိုဒ်တို့ကို သိချင်လာလို့ဗျို့ ။
သိတဲ့သူ ရှိရင် ပြောပြပါဦး ။ အတိအကျလေး ရရင် ပိုကောင်းတာပေါ့ ။
ကဗျာတစ်ပိုဒ်က ဒီလိုလေးဗျ ။

တောပင်ကို တော်တော်ခုတ်ကြပါ့|
တောပြုတ်လိမ့်နောက်နောင်|
တောခုတ်လို့ တောပြောင်ရင်|
မိုးခေါင်တော့မှာပဲ|
မိုးခေါင်လို့ ရေမကြွယ်ရင် |
သဲပင်လယ် ဖြစ်လိမ့်မလွဲ။

အဲဒီကဗျာတစ်ပိုဒ်ဗျ။ မြင်ရင် မှတ်မိကြမလားပဲ ။

ကျွန်တော် ထင်တာတော့ ဆရာဇော်ဂျီလား မင်းသုဝဏ်လား. . .?

သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ပဲဗျ ။

ဘယ်သူများ အတိအကျလေးပြောပြနိုင်မလဲ?

———————————-

၇) ဒေါ်ဖွားမေနဲ့ကျွန်တော် ( ရသနဲ့ အရသာ )

ကျွန်တော်တို့ရပ်ကွက်ထဲက အကြော်ရောင်းတဲ့ဒေါ်ဖွားမေကို သိကြတယ်ဟုတ် ?

ကျွန်တော့်အသည်းစွဲဇာတ်လိုက်မင်းသမီးကြီးပေါ့ဗျာ ။
သူနဲ့ ကျွန်တော် ခွက်ခွက်လန်အောင် လွဲဖူးတယ်ဗျာ ။
အဲဒါလေး ပြောပြပါရစေဦး ။

ဒီလိုဗျ ။ ကျွန်တော်ချစ်တဲ့စာပေအနုပညာလောကထဲက ဒိတ်ဒိတ်ကြဲ စကားလုံးကြီးဗျာ . . .
ခင်ဗျားတို့လည်း သိနေတာပဲ။
“ရသ” ဆိုတဲ့ စကားလုံးလေ ။
( လူအထင်ကြီးအောင် ဘိုလိုထည့်ပြောရင်တော့ Aesthetic ပေါ့ဗျာ ။ ဒါပေမယ့် လူအထင်ကြီးအောင် ဘိုလိုရွတ်မပြတော့ပါဘူး)

အဲဒီ “ရသ´´ ဆိုတာကို
သူ့အကြော်စားရင် ရတဲ့ ”အရသာ’‘ဆိုတဲ့ စကားလုံးနဲ့ ရောထွေးပြီး မရှင်းမရှင်းလုပ်နေတယ်ဗျာ ။
သူ့ အကြော်စားရင် ရတဲ့ အရသာ(ရသာ)ဆိုတာက ဘိုလိုဆိုရင် Taste လေ ။
ဟိုက အနုပညာခံစားမှုအပိုင်းက
”ရသ” Aesthetic လေ ။

”ရသ နဲ့ ရသာ ”

”Aesthetic နဲ့ Taste”

လေနဲ့ ဝမ်းနဲ့ မကွဲဘူးဖြစ်နေတယ် ။
ခက်တယ်ဗျာ ။

သူ့ အကြော်ကို လာစားနေကြတဲ့ ဒေါ်တင်အုပ်တို့ မကျင်စိန်တို့ ကိုသံခဲတို့လည်း သူ့ လိုပဲဗျ ။

ရသ နဲ့ ရသာ ကို မရှင်းမရှင်းဖြစ်နေကြတယ် ။

အဲဒါ ကျွန်တော် ဘယ်လိုရှင်းပြရမလဲ ?

ဒါမှမဟုတ် ခင်ဗျားတို့ ဝိုင်းရှင်းပေးမလား ?

———————————-

၈) မော်ဒယ်ကဗျာဆရာတဲ့ …

ကျွန်တော်တို့ ရပ်ကွက်ထဲကပဲ . . .
ဆိုက်ကားနင်းနဲ့ ”စိုးကြီး”ဆိုတာလေ။
ဟိုနေ့က ကျွန်တော့်ကို ဆိုက်ကားကြီးခွလျက်သားနဲ့ လှမ်းမေးတယ် ။

”ဟေ့. . .သူရ . . . ငါ့ညီက မော်ဒယ်ကဗျာတွေ ရေးနေတယ်ဆို ” တဲ့ ။
ကျွန်တော် တိန်ခနဲဖြစ်သွားတယ်။

”မော်ဒန်ကဗျာတွေပါဗျာ” လို့
သူ့ စကားအလွဲကြီးကို ပြန်တည့်ပေးလိုက်ပါသေးတယ်။
ဒါပေမယ့်သူက အတင်းပဲ ”မော်ဒယ်ကဗျာ”ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး နောက်ကြုံတိုင်းပြောတာဗျာ။

ကျွန်တော်ဖြင့် ကဗျာတွေစာတွေ ရေးနေတာကြာပါပြီ။

ကျွန်တော်ရေးတဲ့ကဗျာတော်တော်များများကလည်း ကာရန်တို့နဘေတို့ မပါပဲ လွတ်လပ်သောအစီးအမျောနဲ့ရေးတာ များတယ်ဆိုတော့ ကျွန်တော့်ကဗျာတွေကို မော်ဒန်ကဗျာ လို့ သတ်မှတ်ကြတာလည်း မထူးဆန်းတော့ပါဘူး ။

အခုကျမှ ဆိုက်ကားနင်းတဲ့ကိုစိုးကြီးက
အလင်းဆက်ဆိုတာ ”မော်ဒယ်ကဗျာဆရာ” ဆိုပြီး
”မော်ဒန်”ကနေ ”မော်ဒယ်”အတင်းလုပ် ပြောနေတာ။
(Modern) ဆိုတဲ့စကားလုံးနဲ့ ကဗျာသဘောတရားလည်း သိတဲ့ပုံမရှိပါဘူး။

ကျွန်တော်ရှင်းပြပါသေးတယ်။
မော်ဒန်(Modern)နဲ့ မော်ဒယ်(Model) မတူကြောင်း
Modern ကို မော်ဒန်လို့ အသံထွက်ပြီး ခေတ်ပေါ်/ခေတ်သစ်/ခေတ်မီ ဆိုတာတွေကို
ယေဘုယျအားဖြင့် အဓိပ္ပာယ်ယူကြောင်း

သူတို့ ရပ်ကွက်ထဲကလူတွေပြောပြောနေတဲ့ မော်ဒယ်ဆိုတာက ဟို ကိုယ်ဟန်ပြမယ်လှတပတလေးတွေကို ပြောတာဖြစ်ကြောင်း

ဒါပေမယ့် မရပါဘူးးဗျာ ။
သူ့ ပါးစပ်က ထွက်လာရင် မော်ဒန်ကဗျာ မဟုတ်ပဲ
မော်ဒယ်ကဗျာချည်းပဲ ဖြစ်ဖြစ်နေတယ် ။

သူတို့ဆိုက်ကားသမားတစ်သိုက်လည်း မော်ဒန်နဲ့ မော်ဒယ် ကို လေးလုံးမကွဲဘူး ။

အဲဒါ ဘယ်လို ရှင်းပြရမလဲ ဟက် ?

———————————-

၉)တကယ်လို့. . .ကျွန်တော်တို့သာ နှုတ်ဆိတ်နေကြရင်. . .

ကျွန်တော်ဆိုတဲ့ ကောင်က
စာပေဝါသနာပါတဲ့မိတ်ဆွေတွေကို တွေ့ တိုင်း
စာတွေ ရေးကြဖို့ တိုက်တွန်းလေ့ရှိပါတယ် ။
လုပ်ကြဗျာ ။ ရေးကြ ။ ပြောချင်တာတွေ ရှိရင် ချရေးကြ။
လူတွေ အများကြီးကြားအောင်ပြောတဲ့နည်းက စာရေးခြင်းပဲ ။
ဒီတော့ လူတွေအများကြီးကြားရအောင် ပြောကြပါ. . .

အဲဒီလို ပြောတာ အကြောင်းရှိတယ်ဗျ ။
မိတ်ဆွေများလည်း ကြားဖူးမှာပေါ့ ။
ဂျာမန်ဒဿနဆရာကြီး ARTHUR  SCHOPENHAUR   (1788-1860)  ပြောခဲ့တဲ့စကားတစ်ခွန်းလေဗျာ။

ဘိုလိုတော့…မပြောတော့ပါဘူး ။ အဲဒီစာပိုဒ်ကို  အလွတ်မရလို့ .. ။

တကယ်လို့. . .

ကျွန်တော်တို့သာ နှုတ်ဆိတ်နေကြရင်. . .

ဘယ်သူတွေ ပြောမလဲ. . .?

(တခြားလူပြောတဲ့စကားဆိုရင်တော့ သိပ်ဂရုစိုက်စရာ မရှိ။ အခုဟာက ရှိုပင်ဟောင်ဝါးလို ဆရာကြီးပြောတာဗျ ။)

သူပြောတဲ့အတိုင်းပေါ့ဗျာ ။

ကျွန်တော်တို့သာ နှုတ်ဆိတ်နေလိုက်ရင်….

ဘယ်သူတွေ ပြောမလဲ ???

ကဲ ပြောကြပါဦး ။

———————————

မိတ်ဆွေများ လွတ်လပ်အေးချမ်းကြပါစေ. . .

လေးစားစွာဖြင့်. . .

အလင်းဆက်(Gazette)

15 / 7 / 2014 / 23 :00

alinsett

About alinsett

alinsett has written 615 post in this Website..

. . .