ည မဆန်တဲ့ ည

Mr. MarGaJuly 17, 20141min32834

 

ညဟာ ဆူညံလွန်းလှတယ်။

အမြဲလိုလို အိမ်ပြန်နောက်ကျတတ်တဲ့သူတစ်ယောက်အတွက် ညဟာ ဘယ်တော့မှ တိတ်ဆိတ်စွာ စောင့်ကြိုမနေခဲ့ဘူး။

ကားသံ ဆိုင်ကယ်သံတွေ ဆူညံနေတဲ့လမ်းမတွေဟာ တိတ်ဆိတ်ခြင်း ဆိုတာကို ရှိတယ်လို့တောင် ထင်ပုံမရ။

ဆူညံရှုပ်ထွေးတဲ့ လမ်းမတစ်လျှောက် ဆိုင်ကယ်ကို အသော့နှင်လာရင်းနဲ့ မြို့လယ်ကို ဖြတ်ကျော်ပြီး အသွားအလာ တဖြည်းဖြည်း ကျဲပါးလာတဲ့ ဆင်ခြေဖုံးဘက်ကို ရောက်လို့လာတယ်။

ဒီအချိန်ဟာ ကိုယ့်အတွက်တော့ အတိတ်ဆိတ်ဆုံး လို့ ပြောရမယ့် တစ်ဒင်္ဂ အချိန်လေးပါပဲ။

 

အဓိက လမ်းမကြီးတွေကနေ ဖဲခွာပြီး နေထိုင်ရာ ရပ်ကွက်လေးဘက်ကို ချိုးဝင်လိုက်တာနဲ့ ကားသံ ဆိုင်ကယ်သံတွေ လျော့သွားပြီး လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နဲ့ အိမ်တွေက အသံတွေဟာ ထပ်ပြီး လွင့်ပျံလာလေရဲ့။

တစ်နေကုန် မောပန်းလာသူအတွက်တော့ ဒီအသံတွေဟာ သာယာသံထဲမှာ မပါဝင်တာ အမှန်ပဲ။

 

အသံတွေက လွတ်မြောက်ရာကို ခဏလေး ပြေးထွက်တဲ့အနေနဲ့ ကမ်းနားလမ်းဘက်ကို လမ်းလျှောက်ထွက်ခဲ့မိတယ်။

ဒါပေမယ့် အသံတွေဆီကတော့ ပြေးမလွတ်နိုင်ခဲ့ပါဘူး။

ညမှာမှ အသက်ဝင်လာတတ်တဲ့ ညဈေးဟာ လူသူသံတွေ ဆူညံစွာနဲ့ စောင့်ကြိုနေလေရဲ့။

ကုန်စိမ်းသည်တွေဆီက ဟစ်အော်ရောင်းချသံ၊ ဈေးဝယ်တွေရဲ့ မေးမြန်းပြောဆိုသံတွေ၊ ကုန်တင်ကုန်ချ လုပ်နေကြတဲ့ ကားကြီးကားငယ်တွေနဲ့ အလုပ်သမားတွေရဲ့ အသံတွေ၊ ဈေးကလေးပတ်လည်က အလင်းဆိုင်တွေဆီက ပျံ့လွင့်လာတဲ့ သီချင်းသံတွေကြားမှာ ည ရဲ့ တိတ်ဆိတ်မှု ဟာ ပျောက်ကွယ်သွားပြန်ရော။

ဒီနေရာမှာတော့ ည ဟာ ည မဆန်စွာနဲ့ လှုပ်ရှားသက်ဝင်နေတယ်။

မီးရောင်တထိန်ထိန်ကြားမှာ ရောင်းဝယ်ဖောက်ကားနေကြတဲ့ သူတွေ၊ အဝင်အထွက် မပြတ်ရှိနေတဲ့ ကုန်ကားတွေ၊ အသစ်အသစ် ရောက်လာတဲ့ ဈေးသည်တွေ၊ ဈေးဝယ်တွေကြောင့် ည ရဲ့ သင်္ကေတဖြစ်တဲ့ ဆိတ်ငြိမ်မှု ဟာ ခပ်လှမ်းလှမ်းက ဧရာဝတီမြစ်ထဲမှာပဲ ကျင်လည်နေရရှာတယ်။

ညဉ့်နက်လာလို့လားမသိ….. ဈေးကလေးဟာ ပိုလို့တောင် အသက်ဝင်လာသလို ထင်ရရဲ့။

အသံတွေနဲ့ ဝေးရာဆီ ပြေးထွက်လာသူတစ်ယောက်အတွက်တော့ လိုဘမပြည့်ခဲ့ပြန်ဘူး။

အိမ်ဘက်ကို ပြန်အလာမှာတော့ ည ဟာ တိတ်ဆိတ်ခြင်းအစား ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဖော်ပြုရှာတယ်။

 

အိမ်အရောက်မှာတော့ အသံတွေဟာ နားထဲကို ထပ်ပြီး ခုန်ပေါက်ဝင်လာလေရဲ့။

အိမ်နီးချင်းတွေ ကိုယ်စီ ကိုယ်စီ အပြိုင်ကျဲနေပုံက တစ်အိမ်ထောင် DVDစက်တစ်လုံး စီမံကိန်းချထားတဲ့အလားပဲ။

အရှေ့အိမ်က တရားသံဟာ တောင်ဘက်အိမ်ရဲ့ ဟစ်ဟော့ပ် တီးလုံးနဲ့တွဲပြီး နားစည်ကိုလာရိုက်တယ်။

အနောက်ဘက်အိမ်ရဲ့ တဂျစ်ဂျစ် ရေဒီယိုကတော့ မြောက်ဘက်က မြန်မာဇာတ်လမ်းနဲ့ မဟာမိတ်ဖွဲ့ပြီး သောတအာရုံကို ကျူးကျော်သိမ်းပိုက်ပါလေရော။

ခေါင်းထဲမှာတော့ ရှိရှိသမျှ အသံပေါင်းစုံဟာ mixer မလိုဘဲ စည်းချက်ညီညီ ကခုန်လို့ပေါ့။

အသံအားလုံးဟာ သာယာသံ အမျိုးအစားထဲမှာ ပါပေမယ့် ကိုယ့်အတွက်တော့ ဆူညံသံတွေအဖြစ် ပြောင်းလဲသွားပါရော။

 

တစ်နေကုန် ပြေးလွှားလှုပ်ရှားထားရတာမို့ ခန္ဓာကိုယ်က အနားတောင်းတဲ့ အချက်ပေးသံတွေ တတီတီမြည်လာတယ်။

ခေါင်းထဲမှာတော့ အသံပေါင်းစုံက စည်းချက်ညီညီ ကခုန်လို့ကောင်းတုန်းပေါ့။

နာရီကိုကြည့်မိတော့ ညဉ့်ဦးယံဟာ ကုန်ဆုံးလုလု။

ခန္ဓာကိုယ်က အချက်ပေးသံတွေ ပိုလို့တောင် ဆူလာတယ်။ ထပ်တိုးသတိပေးချက်အနေနဲ့ မျက်ခွံတွေကပါ သူတို့ကန့်လန့်ကာကို ဆွဲပိတ်ဖို့ ပြင်လာကြပြီ။

အသံတွေကတော့ ထုံးစံအတိုင်း ကတုန်း ခုန်တုန်း။

 

နောက်ဆုံးတော့….

ကိုယ်တွင်းရန်က ပြင်ပရန်ကို နိုင်သွားလေရဲ့

ဆူညံသံ စာရင်းထဲကို သွင်းထားတဲ့ အသံပေါင်းစုံကို အိပ်ချင်စိတ်ရဲ့ အကူအညီနဲ့ သားချော့တေး အသွင်ပြောင်းပြီး လုပ်ရိုးလုပ်စဉ်အတိုင်း တစ်နေ့တာကို ဆူညံမှုတွေကြားကနေပဲ အဆုံးသတ်လိုက်တော့တယ်။

ည ခမျာတော့ အဲဒီအချိန်အထိ သူ့ဆီက ပျောက်ဆုံးနေတဲ့ တိတ်ဆိတ်ခြင်းကို လိုက်လံ ရှာဖွေနေဆဲ……………..

 

 

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
10:44 PM 7/16/2014

34 comments

  • surmi

    July 17, 2014 at 6:57 am

    ည ကိုခံစားသွားပုံလေးသဘောကျလှတယ် ။
    မြို့ပြရဲ့တိတ်ဆိတ်ခြင်းကိုတမ်းတတဲ့ညပေါ့ ။
    တိတ်ဆိတ်ခြင်းနဲ့အတူ လရောင်တွေလည်းပျော်ကွယ်နေတာ ကြာခဲ့ပြီပဲ။
    တစ်ခါတစ်ရံမှာ ညဟာ တစ်စုံတစ်ယောက်အတွက် ကဗျာတစ်ပုဒ်ဖြစ်နေပေမယ့်
    ည မှကြေကွဲနေတဲ့သူတွေလည်းရှိနေပြန်ရော

    • Mr. MarGa

      July 17, 2014 at 3:47 pm

      ည ရဲ့ အကာအကွယ်အောက်မှာ
      သိပ် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေဆဲပါဗျာ 🙂

  • ဇီဇီ

    July 17, 2014 at 7:13 am

    ည !!!
    ည!!!!!
    ည မှာ မ အိပ်ချင်သလောက်…..
    မနက် ကျ မထချင် တာ ဘာများးမှားးးနေလဲမသိ။
    😀

    • Mr. MarGa

      July 17, 2014 at 3:50 pm

      ဪ…..
      အဲဒါ ဘာမှ မမှားဘူး
      မျက်လုံးနဲ့ ခန္ဓာကိုယ်က သူ့အလုပ်သူ လုပ်နေတာရယ်
      သူတို့အတွက် နားချိန်ကို အပြည့်အဝ ယူသွားတာ

  • JackSkellington

    July 17, 2014 at 8:58 am

    ကျနော်တို့ တောဘက်မတော့ ညဘက်ကို တိတ်လို့ ဆိတ်လို့…
    တစ်ခါ အိမ်ပြန်ဖို့ တက္ကဆီ ငှားစီး တာတောင် မောင်းတဲ့ အကိုကြီး က ခပ်လန့်လန့်နဲ့ လိုက်လာတာရယ်။
    အိမ်လမ်းထဲ ကို လဲ ကွေ့ခိုင်းလိုက်ရော မေးပုံကြီးက “ညီလေး မင်း အကို့ကို လုမလို့တော့ မဟုတ်ပါဘူးနော်” တဲ့။
    သေစမ်း ပဲ ဥပဓိ က အဲ့လောက် ရှိရှာတာ။ 🙂

    • Mr. MarGa

      July 17, 2014 at 3:55 pm

      ည ဆိုတာ
      မကောင်းမှု လုပ်မယ့် သူတွေအတွက် အကာအကွယ်တစ်ခုအနေနဲ့လည်း ဖြစ်နေတတ်တာကိုးဗျ
      ဆိုတော့ သူ့ခမျာလည်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ တွေးရှာမပေါ့ဗျာ…
      ဥပဓိကြောင့် မဟုတ်နိုင်ပါဘူးဗျ
      ခေတ်၊ စနစ် ကိုက အဲ့လိုအဖြစ်များနေတာကြောင့် လို့ပဲ မှတ်လိုက်ပါဗျာ

  • ငါလည်း ညအလယ်မှာ တိတ်ဆိတ်ခြင်းကို ရှာဖွေဖူးတယ်။ ရန်ကုန်မြို့ကြီးရဲ့ည ကိုတော့ ငါကြောက်တယ်ဟ။

    • Mr. MarGa

      July 17, 2014 at 4:00 pm

      ရန်ကုန်မြို့ကြီးရဲ့ ညတွေကိုမှ
      မက်မက်မောမော နှစ်သက်နေတဲ့သူတွေလည်း ရှိတယ်နော်
      အဆိုးနဲ့ အကောင်းဟာ အမြဲတမ်း ဒွန်တွဲနေတာပါ…

  • black chaw

    July 17, 2014 at 10:42 am

    မြို့ပြ ရဲ့ အသည်းကွဲည…
    လရောင်လေးကို လွမ်းတယ်
    ဆိုတဲ့ ထူးအိမ်သင်ရဲ့ မြို့ပြလရောင်တမ်းချင်း သီချင်းလေးကို
    သွားသတိရမိပါတယ်ဗျာ။
    😀

    • Mr. MarGa

      July 17, 2014 at 4:11 pm

      ဒီညတွေမှာ
      ဂျပ်ဆင်ထိပ်က လရိပ်ပြာ လေး အေးအေးဆေးဆေး သာနေနိုင်သေးရဲ့လား ဆိုတာကို တွေးမိနေတယ်ဗျို့

  • kyeemite

    July 17, 2014 at 10:47 am

    ညအကြောင်းရေးဖွဲ့ထားပုံလေးအင်မတန်နှစ်သက်မိပါရဲ့……
    “ညမထွက်ရအမိန့်”လည်း အမြန်ဆုံးရုပ်သိမ်းနိုင်ပါစေ
    ဒါမှ ညအလှတွေပိုပြီးခံစားနိုင်မှာမဟုတ်လား….

    • Mr. MarGa

      July 17, 2014 at 4:35 pm

      အဲ့ အမိန့် ကတော့
      နောက်ထပ် အနည်းဆုံး ဆယ့်ငါးရက်လောက် ကြာဦးမယ် ထင်ပါရဲ့လေ
      အခုထိ… အဓိက လမ်းကို ပိတ်ထားတုန်းပဲ ဆိုတော့
      ရာမာဒမ် ဥပုဒ်လ တစ်လလုံး ညမထွက်ရ အမိန့်နဲ့ ဆက်သွားနေဖို့ များတယ်ဗျ။ 🙁

  • Nyo Win

    July 17, 2014 at 12:00 pm

    ညဟာ..သဘာဝအတိုင်းရိုးရှင်းစွာလှနေလေရဲ ့..
    မသမာသူ အသံပေါင်းစုံနဲ ့မိတ်ဖွဲ ့မိလေတော့…….။

    • Mr. MarGa

      July 17, 2014 at 4:38 pm

      ည ရဲ့ အလှ လေး ပျက်သွားသပေါ့ ဗျာ

  • TNA

    July 17, 2014 at 12:13 pm

    ကောင်းလ်ုက်တဲ့စာလေး။ ခုနောက်ပိုင်း ညဟာညနဲ့မတူတော့တာကြာပြီလို့ခံစားမိနေတယ်ဟယ်။ ညရဲ့တိတ်ဆိတ်မှု့တွေပျောက်ကွယ်ပြီး ဆူညံသံတွေအစားထိုးဝင်ရောက်နေခဲ့တာကြာပေါ့ 😥

    • Mr. MarGa

      July 17, 2014 at 4:44 pm

      ကြားဖူးတာ တစ်ခုရှိတယ်ဗျ
      ရန်ကုန်မြို့ကြီးဟာ နှစ်ဆယ့်လေးနာရီ အသက်ဝင်နေသတဲ့…..
      ဆိုတော့
      တိတ်ဆိတ်မှုတွေဟာ….. မြို့ရဲ့ ခပ်ဝေးဝေးကနေပဲ ကြည့်နေကြပုံရပါရဲ့

    • Mr. MarGa

      July 17, 2014 at 4:47 pm

      အမ်…….
      ဟိုး ရှေးးး ရှေးးး တုန်းက
      မီး မရှိဘဲတောင် နေလာသေးတာပဲကိုဗျာ :mrgreenn:

  • Crystalline

    July 17, 2014 at 12:48 pm

    နာသွားလည်ခဲ့ဘူးတဲ့မြန်မာနိုင်ငံပြင်ပက မြို့လေး ၂မြို့ကိုလွမ်းမိပါရဲ့.. တိတ်ဆိတ်ငြိမ်သက်ပြီး ငြိမ်းချမ်းလွန်းလို့ပါ.. အခုကတော့ မီးမလာရင် ဘေးအိမ်တွေက မီးစက်ဖွင့်သံတွေပွက်လောရိုက်.. ညပိုင်းအမူးသမားတွေ ဂဂျိုးဂကြောင်ထအော်လို့လန့်ရ.. ဘေးအိမ်အပေါ်ထပ်အခန်းက မိန်းမရဲ့ ရအိမ်ကြားအော်ပြီး တယ်လီဖုန်းပြောတဲ့အသံကိုစိတ်တိုရ.. :(( မနက်မိုးမလင်းခင် အသံကုန်ထဖွင့်တဲ့ လော်စပီကာသံကို မစ်တာပို့ရ…

    • Mr. MarGa

      July 17, 2014 at 4:53 pm

      ရန်ကုန်နဲ့ သိပ်မဝေးတဲ့ မြို့တစ်မြို့မြို့ကို ခဏသွားနေကြည့်ပါလား…..
      ည ရဲ့ အလှ သိပ်မပျက်သေးတဲံ့ မြို့ကလေးတွေကိုပေါ့ဗျာ…
      P.S ဘယ်မြို့တွေလဲတော့ လာမမေးနဲ့ ကံသေကံမ မပြောနိုင်တာ အမှန် 😛

  • weiwei

    July 17, 2014 at 1:12 pm

    မြို့ပြရဲ့ ညတွေမှာ ည မဆန်သော ညတွေ ဖြစ်နေပေမယ့် မြို့ပြင်မှာတော့ ည ဟာ ည ပါပဲ ..

    • Mr. MarGa

      July 17, 2014 at 4:56 pm

      အဲ….. ခုတလောမှာ
      ကျနော်တို့ မြို့ကြီးမှာလည်း ည ကိုးနာရီကနေ မနက်ငါးနာရီအထိ
      ည ကို ည ပီသအောင် အာဏာနဲ့ အမိန့်ပေးထားလေရဲ့ 🙁

  • alinsett (gazette)

    July 17, 2014 at 3:11 pm

    အံမယ်.. သဂျားလေး…
    မင်းတောင်မှ… သိစိတ်အလျဉ်အတိုင်း…ခံစားမိတဲ့ အခိုက်အတန့်လေးတွေကို
    ရသမြောက်အက်ဆေးလေးတွေ ရေးပြီပေါ့… ။

    ကောင်းလေစွ ကောင်းလေစွ….

    လူငယ်တစ်ယောက်ဟာ…
    ညအကြောင်းကို..ခေါင်းစဉ်များစွာနဲ့..စဉ်းစားဖူးတယ်ကွဲ ့…
    အဲဒီလို..လူငယ်လေးတွေထဲ… မင်းရော..
    ငါရော…
    တခြားလူငယ်လေးတွေရော… ပါနေပြီပေါ့ကွယ်.. ။

    • Mr. MarGa

      July 17, 2014 at 5:00 pm

      အထင်မကြီးပါနဲ့ဟယ်
      ည အကြောင်း တစ်ပုဒ်ရေးဖူးပါသေးတယ် ဒီအပုဒ်နဲ့ ဆန့်ကျင်ဘက်လေးလို့ ပြောရမလားပဲ
      လောလောဆယ်မှာတော့ အကျယ်ချုပ် အချခံလိုက်ရတဲ့ ကမာ္ဘ့ဖလားညတွေအကြောင်း ခေါင်းထဲရောက်နေတယ်။ :buu:

  • Iris

    July 17, 2014 at 4:16 pm

    ကိုချစ်​​ကောင်​းကြီးရဲ့ သတ်​ပုံမှားတဲည သီချင်​းနားထဲ​ရောက်​လာတယ်​။ ကာရန်​တူလို့​နေမှာ။

    • Mr. MarGa

      July 17, 2014 at 5:06 pm

      ဖြစ်နိုင်တယ်
      သတ်ပုံမှားနေတာတော့ အမှန်ပဲ

  • sorrow

    July 17, 2014 at 4:42 pm

    အဲ့တာတစ်ခုပြောချင်တာ ..sound pollution … မနက်ထတဲ့အချိန်ကစ ..ည မိုးချုပ်တဲ့အထိ …
    1) ရေသန့်
    2) ပဲပြုတ်သည် ( လော်နဲ့ပါအော်တာဗျာ )
    3)ထီသည်
    4) အလှုခံ
    5)အိမ်နားကဗလီ
    6) အလှုခံမဏ္ဍပ်
    7)ညညမှ အလှုလိုက်ခံတတ်တဲ့ အစဉ်အလာရှိနေတဲ့ ရန်ကုန်
    8) အိမ်အောက်က အလွန်တရာမှ ဘာသာရေးကိုင်းရှိုင်းသူကြီး …မနက်လေးနာရီတရားခွေ အကျယ်ကြီးထဖွင့်တတ်တဲ့လူ ..

    အခုချိန်ထိနားမပင်းသေးတာပဲ အံ့ဩမဆုံး…ညက ညမဆန်သလို နေ့ကလဲ နေ့မဆန်ပါဘူး ညီလေးရေ

    • Mr. MarGa

      July 17, 2014 at 5:15 pm

      ပတ်ဝန်းကျင်ကို အလေးထားမှု မရှိတာတွေရဲ့ နောက်ဆက်တွဲ လို့ပဲ ပြောရမယ်ထင်ပါရဲ့ဗျာ
      ပဲပြုတ်သည်တောင် အဆင့်မြင့်လာပြီပဲ လော်နဲ့အော်တယ်ဆိုတော့
      နားမပင်းသေးတာကတော့ တော်သေးတယ် ပြောရမှာပေါ့လေ…..
      တစ်ရက်တစ်လေ နားအေးပါးအေး နေချင်တယ် ဆိုတဲ့စကားကို ခုမှ ပိုနားလည်မိလာသလိုလို…
      (အဲ.. အစ်ကို နားအေးပါးအေး နေချင်ရင်တော့ ချစ်တီးမကြီးကို ခပ်ဝေးဝေးပို့ထားဗျာ အဟိ)

  • Iris

    July 17, 2014 at 5:17 pm

    ကိုကို​စောရိုးရဲ့ အသံပြဲကြီး​ကြောင်​့ရုံးကလူ​တွေလည်​း နားပင်​း​တော့မယ်​တဲ့ ဆင်​ခြင်​ပါတဲ့။ ​လော်​စပီကာ ဒက်​စီဘယ်​ ​လောက်​​တော့ပျင်​းတယ်​တဲ့။ ​နောက်​​နေ့ ပဲပြုပ်​လို့​အော်​ကြည်​့ပါလား။ ​ရောင်​း​ကောင်​းမှာ​သေချာတယ်​။ 😀

    • Mr. MarGa

      July 17, 2014 at 5:40 pm

      ဟုတ်ပ….. စမ်းကြည့်သင့်တယ် 😀

  • အရီးခင်

    July 18, 2014 at 12:09 am

    ဖိုးသကြား

    နေဝင်မီးငြိမ်း မို့ အရင် ဆူညံခဲ့တဲ့ ည ကို ခံစားထားသလား။

    ကိုချော တို့ အိုင်းရစ်စ် တို့လိုဘဲ အရီး လဲ သီချင်းတစ်ပုဒ် ကြားလိုက်တယ်။

    သူငယ်ချင်း တွေ နဲ့ စာကျက်ဖို့ စုအိပ်တာ စာမကျက်ဘဲ ညလုံးပေါက် ဖဲရိုက်ခဲ့တဲ့ ည တွေ ကို သတိရ လိုက်လို့ တစ်ကြောင်း
    ရွာထဲ ညီညီညာညာ Post တွေ ရေးပြီး အားဖြည့်ထား မြင်ရတော့ ကိုယ်လဲ ရေးချင် လိုက်တာမို့ တစ်ကြောင်း

    စိုင်းခမ်းလိတ်ရေးထားတဲ့ ကိုယ့် အကြိုက်ဆုံး တွေထဲ က တစ်ပုဒ်မို့ သီချင်း ကော်ပီ ကူးထည့်ပေးလိုက်တယ်။ ဘာရမလဲ။ ;-)))

    ==========
    မေမြို့ည
    (ရေး – စိုင်းခမ်းလိတ်၊ ဆို – စိုင်းထီးဆိုင်)
    ည .. ည … ည
    ပျော်နိုင်မှာလား
    ကြားဖဲလေး တစ်ချပ်ထဲ ကို ပေပြီး စောင့်ရတဲ့ ဘဝ
    ဖြေသာမှာလား
    ရှားဖဲလေး တစ်ခြားတစ်ယောက်ထဲ ပါတာ မသိလိုက်တဲ့ ဘဝ
    မနှစ်ခြိုက်လဲ အမိုက်ခံပြီး တော့ အိပ်မရတဲ့ ရောဂါကို ကုလာ

    အချစ်ကလေးအကြောင်း မစဉ်းစား မိအောင်တစ်ခုခု လိုက်လုပ်နေရတဲ့ မေမြို့ည

    မေ့မရမှန်း သိရက်သားနဲ့ ကြိုးစားပြီး အစားထိုးရတဲ့ မေမြို့ည

    အရှုံးကြားမှ အားတင်းပြုံးကာ မိုးလင်းတဲ့ ပွဲပေါင်းများစွာ ဆက်ခါ ဆက်ခါ နေရမဲ့ မေမြို့ည
    ကိုယ်မြင်နေကျ သူ့မျက်နှာ မတွေ့ရခြင်းဟာလဲ ဒုက္ခပါလား
    ကိုယ်နာနေကျ သူ့စကားသံ မကြားရခြင်းဟာလဲ ဒုက္ခပါလား
    ချစ်ရက်နဲ့ဝေးရခြင်းဟာ
    ဒုက္ခအပေါင်းထဲမှာ အခက်ဆုံးပါ။

    အခိုက်အတန့်လေး မေ့လို့ရတဲ့ နည်းလမ်းလေးရှိရင်ကောင်းမဲ့ မေမြို့ည

    မကောင်းမှန်းလဲ သိရက်သားနဲ့ လိုက်တားမဲ့ အချစ်ကလေးမရှိတဲ့ မေမြို့ည

    ရှုံးလဲခက် ထလဲခက်တော့ မထဖြစ်တဲ့ ပွဲများကြားမှာ နစ်သထက်နစ်ကာ နေရမဲ့ မေမြို့ည
    ===========

    “ဖဲ“ ကြိုက်သူများ နဲ့ ညအိပ်မပျော်သူများ ခံစားကြပါကုန်။
    အဓိက ဟို နာမည်ကြီး “အာ” ကျောင်းဆင်းများ။
    (ဖဲ နဲ့ ဟင်းချက်တတ်တဲ့ မွသဲ လဲ ပါသပေါ့) :-)))

    • Mr. MarGa

      July 18, 2014 at 11:49 am

      အရီးရေ
      သီချင်းအတွက် ကျေးကျေးဗျာ
      ဟုတ်ပ… နေဝင်မီးငြိမ်းတင်မက…. ဟိုပိတ် ဒီပိတ် ပါ ပိတ်ထားလို့ ပိုပြီး မျက်စိနောက်နေတာ
      (အဲဒီလမ်းက ပြန်နေကျလမ်းလေဗျာ)
      ကျနော်ကတော့ ညလုံးပေါက် ဖဲမရိုက်ဖူးဘူး
      ညလုံးပေါက်တော့ စာထိုင်ဖတ်ဖူးရဲ့ (မှတ်ချက် – ကျောင်းစာမဟုတ်)

  • မဟာရာဇာ အံစာတုံး

    July 19, 2014 at 1:17 am

    ဒီလိုဆို မိန်းမ မြန်မြန်ယူတော့ဟ
    အဲ့ဒါမှ မောမောနဲ့ အိမ်ပြန်လာရင်
    မိန်းမ မျက်နှာလေး မြင်လိုက်ရ
    ရင်ကို အေးအေးမြ ….

    {
    ဟုတ် .. မဟုတ် ..
    ရွာထဲက ရှေ့မှီ နောက်မှီ လူတွေကို မေးကြည့်ပေတော့ကွာ
    ငါကတော့ ထင်တာ ပြောရတာ ….
    မကောင်း တတ်လို့ နာမည် မထည့်တော့တာ ….
    :mrgreen: }

    • Mr. MarGa

      July 21, 2014 at 8:45 am

      ဟုတ် မဟုတ် သိရအောင်
      နင် အရင်ယူလေ
      ထင်တာထက် မြင်တာကိုပါ ပြောလို့ရအောင် မြန်မြန်ယူတော့ ဒါဘဲ :mrgreenn:

Leave a Reply