1989 ခုနှစ်တွင် အာမေးနီးယားပြည်တွင် ရစ်ချတာစကေး 8.2ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတစ်ခု ဖြစ်ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး 4 မိနစ်တွင် မပြည့်သည့်အချိန်အတောအတွင်း လူပေါင်း 30,000 ကျော် သေဆုံးခဲ့ရသည်။
အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တစ်ယောက် ဇနီးသည်ကိုအိမ်မှာ ဘေးမသီရန်မခထားခဲ့ကာ သူ့သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော်ကျောင်းဆီရောက်တော့ ကျောင်းကမြေမှာပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲဆို့နင်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကိုသူပေးထားသည့် ကတိစကားကို ပြန်ရ်ျသတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှမစိုးရိမ်နဲ့၊ အဖေရောက်လာမယ်စိတ်ချ” ဆိုသောစကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေအိုင်လာသည်။ သူ့ရှေ့တွင် တစ်ချိန်ကစာသင်ကျောင်းရှိခဲ့သော နေရာတွင် အုတ်ပုံအစုအဝေးတစ်ခုရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာမရှိအောင် ပိပြားနေသည့် အုတ်ပုံကြီး တစ်ခု။ သို့သော် သားထံပေးခဲ့သည့် ကတိစကားကို သူထပ်တလဲလဲပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင်ကြိုးစားထိ

န်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏စာသင်ခန်းရှိရာနေရာကို မှန်းဆ ရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦး၏ လက်ယာဘက်အပိုင်းနောက်ဘက်ခြမ်းမှာ။
သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှားခြင်းပြုလေသည်။
သူဖယ်ရှားနေဆဲ တခြားမိဘတွေပါရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ”။ “အံမယ်လေး .. ငါ့သမီးလေး မရှိတော့ပါဘူး” စသဖြင့် သောကမီး၊ ပရိဒေ၀မီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ်ငြိမ်ရှိသည့် တချို့မိဘများကတော့ (သွေးရူးသွေးတမ်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ဂရုဏာသက်ကာ ကျောက်ပျက်အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။
“မရတော့ပါဘူးဗျာ”
“ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ”
“အဲ့ဒီလိုလုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာပြန်ပါဗျာ”
“စိတ်ထိန်းမှပေါ့၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ရဦးမှာလဲ” စသဖြင့် ပြောကြသည်။
တချို့ကဆိုလျှင် “ဟေ့လူ တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင်ဆိုးနေဦးမယ်” ဟု အပြစ်တင်ကြသည်။
သည်လိုလာပြောသည့် မိဘတိုင်းကို သူကစကားတစ်ခွန်းပဲပြန်ပြောသည်။ “ဒီမှာ .. ခင်ဗျား အခုကျွန်တော်လုပ်နေတာကို ၀င်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ” ဟူရ်ျ။ သည့်နောက်အဲ့သည့်လူတွေကို လျစ်လျူရှုကာ သူ့သားကိုဖော်ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။
သည်အချိန် မီးသတ်အရာရှိရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားသည်။ “မီးတွေလောင်နေပီ၊ ဘယ်နေရာကမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျွန်တော်တို့လုပ်ပါ့မယ်၊ ကိုယ့်အိမ်ပြန်ပါ” ဟုဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ “ခင်ဗျား ကျုပ်ကိုကူညီမလား၊ မကူညီဘူားး၊ ဒါပဲပြောပါ” ဟုပဲပြန်ပြောသည်။
ရဲကလည်းရောက်လာသည်။
“ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ် အိမ်ပြန်ပါ၊ ကျွန်တော်တို့ လုပ်ပါ့မယ်” ဟုဆိုသော်လည်း သူက ရဲကိုလည်း “ခင်ဗျား ကျွန်တော့ကိုကူညီများလား” ပဲပြန်မေးသည်။
မည်သူကမျှမကူညီ။
သို့သော ကိစ္စမရှိ။ သူ့ဘာသာ တစ်ကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာအရေးကြီးနေတာတစ်ခုပဲရှိသည်။ “ငါ့သားလေး သေပြီလား၊ အသက်ရှင်နေသေးလား” ဒါသေချာဖို့လိုသည်။ မျက်မြင်ဒိဌ သူတွေ့ရဖို့လိုသည်။
သူတစ်ယောက်တည်း အုတ်ကျိုး အုတ်ပျက်ပုံကိုဖယ်ရှားသည်။ 8နာရီကြာပြီ၊ .. 12နာရီ၊ .. 24နာရီ၊ .. 36နာရီ၊ အဲသည်နောက် 38 နာရီမြောက်တွင် အင်္ဂတေတုန်းကြီးတစ်တုံး သူဆွဲထုတ်လိုက်ပြီးသည်နောက်တွင် သား၏အသံကို ကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူသံကုန်အော်ခေါ်လိုက်သည်။
“အားမန်း ……….. ”
ပြန်အော်သံကြားရသည်။ “ဖေဖေ … ဖေဖေလား၊ သားပါဖေဖေရ၊ သူငယ်ချင်းတွေလည်း သားပြောထားတယ်၊ ဘာမှမကြောက်ကြနဲ့၊ ငါ့အဖေမသေသေးရင် ငါ့ကိုသေချာပေါက်လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လည်းလွတ်မယ် လို့၊ ဖေဖေ သားကို ကတိပေးထားတယ်မဟုတ်လား၊ ဘယ်ကိစ္စမျိုးကြုံကြုံ သားမစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ ဆိုတာလေ၊ အခုအဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲ့ဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲ သား” အဖေကမေးသည်။
“သားတို့ 33 ယောက်ထဲမှာ 14ယောက်ပဲကျန်တယ် အဖေ၊ သားတို့ကြောက်လည်းကြောက်တယ်၊ ဆာလည်းဆာတယ်၊ ရေလည်းငတ်တယ်၊ အဖေရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တစ်မြှောင့်မပိဘဲကျန်နေတယ်၊ အဲ့ဒါကြောင့် သားတို့မသေတာ”
“ကဲ …. ထွက်ခဲ့တော့ သားရေ”
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိနေတာပဲ၊ ဘယ်လိုကိစ္စမျိုးကြုံကြုံ သားကမစိုးရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်” ဟု သားက ပြောလိုက်ပါတော့သည်။

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer