“ဆံပင်အကြောင်း တစေ့တစောင်း”

 

ကျုပ်တို့အရွယ် မငယ်တော့ပြီမို့

ဆံဖြူလို့သွားကျိုး

ထုံးစံမျိုးလေမို့ ။

 

ဆိုသလိုပါဘဲ မနေ့က ညနေကျုပ်ဆံပင်ညှပ် ဆံပင်ဆေးဆိုး သွားလုပ်တော့ အဲဒီဆိုင်အမျိုးသမီးငယ် တစ်ယောက်ဆံပင်အလှပြင်ရင်း ဆိုင်က ကလေးမလေးနဲ့ စကားစမြည်းပြောနေတဲ့ထဲက

” ဟိုတလောက ဆံပင်ကောက်၊ဆေးဆိုးလုပ်ပြီး သိပ်မကြာဘူး ဘာလို့မှန်းမသိ အစားဘဲအစားမှားလေလားမသိ ဆံပင်တွေ အဆုပ်လိုက် အဆုပ်လိုက် ကျွတ်လိုက်တာ အဲဒါ ဆံပင်ပြန်ပေါင်းတင်ပြီး အခုလိုဆံပင်သားပြန်တက်အောင်မနဲ ဂရုစိုက်မွေးခဲ့ရတာ”

အဲလိုစကားကြားခဲ့မိလိုက်လို့ လူ၏ ဦးခေါင်းအရေပြားက တွင်းငယ်လေးများမှ ပေါက်နေတဲ့ ဆံပင်အကြောင်း ဖတ်ခဲ့မှတ်ခဲ့သလောက် ပြန်ပြီးဖောက်သည်ချ မျှဝေအုံးမှဘဲလို့ အတွေးဖြစ်မိတယ်။

လူ၏ ဦးခေါင်းအရေပြားတွင် တွင်းငယ်လေးများမှ ဆံပင်သည်ပေါက်နေခြင်းဖြစ်ပြီး အဲဒီတွင်းငယ်လေး အောက်ခြေတွင် အဖုငယ်လေးရှိပါသည်။ ထိုအဖုငယ်လေးသည် ဆံပင်၏အမြစ်ဖြစ်ပေသည်၊ ထိုဆံပင်၏ အမြစ်သည် အရောင်ဖြူပြီး နူးညံသည့်သဘောရှိပါသည်။ ဆံပင်တွင် အတွင်းတစ်ထပ် အပြင်တစ်ထပ်ရှိပြီး အတွင်းအထပ်သည် ဆံပင်၏အမြစ်နှင့်ကပ်လျှက် ရှိပြီး အလွှာအားဖြင့်နှစ်လွှာရှိပါသည်၊ ထိုအလွှာသည် ဆံပင် အမြစ်၏ အပြင်နှင့်အတွင်း အခွများဟုခေါ်ပါသည်။ ထိုအဖုငယ်လေးတွင် သွှေးလွှတ်ကြောရှိသဖြင့် ဆံပင်ကို သန်အောင်လုပ်သော ပစ္စည်းသည် သွေးထဲတွင်ပါရှိပြီး ထိုသွေးကပင် အညစ်အကြေးများကို  ပယ်ဆောင်နိုင်သော ဂုဏ်သတ္တိရှိလေသည်။ ဆံပင်ကျွတ်ခြင်းဖြစ်သည့်အခါ ထိုအဖုငယ်လေးမှပင် ဆံပင်ပြန် ပေါက်လေသည်။ ဆံပင်ပြန်မပေါက်ဘဲ ထိပ်ပြောင်နေခြင်းသည် ထိုအဖုငယ်လေးများ ပျက်ဆီးသွားခြင်းကြောင့် ဖြစ်သည်။ ထိုဆံပင်တွင်းငယ်တိုင်းတွင် အဆီဂလင်းရှိပါသည်။ ထိုဂလင်းမှ ဆီကဲ့သို့သော အရည်ကိုထုတ် ပေးပြီး ဆံပင်ကိုချောမွတ်စေပါသည်။ ဆံပင်သည် ခိုင်မာ၍ ပျော့ပျောင်းသည် ရုန်းကန်သတ္တိလည်းရှိသည် ဆံပင်တွင်းငယ်တွင် ကြွက်သားရှိသောကြေင့် မျိုးရိုးဇာတိကိုလိုက်၍လည်းဖြစ်နိုင်ပြီး ကွက်၍ ဆံပင်မပေါက် ခြင်းသည် အားကုန်ခန်းခြင်းနှင့်ဆိုင်လေသည်။ ထိုကြောင့်ဆံပင်လှခြင်းသည် လူ၏ကျန်းမာရေးပေါ်တွင် တည်မှီပြီး ဦးခေါင်းအရေပြားသန့်ရှင်းကာ သွေးသည် ကောင်းမွန်လည်ပတ်လျက်ရှိလျှင် ဆံပင်သားကောင်း တတ်ပါသည်။ ရောဂါတစ်မျိုး လူတွင်စွဲကပ်ပါက သွေးညှစ် ညမ်းလာသဖြင့် ဆံပင်တွင် ထိခိုက်မှုဖြစ်တတ် လေသည်။ သွေးအားနည်းသူ၏ဆံပင်သည် အရောင်မတောက်ပတတ်ဖြစ်လေ့ရှိပါသည်။

ဆံပင်အသွေးအရောင်ခြောက်ပါက ဦးရေပြားကိုနှိပ်နယ်ပေးသင့်ပြီး နှိပ်ပေးရာတွင် လက်မနှစ်ချောင်းကို နားရွက်နောက်တွင် ထောက်ထားပြီး ကျန်လက်ချောင်းများက ငယ်ထိပ်ဝန်ကျင်းကို ဖြန့်ကာ ဦးရေပြားကို လှည့်၍နှိပ်ပေးသင့်ပါသည်၊

ဆံပင်သားပျက်စီးရခြင်းမှာ နေ့စဉ်နှင့်အမျှခေါင်းလျှော်ခြင်း၊ လေပူနေပူတွင် သွားလာလုပ်ကိုင်ရခြင်း၊ ကောက်ဆေး ဖြောင့်ဆေးများ မကြာခဏသုံးခြင်း၊ ဆေးဆိုးကာပုံသွင်းခြင်း ( ကောက်ဆေး ဖြောင့်ဆေးနှင့် ရှန်ပူခေါင်းလျှော်ရေ တို့တွင့် ဓာတုပစ္စည်းများပါ၍ ထိုဓာတုပစ္စည်းများသည် တွင်းငယ်လေးများမှတဆင့် ဆံပင်၏ အမြစ်ချေထဲသို့ စိမ့်ဝင်မှု ဖြစ်သဖြင့် ကြိမ်ဖန်များစွာပြုပါက ဆံပင်မြစ်၏ အထပ်လွှာပျက်ပြီး ဆံပင်မြစ်ကို ထိခိုက်စေပါသည်)။

ထိုသို့ဆံပင်ပျက်စီးမှုမှ သက်သာစေရန်

၁။ နေပူထဲမှ ပြန်လာပြီး နွမ်းနယ်နေစဉ်၊ ဓမ္မတာရာသီလာလို့ အားနည်းနေစဉ်၊ ကလေးမွေးပြီးစအချိန်များတွင် ဆံပင်ကောက်ဆေးသုံးခြင်းမျိုး မပြုသင့်ပါ။

၂။ ဆံပင်ကောက်ပြီး တစ်ပတ်ခန့် ရှန်ပူနှင့်ခေါင်းလျှော်ခြင်းမပြုသင့်ပါ။

၃။ ကောက်ပြီး ဆံပင်ကို မကြာခဏခေါင်းလျှော်လိုလျှင် ခေါင်းလျှော်ရည်အပျော့စားသုံးသင့်ပါသည်။

၎။ ခေါင်းလျှော်ပြီးလျှင် ဘီးကျဲကျဲနှင့်အရင်ဖီးခြင်းသည် ဆံပင်ကို ဆောင့်ဆွဲခြင်းမဖြစ်သဖြင့် ဆံပင်အမြစ်အိတ် လေးများနာကျင်မှုမဖြစ်စေသောကြောင့် ဘီးကျဲကျဲနှင့်ဖီးရှင်းပြီးမှ ကြိုက်နှစ်သက်ရာဘီးများ သုံးသင့်ပါသည်။

၅။ ဆံပင်ကောက်ခြင်းနှင့် ဆေးဆိုးခြင်း တစ်ပြိုင်းတည်း သိုမဟုတ် နှစ်ပတ်အတွင်းပြုခြင်းသည် ကောက်ဆေး နှင့်ဆိုးဆေးတွင်ပါဝင်သော ဓာတ်ပစ္စည်းများ မတည့်သဖြင့် ဆံပင်များ အကွက်လိုက် အဆုပ်လိုက် ကျွတ်စေ သဖြင့် သတိပြုသင့်ပါသည်။

၆။ ဆံပင်ကောက်ခြင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၆)လလောက်ခြားပြီး ပြုလုပ်ခြင်းသည် ဆံပင်သားပျက်စီးမှုကို နည်းစေပါသည်။

၇။ ဦးရေပြားသန့်ရှင်းအောင်ထားခြင်းသည် ဆံပင်အခြေတွင်းငယ်လေးများ အောက်စီဂျင်ရရှိမှုကောင်းစေ သဖြင့် ဆံပင်အမြစ်အားရှိစေပြီး ဆံပင်ကိုသန်စွမ်းစေပါသည်။

၈။ ဆံပင်များကို ခေါင်းလျှော်ပြီးသည့်အခါ မျက်နှာသုတ်ပ၀ါကြီးများဖြင့်သုတ်ခြင်းသည် ဆံပင်ကြေလွယ် ကျွတ်လွယ် ပြတ်လွယ်သောကြောင့် ပ၀ါအသေးစားဖြင့် အုပ်ထားပြီးမှ ညင်သာစွာပွတ်သုတ်ပေးသင့်သည်။

၉။ ဆံပင်သားခြောက်မှုဖြစ်လျှင် မနက်စောစော(၉)နာရီမတိုင်မှီ ရေအ၀ချိုး ခေါင်းလျှော်ရည်အပျော့စားဖြင့် ခေါင်းလျှော်ပြီး ဆံပင်သားခြောက်လျှင် သံပရာရည်နှင့် အုန်းဆီရော၍ လိမ်းပေးသင့်ပါသည်။

၁၀။ မြင်းခွါရွက်သတ္တုရည်ကို သကြားထဲ့၍ ထမင်းစားပြီးမနက်၊ ည နှစ်ကြိမ်သောက်ခြင်းသည် ဆံဖြူခြင်းမှ ကင်းဝေးသက်သာစေပါသည်။

 

ခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..