” သေ ပြီ ဆ ရာ “

 

” သူငယ်ချင်း ဘာမှ မစားဘူးလား မှာလေကွာ လဘက်ရည်နဲ့ဆို ဆာမှာပေါ့ ”

” ငါက ထမင်းကြမ်းနဲ့ပဲပြုတ်ဆီဆမ်း မနက်က အိမ်မှာစားလာသေးတာကွ၊ ငါတို့က နယ်သားတွေဆိုတော့ မနက်ဆိုလည်း ထမင်းကြမ်းနဲ့ ပဲပြုတ် ဒါမှမဟုတ် အကြော်နဲ့ စားလိုက်ရမှ နေ့လည်စာလည်း ထမင်းဘဲ အားရပါးရစားလိုက်ရမှာ တင်းတိမ်ကြတာလေ ”

” ဒါဆို မင်းတို့ မိသားစုက ထမင်းကို မိန်ရေယှက်ရေ စားကြတယ်နဲ့တူတယ်နော် ”

” ဟုတ်တယ် ငါ့အဖေရော အမေရော ငါနှမလေးရော နဲ့ ငါက ထမင်းဘဲ အပြတ်အ၀တီးကြတာ အခြားသရေစာ မုန့်တွေကို စားခဲတယ်လေ ထမင်းမစားဘဲ ခေါက်ဆွဲကြော်တို့ ဘာတို့ အဲလိုအခြားဟာ စားဖြစ်ရင် သိပ်မကြာ ဘူး ပြန်စာသလိုလို ဘာလိုလိုနဲ့ ထမင်းလေကို ဆီစမ်းနယ်ပြီ မြေပဲဆံနဲ့ပြန်စားလိုက်ရမှ အာသာ ပြေသဗျ တောသူ တောင်သားမျိုးရိုးဆိုတော့လည်း ငါငယ်ငယ်ရွာမှာတုန်းက အကြော်ကလွဲရင် အခြားမုန့် စားစရာ ရှားတော့ ထမင်းဘဲ အားပြုစားခဲ့ရတာလေ အခုလည်း ထမင်းမှ ထမင်းဘဲ မက်တယ်လို့ပြောရတာပေါ့ဗျာ ”

” မင်းတို့အတွက် ထမင်းက အဓိကဖြစ်တာပေါ့လေ ”

………………………………………………………………

” ဟ ထမင်းဂျိုင့်မှာ ထမင်းက နှစ်ဆင့်တောင်ပါလား အတော်အစားပုတ်တာဘဲနော် ”

” ဟာ မင်းကလည်း ဒီနှစ်ဆင့် ထမင်းထည့်လာတောင် တစ်ခါတလေ မ၀ချင်ဘူးလေ ”

” အင်း ထမင်းအတော်စားနိုင်တာဘဲလေ ”

…………………………………………………………………….

အဲဒီလိုပါဘဲ ကျုပ်တို့ မြန်မာနိုင်ငံရဲ့ အဓိက စိုက်ပျိုးထွက်ကုန်ဟာ ဆန်စပါးဖြစ်ပြီး မြန်မာတို့ရဲ့ အဓိက စားကုန်ကလည်း ထမင်းဖြစ်ပေသည်။ ထို ထမင်းကို ဟိုရှေးရှေးပဝေဿဏီ ကျုပ်တို့ ဘိုးဘွားလက်ထက် မတိုင်မှီထဲက ကျုပ်တို့တိုင်းပြည် ကျုပ်တို့လူမျိုးတွေ စားခဲ့ကြတာ အခုလည်း အဲဒီထမင်းဘဲ အဓိကစားကြ သလို နောင်လည်း ထမင်းဟာ အဓိကစားသောက်ကုန်အဖြစ် ကျုပ်တို့တွေ စားနေကြမှာကတော့ မလွဲဧကန် ပါဘဲလေ။

မြန်မာတွေ ထမင်း အရင်ကလည်းစားခဲ့ကြသလို ခုလည်း ဒီတိုင်းပြည်မှာ လူတိုင်းနီးပါး စားနေကြတယ် နောင်လည်း ဒါဘဲအဓိကစားမှာကို အဆန်းလုပ်ပြီပြောနေသေးတယ်လို့ ဆိုကြမယ်ထင်ပါတယ်၊ ဆိုလည်း ဆိုသင့်တာကိုး မြန်မာတွေ ဒီတိုင်းပြည်ကသူတွေ ထမင်းစားတာ အဆန်းမှမဟုတ်တာလေ။

ဒါပေမယ့် ကျုပ် မနေ့က သတင်းစာထဲမှ HEALTH ကဏ္ဍလေးမှာပါတဲ့ ဆောင်းပါးလေးက ဆန်းသွားလို့ ထမင်းစားတာကို အဆန်းလုပ်ပြောဖြစ်သွားတာလေ။ အဲဒီဆောင်းပါးလေးကို အကျဉ်းခြုံပြီး ပြန်ပြောရရင်တော့ ဒီလိုပါဗျ။

ဆန်တွင် ကင်ဆာဖြစ်စေသော အာဆင်းနစ်ပါဝင်မှု နိုင်ငံတကာအစိုးရများထိန်းချုပ်မည် ဆိုပြီးခေါင်းစဉ်နဲ့ မန်းက ရတနာပုံသတင်းစာမှာ TMK ကဆောင်းပါးရေးထားတာပါ။ ကမ္ဘာတစ်ဝန်းတွင် ဆန်ကိုအဓိက အစားအစာအဖြစ် စားသုံးသူပေါင်း ကုဋေများစွာရှိရာ ဆန်တွင် ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ်ဓာတ် ပါရှိနေတတ်သည့်အတွက် နိုင်ငံတကာအစိုးရအဖွဲ့များက ဆန်တွင်အာဆင်းနစ်ဓာတ်ကိုထိန်းချုပ်သွားဖို့ ပထမအကြိမ် သဘောတူကြကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်တဲ့။

” သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ အကျိုးဆက်ကနေ အာဆင်းနစ်ဖြစ်လာပါတယ်၊ မြေဆီလွှာညစ်ညမ်းမယ် ရေထုညစ်ညမ်းမယ် ဒီမြေဆီလွှာမှာ ပျိုးပင်တွေစိုက်ပြီး ဒီရေကိုတိုက်ကျွေးမယ်ဆိုရင် ဒီစပါးပင်တွေထဲမှာ ညစ်ညမ်းမှုတွေပါသွားပြီး စပါးစေ့ ဆန်စေ့တွေမှာ အာဆင်းနစ်လို့ခေါ်တဲ့ အဆိပ်တစ်မျိုးပါသွားပါတယ်၊ ဒီအာဆင်းနစ်ကို ရေရှည်စားမိရင် ကင်ဆာရောဂါဖြစ်ပွားပြီး သေဆုံးနိုင်ပါတယ်၊ ဒါကြောင့် နိုင်ငံတကာ အစိုးရ အဖွဲ့က သတိထားဆောင်ရွက်တာမျိုး မလုပ်ပေးဘူးဆိုရင် ပြည်သူတွေ ထမင်းစားရင်း အဆိပ့်သင့်နေမှာပါ” ဟု ကမ္ဘာကျန်းမာရေးအဖွဲ့မှ အစားအသောက်ဘေးအန္တရာယ်ကင်းစင်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှုး အိန်ဂျယ်လီ ကာထရစ်ရှာ ကပြောပြတယ်တဲ့။

အာဆင်းနစ်ကို ကမ္ဘာ့မြေသားလွှာများတွင် သဘာဝအတိုင်းတွေ့ရပြီး အာရှတိုက်တွင် အာဆင်းနစ်ထုထည် အသိပ်အသည်းဆုံးဖြစ်ရာ ဆန်စပါး အဓိကစိုက်ပျိုးသည့် နိုင်ငံများကလည်း အာရှတိုက်တွင်ပင်တည်ရှိနေ ပါသည်။

စပါးစိုက်ခင်းများသို့ ရေပေးသွင်းရာတွင် မြေအောက်ရေကို အသုံးပြုတတ်ကြပြီး ထိုရေထုထဲတွင် အာဆင်းနစ် ဓာတ် သိပ်သည်းစွာပါဝင်နေတတ်သည်။ အာဆင်းနစ်ပါဝင်သော ရေကိုသောက်သုံးသော စပါးပင်တွင်လည်း အာဆင်းနစ်ဓာတ်ပါဝင်သွားကာ ဆန်တွင်လည်း အာဆင်းနစ်ဓာတ်ပါဝင်သွားလို့ ထမင်းချက်စားကြသူများ အဖို့ များများစားလေ များများအဆိပ့်သင့်လေ ပင်ဖြစ်ကာ အချိန်ကြာမြင့်လာသောအခါ ကင်ဆာဝေဒနာကို ခံစားကြရခြင်းဖြစ်ကြောင်း ဆောင်းပါးမှာရေးထားပါတယ်လေ။

 

အင်း ကျုပ်တို့ ဒီတိုင်းပြည်မှာ ထမင်းမှ အဓိကအစာဖြင့် မစားသင့်ရင် ဘာသွားစားရတော့မှာလဲဗျာ။

ကမ္ဘာမြေဖျားနာနေခြင်းမှ လူသားတွေဆီကို တစ်စတစ်စ ကူးဆက်လာလေပြီလို့ ကောက်ချက်ချရင်း

“သေ ပြီ ဆ ရာ “ ဟုသာ အောပစ် လိုက်ချင်တော့တာ ပါဘဲဗျာ။

 

ခင်ခ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..