စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက် ဗုဒ္ဓ၀ိဟာရကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် နှင့် ရခိုင် သမိုင်းသုတေသီ ဦးပညာစာရအား စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် ဆရာတော်အား မာတုကာမနှင့် ဖောက်ပြားသဖြင့် သာသနာတော် ညှိုးနွမ်းစေသည်ဟု စွပ်စွဲကာ ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ၂၇ ရက်နေ့က ဖမ်းသွားတယ်။ အမှတ် ၁ ရဲစခန်းမှာ ချုပ်ထားပြီးတော့ ရိုက်နှက် နှိပ်စက်တယ်။ အခု ပုဒ်မတွေ အများကြီးနဲ့ တရားစွဲဖို့ ပြင်နေပြီ”ဟု စစ်တွေမြို့နှင့် အဆက်အသွယ်ရှိသည့် ရန်ကုန်မြို့နေ ရခိုင်ဦးဇင်းတပါးက ပြောသည်။

ဆရာတော် ဦးပညာစာရသည် ၁၉၉၀ ခုနှစ်မှစတင်ကာ မိဘမဲ့ကလေးများကို စောင့်ရှောက်ခြင်းနှင့် ရှေးဟောင်း သမိုင်းသုတေသနလုပ်ငန်းကို လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် ကျောင်းတိုက်တွင် ဆရာတော် စုဆောင်းထားသည့် ရှေးဟောင်း ပေပုရပိုဒ်များ၊ ရှေးဟောင်း ဒင်္ဂါးများနှင့် အခြားရှေးဟောင်းပစ္စည်းများကို အာဏာပိုင်များက သိမ်းဆည်းသွားခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိတ်ပိတ်ပစ်ခဲ့သည်။

ထို့ပြင် ကျောင်းတိုက်တွင် ဆရာတော် ကျွေးမွေးစောင့်ရှောက်ထားသည့် မိဘမဲ့ ရခိုင်ကလေးငယ်ပေါင်း ၉၀ ခန့်ကို စစ်တွေမြို့မှ အထက်မြန်မာပြည်သို့ ပြောင်းရွေ့ ပစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်တွေမြို့အခြေစိုက် နိုင်ငံရေးပါတီဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ယခုလ ၉ ရက်နေ့တွင် ယင်းဖြစ်ရပ်အပေါ် ပါတီ၏ သဘောထားတရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် ကျောင်းတိုက်ရှိ ဆရာတော် လေ့လာရှာဖွေထားသော ရှေးဟောင်းစာပေ ပုရပိုဒ်များ၊ ရှေးဟောင်း ဒင်္ဂါးများနှင့် ရှေးဟောင်းပစ္စည်းများကို ရခိုင်ဒေသ၌ပင် ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကျောင်းတိုက်တွင် ခိုလှုံနေကြသည့် မိဘမဲ့ကလေးငယ် ၉၀ ခန့်ကို မြန်မာပြည်အထက်ပိုင်းသို့ ပို့ဆောင်ခြင်းကြောင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိမည်ကို စိုးရိမ်မိကြောင်း ပါရှိသည်။

ထိုကြေညာချက်ကြောင့် ရခိုင်ပါတီခေါင်းဆောင်များအား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ယခုကဲ့သို့ ကြေညာချက်များ နောက်နောင် ထပ်မံ ထုတ်ပြန်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ပါတီကို ဖျက်သိမ်းပစ်မည်ဟု ယခုလ ၁၁ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းသမား မောင်ဝါသနာ

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။