ကြားမိတဲ့ အသံများ

U Pyaung GyeJuly 23, 20141min1616

ကျွန်တော် ဝန်ထမ်းအိမ်ယာမှာနေပါသည်။

ပတ်ဝန်းကျင်အိမ်များတွင် ဌာနတူ အမျိုးသားဝန်ထမ်း မိသားစုများနေကြ၏။

ဘယ်ဘက်အိမ်မှ ဇနီးသည်မှာ ပညာရေးဝန်ထမ်း၊ ကျောင်းဆရာမ ဖြစ်ပြီး ညာဘက်အိမ်မှ ဇနီးသည်မှာ ချမ်းသာသောမိဘများမှ မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ရှေ့တည့်တည့်အိမ်မှ ဇနီးသည်မှာ ဘာသာတရား ကိုင်းရှိုင်း သော၊ ဇနီးဝတ္တရားကျေပွန်သော၊ အလိမ္မာအိမ်ပါ မှီခိုသူ တစ်ဦးပင်။

” သားငယ်၊ ဒီလပတ် Report Card မှာ အဆင့် ၆ တဲ့၊ ဘယ်လိုဖြစ်တာလဲသားရယ်၊ အရင်လတွေက အဆင့် ၃ထက် မကျဘူးပါဘူးကွယ်၊ သားကြီးလာရင်ဆရာဝန်ကြီး လုပ်မှာဆို၊ ဒီပုံနဲ့ဆို ဘယ်လိုဖြစ်မှာလဲသားရဲ့၊ နောက်လ အဆင့်တစ် မရရင် ရိုက်မှာနော် ” အိမ်ရှေ့အိမ်ရှိ အမျိုးသမီးမှ သားဖြစ်သူ ပထမတန်း ကျောင်းသားကို ပြောသံ ကြားပါ သည်။ ကျောင်းမှာ ကျယ်ကျယ်လောင်လောင် စာအော်နိုင်အောင် ကျူရှင်မှာ စာကိုကြိုသင်၊ ညဉ့်နက်အောင် စာကြည့်ထားခဲ့တဲ့ ကလေးဟာ အိပ်ချင်မူးတူးနဲ့ စာသင်ခန်းကို အပြေး လှမ်းတတ် နေပါပြီ။

” ဟဲ့သမီး ထတော့လေ ၊ သူများတွေ ကျောင်းသွားဖို့ ဖယ်ရီပေါ်ရောက်ကုန်ပြီ ” ညာဘက်အိမ်မှ ထွက်ပေါ်လာ သည့်အသံ။ ” ဟင်… မေကြီးကလဲ၊ ဖယ်ရီကြီး စီးချင်ပါဘူး၊ မေကြီး ဆိုင်ကယ်နဲ့လိုက်ပို့၊ ဆရာမ အတွက် လမ်းမှာ Breakfast ဝယ်သွားရဦးမှာလေ၊ ပြီးခဲ့တဲ့လက ဆရာမကို ကန်တော့ဖို့ မေကြီး ပေးလိုက်တဲ့ ထမီလေး လှတယ်လို့ ဆရာမကပြောတယ်၊ မီးလဲ အဲဒီထမီ မျက်နှာနဲ့ အဆင့် ၁ ရလာတာ၊ မီးသိတာပေါ့၊ သင်္ချာ ၃ ပုဒ် မတွက်တတ်လို့ ပေးချက် မေးချက် ရေးပြီး ကွက်လပ်တွေထားခဲ့တာ၊ ဟီဟိ… ” ဒုတိယတန်းတက်နေသော ကလေးမလေး၏ အသံပါ။ အတိုင် အဖောက် ညီညာစွာထွက်ပေါ်လာသော မိခင်ဖြစ်သူအသံကတော့ ” အေး သမီးရေ၊ ဒီလ ညည်းဆရာမကို ကန်တော့ဘို့ ကျောင်းပို့ပြီး အပြန်မှာ ဈေးထဲဝင်မွှေရဦးမယ် ”

ကျွန်တော့ ဘယ်ဘက်အိမ်မှ လင်သားနှင့် ကလေးများအတွက် မိုးမလင်းမီက ထပြီး ချက်ပြုတ်၊ ထမင်းချိုင့်များ စီစဉ်၊ သန့်ရှင်းရေးနှင့် အိမ်မှု ကိစ္စများ လက်လှမ်းမီသမျှ ပြုလုပ်၊ ရေမိုးချိုး၍ ကျောင်းသွားရန် အင်္ကျ ီဖြူ နှင့် ထမီစိမ်း ဝတ်ဆင်ပြီး အခန်းတွင်းမှ ထွက်လာသော ဇနီးသည်ကို ခင်ပွန်းဖြစ်သူမှ ” မင်းကြည့်ပြီး ပင်ပန်း လိုက်တာ မိန်းမရယ်၊ အိမ်မှုကိစ္စက တစ်ဖက်၊ ကျောင်းက တစ်ဖက်နဲ့၊ ရတဲ့လစာက တစ်ပဲခြောက်ပြား၊ သူများ ဌာနတွေ သိန်း ဆယ်ဂဏန်းလောက် အလွဲသုံးစားပြုရင်တောင် အသံမထွက်တဲ့ နိုင်ငံမှာ မင်းတို့ ဆရာ/ဆရာမ တွေ ကျောင်းဖွင့်ရာသီ ရောက်တဲ့အခါ ငွေလေး တစ်ရာ၊ နှစ်ရာလောက် အကြွေမအမ်းရင်တောင် ပြဿနာ ရှာမယ့်သူက အဆင်သင့်၊ ရိုက်နှက် ဆုံးမရင် တိုင်မယ့် တောမယ့်သူ ပေါမှပေါ၊ ကျူရှင် သင်ပြန်တော့လည်း ခိုးကြောင် ခိုးဝှက်၊ အလုပ်ပဲထွက်လိုက်ပါတော့ကွာ “ဆိုတဲ့ မည်တွန်တောက်တီးသံ ကြားရပြန်ပါသည်။ ဖယ်ရီ ကားအမီ အပြေးကလေးထွက်သွားတဲ့ ဇနီးဖြစ်သူက ” ပြန်လာမှ ပြောတော့မယ် မောင်ရေ၊ လာသမီး သွားရ အောင် ” ပြောပြောဆိုဆိုဖြင့် သမီးဖြစ်သူ လက်ကလေးဆွဲ ထွက်ခွာသွားပါသည်။

ညနေဘက် ကျွန်တော်တို့ ရုံးဆင်း၊ အိမ်ပြန်ရောက်ချိန်ထိ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်။

ညနေ ၆နာရီ ကျော်လေပြီ…။ ” ဖေကြီးရေ… သမီးပြန်လာပြီ၊ ဖေကြီးအတွက် အကင် တစ်ထောင်ဖိုး ဝယ်လာတယ်၊ လာပါ မေကြီးရဲ့၊ ဆိုင်ကယ်ကို အဲ့မှာဘဲ ထောင်ခဲ့ပါ၊ မေကြီးဆိုင်ကယ် ဘူမှ မယူပါဘူး ” ညာဘက်အိမ်မှ သာလိကာ မလေးကို သူ့အမေက ကျူရှင်ကြိုပြီး ပြန်လာခြင်းနှင့် အတူ ကျွန်တော့ ပတ်ဝန်းကျင်သို့ သက်ဝင်လှုပ်ရှားမှုများ သယ်ဆောင်လာကြ၏။ ခဏအကြာ ကျောပိုးအိတ် မနိုင်မနင်းသယ်ဆောင်လာသော ရှေ့အိမ်မှကလေး ငိုက်စိုက် ငိုက်စိုက်နှင့် ပြန်လာသည်။ ဘယ်ဘက်အိမ်မှ သားအမိရောပေါ့။

” မောင်ရေ၊ အတန်းထဲက ကလေးတစ်ယောက် ကန်တော့လိုက်တဲ့ မုန့်လေးပါလာတယ်၊ ထမင်းစားပြီး အချို တည်းလိုက် ဦးနော်၊ ရော့ ” ကျောင်းဆရာမ အသံပါ။ ” မနက်က မောင့်ကိုစိတ်တိုလိုက်တာ သများကို အလုပ် ထွက်ခိုင်းလို့လေ၊ မောင့်မိန်းမက အသပြာဆရာ မဟုတ်ဘူးရှင့်၊ ဝါသနာအရ ကလေးတွေကို ပညာပါရမီ ဖြည့် ပေးနေတာ၊ နိုင်ငံတော်အတွက် လိုအပ်တဲ့ ပညာတတ်တွေ မွေးထုတ်ပေးနေတာ ဂုဏ်ယူစမ်းပါ မောင်ရယ်၊ ကြီးကြီးကျယ်ကျယ် ပြောရရင် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးပါတဲ့ ပညာတတ် လောင်းလျာလေးတွေ ထုစစ် ပုံဖော် နေတာလေ ” ။ အိမ်ထောင်ဦးစီးကြီးကတော့ ရေနွေးကြမ်းနှင့် TV အစီ အစဉ်များကို မြည်းနေလေရဲ့။ ” မောင်နဲ့ ဆွေးနွေးကြည့်ရဦးမယ် သများတို့ မူလတန်းအဆင့် ပညာရေးမှာ CCA (Child Centered Approach) ကလေးဗဟိုပြုသင်ယူမှု ချဉ်းကပ်နည်း စနစ်ဆိုတာ အကောင်အထည် ဖော်နေ ရတယ်၊ သူတို့ကတော့ ပြောတာဘဲ ဒီစနစ်က ကလေးတွေရဲ့ မြင့်မားတဲ့ အာရုံခံစားနိုင်မှု စွမ်းရည်ကို အသိအမှတ် ပြုပြီး အဲဒီ အာရုံခံစားနိုင်မှုကို တုံ့ပြန်စေမယ့် ခိုင်မာတဲ့ အတွေ့အကြုံ တွေကနေ တစ်ဆင့် စိတ်လှုပ်ရှား နှစ်လိုဖွယ် ကောင်းတဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုကို ရစေမှာတဲ့၊ ကလေးတွေ ကိုယ်တိုင် အသိပညာကို တည်ဆောက် ယူစေမှာတဲ့၊ ကလေးတွေရဲ့ မူလမွေးရာပါ အာရုံခံစား နိုင်မှု၊ အကန့်အသတ် မရှိ တဲ့ ထက်မြက်မှု၊ စွမ်းဆောင်နိုင်မှု ပေါ်မှာ အခြေခံထားတာတဲ့၊ ကလေးတွေကို စနစ်တကျ လေ့လာကြည့်ရှု စေမယ်၊ ဆွေးနွေးစေမယ်၊ ပြီးတော့ လက်တွေ့ စမ်းသပ် လုပ်ကိုင်စေပြီး ကလေးတွေရဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း၊ တီထွင်နိုင်စွမ်း၊ စဉ်းစား တွေးခေါ်နိုင်စွမ်းတွေကို မြင့်မား တိုးတက်စေမှာတဲ့၊ အလွတ် ကျက်မှတ်တဲ့ သင်ကြား သင်ယူမှု ဖြစ်စဉ်ကို အချက်အလက်တွေ နားလည်သဘောပေါက်ပြီး လက်တွေ့ဘဝမှာ အသုံးချ နိုင်တဲ့ သင်ကြား သင်ယူမှု ဖြစ်စဉ်အဖြစ် ပြောင်းမှာတဲ့၊ အဲဒါ ဘယ်လို သဘောရလဲဟင် ”

အဲဒီမှာ မောင်မင်းကြီးသားက ပြောပါတော့တယ် ” ကိုယ် ဂျပန်ကို ပညာတော်သင် သွားခဲ့တုံးက သူတို့ဆီက ပညာရေးစနစ်ကို လေ့လာဘူးတယ်၊ အခုပြောတဲ့ CCA စနစ်ပေါ့၊ သူတို့ဆီမှာ မူလတန်းက ပညာရေးရဲ့ အုတ်မြစ်တဲ့၊ အဲဒီလိုပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသည်တွေ မွေးထုတ်ရာမှာလဲ အဲဒီ မူလတန်းက စတာတဲ့၊ အဆောက်အဦ တစ်ခုမှာ အုတ်မြစ်က အရေးကြီးသလို ပညာရှင်တွေ မွေးထုတ်ရာမှာ လည်း မူလတန်းက အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး ပဲတဲ့၊ အဲဒီက ဆရာ/ဆရာမတွေက သက်ဆိုင်ရာ ဘာသာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်ကြတယ်၊ လေးလေးနက်နက် သဘောပေါက်ကြလို့ ကျောင်းသားတွေနဲ့ သင့်လျော်တဲ့ အကြောင်းအရာတွေ သင်ပြနိုင်တယ်၊ ထိရောက်ပြီး ကုန်ကျမှု သက်သာတဲ့ သင်ထောက်ကူ ပစ္စည်းတွေ တီထွင်အသုံးပြုတတ်တယ်၊ ကျောင်းသားတွေရဲ့ တက်မြောက်မှုကို နည်းမျိုးစုံနဲ့ စစ်ဆေး အကဲ ဖြတ်တတ်တယ်၊ ကျောင်းသားတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်သွယ်ပြောဆိုပြီး ကျောင်းသားတွေ သင်ယူမှုအပေါ်မှာ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ကြတယ်ကွ၊ မြန်မာတွေ စိတ်ဓာတ်က ကောက်ရိုးမီး များပါတယ်ကွာ၊ ပြီးရင် ပြီးရော လုပ်တတ်တဲ့ အကျင့်တွေ၊ ရှေးရိုးစွဲ အယူအဆတွေ၊ စနစ်မကျတာတွေ၊ စည်းကမ်း မရှိတာတွေ မပြင် သ၍ ဘာစနစ်ပဲကျင့်သုံး ကျင့်သုံး အောင်မြင်မှာ မဟုတ်ပါဘူး၊ ဥပမာကွာ- သင်ထောက်ကူ ပစ္စည်းတွေဟာ man made လုပ်ရင် ဖြစ်ရဲ့သားနဲ့ venyl ဆွဲ၊ ပန်းချီဆရာအပ် နဲ့ အပိုငွေ ကုန်အောင် သုံးစွဲချင်ကြတာဟာ တီထွင် ဖန်တီးနိုင် မှုနဲ့ သင်ကြားမှု အတတ်ပညာပေါင်းစပ် ရတဲ့ CCA အပေါ် မှာထားတဲ့ ဆရာတစ်ဦးရဲ့ အရည်အသွေးကို ပြတာပဲ ” အရှည်ကြီး ပြောပြီး မောသွားဟန်ဖြင့် ရေနွေးတစ်ခွက် ဂွပ် ကနဲ ကောက်သောက်လိုက်ပါသည်။ ပြီးမှ…

” အခုတော့ကွာ ဘာစနစ်ပဲ အကောင်အထည် ဖော်ဖော် ဆရာ/ဆရာမ တစ်ချို့ရဲ့၊ တစ်ချို့ဆိုတာလဲ ရာခိုင်နှုန်း နဲ့တွက်ရင် တော်တော်များများပါ၊ ကိုယ့်မိန်းမဖြစ်တဲ့ မင်းတော့မပါဘူး ပေါ့ကွာ၊ အလိုလောဘ မသတ်နိုင်မှု၊ စေတနာ ဝါသနာ အနစ်နာ ဆိုတဲ့ နာသုံးနာ ခံယူချက်နည်းမှု၊ ပညာရည် မပြည့်ဝမှု တွေကြောင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးလက်တွေမှာ မူလတန်းပညာရေးကို အဖြေ ကောက်ကြည့်လိုက်တော့ ကကြီး၊ ခခွေး အကုန် မရေးတတ်တဲ့ ။ ABCD မ ရေးတတ်တဲ့ လေးတန်းအောင်တွေ များလာတယ်၊ ထပ်ပြောရင် ဒေါတွေ ပါလာလိမ့်မယ်ကွာ၊ သမီးတောင် ကိုယ်တို့ စကားပြောနေတာ နားထောင်ရင်း အိပ်ပျော်သွားပြီ၊ ဘော်ဒါကြီးလဲ ထမင်း တစ်နပ်နဲ့ မကာအောင် နားဒုက္ခ ခံပြီးလို့ မျက်တောင်စဉ်း နေပြီ၊ ကိုယ်တို့လဲ အိပ်ကြပါစို့ကွာ ”

ခိုးပြီး ချောင်းနားထောင်တယ် မထင်ပါနဲ့ဗျာ၊ အိမ်က မဟေသီနဲ့ ကလေးတွေ နယ်ကို ခဏပြန်သွားတုံး အဲဒီ အိမ်က ထမင်းဖိတ်ကြွေးလို့ ဝါးတီးဖွင့်ပြီး သူတို့ အာရိုက်တာ နားဒုက္ခခံပေး နေရတာပါ။ သူတို့ မိသားစု လေးက ပျော်စရာကောင်းပါတယ်၊ နောင်အလျဉ်းသင့် ရင် ကြားမိတဲ့ အသံလေးတွေ ပြောပြပါ ဦးမယ်ဗျာ။

6 comments

  • ခင်ဇော်

    July 23, 2014 at 3:02 pm

    အရေးကောင်းပဲ။
    မျက်စိထဲ ပေါ်လွင်လာတယ်။
    ကိုယ်ချင်းစာတတ်ရင်တော့ ကိုယ့် အခက်အခဲနဲ့ ကိုယ်ချည်းပဲပေါ့နော်။
    ပညာရေးမှာမှမဟုတ် ဘယ် ဌာနမှ လစာနဲ့ ကုန်ဈေးနှုန်း မမျှတော့လည်း ဒီ လို မမျှတမှုတွေက ဖြစ်နေမှာပဲ။

    :hint:

  • Ko chogyi

    July 24, 2014 at 4:27 pm

    အဲဒီလိုဆရာမက တစ်ရာမှာတစ်ယောက်တောင်မသေချာပါဘူး
    သေချာတာက ကျွန်တော့်လစာတစ်ဝက်လောက် သားတွေပညာရေးအတွက်သုံးနေရတယ်

  • manawphyulay

    July 24, 2014 at 4:40 pm

    လူတိုင်းမှာ ဘဝရှိတယ်ဆိုတာ တယ်မှန်ပါလား…
    တစ်ခါတလေ ကိုယ်တစ်ယောက်ထဲ ဒုက္ခခံနေရသလားလို့ ထင်မိပေမယ့် ဒီလိုစာလေးတွေ ဖတ်လိုက်တော့လည်း ဘဝက နေတတ်ရင် ကျေနပ်စရာကြီးပါပဲလေ…

    အခုခေတ်မှာတော့ အသပြာဆရာတွေ များများလာသလားလို့ ထင်မိပါတယ်။ ဒီကြားထဲ ဘာကြေးညာကြေးတွေလည်း တောင်းလား တောင်းရက်ပါပဲ။

    • naywoon ni

      September 24, 2014 at 1:37 am

      ဘာ​ကြေး ညာ​ကြေး ဆိုတာထက်​ ကျုပ်​တို့ ​နေပူ​တော်​မှာ​တော့ ​ ဥပုတ်​​ကြေး ဆိုတာ ​ခေတ်​စား ​နေသဗျ ။ ဥပုတ်​​နေ့တိုင်​း ဘုန်​းဘုန်​း​တွေပင်​့ပြီး ဥပုတ်​ ယူကြဆိုပဲ ။ အဲ့ဘုန်​းဘုန်​း​တွေ လှူဖို့ ​ကောက်​သတဲ့ ဗျာ ။ ကြားရ နားဝ မသက်​သာစရာ ။ 🙂

  • alinsett (gazette)

    July 25, 2014 at 3:31 pm

    ကြားပါရစေဦးလား..ခင်ဗျာ…
    (လူရွှင်တော်တွေ..ပြောတဲ့လေသံမျိုး…ပြောကြည့်တာ.. )

    :mrgreen:

  • ခင် ခ

    September 23, 2014 at 11:37 pm

    ဘဝတိုင်းအတွက် လူတိုင်းမှာရုန်းကန်ရတာပါဘဲ
    ပင်ပင်ပန်းပန်းရုန်းကန်ရတာနဲ့ မပင်မပန်းရုန်းရတာဘဲကွာတာပါ
    ထိုင်နေလို့ဘာမှမဖြစ်တာကိုး

Leave a Reply