ကျနော်ရေးခဲ့တဲ့ စစ်တွေမြို့မှ ကျောင်းထိုင်ဆရာတော်တပါးကို အကျဉ်းထောင်တွင် ဖမ်းဆီးထား ဆိုတဲ့ သတင်းအောက်မှာ ကွန်မန့်တခု အင်္ဂလိပ်လို ၀င်ရေးလာပါတယ်။

မြန်မာလို ဘာသာပြန်လိုက်ရင် “လူတယောက်က ကျနော့်ကို ပြောလာတယ်။ အဲဒီဆရာတော်ဟာ နိုင်ငံရပ်ခြားတိုင်ပြည်များ အထူးသဖြင့် စပိန်နိုင်ငံက ထောက်ပံ့နေတဲ့ အလှူငွေတွေကို အလွဲသုံးစားလုပ်နေတယ်၊ ကလေးအလောင်းတွေ ဘုန်းကြီးကျောင်းထဲက တွေ့တယ်လို့ ရဲကပြောတယ်။ နောက်ပြီး မိန်းမတယောက်နဲ့ တရားမ၀င် လက်ထပ်ထားတယ်လို့ ပြောတယ်” လို့ အဓိပ္ပါယ်ရပါတယ်။

ကွန်မန့်မှာ ဒီလိုပြောလာတော့ သူပြောတဲ့အချက်တွေနဲ့ ပက်သက်လို့ စုံစမ်းဖို့ ကျနော့်မှာ တာဝန်ရှိလာပါတယ်။ ဒါနဲ့ စစ်တွေမြို့ခံတွေကို ကျနော် မေးမြန်းစုံစမ်းကြည့်တဲ့နောက် အောက်မှာရေးထားတဲ့ အချက်အလက်တွေကို သိလာရပါတယ်။

ဆရာတော်ဦးပညာစာရဟာ ရမ်းဗြဲကျွန်းဇာတိပါ။ သူ့ကျောင်းမှာ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ကလေးတွေဟာ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေ မွေးစားထားတဲ့ ရခိုင်ကလေးငယ်တွေကို နည်းအမျိုးမျိုးနဲ့ သူ့ကျောင်းမှာ ခေါ်ယူစောင့်ရှောက်ထားတာပါ။ ကလေးတွေထဲမှာ နို့မပြတ်သေးတဲ့ အသက် ၈ လ အရွယ်ကနေ တက္ကသိုလ် ကျောင်းသားအထိ ပါဝင်ပါတယ်။ တချို့ကလေးတွေဆို ပိုက်ဆံနဲ့ ၀ယ်ယူထားရတာတွေတောင် ပါဝင်နေတယ်လို့ သိရပါတယ်။

ဆရာတော်ဟာ စစ်တွေကို စရောက်ကာစဆိုရင် ၀ါးကျောင်းသေးသေးလေးနဲ့ နေခဲ့တာပါ။ ဖိနပ်တောင်မစီးနိုင်ပါဘူး။ ဒါပေမယ့် စစ်တွေမှာ လေလွင့်နေတဲ့ မိဘမဲ့ကလေးတွေကို မရှိတဲ့ကြားကနေ ဆရာတော်ဟာ ခေါ်ယူမွေးစားပြီး အလှူခံ ကျွေးမွေးခဲ့တာပါ။ နောက်တော့ ဆရာတော်ရဲ့ အနစ်နာခံမှု၊ ကလေးတွေအပေါ် စေတနာထားမှု၊ ကြိုးစားမှုတွေအပေါ် ရပ်ကွက်က သိလာပြီးတဲ့နောက် လှူကြတန်းကြရင်းနဲ့ နောက်ပိုင်းမှာ ဂျပန်၊ စပိန်စတဲ့ နိုင်ငံတွေအပါအ၀င် နိုင်ငံရပ်ခြားက အလှူရှင်တွေပါ ထောက်ပံ့လာခဲ့ကြပါတယ်။

အလှူငွေတွေ ရတာများလာတဲ့အလျောက် ဆရာတော်ဟာ ကလေးတွေကို ယခင်ကထက် တိုးချဲ့ပြီး မွေးစားလိုက်တာ ကလေး ၉၀ လောက်အထိ ဖြစ်သွားပါတယ်။ ကလေးအားလုံးဟာ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်က ဆရာတော်ကျောင်းထိုင်တဲ့ ဗုဒ္ဓ၀ါဟာရကျောင်းတိုက်မှာပဲ အိပ်၊ စား၊ စာသင်ရင်းနဲ့ ဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံနေကြတာပါ။

ဆရာတော်ကို ၂၇ ရက်နေ့က ကျောင်းတိုက်မှာ လာဖမ်းပြီးတဲ့နောက် ရဲက လူဝတ်လဲပစ်လိုက်ပါတယ်။ အချုပ်ထဲမှာ လူဝတ်နဲ့ နှိပ်စက်ခံရတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ဆရာတော်ဟာ ငွေတွေကို အလွဲသုံးစား လုပ်တာဖြစ်နိုင်သလားလို့ ရခိုင်ဦးဇင်းတပါးကို မေးကြည့်တော ”

ဒါဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဆရာတော်ဟာ ၀ိနည်းသိက္ခာတွေကို  အလေးထားတဲ့ ဆရာတော်တပါးပါ။ န.အ.ဖ (အစိုးရ) က တမင်လုပ်ဇာတ်ခင်းလိုက်တာပါ”လို့ ပြောပါတယ်။ ဆရာတော်ကို ရဲက စွဲချက်တင်ထားတဲ့ ပုဒ်မ ၇ ခုထဲမှာ ဖိုးတွမ်တီးဆိုတဲ့ ပုဒ်မ ၄၂၀ ငွေအလွဲသုံးစားမှု ပါဝင်ပါတယ်။

ဆရာတော်ကို မဖမ်းခင်ကတည်းက ဆရာတော်ကို ဖမ်းပြီးတဲ့နောက် စွဲချက်တင်မယ့် ပုဒ်မတွေကို ဒေသအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်နေတဲ့သတင်းတွေကို မြို့ခံတွေက ကြိုတင်ကြားနေရပါတယ်။ နောက်မကြာပါဘူး ကျောင်းတိုက်မှာ လာဖမ်းတော့တာပါပဲ။

ကျောင်းတိုက် ပရ၀ဏ်အတွင်းမှာ ကလေးအလောင်းတွေ တူးဖော်တွေ့ရှိရတာနဲ့ ပက်သက်ပြီး သိရတာက နေမကောင်း နာမကျန်းဖြစ်တဲ့ ကလေးတွေ သေဆုံးသွားတဲ့အတွက် ဆရာတော်က ကျောင်းဂေါပကကို အသိပေးပြီးတော့မှ ကျောင်းဝင်းထဲမှာပဲ မြှုပ်နှံထားလိုက်တာပါ။ အခုတော့ စည်ပင်အက်ဥပဒေ ၆၈ (ဂ) နဲ့ ညိနေပါပြီ။

ဒါ့အပြင် ဆရာတော်ဟာ မာတုကာမတယောက်နဲ့ တိတ်တိတ်ပုန်း အိမ်ထောင်ပြုတယ်။ ကလေး ၂ ယောက်မွေးတယ်လို့ လူ ၂ ဦး က စွပ်စွဲတဲ့အတွက် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ ၂၉၂ နဲ့ စွဲချက်တင်ခံထားရပါတယ်။ စွပ်စွဲသူ ၂ ဦးကတော့ ငွေ ၁၀ သိန်းစီရတယ်လို့ စစ်တွေမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြို့ခံများကတော့ ဆရာတော်ကို ဖမ်းဆီးခြင်းဟာ နိုင်ငံရေးကြောင့်လို့ပဲ တထစ်ချ ယုံကြည်နေကြပါတယ်။ ရဲက စွဲချက်တင်ထားတဲ့ ပုဒ်မထဲမှာလည်း နာမည်ကြီး နိုင်ငံရေးပုဒ်မဖြစ်တဲ့ ၅၀၅ (ခ) နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေသည့် စာရွက်များ လက်ဝယ်ထားရှိမှု ပါဝင်ပါတယ်။

စစ်တွေမြို့ခံ အမျိုးသမီးတဦးက “ဆရာတော်ဟာ ကလေးတွေကို နိုင်ငံရေးအကြောင်းတွေ၊ သမိုင်းကြောင်းတွေ အမြဲပြောပြလေ့ရှိတယ်။ သူက ကလေးတွေကို စောင့်ရှောက်ပြီး ပရဟိတလုပ်နေတော့ လူတွေက ကြည်ညိုလာတယ်။ ဘုန်းကြီးလာတယ်။ ဒါကို မရှုစိမ့်တာရယ် နိုင်ငံရေးနဲ့ ပက်သက်တာရယ်ကြောင့် ဆရာတော်ကို အမှုဆင်ပြီး ဖမ်းတယ်လို့ပဲ ယုံကြည်တယ်”လို့ ပြောပါတယ်။

ဆရာတော်ဟာ အခုစွဲချက်တင်ထားခံရတဲ့ ပုဒ်မ ၇ ခုအရ အနည်းဆုံးထောင်ဒဏ် ၁၅ နှစ် ကျခံနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
…………………………

………………………………………………………………………………………………………..

ကျနော့် အမြင်

ဒီနေရာမှာ ပြောချင်တာက သံဃာနဲ့ ပတ်သက်တာကို သံဃာ့အဖွဲ့အစည်းကပဲ ဖြေရှင်းသင့်တာပါ။ ဆရာတော်ဟာ ငွေတွေကို ဘုန်း၊ လူတွေသတ်၊ အိမ်ထောင်ပြုသည်ပဲထားဦး ရာဇ၀တ်သားလို ဖမ်း၊ လူဝတ်အတင်းလဲ။ အချုပ်ထဲ နှိပ်စက်၊ နောက် စွဲချက်တင်၊ ထောင်ချ ဆိုတာကြီးက လုံးဝ လမ်းမမှန်သလို၊ အဓိပ္ပါယ်လည်း လုံးဝ မရှိပါဘူး။

တကယ်ဆိုရင် သံဃာ့အဖွဲ့အစည်းက ဆရာတော်ကိုခေါ်။ စစ်ဆေး၊ အပြစ်ရှိရင် လူဝတ်လဲပစ်ပေါ့။ ဒါမှ ရာဇ၀တ်မှု ကျန်သေးရင်တော့ အစိုးရကို လွှဲအပ်ပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ လုပ်ချင်ရာလုပ်တာဟာ အာဏာကို စည်းကမ်းမရှိ သုံးစွဲတာဖြစ်သလို သာသနာကိုလည်း စော်ကား၊ ဖျက်ဆီးတာပါ။

နောက်တခုက ကလေးတွေကို တနယ်တကျေးပို့ပစ်တဲ့ ကိစ္စပါ။ ကျောင်းထိုင်ကိုဖမ်းတာတော့ ထားဦး။ ကျောင်းတိုက်ကို ဘာကြောင့် ချိတ်ပိတ်ပစ်သလဲ။ နောက်တော့ ဒီကျောင်းကို မှီခိုနေရတဲ့ ကလေးတွေကို ဘာကြောင့် တနယ်တကျေးကို ပို့ပစ်ရသလဲ။ သူတို့ဟာ ရခိုင်ကလေးငယ်တွေပါ။ ရခိုင်အမျိုးသားတွေက သူတို့ကို ငတ်အောင်တော့ ထားမယ်မထင်ပါဘူး။  ကြည့်ရှု စောင့်ရှောက်ကြမှာပါပဲ။ ခုတော့ တခြားဒေသမှာ သူတို့ ဘယ်လို လူလားမြောက်နိုင်မလဲ။
ဘ၀တွေကို သစ်ရွက်ခြောက်လိုသဘောထားပြီး ရေထဲမျှောလိုမျှော၊ မီးရှို့လိုရှို့ လုပ်တာ သင့်တော်ပါရဲ့လား။

မိတ်ဆွေတို့ စဉ်းစားကြပါ။ ကျနော်ပြောခဲ့တဲ့ အချက်တွေထဲမှာ မှားတာပါရင်လည်း အကျိုးအကြောင်းနဲ့ ပြန်လည်ချေပဗျာ။ ကျနော် စောင့်ဖတ်နေမယ်။ ကျနော် နောက်ဆုံးတခွန်းပြောမယ်။

ဒါဟာ မတရားမှု တခုပါပဲ…မိတ်ဆွေ

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။