ယောင်တတ်သူများနဲ့ တစ်နေ့တာ

Paing LayJuly 29, 20141min16212

ကျွန်တော် မိုးလင်းကနေ မိုးချုပ် တစ်နေ့တာအတွင်းမှာ တွေ့ရတဲ့ ယောင်တတ်သူတွေ အကြောင်းပါ။

 

မနက် ကျွန်တော် ဈေးဆိုင်စခင်းတော့ ဆိုင်ကပစ္စည်းတွေ မလာတဲ့အချိန် ခပ်ဝဝ အဒေါ်တစ်ယောက်ကို ဝင်တိုက်မိမလိုဖြစ်သွားတဲ့အချိန်မှာ “အောင်မလေး အနိစ္စ၊ဒုက္ခ၊ အနတ္တ” ရုတ်တရက် လန့်သွားပေမယ့်လည်း မင်္ဂလာရှိတယ်လို့ မှတ်ယူလိုက်ပြီး ပြုံးလိုက်ပါတယ်။ မနက်စာ ဗိုက်ဖြည့်ဖို့ လက်ဖက်ရည်ဆိုင်သွားရင်း နဲ့ ဦးလေးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက်က ၂ယောက်သားပစ္စည်းတွေ မနိုင့်တစ်နိုင်သယ်ရင်း ချော်လဲမလိုဖြစ်တော့ သူတို့ယုံကြည်ရာဘုရားသခင်အသီးသီးကို တတော်မူလိုက်ကြတယ်။ ကျွန်တော်လည်း ရယ်ခိုးလိုက်တယ်ပေါ့ဗျာ။ ဟဲဟဲ။

 

ဗိုက်ဖြည့်ပြီး အပြန်ဆိုင်ပြန်ရောက်တော့ အမေက ညီလေးအတွက် ဘောင်းဘီတိုတွေ ချုပ်ရိုးလိုက်ထားတာ သွားရွေးပေးဦးဆိုတာနဲ့ အဲဒီဆိုင်ကို ဒိုးရပါရော။ ဆိုင်ရောက်တော့ အန်တီ(အန်တီသာဆိုတယ် တကယ့် ၂ဝကျော်အရွယ်တွေလိုနုတုန်း) သူ့ဘော်ဘော်တွေနဲ့ စကားကောင်းနေတုန်း ကျွန်တော်ခေါ်တာမကြားတော့ ဘေးဆိုင်က စက်ဘီးပြင်တဲ့ ဦးလေးကြီးက သူ့ခါးကိုတို့ပြီး ခိုင်းလိုက်ဆိုတာနဲ့ လုပ်လိုက်တာ ချက်ချင်းပဲဗျာ ဘောင်းဘီကို အမြန်ချုပ်ရိုးလိုက်ပေးသွားတာ။(တစ်ခါတစ်ခါကျရင် သူ့ဆီမှာ အပ်ရတာ ကြာလွန်းတယ် ဒါပေမယ့် သူချုပ်တာက သေသပ်လွန်းတော့ လူကြိုက်များတယ်လေ ဒါပေမယ့် လိုချင်တာ အမြန်ရချင်ရင် သူ့ခါးကိုတို့ဆိုတာ ကျွန်တော် အဲဒီတော့မှ သဘောပေါက်သွားတာ)   😀

 

ဒီလိုနဲ့ နေ့လည် ထမင်းစားပြီး ဈေးဝယ်ကလည်း ပါးတာနဲ့ စာအုပ်ထိုင်ဖတ်နေတုန်း။ ရုတ်တရက် ဆိုင်ကယ် ဘီးပေါက်သံကြားတော့ အာမေဋိတ်သံတွေ ကိုယ်စီထွက်လာကြတယ်။ “ဟဲ့…….ကုလား နှာခေါင်းရှည်” “ဟဲ့……..မင်း……ငါ -ိုး” “အမလေး ငါ -ိုးမသားရဲ့” “မင်းမေဂျီးဒေါ် နတ်ကတော်” စသဖြင့်ပေါ့ဗျာ။ ကျန်တာဆက်ရေးရင် ဒီပို့စ် ဖျက်ခံရမှာကြောက်လို့ ဒီလောက်ပဲသည်းခံပေါးပါဂျာ  :mrgreen:

 

ညနေဆိုင်သိမ်းပြီး ကျန်းမာရေးအတွက် Basketball သွားကစားတော့။ ၁ဝတန်း ဖြေပြီးကတည်းက မတွေ့တာကြာပြီ ဖြစ်တဲ့သူငယ်ချင်းကို ယောင်တတ်မှန်းသိလို့။ ခါးသွားတို့လိုက်တယ်။ သူယောင်တာက တစ်မျိုးဗျ။ ယောင်တာကလည်း ခါးအောက်ပိုင်းကိုပဲ ယောင်ယောင်နေတော့ သူနဲ့ပြတ်သွားတဲ့ ကောင်မလေးတွေလည်း လက်ချိုးကို မရေနိုင်တော့ဘူး။ အခုထပ်မေးကြည့်တော့ မင်းအဲဒီအကျင့်ဖျောက်လို့မရဘူးလားဆိုတော့။ မရဘူးကွ ငါ့အဖြစ်က မွေးရာပါရောဂါလိုပဲကွ။ ဆိုတော့လည်း ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ။ တရားထိုင်ကြည့်ဖို့တော့ ပြောတော့ သူကလည်း ငါက ငြိမ်ငြိမ်ထိုင်နေရတာကိုမကြိုက်တာ။ အခုတောင် မင်းနဲ့ Basketball လာဆော့နေတာပဲကြည့်လေ။ ကောင်းရော။  :kwi:

 

ညဘက် ညီလေးကို ကျူရှင်သွားကြိုပြီး အိမ်ပြန်ရောက်တော့ အဘွားအိမ်ပြန်လာတာနဲ့ကြုံတယ်။ သူလည်း အသက်ကသာ ၉ဝနားကပ်နေပြီ ဂျလေဘီလုပ်တုန်း။(မသေခင်လေး လည်ရတာပဲလည်ပါစေ)။ ဖြစ်ချင်တော့ ဆိုင်ကယ်ကို ဘရိတ်ဆောင့်အုပ်လိုက်တော့ အဘွားက “နင့်မေ………” တဲ့ဗျာ။ ဒီလို အာမေဋိတ်တွေနဲ့ပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေရတဲ့ ကျွန်တော်ပါခင်ဗျာ။

 

ကျွန်တော်စဉ်းစားမိတယ်ဗျ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ယောင်တတ်သူအများစုက အဝလွန်သူနဲ့ နှလုံးအားနည်းတတ်တဲ့သူအမျိုးသမီးတွေမှာ အဖြစ်များတယ်ဗျ။ ကျန်းမာရေးအကြောင်းလည်း ကျွန်တော် သိပ်မသိပါ။ မျက်စိရှေ့မှာမြင်တာကို ပြောကြည့်တာပါ၊ အမျိုးသားတွေကျတော့ ယောင်တတ်တဲ့သူဆိုရင် ကျွန်တော့် သူငယ်ချင်းအပါအဝင်ဆိုရင် လက်ချိုးရေလို့ရတယ်ဗျ။ ကျန်းမာရေးအကြောင်းကို အမှန်တကယ်နားလည်တတ်ကျွမ်းတဲ့ ဦးဦးဒေါ်ဒေါ် နောင်တော် အမတော်များကိုလည်း ဆွေးနွေး အကြံပြုနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ဗျာ။  🙂

12 comments

  • alinsett (gazette)

    July 29, 2014 at 3:47 pm

    အင်း…ယောင်တတ်တဲ့ အမျိုးသမီးတော်တော်များများတွေ ့ဖူးတယ်.. ။
    အမျိုးသားတော့..နည်းသလားလို ့… ။
    ဒါပေမယ့်.. ရှိတော့ ရှိတယ်.. ။

    ယောင်တတ်သူတွေကို… မယောင် ယောင်အောင် စပြီး…
    ရယ်မောတတ်သူတွေလည်း. ရှိတယ်.. ။
    ယောင်လိုက်ရသူတွေက… ယောင်ပြီးရင်..မောပြီး..ကျန်ခဲ့တာ.တွေ့ရတယ်.. ။

    ပျော်ချင်တာတစ်ခုအတွက်နဲ့တော့…ယောင်တတ်သူကိုယောင်ခိုင်းတဲ့လူတွေကို..သိပ်ကြည့်မရဘူး ။

    ———–

    ကျနော်တို ့ရပ်ကွက်..ဈေးထဲက..ထမင်းကြော်ရောင်းတဲ့ မိန်းမကြီးကတော့…
    ခါးတို ့လိုက်ရင်… ဘာခိုင်းခိုင်းရတယ်..
    ခါးကိုတို ့ပြီး…. က…က..ဆို..
    လက်ထဲက..ထမင်းကြော်ပန်းကန်တွေ..ခွမ်းခနဲ..လွှတ်ချပြီး…
    ကွေးနေအောင်ကတော့တာပဲ…

    🙁

  • Paing Lay

    July 29, 2014 at 3:55 pm

    ဟုတ်ပ ကိုအလင်းဆက်ရေ……လူမဆန်ရာကျတဲ့ အထဲမှာ အဲဒီ မယောင်ယောင်အောင်စတာလည်း ပါမယ်ထင်ပါတယ်။ ဥပမာ-မသန်မစွမ်းတစ်ယောက် ချော်လဲသွားရင် ဝိုင်းရယ်ကြသလိုမျိုးပေါ့။ 🙁

  • ခင်ဇော်

    July 29, 2014 at 3:56 pm

    ဆေးပညာ နားလည်တဲ့ သူတွေတော့ အဲဒီ ရှုထောင့်က ဆွေးနွေးနိုင်မယ်ထင်ရဲ့။
    လူမှုရေးရှုထောင့်ကကြည့်ရင်တော့ အဲလို အားနည်းချက်ကို နောက်တာ ပြောတာကို မကြိုက်ဖူးးးး
    ဒါပေမဲ့ လည်း ရုပ်ရှင်တွေထဲမှာက အစ နောက်နေကြတုန်းပဲ။ ဟာသလုပ်နေကြတုန်းပဲ။
    😥

    လူတွေရဲ့ အားနည်းချက်လို့ ထင်လိုက်ရင် အဲဒါကို ဖိချင်ကြတာ ကိုယ်တိုင်လည်း သူငယ်နာမစင်သေးဘူးလို့ ယူဆတယ်။ (ခွက်ဒစ်တူ ခန့်ခန့်)
    :mrgreen:

  • JackSkellington

    July 29, 2014 at 4:11 pm

    ကိုးတန်း တုန်းက စာမေးပွဲ ဖြေတော့
    သူငယ်ချင်း တစ်ယောက် ကွန်ပါဗူး ခုံပေါ်က နေ ပြုတ်ကျပါလေရော။
    သိတဲ့အတိုင်း စတိတ်ကျောင်းသား ကွန်ပါဗူး ဆိုတော့ ပစ္စည်း အစုံအလင် တိုလီမုတ်စ တွေနဲ့ သံကွန်ပါဗူးကိုး..
    တိတ်နေတဲ့ စာမေးပွဲ ခန်း ထဲမှာ လင်ကွင်း ဝင်တီး သလိုပဲ တခြွမ်းခြွမ်း နဲ့ ကို နေသွားတာ။

    အဲ့ဒီမှာ စာမေးပွဲခန်း စောင့်တဲ့ ဆရာမ တစ်ယောက် လန့်ပြီး ထ ယောင် ပါလေရော။ (သူ ယောင်တာကတော့ ကြမ်းတယ်ဗျာ ခါးအောက်ပိုင်း အခေါ်အဝေါ် ပဲ ဆိုကြပါစို့)

    အဲ့ဒီ ဆရာမ ကိုကလဲ ကျောင်းသားတွေက မသိကြတော့ (သူနဲ့ စာမသင်ဖူးဘူးကိုး) ယောင်တတ်မှန်းလဲ မသိ။

    ဆရာမယောင်တာကို ကြားပြီး တစ်ခန်းလုံးကို တိတ်သွားတော့တာ အံအားသင့်ပြီးတော့။

    ရယ်တောင် မရယ်လိုက်နိုင်ဘူး း)

    ပြီးလဲ ပြီးရော အောက်ကို ပြုတ်ကျလိုက်တဲ့ ကွန်ပါဗူး တွေ ဆိုတာ……. 😛

    ဆရာမ ကို တော့ မျက်နှာပူသား။

    အဲ့ဒီ ဆရာမလဲ တော်တော် ဝ တယ်ဗျ။ တကယ့်ကို ပုပုလုံးလုံးလေး ဝလုံး အတိုင်းပဲ။

    • JackSkellington

      July 29, 2014 at 4:13 pm

      အဲ့လိုမျိုး မလုပ်သင့်ဘူး ပြောချင်တာပါ တကယ်ကတော့ အဟီး။
      ဆရာမလဲ ရှက်မှာပဲ ဘာပဲပြောပြော။
      ကျောင်းသားတွေ ဆိုတာကလဲ အဲဒီတုန်းကမှ ကိုးတန်း ဆိုတော့ အသက် ရှိဦးမှ ၁၄နှစ်ပေါ့။
      သိပ် မစဉ်းစားသေးဘူးလေ။

  • အရီးခင်

    July 29, 2014 at 11:42 pm

    အရီးလဲ ယောင်တတ်ပါ့။
    ပစ္စည်းတွေ ပြုတ်ကျရင် “ပလုတ်တုတ်” လို့ အော်တတ်တယ်။
    “ပလုတ်တုတ်” မသိသူတွေကြားမှာ တစ်ခါတစ်ခါ အတော်ကြောင် သမို့ အကျင့်ဖျောက် ရတယ်။
    အခုတော့ အကြံရပြီ။
    “ပလုတ်တုတ်(စ်)” လို့။
    အသားလာထိရင် ယောင်တတ်တာက “လက်ပြန်ရိုက်ချ” တတ်တာမို့ ဝေါင်ဝေါင်ရှေး ကြဖို့ သတိပေးထားပါကြောင်း။
    :-)))

    • JackSkellington

      July 30, 2014 at 8:36 am

      အသား လာထိရင် ယောင်တတ်တာချင်း တော့ တူတယ် အရီးရေ..
      ငယ်ငယ်တုန်းက အိပ်နေတုန်း အမေ က လူ ကို ကုတင် ဟိုဘက်ကို တွန်းလိုက်တာ
      လက်ပြန်နဲ့ ဆက်ဆံ မိသွားလို့ ယောင်ပြီးတော့
      ကံကောင်းလို့ မထိတာ။ 🙂

  • manawphyulay

    July 30, 2014 at 1:14 pm

    တော်သေးတယ်။ အဲဒီလို ယောင်တတ်တဲ့အကျင့် ငယ်ငယ်ထဲက မပါတော့ အတော်ကံကောင်းတယ်ပဲ ပြောရမလားပဲ။ တချို့ယောင်တာများဆိုရင် လက်ထဲရှိတာနဲ့ ကောက်ပေါက်ကြတာ မြင်ဖူးတယ်။
    ကျန်းမာရေးနဲ့သက်ဆိုင်လားဆိုတာလည်း သိချင်မိပါတယ်။

  • ခင် ခ

    July 30, 2014 at 2:32 pm

    စိတ်ငြိမ်အောင် ကုစားတဲ့နည်းကို သုံးသင့်တယ်လို့ ယူဆပါတယ်၊
    ပုံမှန်တရားထိုင်တာမျိုး၊ ယောဂကျင့်တာမျိုး …………စသည်ဖြင့်ပေါ့။

  • Mr. MarGa

    August 5, 2014 at 2:46 pm

    မြတ်စွာဘုရား!!!!!
    ယောင် ကြည့်တာပါ 🙂

  • အမယ်လေး လို့ ယောင်တယ်.. မြတ်စွာဘုရား လို့လည်း ယောင်တယ် ထင်တာပဲ.. ဘုရားငုတ်တုတ် ဆိုတာကလည်း ပါသေးတယ်..
    ဒီတစ်ခါ ကိုယ်ယောင်တာကို စာပြုစုကြည့်လိုက်ဦးမယ်..
    🙂

  • Paing Lay

    August 6, 2014 at 10:46 am

    ပို့စ်ပါတင်ဖို့ မမေ့နဲ့ညော် မမလုံမလေးရေ :mrgreen:

Leave a Reply