” အော် ရင် ထူး ကွာ “

ခင္ခJuly 30, 20141min1155

အော် ရင် ထူး ကွာ

 

မနေ့က ညနေဘက် ရုံးဆင်းလို့ အိမ်ပြန်တော့ ကျုပ်နေတဲ့ ရပ်ကွက်အဝင်လမ်းမကြီးထဲကို ချိုးဝင်လိုက်တယ် ဆိုရင်ဘဲ လမ်းမပေါ်မှာ ဆိုင်ကယ်တွေအုံလိုက်ရပ်ထားကြပြီး လူအုပ်ကလည်း မနဲမနော် လမ်းမကြီးတစ်ခြမ်း ကျော်လောက်ပြည့်လေတော့ တဖက်ကလာနေတဲ့ကားကိုစောင့်ရင် ခဏရပ်ကာ ဘေးကသူကို စပ်စုကာ မေးလိုက်တယ်

“အဲဒါဘာလုပ်နေကြတာလဲ ဆိုတော့”

“ဟိုဘက်ဖုန်းဆိုင်နှစ်ခုက ၁၅၀ဝ ဖုန်းကဒ်တွေရောင်းပေးနေတာ ဒီဘက်မိတ္တူဆိုင်မှာက မှတ်ပုံတင်ကော်ပီ ဆွဲနေ ကြတာ ဖုန်းဝယ်ဖို့အတွက်” တဲ့

“ဪ အော်ဒီဒူး ဖုန်းကဒ်ရောင်းပြီကိုး” လို့ကောက်ချက်ချရင်း အိမ်ပြန်လာခဲ့တာပေါ့

တိုးဝှေ့ကာ အုံးအုံးကျက်ကျက် ဝယ်ကြတာကိုလည်း အပြစ်ပြောလို့မရဘူးလေ ၁၅၀ဝ နဲ့ ဝယ်ရတာရယ် အရင်ရင်တုန်းက ဒီတိုင်းပြည်မှာ ဖုန်းကဒ်ရဖို့က စာတိုက်ကြီးကနေ ဆက်သွယ်ရေးဖုန်းရုံးကိုလိပ်မူပြီး ကြုံတိုင်း ဖုန်းလျှောက်လွှာ အကြိမ်ကြိမ်ပို့ကြတာတောင် ရချင်မှရကြတာ အဲဒီမှာ စာတိုက်ရှေ့က ဖုန်းလျှောက်လွှာ ရောင်းတဲ့သူကတော့ တွက်ခြေကိုက်တာပါဘဲ၊ ဒီလိုနဲ့ လက်ရှိအစိုးရလက်ထပ် ဖုန်းတွေဈေးချပြီး ဆက်သွယ် ရေးက ရောင်းတော့လည်း ထူးမခြားနားပါဘဲ အရောင်းဖွင့်လိုက် အရောင်းပိတ်လိုက်နဲ့ ဖုန်းဆိုင်တွေမှာ အစိုးရ သတ်မှတ်ဈေးထက် ပိုပေးရသော ပေါက်ဈေးဖြင့် လိုချင်တဲ့သူတွေ ဝယ်ကြရပါကော၊ နောက်တော့ ဖုန်းကဒ် တွေ ၁၅၀ဝ နဲ့ ရပ်ကွက်ရုံးတွေကရောင်းပြီဆိုလို့ ဒီတစ်ခါတော့ ပေါပေါများများ ဝယ်လိုဟန်ကျပြီမှတ်တယ် မှတ်ပုံတင်တို့ အိမ်ထောင်စုဇယားတို့နဲ့ ထပ်ထားစေပြီး မဲဖောက်တဲ့စနစ်နဲ့ ပေးတာဆိုတော့ သွားတန်းစီ မဲပေါက် ဖုန်းဆိုင်တွေပြန်ရောင်းတော့ ၁၅၀ဝ ရင်းတာ သောင်းဂဏန်ပြန်ရတာမို့ တန်းစီပြန်ရောင်း မစလ စနစ်ဟောင်းရဲ့ အမွေက ခုထိမကုန်နိုင်သေးဘူး ဆက်လက်ထွန်းကားခဲ့တာပေါ့။ တန်းစီပြန်ရောင်း မဆလ အမွေလို့ပြောရတာက ကျုပ်တို့ ငယ်ရွယ် မဆလ ခေတ်မှာ သမဝါယမ ဆိုင်ကနေ ဆီတို့ ဆန်တို့ ဆပ်ပြာ ရေနံဆီ တစ်အိမ်ထောင်ဘယ်လောက်ပေးတယ်ဆို သွားတန်းစီထုတ်ရတာ တစ်ချို့လည်း ကိုယ်အိမ်အသုံးမလို သေးရင် အဲဒီဆိုင်နားက ပစ္စည်းပြန်ကောက်တဲ့သူဆီ ရောင်းခဲ့ရင်အမြတ်ရတယ်လေ ၊ရန်ကုန်မြို့ မြို့ထဲ ပန်းဆိုး တန်းလမ်းထိပ် ရန်ကုန်ဘူတာကြီးနားမှာ အဲဒီတုန်းက အစိုးရကုန်သွယ်ရေးကုန်တိုက်ရှိတယ် အဲဒီမှာ အစိုးရ စက်ရုံတွေက ထုတ်တဲ့လူသုံးကုန်တွေကို အစိုးရသတ်မှတ်ဈေးနဲ့ရောင်းပေးတယ် အဲဒါကို တန်းစီပြီးဝယ်ကြ တယ် အစိုးရရောင်းဈေးနဲ့ အပြင်ရောင်းဈေးကကွာတာမို့ တစ်ချို့လည်းတန်းစီဝယ် အဲဒီနားပစ္စည်းကောက်တဲ့ စီမှာ ပြန်ရောင်း နောက်တစ်ခါတန်းစီဝယ်ပြန်ရောင်းနဲ့ တစ်နေ့တစ်နေ့ တန်းစီရောင်းလုပ်စားတာလဲ ဝင်ငွေ မဆိုးကြဘူးကိုး၊ ကျုပ်တို့သူငယ်ချင်းတစ်စု မြို့ထဲလည်ဖြစ်ကြရင် တစ်ခါတလေ ဝင်တန်းစီဝယ်ပြီး ပြန်ရောင်း ကာ ပိုရတဲ့ပိုက်ဆံကို လဘက်ရည်ဆိုင်မုန့်ဆိုင်သွားစားကြသေးတာတောင် လုပ်ခဲ့ကြသေးတယ်၊ အဲ ဖုန်း အကြောင်း ပြန်ဆက်အုံးမယ်၊ အဲဒီလို ရပ်ကွက်ရုံးတွေက မဲစနစ်နဲ့မို့ လိုချင်တဲ့သူတိုင်းမရလေတော့ ဈေးနည်း နည်းနဲ့ ဖုန်းကဒ် လိုချင်သူတွေ စောင့်စားသူတွေက များစွာရှိနေလေတော့ အခု အော်ဒီဒူးဖုန်ကဒ်(ဟန်းဖုန်းကဒ်) ကို ၁၅၀ဝ နဲ့ဖုန်းဆိုင်တွေမှာ ဘာမဲစနစ်မှမရှိဘူး ဝယ်ရပြီလည်းဆိုရော လိုချင်တဲ့သူဦးရေများပြားစွာတိုးဝှေ့ဝယ် ကြတာပေါ့ဗျာ။ အဲဒီမှာလည်း မနေ့က တစ်ချို့ဆိုင်တွေမှာ အခုတိုးပြီး အပြင်မှာမတိုးချင်ရင် ၁၅၀ဝ ကို ၅၀၀၀/ ၃၀၀ဝ နဲ့ တန်းစီရောင်းစနစ်က ရှိခဲ့တယ်ဆိုတာလည်း ကြားသိရလေတယ်ဗျ၊ ဒါကလည်း မြန်မာနည်း မြန်မာ ဟန် ရိုးရာမပျက်အစဉ်အလာဘဲ ပြောရမလိုပေါ့လေ။ အဲဒီမှာ တစ်ချို့လည်း ဖုန်းကဒ်ဝယ်ပြီး ကိုယ့်ရှိတဲ့ ဟန်းစက်ထဲ ထဲ့ပြီးဆက်တာမရဘူးဆိုတာတွေ အခုရောင်းတဲ့ကဒ်က 3G/4G ဟန်းစက်မှရတာတွေရော၊ အခု ရောင်းတဲ့ဖုန်းကဒ်နဲ့ ဖုန်းဆက်ကြည့်တာ ကိုယ်ကခေါ်ပြောရင် အရင်ရှိပြီးသား ဘယ်အမျိုးအစားဖုန်းဖြစ်ဖြစ် ခေါ်ရပြီး အရင်ရှိပြီးသား ဖုန်းကဒ်အမျိုးအစားကပြန်ခေါ်ရင်မရသေးဘူး အဲလိုအဲလို အသံမျိုးစုံလည်း ကြားရ လေရဲ့ စမ်းသပ်ကာလမို့ဆိုဘဲ ဪ ကျုပ်တို့တိုင်းပြည်လည်း ဘယ်အရာဘဲဖြစ်ဖြစ် စမ်းသပ်ခံနေရတာ ကြာလှပေါ့ဗျ၊ ကျုပ်တို့တိုင်းပြည်မှာတော့ သေချာပြီးပြည်စုံမှ ဆောင်ရွက်ကြတယ် ဆိုတာ မရှိသလောက် ရှားနေစဲပါဘဲလို့ထင်မိတယ်။ အဲဒီတော့လည်း လူထုက တစ်ခုခုဆို ဟုတ်ပါ့မလား စောင့်ကြည့်ပါအုံး ဆိုကာ မယုံရဲကြတာလည်း အစမ်းမဟုတ်ဟုဆိုရမယ်လေ၊ အခုလို ဟန်းဖုန်းကဒ်တွေ အလုအယက်တိုးဝှေ့ကာ ဝယ်နေကြတော့ ကျုပ် ဘာသွား သတိရလည်းဆိုရင် …………………..

ကျုပ်တို့ ကလေးဘဝအရွယ်မှ ဆော့ကစားခဲ့ကြတာလေးကို သွားသတိရတယ်၊

နို့ဆီခွက်ကို တဖက်ကအဖုံးအကုန် ဖြတ်ထုတ်လိုက်ပြီး ကျန်တဖက်ဖင်ကို အလည်ကအပေါက်သေးလေး ဖောက် အဲဒီထဲကို မှန်စာတိုက်ထားပြီးသား စွန်လွှတ်အပ်ချည်ကြိုးကိုထဲ့ပြီး ကျွတ်ထွက်မသွားအောင် ထိပ်ကို ချည်လုံးလေးလုပ် ကျန်ကြိုးစတဖက်ကိုလည်း အဲလိုဘဲနို့ဆီခွက်တွင်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဓာတ်တိုင်တစ်တိုင်မရှိတရှိလောက်အကွာမှာ သွားရပ်ကြပြီး ကြိုးကိုတင်အောင်ဆွဲကာ တယောက်က ပါးစပ်မှာ နို့ဆီခွက်ကို ကပ်လိုက်ရင် ကျန်တစ်ဖက်ကတစ်ယောက်က နားမှာကပ်လိုက်ကာ တစ်ယောက်ပြောတာ တစ်ယောက်ကနားထောင် အဲ နားထောင်တဲ့သူက ပါးစပ်မှာနို့ဆီခွက်ကပ်ပြန်ရင် ကျန်တစ်ယောက်က နားမှာ ကပ်ပြီးနားထောင်နဲ့ လုပ်ကြတာလေ၊ ဒီကြားထဲ အလည်ကတန်းထားတဲ့ကြိုးလျော့သွားရင် တင်းအောင်နေဖို့ အော်ပြောကြသေးတယ်၊ နောက်တော့ သူကလည်း ပြောချင် ကိုယ်ကလည်းပြောချင်မို့ နှစ်ယောက်လုံး နို့ဆီ ခွက်ကိုပါးစပ်မှာတေ့ထားကြရင် သူအရင်ပြောမယ် ငါအရင်ပြောမယ်နဲ့ စကားကများကြသေးတယ်၊ နို့ဆီ ခွက်ကို ပါးစပ်နားမှာတေ့ပြီး တစ်ယောက်က” ဟလို ” လို့ပြောရင် နားမှာကပ်နားထောင်တဲ့သူ ဘက်ကမကြား လို့ဘဲဖြစ်ဖြစ် ဘာဆက်ပြောလေမလဲ ဆက်နားထောင်နေရင် ပြောတဲ့သူဘက်က စိတ်မရှည်တဲ့အခါ ” ဟလို ” လို့ အော်လိုက်ရင် တဖက်ကပြန်ပြီး ” ဟလို ” လို့ ထူး စေချင်လေတော့ နို့ဆီခွက် နဲ့မဟုတ်ဘဲ ဒီတိုင်းလက် ထောင်ပြီးလှမ်း အော်ပြောကြတာက ” အော် ရင် ထူး ကွာ ” ဟုဖြစ်လေသတည်း။

 

ခင်ခ။

5 comments

  • ခင်ဇော်

    July 30, 2014 at 12:28 pm

    ဘာပဲလာလာ ဆက်သွယ်ရလွယ်ဖို့ အရေးကြီးတာပဲနော့။
    နောက်ပြီး အင်တာနက် ကွန်နက်ရှင်လေး အဆင်ပြေရင်လည်း မဆိုးဘူးးး
    ဂုက အိမ်ကို အင်တာနက် ကော(လ) မရတော့ စိတ်မရှည်လို့ အိုင်ဒီဒီ ကော(လ) နဲ့ချည်းးးးး စားနေရတာ။
    😥

  • weiwei

    July 30, 2014 at 12:52 pm

    ငယ်ငယ်တုန်းက နို့ဆီခွက်နဲ့ ဖုန်းပြောတမ်း ကစားဖူးတယ် .. သစ်ပင်တွေပေါ်တက်ပြီးတော့ပေါ့လေ ..

    • ခင် ခ

      July 30, 2014 at 1:14 pm

      ဒါဆို မဝေက ပိုသာသွားပြီး၊ ကျွန်တော်တို့က မြေပြင်မှာတောင် အစီအလျှော်မတဲ့ ခဲ့ကြဘူးဗျ။

  • Yae Myae Tha Ninn

    July 30, 2014 at 3:24 pm

    အော်ရင်ထူးဖို့ နေနေသာသာ… အခန်းချင်းဖင်ချင်းပေါက်တောင် အော်ရင် မထူးနိုင်သေးဘူး… 🙁
    အော်ရင်ထူးက ဆားဗစ်ကိုသာ ပေးရတယ်.. ဖုန်းကဒ်ပေးဖို့တော့ လက်နှေးနေတယ်… 🙁

  • alinsett (gazette)

    July 30, 2014 at 4:02 pm

    ကျနော်တို ့..ဆီမတော့… ဝယ်လို ့တောင်..မရသေးဘူး..။

Leave a Reply