” ၁၂ လ ရာသီဖွဲ့ ကဗျာများ “

ခင္ခJuly 30, 20141min3116

” ၁၂ လ ရာသီဖွဲ့ ကဗျာများ “

 

“တန်ခူး”

 

နှစ်လုံးရယ်တဲ့ ပါဒ်မှီ။

ရေသွန်း စံပျော်လို့၊

ငွေကံ့ကော် ပိတောက်ပန်းရယ်၊

လန်းတဲ့ရာသီ။

စိတြာ ရွှေကြယ်မြတ်ကယ်နှင့်၊

စန်းသမသတ် ပြည့်ခါမှီ၊

ညဉ့်နာရီ နေခင်း။

မျှမပို

လအလို အခါထူးပါတဲ့၊

တန်ခူး သည်ဂိမှေ၌၊

ရဝိန်နေ မဇ္ဈေနန်းမှာ၊

မြန်းမည့်အတွင်း။ ။

 

 

 “ကဆုန်”

 

နေနန်းရယ်တဲ့ ဖန်သူရိန်။

တန်ခိုး ဥဏှဂူနှင့်၊

ကဆုန်ဟူ သည်မာသမှာ၊

ပြင်းပြပူရှိန်။

ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊

ထွန်းလှတဲ့ ငွေတာရိန်ငယ်၊

ဒွတ္တိသ နေ့စွဲ။

ပန်းစကားဝါ၊

နန်းဘယာ ကေသီဆင်လို့၊

ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊

ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊

ခါသဘင်ညောင်ရေသွန်းကြတယ်၊

လွမ်းစရာ့ပွဲ။ ။

 

“နယုန်”

 

 

ရိုက်ချုန်းရယ်တဲ့ စည်ပုစွန်။

ငွေဝန်း စန္ဒာနှင့်၊

ကြယ်ဇေဌာ ယှဉ်ကာပြည့်တယ်၊

ထွန်းသည့်ရောင်ဝှန်။

နွေနယုန် မေထုန်ရက်မှာလ၊

နဘေဘုံ ရေမှုန်တက်ပါလို့၊

လေဟုန်စက် ထိန့်ထိန့်လွန်၊

ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။

ခါပျော်ရန်၊

စာတော်ပြန် သဘင်ခန်းမှာလ၊

ဆင်မြန်းရန် ရဝေမယ်တို့၊

ငွေစံပယ် ငုံမြတ်လေးကိုတဲ့၊

ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးလိမ့်မယ်၊

မွှေးတဲ့လပဲ။ ။

 

 

“ဝါဆို”

 

 

အုံ့မှိုင်းငယ်တဲ့ နယ်ရှစ်ခွင်။

ငွေစန်း အာသဠီနှင့်၊

ယှဉ်ကာမှီ ပုဏ္ဏာပြည့်တယ်၊

ထွန်းသည့်ဝေဟင်။

နဘန်မှာ ပြာမှိန်ခပါလို့၊

ဝသန္တာ ခါချိန်စမှာမို့၊

နာဂိန်ပ တာရာဆင်၊

အာကာခွင်က ပဇ္ဇုန်ဖြန်း။

ပဉ္စင်းတော်ခံ၊

မယွင်းနယ် အခါတန်ပေ့ါ၊

မဟာဒါန် အဌင်္ဂငယ်နှင့်၊

ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ၊

တင်သရန် မာလာကုံးကြတယ်၊

ပုန်းညက်ငွေပန်း။ ။

 

 

“ဝါခေါင်”

 

 

လစန်းရယ်တဲ့ ငွေဘုံဆောင်။

ပြည့်ဝန်းကြယ် သရဝဏ်နှင့်၊

နယ်တဝှန် ရှစ်ခွင်တိုင်းမှာ၊

မှိုင်းရည်လို့မှောင်။

ငွေတာရာ သိန္ဓာငယ်တို့၊

ဝေဟာမှာ အရှိန်ပြပါတဲ့၊

အချိန်သမယ လဝါခေါင်မှာ၊

ငွေသောင်မြစ်ပြည့်လျှမ်း။

ခတ္တာငုံ၊

ချပ်လွှာမှုံ တကြူကြူနှင့်၊

ပြည်နိဗ္ဗူ ပတ္ထနာသန်လို့၊

စာရေးတန်လှုတော်ပွဲကို၊

(အိုကွယ်) နွဲပျော်ဖို့လှမ်း။

 

 

“တော်သလင်း”

 

 

သစ်ဆင်းရယ်တဲ့ လ မာသာ။

မြစ်လုံးငယ် ဆူညံလို့၊

လှော်တက်သံ လှေပြိုင်ပွဲငယ်၊

နွှဲပျော်ကြရှာ။

ယုန်ရထား အိမ် သီတလမှာတဲ့၊

ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊

မည်ဗဒြ ကြယ်ပြုဗ္ဗါ၊

ယှဉ်လာ၍ ပြည့်ဝန်း။

ဒွါဒရာ၊

ငှက်ဗျိုင်း တာရာနှင့်၊

ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊

သင်းတဲ့ သည်ပန်း။

 

 

“သီတင်းကျွတ်”

 

 

ဆီမီးငယ်တဲ့ ထိန်ထိန်။

အိုင်မင်း ရေကြည်က၊

ကြာငါးမည် ငုံအာစွင့်တယ်၊

ဖူးပွင့်ခါချိန်။

အာသဝနီ ယှဉ်ကာချဉ်းပါလို့၊

လင်းလာတဲ့ ငွေတာရိန်ရယ်၊

ပြာမှိန်လျှက် မြူချိန်ဆိုင်း။

ဂါရဝေ၊

သက္ကစ္စံ ပဏာမေဖြင့်၊

သဒ္ဓါခြွေ ကန်တော့ပွဲကိုလ၊

မစဲပေါင်ကုသိုလ် နှိုးကြတယ်၊

မျိုးမြန်မာ့တိုင်း။ ။

 

—————————————-

တန်ဆောင်မုန်း

 

 

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ။

ရွှေကျီးညို တာရာနှင့်၊

ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်၊

ချမ်းစရာသီ။

လှုကထိန် ခါတော်ပွဲငယ်နှင့်၊

ခဝဲပွင့်ဝါစီစီ၊

သာကြည်လဲ့ မြူရှင်း။

လတန်ဆောင်မှာ၊

ကြွပြောင်ပြောင် အသရေတင့်ပါဘိ၊

ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်၊

ခါအချိန်မြောက်လေသွေးတယ်၊

အေးတဲ့ငွေနှင်း။ ။

 

 

“နတ်တော်”

 

 

ငွေနှင်းငယ်တဲ့ မှုန်ဝေဝေ။

ပျံ့မွှေးခိုင်သဇင်နှင့်၊

ဂမုန်းအင် ပန်တော်ဦးကြတယ်၊

ထူးတဲ့လပေ။

မိဂသီ ပုဏ္ဏာလင်းပါလို့၊

ရွှေဟင်္သာ့ တာရာငွေလို၊

ဖြာဖြာဝေလျှက်စံကွန့်မြူး။

ပဏ္ဏာတင်၊

ပိန္နဲမဟာရှင်၏၊

ခါသဘင် ပျော်ရွှင်ပွဲမှာလ၊

ဖော်ကွဲသူမကြည်သာဖို့၊

ရထည်လွှာ ခြုံလို့ကွေးရတယ်၊

အေးတဲ့ လထူး။ ။

 

 

“ပြာသို”

 

 

အာဒိစ္စရယ်တဲ့ ဖန်သူရိန်။

 

ပြင်လမ်းသူခွာလို့၊

ဒက္ခိဏာ ယာဉ်အစွန်းမှာ၊

ထွန်းတဲ့ ခါချိန်။

ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်၊

ခါအလို ခွာညိုသင်းပါဘိ၊

မြင်းခင်းမြတ် ခါသဘင်မှာ၊

ပျော်ရွှင်ကြ ပြည်လုံး။

ပုဏ္ဏမာ၊

ဖုသျှငယ် ယုန်စန္ဒာနှင့်၊

မှုန်ပြာပြာ ဝဠာတွင်းမှာလ၊

ငွေပုစွန်တာရာ လင်းတယ်၊

နှင်းမြူပိတ်ဖုံး။ ။

 

 

 

“တပို့တွဲ”

 

 

ပေါက်လဲရယ်တဲ့ ပွင့်စီစီ။

 

ဝတ်ပန်းသူရာရေကြောင့်၊

ဆက်ရက်တွေ သံစုံကျူးတယ်၊

မြူးသည့်ရာသီ။

ငွေသော်တာ ကြယ်မာဃငယ်နှင့်၊

ထွန်းလျံပ ပြည့်ကာညီ၊

ပြာရီလဲ့ မြူခိုး။

ယာဂုပွဲကိုတဲ့၊

လှူမြဲအလွန်ရွှင်လို့၊

ခုနစ်စင် တာရာလျှမ်းသည်နှင့်၊

ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်၊

ထူးတင့်မညှိုး။ ။

 

 

 

“တပေါင်း”

 

 

တပေါင်းရယ်တဲ့ မိန်ရာသီ။

 

ရွက်ဟောင်းကို လေနှင်လို့၊

ပန်တော်ဝင် ရွှေကြာအင်းငယ်၊

သင်းပျံ့ခဲ့ပြီ။

နီတျာ သန္တာနှစ်လိုပ၊

စီအမြွာ ညှာသရစ်ကယ်တို့၊

ဝနာသစ်ပြောင်းခါမှီ၊

ဆောင်းရာသီရယ်တဲ့ ကုန်ကျွမ်း။

ဘရဂုဏ္ဏီမှာ၊

တူအညီ သော်တာပြည့်ပါလို့၊

မျှော်ကြည့်သူ ကြည်ကြည်သာ၍၊

သည်အခါ ငွေတောင်ဦးမှာလ၊

သဲစေတီ သဘင်ထူးကို၊

မြူးလို့ပျော်ခန်း။ ။

 

(မဟာဂီတ ဦးပြုံးချို)

 

မြန်မာတို့ရဲ့ ၁၂ လ ရာသီကို ရေးသီဖွဲ့ထားတဲ့ကဗျာတွေပါ။ စုံစုံညီညီရေးဖွဲ့ထားပြီး ရှေးကဗျာစပ်ဟန် ကို လေ့လာဖတ်လိုသူတွေအတွက် မျှဝေပေးတာပါ။ ရေးစပ်ခဲ့သူက မဟာဂီတဦးပြုံးချိုဖြစ်ပါတယ်။

 

ခင်ခ။

 

6 comments

  • ခင်ဇော်

    July 30, 2014 at 2:51 pm

    အို။
    သိမ်းရမဲ့ ပို့(စ) လေးပဲဗျ။
    ကိုခ ရဲ့ ကဗျာလေးတွေ ၁ နှစ်စာလည်း တင်ပါဦးး
    ဓာတ်ပုံတွေနဲ့ တွဲရက်လိုချင်ရင် ပြန်စုပေးမယ်လေဗျာ။

    🙂

  • Mr. MarGa

    July 30, 2014 at 5:51 pm

    ဝိုးးးး
    ရာသီအလိုက် မှတ် ပြီး ဖတ် မယ်ဗျာ

  • အရီးခင်

    July 31, 2014 at 2:12 am

    ၁၂လ ရာသီထဲ မှာ “ဝါဆို” ကို အကြိုက်ဆုံး။
    မိုးရာသီ မို့။
    မိုးစက်လေးတွေ ကို မြင်ရရင်ကို စိတ်ချမ်းသာတယ်။
    ရေကြီး တာ မိုးရွာတာလဲ တစ်ကြောင်းပေမဲ့ တစ်ခြားအချက်တွေလဲ ပါတယ်နော်။
    မိုး ကို အပြစ်မတင်ကြနဲ့။
    :-))))

  • kyeemite

    July 31, 2014 at 9:33 am

    အတော်လှတဲ့ ရာသီဖွဲ့ကဗျာတွေပဲဗျ….ရှယ်ပေးတာကျေးကျေးပါဗျို့

  • htet way

    July 31, 2014 at 11:10 pm

    တကယ့်ကိုကျေးဇူးတင်မိပါတယ် ဆရာ သိ်မ်းဆည်းထားလိုက်ပါ့မယ်

Leave a Reply