လုပ်ငန်းခွင်အတွင်း Skill တိုးတက်စေဖို့

manawphyulayJuly 31, 20141min1739

ဒီကနေ့ မြန်မာနိုင်ငံဟာ အမှန်တကယ်ပြောင်းလဲနေပြီလို့ ယုံကြည်ပါသည်။ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အဓိကလိုအပ်ချက်တစ်ခုက မြန်မာလူမျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေက အပြန်အလှန်လေးစားလာဖို့လိုပါသည်။ ဒီလိုအပြန်အလှန်လေးစားလာဖို့က မြန်မာလူမျိုးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်း၊ အတွေးအခေါ်၊ အလုပ်အကိုင်၊ ဝတ်စားဆင်ယဉ်မှု၊ နေထိုင်မှု၊ စားသောက်မှု ကအစ ပြောင်းလဲရမှာ အမှန်ပင် ဖြစ်ပါသည်။ ဒီလိုပဲ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာပြီဖြစ်သည့် အတွက် မြန်မာလူငယ်လူရွယ်များ စံချိန်စံညွှန်း အရည်အသွေးပြည့်မှီတဲ့ အလုပ်အကိုင်ကောင်းများ ရရှိစေဖို့ အသက်မွေးမှုအတတ်ပညာများကို အလုပ် လုပ်ရင်း အလုပ်သင်ပညာတတ်မြောက်စေရန် ရည်ရွယ် ဖွင့်လှစ်သည့် သင်တန်းများအကြောင်းကို တင်ပြချင်ပါသည်။
လူငယ်များ အသက်မွေးမှု ပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပါသည်။ အလုပ် လုပ်ရင်း ကုန်ကျစရိတ် မရှိသော သင်တန်းများ သင်ယူလေ့လာလို့ ရသည့် အတတ်ပညာများမှာ စီးပွားရေး အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာ သင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်းတို့အပြင် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ပင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးရှိ လူငယ်များ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းပင် ဖြစ်ပါသည်။ ပြည်တွင်းပြည်ပရှိ စီးပွားရေးလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အရေး ကောင်းများ ရရှိလျှက်ရှိပြီး ကြီးကြပ်၊ မန်နေဂျာရာထူးများအပြင်တချို့မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ အသွင်ဖြင့် အောင်မြင်ကျွမ်းကျင် အရည်အသွေးပြည့်ဝစွာ အသက်မွေးဝမ်းကျောင်း ပြုနေကြပြီ ဖြစ်ပါသည်။
သင်တန်းသည် တစ်ပတ်လျှင် တစ်ရက် တက်ရောက်ရန် လိုအပ်ပြီး ကျန်သည့်ရက်များတွင် မိမိရဲ့လုပ်ငန်းခွင် များတွင် လုပ်ကိုင်နေရင်း ပညာသင်ယူလို့ရပြီ ဖြစ်ပါသည်။ တက်ရောက်မည့် သင်တန်းသားများသည် သုံးနှစ်တာ ကာလအတွင်း သင်ယူကြရမည့် ဘာသာရပ်များမှာ စီးပွားရေးဆိုင်ရာ ဘာသာရပ်များဖြစ်သော
• ဘဏ္ဍာရေး စာရင်းကိုင်ပညာ ( Financial Accounting )၊
• ဘောဂဗေဒ / စီးပွားရေးပညာ (Economic)၊
• စီးပွားရေး ဆိုင်ရာ ပထဝီဝင် ( Economic Related Geography)၊
• လုပ်ငန်းစီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများ ပညာ (Business Administration & Legal Matter)၊
• အင်္ဂလိပ်စာ (English)၊
• ကွန်ပျူတာ (Information and Communication Technology)၊
• မြန်မာစာဘာသာရပ်နှင့် ဝန်ထမ်းဘဝ ကျွမ်းကျင်လက်စွဲများ ( Myanmarsar & Life skill ) စသည့် ဘာသာရပ် များကို သင်ကြားရပါမည်။
ထို့အပြင် သီအိုရီနှင့် လက်တွေ့ပူးပေါင်းကာ စီးပွားရေးအမြင်ဗဟုသုတများပေးနိုင်ရန် စီးပွားရေးလုပ်ငန်းခွင် အမျိုးမျိုးသို့ လေ့လာရေးခရီးများကို ကျောင်း စာသင်နှစ်တိုင်းတွင် သွားရောက်လေ့လာရပြီး ကျောင်းသား/သူ တိုင်းသည် အဖွဲ့လိုက် မှတ်တမ်းစာစောင် (Plant Trip Report) နောက်ဆုံး ဒီပလိုမာ အဆင့်အထိ တင်သွင်းရမည် ဖြစ်ပါသည်။
ကုန်သွယ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ကုမ္ပဏီများရှိ ငွေစာရင်းဌာန၊ စီမံဌာန၊ အရောင်းနှင့် ဈေးကွက်ရှာဖွေရေးဌာနနှင့် ဆက်စပ်ဌာနများစသော နေရာများတွင် လုပ်ကိုင်နေသူများနှင့် လူငယ်အလုပ်သင်အဖြစ် လုပ်ကိုင်နေသော လူငယ်များ တက်ရောက်လို့ရပါသည်။ အလုပ်ဌာန နေရာမရှိသေးသော်လည်း အမှန်တကယ် သင်ယူလေ့လာ ချင်ပြီး အလုပ်သင်အဖြစ် လေ့လာသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။
ပရိဘောဂ အတတ်ပညာသင်တန်း တက်ချင်သူများသည် လုပ်ငန်းခွင်သို့ ရောက်ရှိ လုပ်ကိုင်နေ သူများနှင့် အမှန်တကယ် အလုပ်အကိုင် လိုအပ်နေသော လူငယ်လူရွယ်များအတွက် လစ်လပ် အလုပ် အကိုင်များ ကူညီရှာဖွေပေးနေပြီး အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်မှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ တိုးတက်မှု ရှိလာအောင် လေ့ကျင့်သင်ကြားပေးနေပါသည်။
တက်ရောက်မည့် သင်တန်းသားများသည် စာသင်နှစ်များအတွင်း Technical Working Techniques, Technical Drawing, Material Knowledge နှင့် Technical Mathematics စသည့် အဓိက ဘာသာရပ်များအပြင် အခြားလိုအပ်ချက်များဖြစ်သည့် English, General Knowledge နှင့် မြန်မာစာနှင့် ဝန်ထမ်းဘဝကျွမ်းကျင် လက်စွဲ (Myanmarsar and Life Skill) ဘာသာရပ်များကိုပါ သင်ကြားရမည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်စဉ် ကာလအတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်း မရှိပါ။ မည်သည့်နေရာတွင် ဒီလို လုပ်ငန်းခွင် Skill တိုးတက်ဖို့ သင်ယူရမည်နည်း။ ဆက်လက်တင်ပြပါဦးမည်။
မြန်မာနိုင်ငံမှာ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းရှိ လူငယ်များ အရည်အသွေး တိုးတက်လာစေဖို့ အလွန်လိုအပ်နေတဲ့အချိန် ဖြစ်ပါသည်။ စာတွေ့လက်တွေ့ နှစ်ရပ်လုံး ကျွမ်းကျင် တတ်မြောက်သူ လူငယ်များ အများအပြား ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ CVT Myanmar သင်တန်းအကြောင်း တင်ပြလိုပါသည်။ CVT ဆိုသည်မှာ Center for Vocational Training ဖြစ်ပါသည်။ CVT Myanmar သည် Non-profit organization ဖြစ်ပါသည်။
CVT သည် လက်ရှိလုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူ လူငယ်များ မိမိကိုယ်တိုင် စရိတ်ကျခံရန် မလိုအပ်ဘဲ တက်ရောက်နိုင်သည့် လူငယ်တို့ ရွေးချယ်သည့် သက်ဆိုင်ရာ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုပင် ဖြစ်ပါသည်။ ဤသင်တန်းကျောင်းသည် အလုပ်ခွင်အတွင်း လက်တွေ့လေ့လာမှုနှင့် CVT တွင် စာတွေလေ့လာမှု သီအိုရီပိုင်းများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ အမှန်တကယ် တက်ရောက်သင့်သူများသည် လက်ရှိအလုပ်ခွင်တွင် တာဝန်ထမ်းဆောင်သူ အသက် (၁၈ – ၂၂) နှစ်အကြား ဖြစ်ပါသည်။ သင်တန်းအောင်မြင်ပြီးမြောက်ပါက Junior Profession အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။ လူငယ်များအတွက် စာတွေ့နှင့် လက်တွေ့ကို ပေါင်းစပ်သင်ကြားခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အရည်အချင်း ပြည့်ဝသော လူငယ်လူရွယ်များ ထွက်ပေါ်လာစေရေးကို ရှေးရှုအကောင်အထည်ဖော်ထားသော သင်တန်း ဖြစ်ပါသည်။
အဆိုပါ သင်တန်းများကို နှစ်စဉ်နှစ်တိုင်း မေလတွင် အတန်းသစ်များကို စတင်ဖွင့်လှစ်နေကြောင်း သတင်းရရှိပါသည်။ သင်တန်းအမျိုးအစားများမှာ စီးပွားရေး ပညာအထောက်အကူပြုသင်တန်း၊ လျှပ်စစ် ကျွမ်းကျင်မှု ပညာသင်တန်း၊ ပရိဘောဂ ပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်း ထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ ဖြစ်ပါသည်။ သင်တန်းတက်ရောက်နှစ် ၃ နှစ်ကြာမြင့်မည်ဖြစ်ပြီး ဒီပလိုမာ အောင်လက်မှတ်ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရမည့်အချိန်မှာ တစ်ပတ်လျှင် တစ်ရက် တက်ရမည်။ သုံးနှစ်ဆက်တိုက် တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ရှိ စီမံခန့်ခွဲသူများ၏ သဘောတူညီမှုရှိပြီး ခွင့်ပြုချက် ရှိရပါမည်။ အသက်ကန့်သတ်ချက်ကို လုပ်ငန်းများ လိုအပ်ချက်အရ ညှိနှိုင်းပြီး ၂၅ နှစ်အထိ လျှောက်ထားနိုင်ပါသည်။
သင်တန်းတက်ရောက်လိုသူများသည် တက်ရောက်လိုသည့်ပညာရပ်အလိုက် လက်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ များသာ လျှောက်ထားရန် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိရမည်ဖြစ်ကြောင်းနှင့် ပရိဘောဂပြုလုပ်မှု အတတ်ပညာ သင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တက်လိုသူများသည် ပညာအရည်အချင်း ၈ တန်း အောင်မြင်ရမည်ဖြစ်ပြီး စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု ပညာသင်တန်းတို့နှင့် ဟိုတယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းတို့အတွက် ၁ဝ တန်းအထိ ပညာသင်ပြီးသူများ လျှောက်ထားတက်ရောက် နိုင်ကြောင်း သိရပါသည်။ ၂၀၁၃ – ၁၄ ပညာသင်နှစ်တွင် သင်တန်းသား သင်တန်းသူ ၅၀ဝ ခန့် လက်ခံသင်ကြားနေသည်ဟု သိရပါသည်။
အသက်မွေးမှုပညာ စာတွေ့လက်တွေ့ သင်တန်းတက်ရောက်ချင်သူများအတွက် ဝင်ခွင့် လျှောက်လွှာများကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ထုတ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာထုတ်ယူခြင်း၊ လျှောက်ထားခြင်း၊ သင်တန်းတက်ခြင်းအားလုံးတို့သည် သင်တန်းသားနှင့် လုပ်ငန်းများမှ မည်သည့်စရိတ်မျှကျခံရန် မလိုအပ်ဘဲ အရည်အသွေး ကောင်းမွန်သော အသက်မွေး ပညာရေးသင်တန်းများကို CVT Myanmar တွင် ရရှိမည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်စဉ်အတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့် ငွေကြေး တစ်စုံတစ်ရာမျှ ကောက်ခံခြင်း မရှိဘဲ ဆွစ်ဇာလန်နိုင်ငံရှိ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်နေသော သင်တန်းကျောင်းလည်း ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၃၈၃၆၇၆ နှင့် ဝ၉-၇၃၁၆-၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

9 comments

  • ခင် ခ

    July 31, 2014 at 4:32 pm

    ( သင်တန်းတက်ရောက်လိုသူများသည် တက်ရောက်လိုသည့်ပညာရပ်အလိုက် လက်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ များသာ လျှောက်ထားရန် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိရမည်ဖြစ်ကြောင်း )
    လူငယ်တွေကို တဆင့်ရှင်းပြပြောပြပေးလိုက်မယ်။
    အခုခေတ် ပညာရပ်ဆိုင်ရာ သင်တန်းတွေအမျိုးမျိုးပေါ်ထွန်းလာတာတော့ ကောင်းတဲ့လက္ခဏာပါဘဲဗျာ။

  • အရီးခင်

    July 31, 2014 at 10:45 pm

    ဒီပညာတွေ ကို တကယ်ဘဲ တတ်မြောက်အောင် သင်ပေးနိုင်ရင် အရမ်းကို တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးများ တဲ့ သာဓုခေါ်လောက် တဲ့ ကျောင်းဖြစ်မှာပါ။
    အလကား ဆိုတာ ကောင်းတော့ကောင်းပါတယ်။
    ဒါပေမဲ့ ဒါကို အလကားလို့ သဘောမထားဘဲ ရတဲ့ အရာကို တန်ဘိုးထားတတ်တဲ့ ကျေးဇူးပြန်တတ်တဲ့ ကလေး တွေ ဖြစ်ဖို့ တစ်ဘက်ကလဲ လေ့ကျင့်ပေးရင်ပိုကောင်းမယ်။
    တနည်း စိတ်ဓာတ်ရေးရာပါပေါ့။
    မဟုတ်ရင် အပျော်လာပြီး စမ်းသူတွေ မဖြစ်တော့မှာ။
    အရီးလဲ တစ်နေ့ ရွှေပြည် ပြန်ပြီး ဒီလို အခမဲ့ စာတွေ သင်ပေးချင်တယ်။
    မြို့ပေါ်ထက် မဖွင့်္ဖြိုး တဲ့ အရပ် တွေ မှာ သွား သင်ချင်တာ။
    အခုတော့ အိမ်မက်ပေါ့။ :-))
    တစ်နေ့ ဖြစ်လာမလာတော့ မသိ။

    တူမလေး တစ်ယောက် ဒီမှာ စီပွါးရေး နဲ့ ကျောင်းပြီး တော့ သူ့ကျောင်းက ဆရာ က နင့်တိုင်းပြည်မှာ အခွင့်အလမ်း တွေ အများရှိနေတာ ပြန်မလုပ် ဘူးလား မေးတယ်တဲ့။
    အပြင်က လူတွေ အားလုံးက တော့ ဒီလို သံယံဇာတလဲ ရှိ၊မြေဆီ မြေနှစ် လဲ ကြွယ်ဝဝ လမ်းပန်း ဆက်သွယ်ရေးလဲ အတော်လေးကောင်းတဲ့ နိုင်ငံ ရဲ့ လုပ်ကိုင်တတ်ရင် တတ်သလို တိုးတက်လာမှု ရှိလာမှာကို မြင်နေတာ။
    ဒါပေမဲ့ ပြည်တွင်းမှာတော့ ထင်သလို အလုပ်မဖြစ်သေးဘဲ လုပ်ကိုင်ရ မကောင်းဆုံး အဆင့်အများဆုံး နိုင်ငံစာရင်းထဲ ပေါက်နေတုန်း။
    ဒီအတိုင်း သွားနေမယ် ဆိုလို့ ကတော့ နောက်ပိုင်း လူတန်းစား ကွာဟ မှု တွေ အဆင့်အတန်း ကွဲပြားမှုတွေ အများဆုံး နိုင်ငံ ဖြစ်လိမ့်မယ်။
    တပြေးညီ အကျိုးမခံစားရဘဲ တစ်ကိုယ်ကောင်း သမား တွေ စားရတဲ့ အဖြစ်တွေ ပိုများလာမယ်။
    မယုံရင် စောင့်ကြည့်၊ သိပ်မကြာဘူး။

    • manawphyulay

      August 1, 2014 at 3:47 pm

      ဟုတ်ပါတယ်။ အလကားတက်ရပေမယ့် စည်းကမ်းကြီးတဲ့ ကျွမ်းကျင် လုပ်သားများ မွေးထုတ်နေတဲ့ ကျောင်းဆိုလည်း မမှားပါဘူးရှင်။

    • ကထူးဆန်း

      August 2, 2014 at 6:53 pm

      မနောဖြူ တစ်ခါတင်ဘူးလိုု ကျွန်တော်တိုက်တွန်းတာနဲ့ ကျွန်တော့်ကုမ္မဏီက နှစ်ယောက်သွားတက်နေပါတယ်။
      စာမေးပွဲ လည်းဖြေရပြီး ရုံးမှာ အမှတ်ဘယ်လောက် ရတယ် ဆိုုတာတွေလည်း ပြန်ပြီးလက်မှတ်ထိုးခိုင်းရလို့ သူတို့လည်း ကောင်းကောင်းနဲ့ သေသေခြာခြာ တက်နေကြပါတယ် ။
      စည်းကမ်းလဲ ရှိပုံရပါတယ် ။
      ကျေးဇူးပါ မနော ..

  • kyeemite

    August 1, 2014 at 3:04 pm

    အရမ်းကို တန်ဖိုးရှိတဲ့ အကျိုးကျေးဇူးများ တဲ့ ကျောင်းဖြစ်လို့ ကြိုဆိုပါတယ်ဗျ 🙂

    • manawphyulay

      August 2, 2014 at 12:20 pm

      သင်တန်းတက်ရောက်စဉ် ကာလအတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်း မရှိပါ။ တဲ့ရှင်။

      • alinsett (gazette)

        August 3, 2014 at 6:57 pm

        အဟိ…
        သင်တန်းကြေးအခမဲ့…ဆိုတဲ့… သင်တန်းတချို ့တက်ဖူးလို ့… ။
        သင်တန်းကြေးတော့..အခမဲ့တဲ့..
        စာရွက်စာတမ်းကြေးဆိုပြီးတောင်းတာ… က… သင်တန်းကြေးထက်…ပိုနေတာ..လေ

        အာ့ကြောင့်.. အခမဲ့ဆိုရင်.. တွေးနေမိပြီ ။

        ကျနော် ပြောပြောနေသလိုပါပဲ.. ။

        အခမဲ့ဆိုတာကို..မလိုချင်တော့ဘူး ။
        ထိုက်သင့်တဲ့အဖိုးအခပေးမယ်.. ။
        အရည်အသွေးပြည့်ဝတဲ့.. ဝန်ဆောင်မှု ပြန်ပေးမလား ။
        ဒါလေးပဲ…တွေးမိတော့တယ်.. ။

        အဲ့ဒါကြောင့်..စာရွက်စာတမ်းကြေးက..ဘယ်လောက်လဲ…ဆိုတဲ့ မေးခွန်း ထွက်လာတာ.. ။

        အဟိ ။

        :mrgreen:

        • manawphyulay

          August 4, 2014 at 9:25 am

          မောင်လေးရေ အခမဲ့ဆိုလို့ အထင်တော့မသေးနဲ့ ၃ နှစ်လုံးအတွက်တော့ ဘာကြေးညာကြေးတွေ မတောင်းဘူး။ အဲ အတန်းမှန်မှန်တက်ပြီး စာမေးပွဲတွေတော့ အောင်ဖို့လိုတယ်။ ကျောင်းခေါ်ချိန်မမှန်ရင် စာမေးပွဲ ဖြေခွင့်မရှိဘူး။ နောက်ပြီး ကိုယ့်ကို တာဝန်ယူထားပေးတဲ့ အလုပ်က အထက်အရာရှိကိုလည်း ဖုန်းဆက်အကြောင်းကြားပါတယ်။

Leave a Reply