ဆြာကျောက်စ်ရဲ့ ရသာထူး ပေါက်စီ

ဦးကျောက်ခဲ ရန်ကုန်ကို အလုပ်ကိစ္စပဲပြန်ပြန် အလည်အပတ်ပဲပြန်ပြန် ၊ ပြန်လာမယ် သတင်းကြားရင် အပျော်ဆုံးက ဦးကျောက်ခဲရဲ့ တူမ ၂ယောက်ပါ ။ “သမီးတို့ ဘာမှာမလဲ” မေးလိုက်ရင် ဖုန်းဖိုးသာ စီးပွါးပျက်အောင် ကုန်သွားမယ် သူတို့မှာနေတာက မပြီးသေးပါဘူး ။ မိန်းခလေးတွေမို့ အဝတ်အစားနဲ့ အလှကုန်မှာလိမ့်မယ်ထင်ရင် မှားကြပါလိမ့်မယ် ။ သူတို့အမေ ကျောက်စ်နှမက သူ့သမီးတွေကို အရွယ်မတိုင်ခင် အဝတ်အစားနဲ့ အလှမက်မှာစိုးလို့တဲ့ဗျာ… ဘာမှမဆင်လေတော့ သူတို့မှာ ဘာမှာရမှန်းမသိ မုန့်မျိုးစုံသာ တွင်တွင် မှာကြတာပါ ။ ခလေးတွေကို မုန့်ရောဝယ်မကျွေးဘူးလားလို့ မေးရင် ၊ “ဟင့်အင်း…”လို့ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ…။ သူတို့အမေက ထမင်းဟင်းသာ စားသောက်ဆိုင်မှာ တစ်လတစ်ခါလောက်ဝယ်ကျွေးတာ ၊ သွားရည်စာကြတော့ ဝယ်ကျွေးခဲတယ်ခင်ဗျ ။

 

အဲသည်တော့ဗျာ… ဦးကျောက်ပြန်ရောက်မှ တူမတွေကို လက်ဆွဲပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ကျွေးတော့… သူတို့လည်း ပျော်ရှာတာပေါ့ ။ ဒါပေမည့် ဦးကျောက် နှမကတော့ လမ်းဘေးစာတွေ ဝယ်ကျွေးတာ သိပ်မကြည်ပါဘူး ။ အကုန်အကျလည်းများတယ် သန့်မှန်းမသိ မသန့်မှန်းမသိနဲ့… တဲ့ ။ ဒီကြားထဲ သိုးသိုးသန့်သန့်ကြားမိတာက ရန်ကုန်မှာပေါက်စီတွေကို ကြွက်သားနဲ့ လုပ်ထားသတဲ့ဆိုတော့ သူ့ခမျာ သွေးပျက်တာပေါ့ ။ အဲသည်တော့ “ညည်းအေ… ဒီလောက်စိတ်ပူနေရင်လည်း ခလေးတွေစားချင်တာ ကိုယ်တိုင် လုပ်ကျွေးလေ” လို့ ဆိုလိုက်တော့ မျက်နှာပျက်ရှာပါတယ် ။ ဟုတ်ကဲ့… ဦးကျောက်တို့ မွေးချင်း ၄ယောက်ထဲမှာ သူပဲ အချက်အပြုတ် ပါရမီမပါရှာတာလား ကျန်တဲ့သူတွေကပဲ ဂျီးများတာလားမသိ ၊ သူ ဟင်းချက်ရင် ဒီနေ့တော့ “ဂွမ်း” လေပြီလို့ မှတ်ယူကြတဲ့ သူတွေချည်းပါပဲ ။

 

စကားစပ်မိလို့ ပြောရရင် ဦးကျောက်ခဲနဲ့ အဲသည့်ပေါက်စီ… ဇာတ်လမ်းရှိတယ်ခင်ဗျ ။ ဒီလိုပါဗျာ… ဦးကျောက်ခဲရဲ့ ဘဝတကွေ့ အာရပ်နိုင်ငံတွေမှာ အလုပ်တာဝန်နဲ့ နေဖူးတယ်ခင်ဗျ ။ အဲသည့်ရောက်မှ ချင်ချင်းတတ်လိုက်ပုံက ကစွန်းရွက်တို့ ဝက်သားပေါက်စီတို့ကို အိမ်မက် မက်ယူရလောက်အောင် စားချင်တာပဲဗျို့ ။ ရသတဏှာအားကကြီးလေတော့ မတတ်နိုင်တဲ့အဆုံး ထိုင်းစတိုးဆိုင်တွေမှာ အော်ဒါပေးပြီး တိုးတိုးတိတ်တိတ် ခိုးကြိတ်ရတဲ့ အဖြစ်ကို ရောက်ပါလေရော ။ ဒါပေမယ့် ပေါက်စီဈေးက လေယာဉ်ပျံနဲ့လာသလို ခေါင်ခိုက်နေတာပဲ ။ နောက်ဆုံးတော့ စားကလည်းစားချင် ၊ အကုန်အကျကလည်းသက်သာချင်ဆိုတော့ ၊ ကိုယ်တိုင်လုပ်စားတော့တာပဲဗျို့ ။

 

တကယ်တော့ ပေါက်စီလုပ်နည်းက မခက်လှပါဘူး ၊ လုပ်တတ်ရင် ကောင်းကောင်းလည်းစားရ ၊ ငွေကုန်ကြေးကျလည်းသက်သာ ၊ သန့်လည်းသန့်ရှင်းတာမို့ ဦးကျောက်နှမကို ပေါက်စီလုပ်နည်း သင်ပေးပြီး တူမတွေကို မကြာမကြာ လုပ်ကျွေးခိုင်းတာပေါ့ဗျာ ။ အခုလည်း… ဂဇက်မြို့သူမြို့သားတွေကို အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် လုပ်စားကြည့်ဖို့ နည်းလေးပေးပါရစေခင်ဗျာ…။

 

ပေါက်စီ ဌာပနာကို မိမိနှစ်သက်ရာ အသား အသီးအရွက်နဲ့လုပ်လို့ရပါတယ် ။ နောက်ဆုံး ဌာပနာလုပ်ရမှာပျင်းရင် လက်ကျန် ကြက်ကြော်ပဲဖြစ်ဖြစ် ၊ အသားပြုတ်ပဲဖြစ်ဖြစ် ၊ ဝက်အူချောင်း ကြက်အူချောင်းပဲဖြစ်ဖြစ် ဒီအတိုင်းထည့်လို့ရပါတယ် ။ ပုံမှန် ဆိုင်မှာရောင်းသလို ထည့်တဲ့ အဆာသွတ် အတွက်
– ဝက် သို့မဟုတ် ကြက်သား နုတ်နုတ်စဉ်း – 200 grams (၁၂ကျပ်ခွဲသား)
– ကြက်သွန်နီ/ကြက်သွန်မြိတ် နုတ်နုတ်စဉ်း – 100 grams
– ပဲငံပြာရည် အကြည် – အချိုဇွန်းနဲ့ ၁ဇွန်း
– သကြား – အချိုဇွန်းနဲ့ ဇွန်းဝက်
– ကြက်သားမှုန့် – အချိုဇွန်းနဲ့ ဇွန်းဝက်
– ပြောင်းဖူးမှုန့် (ကော်မှုန့်) – အချိုဇွန်းနဲ့ ၁ဇွန်း
– ရေကျက်အေး – စားပွဲတင် ၁ဇွန်း
– နှမ်းဆီ – ၂စက်ခန့်
– ဆား/ တရုတ် ငရုပ်ကောင်း – အနည်းငယ်
အထက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေ၍ အဖုံးအုပ်ပြီး နာရီဝက်ခန့် နှပ်ထားပါ…။ ပေါက်စီ တစ်လုံးချင်းစီ၌ ထည့်ရန်… ကြက်ဥ / ဘဲဥပြုတ် – ၂ လုံး ကို လေးစိတ်စီ စိတ်ထားပါ ၊ ဝက်အူချောင်း (သို့) ကြက်အူချောင်း ကို – ၈ တုံး စွေစောင်း လှီးထားပါ ။

 

ပေါက်စီလုပ်ဖို့ မုန့်သား (ဒိုး – Dough) နှပ်နည်းက တစ်ဦးနဲ့ တစ်ဦး နဲနဲတော့ကွဲပါတယ် ။ ကျောက်စ်ရဲ့ နည်းကတော့ ဒီလိုပါခင်ဗျာ…
၁။ All-purpose Flour – မုန့်လုပ်ရာမှာ သုံးတဲ့ ချင်ခွက်နဲ့ ၂ခွက် (250 grams)
၂။ မုန့်ဖုတ်တဲ့ ဆော်ဒါ – အချိုဇွန်းနဲ့ ဇွန်းတဝက်
၃။ တဆေး (Yeast) – အချိုဇွန်းနဲ့ ၁ဇွန်းခွဲ
၄။ သကြား အဖြူ – စားပွဲတင် ၂ဇွန်း
၅။ ဟင်းချက်ထောပတ်ဆီ (ဂီး – Ghee) သို့ ဟင်းရွက်ဆီ – စားပွဲတင် ၁ဇွန်း
၆။ ရေကျက်အေး – ချင်ခွက်နဲ့ ၁ခွက်

 

မုန့်နယ်မည့် ဇလုံထဲကို ရေကျက်အေး (ခပ်နွေးနွေး) အနည်းငယ်ထည့်ပြီး သကြားကို ပျော်အောင် ဖျော်၍ ဆီဖြင့်ရောပါ ။ လက်ကျန် ရေကျက်အေးကို အခြားခွက်တလုံးတွင် တဆေးရောပြီး သမအောင် မွှေ၍ ၁ဝမိနစ်ခန့်စောင့်ပါ ။ ၎င်းနောက် သကြားနှင့် ဆီရောထားသော ဇလုံအတွင်းသို့ All-purpose Flour နှင့် မုန့်ဖုတ်ဆော်ဒါထည့် ၊ တဆေးပျော်ရည်ထည့်၍ သမအောင် နာနာနယ်ပေးပါ ။ မုန့်သားနယ်ရာတွေ သမမျှတစေရင် မိမိနှစ်သက်သူကို ဇက်ကြောဆွဲပေးနေသည် သို့မဟုတ် ရန်သူတော်အား လည်ပင်းညှစ်နေသည်ဟု သဘောထားပါက အလွန် အလုပ်တွင်ပါသည် ။ မုန့်သား အစေး အပျစ်ပေါ်မူတည်၍ All-purpose Flour အနည်းငယ် သို့မဟုတ် ရေအနည်းငယ်ကို ချိန်ဆ၍ ထပ်ဖြည့်နိုင်ပါသည် ။ ၎င်းနောက် လက်သုတ်ပုဝါ သန့်သန့် သို့မဟုတ် အဝတ်သန့်သန့်ကို ရေနွေးဖြော ၊ ရေပြန်ညှစ်ပြီး မုန့်သားအပေါ်တွင် ခပ်ဖွဖွ အုပ်၍ စားပွဲပေါ် သို့မဟုတ် အဆင်ပြေသောနေရာတွင် ၁နာရီခွဲခန့် နှပ်ထားလိုက်ပါ ၊ မုန့်သားများ ၂ဆခန့် ပွတက်လာပါလိမ့်မည် ။

 

တရုတ်လို မန်ထိုလို့ ခေါ်တဲ့ မုန့်သားချည်းသက်သက်စားချင်တယ်ဆိုရင်တော့ နပ်သွားတဲ့ မုန့်သားကို ခပ်ရှည်ရှည် အမြောင်းလိုက်ကလေးဖြစ်အောင် လှိမ့်လိုက်ပြီး အရွယ်တော်တုံး ရေနွေးနဲ့ပေါင်းလိုက်ရုံတင်ပါ ။ ဒါမှမဟုတ် ကဏန်းဟင်းတို့ ပင်လယ်စာတို့နဲ့ တွဲဖက်စားဖို့ Fried Bun လုပ်မယ်ဆိုရင်တော့ နို့စိမ်း အချိုဇွန်း ၁ဇွန်းနဲ့ ထောပတ် အချိုဇွန်း ၁ဇွန်း ထပ်ဖြည့်ပြီး ရောနယ်လိုက်ပါ ။ ပြီးရင် မီးအနေတော် ဆီများများမှာ အရောင်ပြောင်းရုံလေး ခဏကြော်ပြီး ပြန်ဆယ် ၊ ရေနွေးနဲ့ ပြန်ပေါင်းလိုက်ရင် ကွက်တိပဲခင်ဗျ ။

 

အစာသွတ်ပေါက်စီ စားမယ်ဆိုရင်တော့ နပ်သွားသော မုန့်သားအား ၈ပိုင်း အညီအမျှခွဲပြီး ဒလိမ့်တုံးဖြင့် (မရှိရင် ပုလင်းနဲ့သမ) သာသာယာယာ အဝိုင်းပုံရအောင် (၄လက်မခန့်) လှိမ့်၍ အထက်မှာ ဖော်ပြပြခဲ့တဲ့အတိုင်း အဆာပလာများထည့်ပြီး ပေါက်စီနဲ့တူအောင်လုံးပါ ။ ၃လက်မပါတ်လည် စက္ကူဖြူ အရွက်ကလေးများအား “ဆြာကျောက်စ် ပေါက်စီ” ဟုရေး၍ မုန့်သားအောက်ခြေတွင်ကပ်ပါ ။ ၎င်းနောက် ဇကာပေါ်တွင် အနည်းငယ် ချဲ၍ နေရာချပါ ။ ပန်းပင်လေးများ ရေဖြန်းရာတွင်သုံးသော စပရေးဘူးဖြင့် ပေါက်စီ အလုံးများကို မျက်နှာပြင် ချောမွေ့ရန် ရေကျက်အေး ခပ်ဖွဖွ ဖြန်းပေးပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်၍ ၁ဝမိနစ်ခန့်ပေါင်းလျှင် ရသာထူး “ဆြာကျောက်စ် ပေါက်စီ” ရပါပြီ ။

 

သတိပြုရန်မှာ … ပေါက်စီ ဇကာဗန်းတင်၍ မပေါင်းမီ ရေနွေးပွက်ပွက်ဆူအတွင်းသို့ သန့်စင်ထားသော မီးသွေးခဲ ၁ခဲ နှင့် ရှာလကာရည် ၂ဇွန်းထည့်ရန်ဖြစ်ပါသည် ။ သို့မှသာ ဖြူဖြူဖွေးဖွေး စားချင်စဖွယ် ပေါက်စီကို ရပါလိမ့်မည် ခင်ဗျား…။

 

Kyauk
ပေါက်စီလှလှ

82 comments

  • ဇီဇီ ခင်ဇော်

    July 31, 2014 at 3:50 pm

    ဟမ်မလေးးး
    အိမ်ရှေ့က ငုတ်တုတ် ထိုင်စောင့်ရတယ်။
    သများတို့ သားအဖ ၂ယောက်လုံး အကြိုက်မို့။
    :s:

    ဒါပေမဲ့ မုန့်နယ်ရမှာ အားမချိဝူးးး :mrgreenn:
    နယ်ပြီးသား ဝယ်လို့ ရလားမသိ။ 🙄
    မန်းမြို့တော် ထွားထွားဂျီး တွေကို လွမ်းလိုက်တာ။

    မှတ်သွားပြီ။
    ဟိ.. :mrgreenn:

    ကျေးကျေးပါ တူမကြီးရဲ့ ဆမ်းဝမ်း (ခွက်ဒစ် တူ ခွစ်)

    :mrgreen:

    • TNA

      July 31, 2014 at 4:05 pm

      ပေါင်မုန့်မွှေစက်ဝယ်လေချွိ။ ယောက်ခမွတော့ ဘာလာလာအကုန်ထည့်မွှေပလိုက်တာပဲ :mrgreen:

      • ဇီဇီ ခင်ဇော်

        July 31, 2014 at 4:07 pm

        ဟယ်။
        အဲလို ရသလားးးယောက်ခမွ
        အဟေးဟေးးးးး မွှေမယ်။ မွှေမယ်။
        သများက အမွှေ ဝါသနာသိပ်ပါတာ။
        :mrgreen:

        သများကို “အမွှေစိန်” လို့ ခေါ်တဲ့ ဒက် မမြင်စေရ။ :mrgreenn:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:13 pm

      မုန့်နယ်ဖို့ အားမချိရင် ဆိုင်းဆိုင်းကို ခေါ်နယ်ခိုင်း…
      ကျောက်စ်ကတော့ အဲ့ကောင်ကို ဟိုကိုင်ဒီကိုင် မောင်ဖမ်းကိုင်မို့ ရွံဒယ်…
      အဟိ တော်သေးတာပေါ့ တူမကြီးရဲ့ ဆမ်းဝမ်း ဖြစ်လာလို့…
      တူမကြီးရဲ့ ဝမ့်စ် အပွန်း အေ တိုင်းမ်… ဆို တေဘီ… ဟီဟိ
      :mrgreen:

  • kyeemite

    July 31, 2014 at 3:53 pm

    ကျောက်စ် ပေါက်စီပေါ့နော…ချီးကျူးတယ်ဗျာ တကယ်ပါ..အကုန်တတ်တာပဲ
    မယ်နှင်း တို့များကံကောင်းချက် :mrgreenn:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:15 pm

      အဟိ… အခု တတ်တာတွေ လျှိုမထားမိလို့ အကုန်လုပ်နေရပြီ အကိုမိုက်…
      :mrgreen:

  • weiwei

    July 31, 2014 at 3:56 pm

    wow …..
    သေချာမှတ်ထားလိုက်ပြီ ..
    တစ်ခါစမ်းလုပ်တာ ပျက်သွားပြီးကထဲက နောက်တစ်ကြိမ် မစမ်းဖြစ်သေးတာ ..
    ဒီအပါတ်ပိတ်ရက် လုပ်စားတော့မယ် …

    အတွင်းက အစာအတွက်က ဒီအတိုင်းအစိမ်းနယ်ထားပြီးသားပဲ ထည့်လိုက်ရမှာလား ..

    • surmi

      July 31, 2014 at 4:00 pm

      အသားစိမ်းကပိုချိုမဟ်ထင်တယ်ဗျ

    • ဦးကျောက်ခဲ

      July 31, 2014 at 4:19 pm

      မဝေရေ … ဒီအတိုင်း အစိမ်းက ကိုရင်ဆာပြောသလိုပဲ ပိုအရသာရှိတယ် ခင်ဗျ …
      ကြက်အသည်းအမြစ် ၊ ဝက်သည်း ထည့်ချင်ရင်တော့ ရေနွေးဖြောပြီးမှထည့်…
      ဆားဘဲဥထဲက အနှစ်အခဲပါထည့်ရင်တော့ ဆွေမျိုးမေ့သွားမယ်…
      :mrgreen:

  • surmi

    July 31, 2014 at 3:59 pm

    အခုအချိန်မှာ ရန်ကုန်မှာလည်း ဘယ်ပေါက်စီမှ စားမကောင်းတော့ဘူး ။
    တချို့အသားတွေက တာရှည်ခံဆေးတွေများလွန်းလို့ အနံ့တောင်မကောင်းတော့ဘူးဗျာ ။
    ကြွက်သားကတော့ ဘဲသားပတ်ဖ် တွေမှာအများဆုံးရောတာပါ ။
    မနက်စောစောမြို့ပတ်ထစီးရင် တောင်းကြီးတောင်းငယ်တွေနဲ့ စူပါကြွက်တွေတင်လာတာတွေ့ရပါလိမ့်မယ် ။
    မန်းမြို့တော်လည်း အခုချိန်မှာ ဂိမ်းသွားရှာပြီ
    ဆိုတော့ …
    ပေါက်စီဆိုရင် အသေကြိုက်တဲ့ကျနော်တို့မိသားစုအတွက် ဆြာကျောက်ပေါက်စီကို
    မဖြစ်မနေလုပ်စားပါဦးမယ်ဗျို့ ။
    လုပ်ပြီးမှ ဒါ့ပုံ ပို့လိုက်မယ် :mrgreen:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:22 pm

      ရန်ကုန်မှာတော့ ဘာကိုမှ စိတ်ချလက်ချ မစားရဲတော့ပါဘူး ကိုရင်ဆာရယ်…
      ကွကိုယ်လုပ်စားရင် တဝကြီးစားရတယ်ဗျ… လုပ်စားဖြစ်ရင် ဓာတ်ပုံတင်လိုက်… အဟိ
      :mrgreen:

  • marblecommet

    July 31, 2014 at 4:00 pm

    ဒါလောက် သေချာ ရှင်းပြထားတာတောင်
    စိတ်က အတော်လက်ဝင်တာပဲလို့
    အပျင်းစိတ်က ဝင်မိတယ်…ဟေး ဟေး
    ပေါက်စီ သိပ်မကြိုက်လို့လားမသိ…..
    ဘာဖြစ်ဖြစ် ဆြာကျောက်လက်ရာလေး တော့
    စားချင်မိသားခင်ဗျ….

    • ဇီဇီ ခင်ဇော်

      July 31, 2014 at 4:03 pm

      တူတူပဲ ကိုကမ်းရေ။
      ဟေးဟေးးး
      နာ ပြန်လာလို့ နိ ဟင်းချက်ကျွေးရင်လည်း နာ ကူမှာ မဟုတ်ဘူးနော်။
      ကြိုပြောထားတာ၊.
      ၊နာ က နိထက် ပျင်းတယ်။

      :mrgreen:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:24 pm

      အဟိ… အသားကင် ပေါက်စီဆိုရင်တော့ ကိုရင်ကမ်း ကြိုက်လိမ့်မယ်…
      ပြန်လာလို့ အချိန်ရရင် လုပ်ကျွေးမယ်ဗျာ… :mrgreen:

  • Mr. MarGa

    July 31, 2014 at 4:01 pm

    မန်းမြို့တော်ပေါက်စီ ဒီညနေဝင်စားပါတော့မည်
    :mrgreen:
    ပြန်လာရင် ပေါက်စီအကြွေးမှတ်ထားမယ် ဦးလေး :mrgreenn:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:26 pm

      ဟီ ဟိ… ဦးလေးကျောက်စ်ကလည်း ခီများကို အကြွေးမှတ်ထားတယ်… :mrgreen:

      • Mr. MarGa

        August 1, 2014 at 12:27 pm

        အမ်
        ဘာတွေများလဲမသိ
        မျက်ခုံးတောင် နည်းနည်းလှုပ်လာပြီ 🙄 :mrgreenn:

  • ပေါက်ဆီတစ်မျိုးဒဲ စောင့်ရကျိုးမနပ်ချက်
    လဂါးပေါဒါ
    😀
    screenshot ထားလိုက်ပြီ။masa အသင့်။ကြက်သားပြုပ်ထားပြီ။ဥဝယ်ထားပြီး။ဝက်အူချောင်းကျန်သေး။ဇကာ ချောချောလှလှအသင့်။မနက်ဖျင်စောင့်ကြည့်ပါ။
    :mrgreen:

    • ဦးကျောက်ခဲ

      July 31, 2014 at 4:33 pm

      လာမယ်လေ သာမီးသော်ရဲ့… အေးဆေးပေါ့…
      အခုတောင် ညည်း လောလို့ မနဲ ဒရောသောပါး ရေးထားရတာ… အဟိ
      ကြက်သားကို အကြာကြီး မပြုတ်နဲ့… ပေါက်စီထဲမှာ မာသွားတယ်…
      နက်ဖြန် ပေါက်စီလုပ်ပြီး ဓာတ်ပုံတင်ပါ… :mrgreen:

      • Hnin Hnin

        July 31, 2014 at 7:49 pm

        သော့်အတွက် ရေးတာမို့(ဂျုံ) မွှေစက် ထည့်မရေးတဲ့..ချွေးဒီးဒီးကျအောင် လုပ်တဲ့အတွက် ဖေကျောက်စ်ကို စက်သာဝယ်ခိုင်း :mrgreenn:

        • လိုဘူးမွနှင်း
          လက်မောင်းလေးတွေလှအောင် သဘာဝအတိုင်းပဲနယ်တော့မယ်။
          😀

    • Hnin Hnin

      July 31, 2014 at 7:54 pm

      ဟုတ်လေ…မနှင်းကို ပြောတုန်းကလည်း မုန့်တွေစုံပလုံတုံနေတာပဲ..ရေးရ ပျင်းသွားပြီ ထင်တယ် :mrgreenn:

  • TNA

    July 31, 2014 at 4:03 pm

    သားတော်မောင်ပုတုကတော့ ခုနစ်လွှာပေါက်ဆီမှစားသမို့ မလုပ်ဖြစ်တာတောင်ကြာပေါ့။ လက်ဝင်လွန်းလို့။ ဆီသုတ်ခေါက်ပြီးပြန်လှိမ့်ရတာဂျုံနယ်တာထက်ခက်သမို့ အလွယ်နည်းများရှိလားကျောက်စ်။ ကျွန်မကတော့ ကြက်သားကင်နဲ့လုပ်တာပိုကြိုက်တယ်။ ကြက်သွန်နီပါရင်အနံ့မကြိုက်လို့။ စကားမစပ်ကျောက်စ်က အစာက်ုအစိမ်းထည့်တာလား။ ပြန်မကြော်ဘူးလား

    • ဦးကျောက်ခဲ

      July 31, 2014 at 4:39 pm

      ကျောက်စ်ကတော့ မုန့်သားပိုနပ်ပြီး အရသာရှိအောင် အစာကို မကြော်ဘူး…
      ကြော်ပြီးမှထည့်ချင်ရင်တော့ ကော်မှုန့်မထည့်ခင် မကပ်တဲ့ ဒယ်နဲ့ လှိမ့်လိုက်…
      အစာမှာ ဆီများရင် ပေါက်စီမလှဘူး… ကွဲသွားတယ်…
      ခုနစ်လွှာပေါက်စီ အလွယ်နည်းက ရယ်ဒီမိတ် ပလာတာပြားကို ဆီသုပ်ပြီး ပြန်လုံးပါ…
      ပေါက်စီလုံးရင် ပန်းပွင့်ပုံ လကျ်ာရစ်လုံးပြီးမှ ထိပ်သားကို ပိတ်ပါ ခီညာ… ပွင့်မထွက်ဘူး…
      :mrgreen:

      • TNA

        July 31, 2014 at 6:01 pm

        ဟင့်အိုက်လိုလဲရဒလား။ အာ့ဆိုလုပ်ကျိအုံးမယ်။ မဟုတ်ရင် ခုနစ်ခေါက်ဆီသုတ်ပြီးပြန်လှိမ့်ရတာ ချော်ချွတ်ချော်ချွတ်နဲ့မလွယ်ချက်။ ကျေးကျေး

  • ခင် ခ

    July 31, 2014 at 4:22 pm

    ( သတိပြုရန်မှာ … ပေါက်စီ ဇကာဗန်းတင်၍ မပေါင်းမီ ရေနွေးပွက်ပွက်ဆူအတွင်းသို့ သန့်စင်ထားသော မီးသွေးခဲ ၁ခဲ နှင့် ရှာလကာရည် ၂ဇွန်းထည့်ရန်ဖြစ်ပါသည် ။ သို့မှသာ ဖြူဖြူဖွေးဖွေး စားချင်စဖွယ် ပေါက်စီကို ရပါလိမ့်မည် ခင်ဗျား…။)
    ထိုလှို့ဝှက်ချက်ကိုပါ ဖော်ညွှန်းရေးတဲ့ စေတနာကို လေးစားမိပါတယ် စားဖွယ်စုံဆြာဂျီးကျောက် ခင်ဗျ။

    • ဦးကျောက်ခဲ

      July 31, 2014 at 4:41 pm

      အဟီး… ကိုဂျီးခကလည်း ဥထားလို့ သေရင် ကိုယ့်နောက်ပါတာမှတ်လို့…
      စကားစပ်မိလို့ပြောရရင် တချို့က ရေနွေးထဲ ယမ်းစိမ်းထည့်တယ် ခင်ဗျ …
      :mrgreen:

  • sorrow

    July 31, 2014 at 4:24 pm

    ပေါက်စီက အစ လုပ်တတ်တယ်ဆိုတော့ကာ ..လွန်လွန်းအားကြီးပါတယ် ဆြာရယ်..စကားအတင်းစပ် …မိန်းမနိုင်နည်းစာအုပ်ကို DHL နဲ့အမြန်ပို့ပါ….ပုံ…ဆြာ့အညံ့ဆုံးတပည့်….ကချင်နုထွားကြီး …

    • ဦးကျောက်ခဲ

      July 31, 2014 at 4:43 pm

      ဟတ်လူ… နုထွားဂျီးရဲ့ တိုးတိုးလုပ်ပါဗျ…
      ငါပြောသလိုလုပ်… ငါလုပ်သလိုမလုပ်နဲ့ဆိုတာ ကျောက်စ်ကို နမူနာ ပြနေပါ့မယ်…
      :mrgreen:

  • Ma Ei

    July 31, 2014 at 4:43 pm

    နည်းရပြီ ဆိုတော့ ဒီစနေ လက်စွမ်းပြရဦးတော့မပေါ့လေ…
    စာပါနည်းအတိုင်းဆိုရင်…..၃လက်မပါတ်လည် စက္ကူဖြူ အရွက်ကလေးများအား “ဆြာကျောက်စ် ပေါက်စီ” ဟုရေး၍ မုန့်သားအောက်ခြေတွင်ကပ်ပါ ။….ဆိုတော့
    ဒါလဲ အတိအကျ လုပ်ရမှာပေါ့လေ…
    🙂

    • ဦးကျောက်ခဲ

      July 31, 2014 at 4:48 pm

      အဟိ အဟိ … စားမကောင်းရင် လုပ်တဲ့သူ နာမည်မပျက်ရအောင်…
      နည်းပေးတဲ့သူက တာဝန်ယူတဲ့ သဘောပါ… မအိရယ်…
      အစိုးရ ဝံဂျီးတွေထက် သာတယ် မဟုတ်လား… ခိ ခိ
      :mrgreen:

  • kai

    July 31, 2014 at 4:58 pm

    အယ်လ်အေမှာ.. မြန်မာပြည်ကပေါက်စီနဲ့တူတဲ့ဆိုင်တဆိုင်.. သိထားတာ..
    ဒိုင်လျှိုနဲ့.. ဝယ်ဝယ်ပြီး.. လက်ဆောင်ပေးရတာအမော…

    စားရတဲ့သူတွေက.. တော်တော်ဝမ်းသာသဗျ…
    အင်း.. ဆြာ”လိုတတတ်”ကြီးလို.. လုပ်တတ်နေသူများတော့.. ရယ်မယ့်ပုံ..

    ဆိုတော့…
    စတန့်ထွင်ပြီး.. ပေါက်ဆီထဲ..” ကြောင်သား”လေးများထည့်စားကြည့်ချင်သား.. :k:

    • Hnin Hnin

      July 31, 2014 at 7:47 pm

      နှင်းနှင်းလည်း ကြောင်သားပေါက်စီ တစ်ဝ စားချင်တယ် :mrgreenn:

    • ဦးကျောက်ခဲ

      August 1, 2014 at 12:46 pm

      ဖိလစ်ပိုင်မှာတော့ မြွေသားပေါက်စီ မြွေသားဘာဂါရသတဲ့… သဂျီး
      ကြောင်သားပေါက်စီဆိုရင်တော့ ဗီယက်နမ်မှာရမယ်ထင်…
      အဲ… ရွာထဲက ကြောင်ဂျီးကို ပေါက်စီလုပ်စားရင် အီဘိုလာထက်ဆိုးတဲ့ ဗိုင်းရက်စ်ကူးမယ်…
      :mrgreen:

  • pooch

    July 31, 2014 at 6:12 pm

    ​အော်​လတ်​စသတ်​​တော့ ဦး​ကျောက်​ လက်​ရာ​တွေလား ခုမှသိတယ်​
    ​ဒါဆိုတင်​သမျှပုံ​တွေ က ??????
    ဖြစ်​ရ​လေ
    မမနှင်​းက အရမ်​းကံ​ကောင်​းတာပဲ အားကျလိုက်​တာ

    အ​နော်​က​တော့ ချက်​တာပြုတ်​တာ ဝါသနာ မပါဘူး
    ငတ်​မှပဲ ချက်​စားတာ
    လက်​ရာကလည်​းညံ့တယ်​
    စိတ်​ကူး​ပေါက်​လို့ မုန်​့​တွေဘာ​တွေ ဖုတ်​တာ ​လောက်​ပဲရှိတယ်​ ဒါ​တောင်​ဂျုံနယ်​ရတာ ပင်​ပန်​းြပြီး လ်​ဝင်​လက်​လို့ မလုပ်​ဖြစ်​တာကြာ​ပေါ့
    :mrgreen:

    • Hnin Hnin

      July 31, 2014 at 7:44 pm

      အိုက်လိုတော့ ထင်ပါနဲ့ဂျာ..နှစ်ယောက်ပေါင်း လက်ရာတွေပါ…ကျောက်စ်က ချက်ကြီး ၁ ပါ..အနော်က ချက်ကြီး ၂ ပါ :mrgreenn:

    • ဦးကျောက်ခဲ

      August 1, 2014 at 12:50 pm

      မှန်… မှန်… မှန်တာပေါ့ မယ်ပုချ်ရယ်…
      ဒါပေသည့် ချက်တာကကျောက်စ် ၊ ဓာတ်ပုံ ပရိုမိုးရှင်းက မိနှင်းဆိုတော့…
      စားခါနီးရင် ဗိုက်ဆာရဲ့နဲ့ ဓာတ်သေရိုက်တာ ဇွန်းကိုင်ပြီး စောင့်နေရတယ်… အားဟင့်
      :harr:

  • amatmin

    July 31, 2014 at 6:29 pm

    ပေါက်စီတော့ ငယ်ငယ်က သိပ်ကြိုက်
    နောက်ပိုင်း ြကြွက်သား ရောတယ်ကြားမိတည်းက မစားဖြစ်သလောက်ဗျ ။
    အူးကျောက်စ် ပို့ဖတ်ရင်း မန်ထို အကြောင်းပါမှ သားရည်ကျတာ ။
    ဘာ ဂဏန်းဟင်းနဲ့စားရတယ် ဟုတ်လား
    အရသာသေချာမသိခဲ့မိလို့ နောက်တခေါက်ပြန်ကျွေးဘာလား ဗျာ ။ 😛

    • ဦးကျောက်ခဲ

      August 1, 2014 at 2:00 pm

      အဟိ… အဟိ… လုပ်လိုက်လေ ကြာသလားလို့… လို့… လို့
      ဒါပေမယ့် ဒီတခါစားရင် အရည်လိုင်စင်ပိတ်သွားလို့ လည်ချောင်းနင်တော့မယ်… ဂိ
      :mrgreen:

  • နှူးဘာ မိဂီ

    July 31, 2014 at 6:29 pm

    ဟီဟိ..
    အိမ်ဦးနတ် ဖြစ်မလား လို့ မိန်းမယူတယ်
    မီးဖိုချောင် စောင့်နတ် ဖြစ်ပါပေါ့လား…

    ကျောက်စ့်နှဖူး သိုက်တူးနေတဲ့ သီဟပူရ တွေ့မရှောင် ဇာယိ ကို ဆဲစေသဒီး….

    :mrgreen:

    • Hnin Hnin

      July 31, 2014 at 7:34 pm

      မီးဖိုချောင်စောင့်နတ် ဖြစ်ချင်နေသမို့ ဖြစ်ပါစေတော့ :mrgreenn:

    • ဦးကျောက်ခဲ

      August 1, 2014 at 2:08 pm

      ပြော… မပြောချင်တော့ပါဘူးဗျာ…
      မီးဖိုချောင်စောင့်နတ် ဖြစ်ချင်နေလို့ တော်သေးတယ်…
      အိမ်ထောင်ကျမှ… ဟိုဟာမစားရ အဆီပိတ်မယ် ဒီဟာမစားရ ဝိတ်တက်မယ်နဲ့…
      Dog ဒွေးရဲ့ ပေါင်မုန့် ကျော်ငြာလို ကုန်းအော်လိုက်ချင်တယ်…
      ♫ ♫ ဗိုက်ဆာနေပြီ… ဘာစားမလဲ ♫ ♫ … အဟွတ် :mrgreen:

  • Hnin Hnin

    July 31, 2014 at 7:31 pm

    ကျောက်စ် ပေါက်စီလုပ်နည်းထဲ စက်နဲ့ဂျုံမွှေလို့ရတာ ထည့်ပါဆိုတာ ထည့်ထားဘူး..”(ဂျုံ)မွှေစက်” သုံးမှ လူသက်သာတာ..လက်နဲ့သာ အစအဆုံးဆို လုပ်စားဖို့ စဉ်းစားတော့ဘူး :mrgreenn:

  • အရီးခင်

    July 31, 2014 at 10:06 pm

    ကျောက်စ် ရဲ့ ပေါက်စ် ကို စမ်းဖို့ တပည့် တစ်ယောက် ရပြီ မှတ်ပါလေ။
    အလုပ်ဖြစ်ပါက မှတ်တမ်း မြင်ရမည် ဖြစ်ပါကြောင်း။
    ကြိုပြောနိုင်တာက ကျောက်စ် ရဲ့ ပေါက်စ် လောက်တော့ အမြင်လှမယ်မထင်။

    ဒါထက်
    အရင် က ဆို ကာဖီခွက် လေး တစ်ခွက် တည်း ပုံထဲ မြင်ရမှာ။
    အခုတော့ ဘေးက နို့ခွက်လေး နဲ့ အဖော်ရနေသပေါ့။
    ကျုပ်တူမ နှင်းနှင်း ကျေးဇူးပေါ့အေ။

    ဒီ တူနှစ်ကိုယ် တိုင်းပြည်လေး ကြည့်ရတာ အတော်လေး ပျော်စရာ ကောင်းမဲ့ ပုံဘဲ။
    တစ်ခြားသူများရဲ့ စံပြ အားကျ စေချင်လွန်းလို့ နမူနာပြ ဖြစ်ကရော။

    နှင်နှင်းလို အလိမ္မာ အိမ်ပါ တဲ့ မိန်းကလေး ရတာ ကျောက်စ် လဲ ကံထူးသူပါ။
    အခြေခံ စိတ်ချင်း အရင်းခံ တူနေတဲ့ ရွာသူ/သား တွေ ဖြစ်နေ ပြီး ဆုံဖြစ်ကြတာ ဟာလဲ အင်မတန် ထူးတဲ့ အကြောင်းကံ ရေစက်ပါ၊
    တမင်ဖန်တီးပြီး လုပ်ချင်တိုင်းလဲ လုပ်မရဘူး။
    အတိတ်အကြောင်းရှိခဲ့လို့ ဒီမှာ အကျိုးပေါ်တာကွဲ့။
    ဒီတော့ ဒါကို အလေးအနက် ထားပြီး လက်တွဲ ခိုင်ဖို့ ကြိုးစားဖို့ ကတော့ မောင်တို့ မယ်တို့ ရဲ့ သမိုင်းပေး တာဝန်ပေဘဲ။
    ကျေအောင်ထမ်းပြီး သံသရာ ထဲ တောင် ဘဝဆက်တိုင်း မောင် ချက် ရင် မယ်စား သွားဖို့ ရည်မှန်းကြပါလေ။
    အဟိ။
    ကြုံတုန်း စုန်းမဝါသနာ တားမရ။
    ခွီးလွတ်ကျပါ။
    lol:-))))

    • Hnin Hnin

      August 1, 2014 at 1:01 pm

      ပျော်စရာလည်း ကောင်းပါတယ်..အရီးရေ…ဆံဖြူသွားကျိုးအထိ ရည်ရွယ်ထားပေမယ့် နှစ်ယောက်ညီမှ ဖြစ်မှာမို့ ကျောက်စ်ကိုသာ ပိုဆုံးမပေးပါ အရီးရေ… :mrgreenn:

    • ဦးကျောက်ခဲ

      August 1, 2014 at 2:14 pm

      အာဟင့်… အရီးတို့များ သူ့တူမဘက်က လိုက်တယ်…
      ဟောသည့် ကျောက်စ်လို ခင်ပွန်းမျိုး အိုင်ယာလန်ထီ ပေါက်တာတောင် ဝယ်မရဘူး..
      အဟိ… ရောင်းလည်း ဘယ်သူမှ ဝယ်မှာမဟုတ်တဲ့အတူတူ… ဟန်ကိုယ့်ဖို့
      :mrgreen:

  • ဦးဦးပါလေရာ

    August 1, 2014 at 12:43 am

    ရန်ကုန်မှာ
    တခြားဟာထက်
    ပေါက်စီကောင်းကောင်းသန့်သန့် စားရဖို့ကတော့ တော်တော်မလွယ်တာပါ…
    လုပ်လို့အဆင်ပြေရင် ကိုယ်တိုင်လုပ်စားတာ အကောင်းဆုံးပါပဲ…။

    ပေါက်စီထဲ ကြွက်သားထည့်တာကတော့ ၁၉၈ဝ နှစ်များကတည်းကပါဗျာ…
    အဲဒီတုန်းက လဘက်ရည်ဆိုင်တွေက ကိုယ့်ဆိုင် ကိုယ်လုပ်ရောင်းကြတာပါ..
    ဦးပါလေရာတို့က လဘက်ရည်ဆိုင်တွေကိုချည်း အိမ်လုပ်ပြီးနေနေတာဆိုတော့
    အဲဒီအကြောတွေ သိလွန်းလို့မှ
    ပေါက်စီစားချင်ရင်
    လှည်းတန်းစေတနာရှင်မှာပဲ
    မနေ့ကအကျန်တွေ ကုန်လောက်တဲ့အချိန်ကို မှန်းပြီးစားရတယ်…။

    ၁၉၉ဝ နှစ်များအလွန်မှာ ဟိုတံဆိပ်သည်တံဆိပ် လက်ကြီးပေါက်စီတွေခေတ်စားလာတော့
    မဒမ်ပါလေရာလောင်းက ဝယ်စားပြီး ချီးကျူးတယ်…
    ပေါက်စီထဲက ကြက်သားလေးတွေက နုလိုက်တာနော်… တဲ့…
    🙂

    ဒါပေသိ-
    တစ်ခုတော့ ရှေ့နေလိုက်ပါရစေ..
    တိုးကြောင်လေးဘက် ရထားလမ်းပေါ်မှာ ခုတ်ထစ်အရေခွာပြီး မြို့ထဲရောက်လာတဲ့ကြွက်ကြီးတွေဟာ
    လယ်ကြွက်ကြီးများပဲ များပါတယ်….. လို့
    စားလို့ ရပါတယ်… လို့
    :mrgreen:

    • ဦးကျောက်ခဲ

      August 1, 2014 at 2:17 pm

      လယ်ကြွက်စစ်စစ်ဆိုလို့ ကတော့ ထိုင်းတို့ ဗီယက်နမ်တို့ကို အိတ်စ်ပို့လုပ်ပလိုက်မယ်…
      အခုကြားနေတာ အိမ်ကြိုအိမ်ကြားက သာကေးတီးယန်းကြွက်တွေဆိုလို့ ဦးပါရဲ့ …
      :mrgreen:

      • ဦးဦးပါလေရာ

        August 1, 2014 at 3:20 pm

        မထူးတော့ပါဘူး..
        ဖွင့်ချလက်စနဲ့..
        😀
        အရင်က ဒေသခံတွေက ကြွက်မစားဘူးလေ …
        ဒိုင်တွေဆီသွားပေါ့..
        အခုတော့..
        အခုတော့.. သူ့ဟာသူတောင် ကင်ရောင်းလို့ မလောက်တော့ပါဘူးဗျာ..
        :mrgreen:

        • ဦးကျောက်ခဲ

          August 1, 2014 at 3:46 pm

          အဟိ… ရှူး တိုးတိုးလုပ်ပါ ဦးပါရဲ့…
          နယ်က ပစ္စည်းပြတ်လို့ ရန်ကုန်ကကြွက်တွေ ဘေးသင့်တာ…
          ကျောက်စ်ကတော့ စားချင်ရင် ပေါင်းတည်က မှာစားတယ်…
          လယ်ကြွက်စစ်စစ် ဆူဖြိုးနေတာပဲ… ဟီ ဟိ
          :mrgreen:

  • Crystalline

    August 1, 2014 at 7:04 am

    လုပ်​ရမှာပျင်​းထှာ… တစ်​​ယောက်​စာ​လေးလုပ်​ရတာလည်​းမတန်​ဘူး… ကြွက်​သား​ပေါက်​စီပဲဝယ်​စား​တော့မယ်​… .:mrgreenn: စမ်​းသပ်​မယ်​ဆိုသူ​တွေ တစ်​လက်​စတည်​း သများကို ၁ဝလုံးစီ​လောက်​ ပိုလုပ်​​ပေးကြပါလား… ဖရီဇာထဲထားစားမယ်​… :mrgreen:

    • ဦးကျောက်ခဲ

      August 1, 2014 at 2:21 pm

      ရဒယ်လေ မယ်ခွစ်ရဲ့… ပေါက်စီဆပလိုင်းလုပ်ပေးမယ်…
      ဒီကနေ DHL နဲ့ပို့ရင် ၁လုံးကို ဒေါ်လှ ၅၀… ဘယ်နှစ်လုံးယူမလဲ… ပြော
      :mrgreen:

  • Ko chogyi

    August 1, 2014 at 8:27 am

    စားတာတော့ဝါသနာပါပြီး
    လုပ်ရမှာအလွန်ပျင်းမို့
    လမ်းဘေးဆိုင်ပဲအားကိုးနေရ
    လုပ်ကျွေးမယ်သူရှိရင်တော့ စားချင်သား

    • ဦးကျောက်ခဲ

      August 1, 2014 at 2:24 pm

      အဟိ… ကိုချိုကြီးကလည်း လွယ်လွယ်လေး…
      ပေါက်စီလုပ်ပေးမည့်သူ အိမ်ကိုဖိတ်… ဒဘယ်ဘလက်တိုက်ပြီး လုပ်ခိုင်းလိုက်လေ… ခွိခွိ
      :mrgreen:

  • ကထူးဆန်း

    August 1, 2014 at 9:40 am

    ဟိဟိ .. ခုမှသိတယ် .. ကြွက်သား ရောတယ် ဆိုတာ ..
    ဝက်သား အောင်းမေ့လို့ ကြိုက် ရဲ့သားနဲ့ အတတ်နိုင်ဆုံးရှောင်နေတာ ..
    ရှောင်စရာလိုတော့ဘူး …. :harr:

    • ဦးကျောက်ခဲ

      August 1, 2014 at 2:26 pm

      အဟိ… စိတ်ချလက်ချသာစားပေတော့ CJကြီးရေ…
      ဒါပေသည့် စားပြီးရင် ကြောင်တွေကိုသတိထား… မတော် အနံ့ရပြီး “ခုတ်” လိုက်မှ…
      :mrgreen:

  • Nyo Win

    August 1, 2014 at 10:03 am

    ကျေးကျေး ဆကျောက်စ်….ပေါက်စီကကျနော့ ရဲ ့ ဖေးဘရိတ်ဖုဒ် ဆိုတော့
    သိမ်းထားလိုက်ပါပီ……

    • ဦးကျောက်ခဲ

      August 1, 2014 at 2:29 pm

      ဪ… တိဘီ… လူပျိုဂျီးဆြာညိုက ခေးမလေးတွေကို လုပ်ခိုင်းတော့မယ်ပေါ့…
      ကြုပ်ကျက်လိပါဗျာ… မတော် ဆေးခပ်လွှတ်လိုက်မှ ဈာန်လျှောနေဦးမယ်… အာဟိ
      :mrgreen:

  • alinsett (gazette)

    August 1, 2014 at 10:54 am

    ပေါက်စီထဲ..ချစ်သုဝေအသား ထည့်စားချင်တယ်.. ။ ဖွေးဖွေးလေးက.ခွံ ့ကျွေး…ပေါ့..

    :mrgreen:

    • Ko chogyi

      August 1, 2014 at 11:16 am

      ရောဂါဟောင်းပြန်ထလာပြန်ပြီ

    • ဦးကျောက်ခဲ

      August 1, 2014 at 2:31 pm

      ပေါက်စီထဲ… ပွင့်အသား ထည့်ပြီး… ဗေလုဝက.ခွံ ့ကျွေးမယ်တဲ့… အဟိ
      :mrgreen:

      • alinsett (gazette)

        August 1, 2014 at 7:37 pm

        အမငီးးးးးးးးးး

        ကယ်တော်မူပါ..ဝတ်မှုံန်ရွှေရည်လေး..ရယ်..

        :kwi:

  • ကူမားရ်

    August 1, 2014 at 3:25 pm

    အော်..ပေါက်စီ ကိုနိုင်တဲ့ သူတွေမှ အိမ်ထောင်ကျ ရတာကိုး လက်စသတ်တော့..
    ဗေတားတို့ကစားချင်တာပဲသိတာ..နိုင်နိုင်နင်းနင်းမရှိတော့..ငတ်ပေါ့. :'(
    ဪ..ပေါက်စီပေါက်စီ…မြင်သာမမြင်ရတာ…ကြင်ရဖို့ဆိုတာဝေလာဝေး..
    ဟိုသေချင်းဆိုးကြောင်စုတ်ဂျီးကတော့ အားပေးရှာပါတယ်..တရားစခန်းဝင်နေတုန်းတန်းလန်းကြီးကို လာပြီး..
    ဗစွေတဲ့..စမူစာပြောင်းစားပါလားတဲ့..ပေါင်မုန့် အိအိကြီးတွေလည်းကောင်းပါတယ်ဒဲ့..မသာကြောင်..ရထားတဲ့ နှစ်ပဲတစ်ပြား သမာဓိလေးတွေ….ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်..

    • black chaw

      August 1, 2014 at 3:42 pm

      လွယ်သလား ခက်သလား ကိုဆွေ…
      လွယ်သလား ခက်သလား။
      ဟေ့ဒီမှာ ပေါက်စီစားချင် တဲ့လူဆိုတာ
      ဟောဒလို
      မိန်းမ ကောင်းကောင်းယူတတ် ရ တယ်
      ဆိုတာ ခီဗျားကြီးမှတ်သားထား
      လိုက်စမ်းပါ။
      မိန်းမကို လုပ်ခိုင်းလို ့ရတာ ပြောတာ
      ပါ။
      အာဟီး…။

    • ဦးကျောက်ခဲ

      August 1, 2014 at 3:50 pm

      ဒီလူဂျီးတွေကတော့ မလွယ်ဘူး… ဝင် ကြပ်ပြီ…
      ကျောက်စ် ပေါက်စီရောင်းရင် ဆိုင်နားမကပ်ရလို့ အမိန့်ထုတ်မှ…
      သူတို့က ဝယ်စားမည့်သူတွေမဟုတ်… အကဲဖြတ်မည့်သူတွေ…အဟိ
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 2, 2014 at 3:41 am

    ပေါက်စီဆို သိပ်သိပ်ကြိုက်ပဲ
    မှတ်မှတ်ရရ ပထမဆုံး စားဖူးတာ
    မြို့ထဲက မန်းမြို့တော် ပေါက်စီပဲ …
    ဒါမယ့် .. ပေါက်စီ ထဲမှာတော့ အသား ပေါက်စီပဲ ကြိုက်တာ …
    ဟိုလိုဒီလို ပေါက်စီတွေကို ကြိုက်ဘူး ….
    အခု ဥငေးနည်းနဲ့ ပေါက်စီကို ကိုယ်တိုင် လုပ်စားကြည့်ဦးမယ် …
    ဒါမယ့် .. ဒီထဲမှာ နားမလည်တာ၊ မကြားဖူးတာတွေလည်း ပါနေတယ် … ဟီး …
    :mrgreen:

    • ဦးကျောက်ခဲ

      August 2, 2014 at 11:39 am

      အဟီး… ကိုယ်တိုင်လုပ်စားကြည့်ရကနေ ကျွမ်းကျင်သွားပြီး…
      အမြဲ လုပ်ကျွေးနေရတယ် ဦးလေးရယ် လို့တော့ လာမညည်းနဲ့ ကိုရင်အံ…
      :mrgreen:

  • ဦးကြောင်ကြီး

    August 2, 2014 at 11:10 am

    ပေါက်ဆီနယ်တာ အဝှာအမှတ်နဲ့ဆို ပိုဆိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်နော် ဦးကျောက်စ်…။ ယောရောင်ပြီး ခေါင်းငိုက်စိုက် ထိုးမဝင်သွားဖို့တော့ လိုတာပေါ့လေ..။ ဒါနဲ့ ဦးကျောက် ခေါင်းခဏခဏ အခေါက်ခံရတယ်ဆိုတာ အဲဒါနဲ့များ စိုင်မလား..။ လိင်ရင်နှစ်ပြစ်..။
    ဒါနဲ့.. အနော် ကဂျီးလုပ် နှမ်းဆီ၁၀၀%အစစ် ၅၆အောင်စ သံပုံးတပုံး လျှော့ဈေးရလို့ ဝယ်ပြီး ဘယ်မှာ သုံးမှန်း မသိဖြစ်နေတယ်။ နှမ်းဆီအစစ်နဲ့ ကြေးအိုးဆီချက်ထဲ ထည့်စားတဲ့ နှမ်းဆီမွှေး အတူတူပဲလား..။ အခြားဘယ်မှာ သုံးသေးလဲ..

    • ဦးကျောက်ခဲ

      August 2, 2014 at 11:36 am

      နိုး နိုး ကိုရင်ကြောင် …. မတူဘူးဗျ…
      နှမ်းဆီစစ်စစ်ဆိုရင်တော့ မြန်မာမုန့်တွေလုပ်စားတာပိုကောင်းတယ်…
      ဆီထမင်းတို့ မုန့်စိမ်းပေါင်းတို့ လုပ်စား ၊ ငါး/အသားလုံးနယ်ရင်ထည့်…
      ကြေးအိုးတို့ ဟင်းသီးဟင်းရွက်ကြော်တို့ထဲထည့်ဖို့ဆိုရင် ကြက်သွန်ဖြူဆီနဲ့ပြန်စပ်…
      နှမ်းဆီတစ်ပေါင်ကို 15ml လောက်ရောပြီး သေသေချာချာ မွှေဗျ… မွှေးနေတာပဲ…
      :mrgreen:

  • မီ မီ

    August 3, 2014 at 11:06 am

    ပေါက်စီသာ ရောင်းပါတော့ရှင်
    လာဝယ်စားမယ် ဟိ :

    • ဦးကျောက်ခဲ

      August 3, 2014 at 11:56 am

      အခုလို ဝယ်ယူစားသုံးမယ့်သူရှိရင် စီးပွါးပြောင်းပါ့မယ် ခင်ဗျာ… အဟိ :mrgreen:

  • weiwei

    August 3, 2014 at 4:42 pm

    စမ်းပြီးပြီ ဆြာကျောက်ရေ ..
    ပေါက်စီက baozi မဖြစ်ပဲ jiaozi နဲ့ တူသွားတယ် .. အတွင်းအဆာပိုင်းကတော့ အရမ်းအိုကေတယ် .. အနံ့ကလဲ တူတယ် . .ဒါပေမယ့် ဂျုံက မပွဘူး ..
    ဂျုံနယ်တာ အထာမကျသေးလို့ ဒီနေ့ မန်ထို လုပ်ရင်း ဂျုံနယ်လေ့ကျင့်အုန်းမယ် …

    • ဦးကျောက်ခဲ

      August 3, 2014 at 5:41 pm

      အဟိ… ဆော်ဒါတော့ မေ့ခဲ့မယ် မထင်ဘူး…
      Flour အမျိုးအစားကွာရင် မုန့်သားလည်းကွာတာမို့ ဂျုံမှုန့်စစ်စစ်ဆို ရေနဲနဲပိုထည့်ပြီး ၁၅မိနစ်လောက် ပိုနှပ်လိုက်ပါ ။ မုန့်သားလက်ကျန်ကို Cling Wrap နဲ့ပတ်ပြီး ရေခဲသတ္တာအောက်ဆင့်မှာ သိမ်းထားလို့ရပါတယ် ။ ကျောက်စ် ဒီက All-purpose Flour တွေကိုပဲသုံးတာမို့ မဝေသုံးတဲ့ Flour အမျိုးအစားအတွက် Titration လေး လုပ်ကြည့်ပါလားဟင်….
      ဒါမှမဟုတ်… အောက်ခြေမှာ “ဆြာကျောက်စ် ပေါက်စီ” တံဆိပ်မကပ်လို့ ဖြစ်မယ်…
      :mrgreen:

      • weiwei

        August 4, 2014 at 9:21 am

        အားလုံးကွက်တိလုပ်ပေမယ့် yeast ကိုဖျော်တဲ့အချိန်မှာ ရေနွေးပူပူထဲထည့်လိုက်မိတာတစ်ချက် .. နောက်တစ်ခုက နယ်တဲ့ပုံစံနဲ့ သုံးတဲ့လက်အား မကောင်းတာတစ်ချက် … နှပ်ထားတဲ့အချိန် နဲသွားတာကတစ်ချက် … ဆြာကျောက်ပေါက်စီလို့လဲ မရေးမိဘူး ..

        ပထမအကြိမ်ဆိုတော့လဲ ဒီလောက်တော့ရှိမှာပေါ့လေ ..
        ဒုတိယအကြိမ်မှာ အောင်မြင်မှာပါ ..

  • padonmar

    August 4, 2014 at 12:19 am

    ငယ်ငယ်တုံးက အမနည်းပေးလို့ လုပ်စားဖူးတယ်။
    ဂျုံမပွတာ Yeast မကောင်းလို့/ရာသီဥတုအေးလို့ ဖြစ်မယ်ထင်တယ်။
    အဲဒီတုံးကတော့ ဂျုံ နည်းနည်းနဲ့ တဆေးနယ်ပြီး အမြှုပ်လေးတွေ စီလာမှ ဂျုံများများနဲ့ နယ်ခဲ့ရဖူးတယ်။
    အမြှုပ်မထွက်ရင် အဲဒီခွက်ကလေးကို နေပူထဲသွားပြခဲ့ရတယ်။
    အခုတော့ အစားတလုပ်တွက် အဲလောက်လက်ဝင်တာမလုပ်ဖြစ်တော့ဘူး။အချိန်မလောက်လို့။

    • ဦးကျောက်ခဲ

      August 4, 2014 at 9:34 am

      အန်တီဒုံပြောတာ သတိအခုမှထားမိတယ်…
      အမှန်ပါပဲ… ကျောက်စ် Yeast ကို အမြှုပ်ထမှ ကျန်တဲ့ Flour ကိုထည့်တယ်…
      စက်နဲ့မွှေရင် ရေကျက်အေးရယ် Yeast ရယ် Flour နည်းနည်းရယ်ကို…
      အပြင်မှာသက်သက်မွှေပြီး လေပူပေါင်းလေးတွေပလုံစီလာမှ ရောပါတယ်…

      • မြစာကလေး (23122011)

        August 15, 2014 at 2:44 am

        Yeast ကို ရေခပ်နွေးနွေး နဲ့ ဖျော် ရတာတဲ့။
        မဟုတ်ရင် ဘက်တီးရီးယား တွေ ကြွ ကုန်လို့ မပွ တာတဲ့။
        ရေအေး ရော၊ ရေနွေးပူပူ ရော မှာ ဘက်တီးရီးယား မရှင်ဘူးတဲ့။
        မုန့်နယ်တဲ့ ဆြာက ပြောတာ။ lol;-)))

        • ဦးကျောက်ခဲ

          August 15, 2014 at 8:20 am

          ဟုတ်ပါတယ်အရီး… ကျောက်စ်က ရေနွေးဆူပြီးသားကို သဘောလောက်နွေးရုံကလေးထားပြီး Yeast နဲ့ ကြွေပန်းကန်ထဲမှာ စပ်ပါတယ် ၊ အဟိ … မွှေတာတောင် ကြွေဇွန်းကလေးနဲ့ …။ ပြီးမှ Flour နည်းနည်းထည့် ၊ ပူစီပေါင်းလေးတွေလို အမြှုပ်ထမှ ကျန်တဲ့ Flour ကိုထည့်ပြီး အပြီးသတ်နယ်ပါတယ် ခင်ဗျ ။
          အဟိ… မုန့်နယ်တဲ့ ဆြာက အတွေ့အကြုံရှိပုံရတယ်…
          :k:

  • မြစာကလေး (23122011)

    August 14, 2014 at 10:50 pm

    ဟေ့ ကျောက်စ်
    အခု ပေါက်စ် လုပ်နေပြီ။
    ပိတ်ကားပေါ်မှာ မကြာမှီ တွေ့ ရမည်။
    အခု လက်ထောက်တွေ က လုပ်နေတယ်။
    မြ(စ်) က နှင်းစ် လိုဘဲ မှတ်တမ်း တင် သမား လုပ်စ် နေလယ်။ :-))

    ဖျား ဖျား သွား စစ်ဆေးတော့ ဒိုး ကြီး က အကြီးကြီး ဖြစ်နေပြီ။
    နှစ်ဆ လောက် ပွ နေပြီ။
    နာရီဝက်ဘဲ ရှိသေး။
    အဲလာ ကို မုန့်နယ် ဆြာကြီးက ဆြာကျောက်စ် ပြောသလို ၁နာရီ ခွဲ ကြာ ဆက်ထားဦးမတဲ့။
    ကြည့်ကြသေးတာပါ့။ :-))

Leave a Reply