ဆိတ်သုန်းအိမ်မက်

စဆရ ႀကီးAugust 8, 20141min22722

တစ်ကျိုက်ခန့်မျှသော ရွှေဝါရောင်အရည်တစ်ချို့ ကြမ်းရှရှ လည်ချောင်းတစ်ယောက် စီးဝင်သွားသည်။ မနေ့က တစ်နေ့သည် ယနေ့တစ်နေ့နှင့် အနည်းငယ်မျှ ထပ်တူမကျနိုင်သော်ငြား မနက်ဖြန်တစ်ရက်နှင့် အတော်လေး တစ်စိမ်းဆန်နေသေးသည်။ ကျွန်တော်သည် မသိခြင်းအချိန်အပိုင်းအခြားတစ်ခုတွင် မသိမသာ ပျော်ဆင်းနေသည်။ အိမ်မက်မှာ မမွေ့လျော်နိုင်သူတစ်ယောက်အနေနှင့် မသိခြင်းတွေကြားမှာ မူးယစ်နေခြင်းသည် မတန်တစ်ဆ မနိုင်ဝန်ထမ်းပိုးထားရသော ရင်နင့်ရှိုက် ငိုကြွေးမြည်တမ်းနေကြသော အချစ်ဒုက္ခသည်များထက်တော့ အနည်းငယ် သာလိမ့်မည်ထင်။

ရည်ဝေဝေ ခြေလှမ်းတွေကြားမှာ အရှေ့မျှော်ကြည့်တော့ ဝိုးတစ်ဝါးအနာဂါတ်တစ်ခုရှိရာသို့ တိုင်နှင့်ခေါင်းဆောင့်လိုက်၊ လေးဘက်ထောက်သွားလိုက်နှင့် သွားနေရင်း ပက်လက်လန်သွားသောအခါတွင်မတော့ ရှေ့ဆက်မတိုးနိုင်ပဲ ပြီးဆုံးခဲ့ခြင်းများကို မျက်မှောက်ပြုလျက်သားနှင့်။

မျက်ဝန်းထဲမှာတော့ အလျှံတစ်ငြီးငြီးတောက်လောင်နေသော တစ်ချိန်ကအိမ်မက်၊ တစ်ခါက ဘဝ၊ တစ်ချို့အချိန်များက အနာဂါတ်ဟုထင်မှတ်ထားသည်များ မမျှော်လင့်ထားပါပဲ မြင်ကွင်းမှာ ထင်ထင်ရှားရှား။

လဲကျနေတာမှ ကောင်းသေး၏။ ထသွားလျင် ကျိုးနေမှန်းသိတော့ပေမည်။

လက်ခုပ်သံများကြား တောင့်မခံနိုင်ကြသူတွေအကြောင်းကြားမိသောအခါ စိတ်တွင်မနာလိုုခြင်းအလျဉ်းဖြစ်မိသည့်အလျောက် ငိုသံတွေကြား မျက်ရည်သုတ်ရန် လက်နှစ်ဖက်မအားသူများကြားမှ တောင့်တောင့်ကြီးနှင့် မျက်ရည်တွေ တွေတွေကြီးကျနေသူတွေချင်း သက်မဲ့အပြုံးတွေ အချင်းချင်းပြုံးပြနေမိသည်။

နှုတ်ခမ်းကိုတော့ ဘယ်သူကမှ မဟကြ။ တိုစရာအံသွားတောင်မရှိတော့ပဲ အရှေ့သွားတောင်မတိုနိုင်ကြသူချင်း မချိပြုံးလေးများ ပြုံးနေလျက်သား။

++++++++++++++++++ ရှူံ းနိမ့်မှုများနဲ့.. လူ ++++++++++++++++++

ခါးကြားမှ သော့တွဲကိုဖြုတ်လိုက်ပြီး အခန်းတံခါးကို အသာဖွင့်လိုက်သည့်တစ်ခဏ တစ်နေကုန်အောင်းထားသည့်လေပူများ ကိုရင်စိုင်းမျက်နှာကို အတင်းလုယက်ပြေးထွက်သွားကြသည်။ အမှောင်ထဲ ကျင့်သားရနေသည့် လက်များက ခလုပ်တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည့်တစ်ခဏမှာပင် အခန်းတွင်းတွင် အဲကွန်းလဲဖွင့်ပြီး၊ အလင်းရောင်လဲထွန်းပြီး၊ မျှော်လင့်ခြင်းမဲ့မျက်ဝန်းတစ်စုံ မထင်မရှားပေါ်ထွက်လာ၏။

တစ်နေ့တာကို မမျှမတဖြင့် အဆုံးသတ်ရပေပြီ။ လူပီသစေရန် လူတွေလုပ်သင့်လုပ်ထိုက်သည့် အလုပ်များလုပ်ပြီးသော်လည်း လူလုပ်ပြီး လူမဖြစ်သေးသော ကိုစိုင်းတစ်ကောင် ယောင်ချာချာနှင့် အခန်းတွင်းဝင်လာပြီး ယူနီဖောင်းနှင့် အတွင်းခံစွပ်ကျယ်၊ ဘောင်းဘီတို့ကို ဗီရိုအတွင်းရှိချိတ်များတွင် ချိတ်လိုက်ပြီးနောက် ကိုရင်စိုင်းတစ်ယောက် စိတ်မသက်မသာ အိပ်ယာကိုခင်းထားပီး လေးလံလွန်းလှသော ကိုယ့်ဝန်ထုတ်ဝန်ပိုးကြီးကို ပစ်လှဲလိုက်သည်။

ယခုမှပင် အတ္တဘောကြီးတစ်ခု မတန်မရာ အနားယူခြင်းသို့ရောက်ရတော့သည်။ တစ်ကယ်တော့ ဆန်ကုန်မြေလေးသက်သက်သာ။ လူ့တာဝန်ဘာမှ ကျေပွန်ခဲ့ခြင်းယခုတိုင်မရှိသေးပေ။

++++++++++++++++++ ရှူံ းနိမ့်မှုများနဲ့.. လူ ++++++++++++++++++

“ကိုယ်တို့ ကလေးယူကြရအောင်ကွာ”

သူမလက်ထဲမှ ဆေးတစ်လုံးကို ပါးစပ်ထဲအသာအယာပင် ပလောက်ကနဲနေအောင်ပစ်ထည့်လိုက်ပြီး ရေကို ဂွက်ကနဲမြည်အောင် တစ်ကျိုက်သောက်လိုက်ပြီးသည့်နောက် သူမထံမှ နဂါးမျက်စောင်းတစ်ချက်ကျလာသည်။

“ရှင်က အဲ့လိုပြောရရင် ကျွန်မတို့က ဘာများရှိသေးလို့လဲ၊ ဘာများအဆင်သင့်ဖြစ်နေပြီလဲ၊ ကိုယ်ပိုင်အိမ်လေးတစ်လုံးတောင်မရှိသေးပဲ ကလေးကလိုချင်နေသေးတယ်”

ပြောချင်ရာပြောပြီး များမကြာမီမှာပင် သူမသည်လည်း နောက်ရက်အလုပ်သွားရမည်ဖြစ်သည့်အတွက် အိပ်စက်ပျော်ခြင်းသို့ရောက်လေ၏။ ကိုရင်စိုင်းတစ်ယောက်မှာတော့ ယောကျာ်းသိက္ခာတစ်ခု မုဒိမ်းကျင့်ခံလိုက်ရသည့်အလား စပ်ဖျဉ်းဖျဉ်းနာကျင်ပြီး တစ်စိမ့်စိမ့်ပြန်ပြောင်းတွေးရင်း ပြောချင်သည့်စကားတွေအများကြီးနှင့် ဆွံ့အနေသူတစ်ယောက်ပမာ။ မျက်တွင်းဟောက်ပက်နှင့် အိပ်မပျော်သည့် ညတစ်ညအား ဖြတ်သန်းလျက်သား။

++++++++++++++++++ ရှူံ းနိမ့်မှုများနဲ့.. လူ ++++++++++++++++++

သူမမျက်နှာမှာ အပြုံးတစ်ပွင့် ပွင့်လျက်သား၊ သူမတစ်ခုခု ပြောစရာရှိနေပြီဖြစ်သည်။

ကိုရင်စိုင်းမှာတော့ လုပ်ငန်းခွင်မှာ ပြဿနာပေါင်းစုံဖြေရှင်းနေရချိန်ဖြစ်သည့်အတွက် သူမမှာတော့ ဆိုင်ပြင် စားသောက်ခမ်းမအတွင်း ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေရှာသည်။ ကိုရင်စိုင်းအလုပ်အနည်းငယ်ပါးသည့်အချိန်တွင် သူမထံသွားရာတွင်မတော့ သူမမှ ငါးခူပြုံး ပြုံးပြပြီး သူမဖွဘုတ်တွင် လူသိရှင်ကြားရေးထားသည်ကိုပြသည်။

သူမမှ ကိုရင်စိုင်းအလိုချင်ဆုံးလက်ဆောင်လေးကို ပေးတော့မည်ဖြစ်သည့်အတွက် ဝမ်းသာကြည်နူးခွန်အားတွေရှိလာကြောင်းအစချီထားသည်ကိုပြလေ၏။ လိုက်ခ်ထားသူတွေလည်းမနည်း။

နောက်တစ်ပါတ်တွင်မတော့ သူမမှ ကိုရင်စိုင်းဘာလို့များ လိုက်ခ်လေးတစ်ချက်တောင် မပေးသလဲဟု ပြစ်တင်စကားဆိုလေ၏။

အသို့ဆိုသော် ကိုရင်စိုင်းတစ်ယောက် လိုက်ခ်ခြင်း အလျဉ်းမရှိသောကြောင့်ဖြစ်သည်။

++++++++++++++++++ ရှူံ းနိမ့်မှုများနဲ့.. လူ ++++++++++++++++++

အားလုံးသည် THE END ဆိုမှတော့ လိုက်ကာကြီးကိုလှပ်ပြီး နောက်တွင်ဘာများရှိသနည်းဟု ကြည့်ချင်ကြမည်မထင်။

ပြီးဆုံးခဲ့ခြင်းများသည် တစ်ခါတစ်ရံများမှာတော့ ပျော်စရာ၊ တစ်ခါတစ်ရံများမှာတော့ ဝမ်းနည်းစရာ၊ တစ်ခါတစ်ရံများမှာတော့ နောင်များ… ဆိုရင်ဖြင့်တွေးကြပေလိမ့်မည်။

တစ်ကယ့်တစ်ကယ်မှာတော့ လူတိုင်း ပွဲပြီးသည်နှင့် ကိုယ့်နေရာကိုယ်ပြန်သွားကြသည်သာ။ ပြန်တောင်လှည့်မကြည့်ကြပေ။ တစ်ရံတစ်ခါများမှာတော့ ကြုံကြိုက်မိသည့်အခါများတွင်မတော့ ပြန်ပြောင်းပြောမိကြပေမည်။

ဟုတ်ကဲ့၊ THE END ပါ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

22 comments

  • nozomi

    August 8, 2014 at 11:53 am

    ဒီလို လုပ်စမ်းပါ ဗျာ
    ထပ်လာခဲ့မယ်

  • ဇီဇီ ခင်ဇော်

    August 8, 2014 at 12:00 pm

    ငင်။
    နာ ပထဆုံး မန့်မယ် ဆိုပြီး ပြေးလာတာ။
    :a:
    ဗျို့။ ကိုရင်စိုင်း “သည်အန်း “မလုပ်ပါနဲ့ဦးဗျ။

    ကျနော့ ဘဝမှာတော့ ကျနော် သေမှပဲ သည် အန်း ပြောလို့ရမယ်။
    အသက်ရှင်သရွေ့ကတော့ ဘာဖြစ်ဖြစ် သည်အန်း မပြောဘူးဗျာ။
    :mrgreenn:

    “အိမ်မက်မှာ မမွေ့လျော်နိုင်သူတစ်ယောက်အနေနှင့် မသိခြင်းတွေကြားမှာ မူးယစ်နေခြင်းသည် မတန်တစ်ဆ မနိုင်ဝန်ထမ်းပိုးထားရသော ရင်နင့်ရှိုက် ငိုကြွေးမြည်တမ်းနေကြသော အချစ်ဒုက္ခသည်များထက်တော့ အနည်းငယ် သာလိမ့်မည်ထင်”

    ဒီလို အရေးအသားတွေ ပြောတာ။
    တောက်ရမ်း ကြွေတယ်ရယ်။

    ပြန်လာတာ အားဂျီး ဝမ်းသာတယ်ဗျာ။
    :mrgreenn:

    • ဒီလိုပါဗျာ…

      အများကြီးမျှော်လင့်ထားမိတာတွေ အများကြီးဖျက်ဆီးခံလိုက်ရတာတွေ ကိုယ်တိုင်မြင်ရတော့ မျှော်လင့်ခြင်းတွေ အဆုံးသတ်သွားတာကိုပြောတာပါ။ ရှင်သန်ခြင်းတစ်ခုအတွက်တော့ ဆက်ကြိုးစားနေဆဲပါပဲ။

      ဒီဆိုက်အပေါ်မှာတောင် မျှော်လင့်ခြင်းဘာမှ မရှိတော့ချိန်မှာ အတိတ်ကိုပြန်လည်တူးဆွထားတာတွေပြန်ဖတ်မိပြီး တစ်ချိန်က ပျော်ခဲ့ဖူးတာတွေပြန်လွမ်းမိလို့…

  • nozomi

    August 8, 2014 at 12:01 pm

    ဒီလို လုပ်စမ်းပါဆိုတာ ပို့စ် ပြန်တင်ပေးတာကို ပြောတာနော်

    အချင်းချင်းကြား အားပေးစကားတစ်ခုရှိတယ်
    လောကကြီး မှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူးကွ
    လူလုပ်ရင် လူတောင် ဖြစ်တယ်

    အခုဖြစ်တာ နောက်ဖြစ်တာ
    ဒီလိုဖြစ်တာ ဟိုလိုဖြစ်တာတော့ ကွာပေ မပေါ့

    • ဦးနို့စို့မိကလည်း

      လူလုပ်ရင်လူဖြစ်တယ်ပဲ ပြောနေတယ်… မဖြစ်တာတွေလည်းအများကြီးပဲ
      နွေးနွေးထွေးထွေးပြန်လည်ကြိုဆိုတာ ဝမ်းသာပါတယ်

  • surmi

    August 8, 2014 at 12:09 pm

    တကယ့် မင်္ဂလာပါဗျို့
    အေးဆေးပြန်လာမယ်နော
    ဝမ်းသာလွန်းလို့ကတိုက်ကရိုက်ဝင်လာတာ
    လမ်းပေါ်မှာဘဲရှိနေသေးလို့ဗျာ ။

    @မခိုင်ဇာ
    ကျုပ် ည ၂ နာရီ အထိ နေခဲ့ရတာ အရမ်းကို တန်သွားပြီဗျို့ 🙂

    • ဇီဇီ ခင်ဇော်

      August 8, 2014 at 12:14 pm

      ဟိဟိ။
      ကျေးကျေးပါ ဆာဆာ။
      မက်မှန်လေး အတွက် လက်ဆောင်ထည့်ပေးလိုက်ပါ့မယ်။။
      :chit:

      ကိုရင်စိုင်းတော့ ကြုံရင် ကြက်ကျော် ကျွေးပါ့မယ်နော့။ :mrgreenn:
      ပြန်လာတာကို ကျေးဇူးတင်ပါတယ်။
      :s:

  • black chaw

    August 8, 2014 at 1:03 pm

    ရုပ်ရှင်တွေထဲမှာတော့ မင်းသား နဲ့ မင်းသမီး
    ညားပြီးကြရင် The End ပေါ့။
    အပြင် တကယ်လက်တွေ့ဘဝမှာတော့
    မင်းသား နဲ့ မင်းသမီး ညားပြီးမှ ဇာတ်လမ်းကစတာပါ။
    ဆိုတော့…
    The End ဆိုရုံနဲ့တော့ အားလုံးပြီးဆုံးသွားမယ်မဟုတ်တာ
    သေချာပါတယ်ကိုစိုင်းရေ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော။

    • ပြီးဆုံးခြင်းတစ်ခုရဲ့ နောက်မှာတော့ စတင်ခြင်းတစ်ခုတော့ စောင့်ကြိုနေမယ်ထင်ပါတယ် ဦးဘလက်ရေ..

      နောင်များမှာတော့ ဒရာမာကင်းဘဝကို မခံယူတော့ပဲ ပျော်စရာလေးတွေပဲ ရှာကြံရေးကြည့်ပါဦးမယ်ဗျာ.. ခုနေများတော့ ဒါလေးပဲရင်ဘတ်ထဲရှိနေသေးလို့

  • kyeemite

    August 8, 2014 at 1:18 pm

    ဝဲလ်ကမ်းဘက်ခ်ပါ ကိုရင်ရှုံး….
    -အရှုံးဆိုတာ ထာဝရမရှုံးနိုင်ပါဘူးလေ
    -ဘဝတွေထင်သလိုမြန်မြန်ဖြစ်လာလေ့မရှိတာလည်းသဘာဝပါပဲ
    -တစ်ချိန်ချိန်တော့………………………………“ဝေး” ကနဲထအော်မဲ့ ကိုရင့်အသံကြားယောင်နေမိပါတယ်
    :a:

    • အဲလိုမျိုးအော်ချင်ပါတယ် ဦးမိုက်ရေ

      ဒါပေမယ့် ခုထိ တိတ်တိတ်လေးဆုတောင်းနေမိတာကတော့ နောက်ထပ်ရိုက်ချိုးဖျက်ဆီးမခံရပါစေနဲ့လို့ပါပဲ

  • မဟာရာဇာ အံစာတုံး

    August 8, 2014 at 1:33 pm

    ကျုပ်လည်း ဝင်ပီး အားပေးတွားဘာဒယ် …
    ဘာဖြစ်ဖြစ် ကျုပ်ကဒေါ့ အရွှန်းလေး နည်းနည်း ဝင်ဖောက်လိုက်အုံးမယ် …
    ဟို … ဒုတိယ အကန့်မှာလေ …
    အဲ့ဒီ နှစ်ပိုဒ် မြောက် .. အောက်နားမှာ … ဆင်ဆာခန်း ပါတယ်နော် …
    အဲ့ဒီနား အရောက်မှာ အောက်မငီး တောင် ဖြစ်သွားသေး .. ဟေဟေ့ …
    :mrgreen:

  • ခင် ခ

    August 8, 2014 at 2:50 pm

    THE END ဆိုသော စာတမ်းသည် ဇတ်ကား ဇတ်ထုပ် တစ်ခုပြီးလို့လည်း စာတမ်းထိုးတတ်ပြီး နောက်ထပ်ကားတစ်ခု ပြန်စကာပြတတ်တဲ့ သဘောလည်းရှိပါသည်။ အဆုံးတစ်ခုသည် နောက်တစ်ခု၏ အစလည်းဖြစ်တတ်ပေရာတည်း
    ထိုကြောင့် THE END တိုင်း အပြီးအပြတ်ပြီးဆုံးသည်ဟု မှတ်ယူလို့မရသည့် သဘောလည်းရှိပေသည်။

  • kai

    August 8, 2014 at 2:53 pm

    ခါးကြားမှ သော့တွဲကိုဖြုတ်လိုက်ပြီး အခန်းတံခါးကို အသာဖွင့်လိုက်သည့်တစ်ခဏ တစ်နေကုန်အောင်းထားသည့်လေပူများ ကိုရင်စိုင်းမျက်နှာကို အတင်းလုယက်ပြေးထွက်သွားကြသည်။

    အပြင်ထက်… အခန်းထဲကပိုပူနေတဲ့သဘောပေါ့…။
    အင်း..
    အပူပိုင်းအာရတ်တိုင်းပြည်တနေရာက.. အဲလိုလို့.. မထင်လိုက်မိဖူး..။

    • ဂလိုရှိတယ်သဂျီးရဲ့… အခန်းတွေက အဲကွန်းမဖွင့်ထားရင် လှောင်ပိတ်ပြီး အပူတွေစုနေတတ်တယ်.. အပြင်မှာလဲ ပူပါတယ်.. ဒါပေမယ့် လေတိုက်နေသေးတယ်.. နေအပူရှိန်ရှိပေမယ့် လေလေးကတိုက်နေတော့ နည်းနည်းနေသာတယ်.. အခန်းထဲမှာတော့ အဲကွန်းမရှိပဲ ဘယ်လိုမှ နေလို့မရပါဘူး.. ဒီက အိမ်တွေသဘောသဘာဝအရ အလုံပိတ်တွေပဲ ဆောက်ထားတတ်ကြတာမို့ပါ။

      အဲ့လို

  • အလင်းဆက်

    August 8, 2014 at 3:45 pm

    ဂဇက်ရဲ ့… ရသကွက်လပ်ကို… အကျအန ဖြည့်ပေးတဲ့ပိုစ့်…

  • pooch

    August 8, 2014 at 4:49 pm

    အဆုံးသတ်ဆိုတာ နောက်တခုပြန်စဖို့အတွက် အဆုံးသတ်ရတာမျိုးတွေလည်း ရှိတာပဲ။
    The Secret သဘောတရားအရ အကောင်းတွေဖြစ်လာဖို့ စကြာဝဌာထဲကို ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ကို သံလိုက်စက်ကွင်းတွေဆီ ထုတ်လွှတ်လိုက်ရုံပဲ ။

    အကောင်းမြင်တတ်တဲ့ စိတ်က အကောင်းဖြစ်လာမဲ့ အရာတွေဆီ ခေါ်ဆောင်သွားတတ်တယ်။

    • ဘယ်လိုပြောရမလဲပေါ့ ပုချ်ရယ်

      အရာရာတိုင်းကို အကောင်းတွေချည်းပဲဖြစ်လာမယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်ထားဖူးပါတယ်၊ အကောင်းတွေချည်းပဲ တွေးထားဖူးတယ်၊ ဒီတော့ ပုချ်ပြောသလိုပဲ အကောင်းတွေလာမယ်လို့ ထင်ထားဖူးတယ်ပေါ့..

      တစ်ကယ့်တစ်ကယ်ကျတော့ မမျှော်လင့်ထားတာတွေ၊ လက်ထပ်ပြီးတာ တစ်နှစ်တောင် မရှိသေးချိန်မှာတင် ဖြစ်ပျက်သွားတာတွေကတော့ ဇာတ်လမ်းဆန်လွန်းတယ်ဗျာ

      ဒီတော့ ကောင်းတာတွေဖြစ်လာဖို့ကို မမျှော်လင့်တော့ပါဘူး၊ အဆိုးတွေကို ရင်ဆိုင်နိုင်ဖို့ပဲ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားမိတော့တယ်လေ..

      တစ်ခါတစ်လေတော့လည်း နိယာမတရားတွေက မမှန်တတ်ပါဘူးလေ

  • Mr. MarGa

    August 8, 2014 at 7:50 pm

    THE END ဆိုပေမယ့်
    ဘဝတစ်ခုလုံး အဆုံးသတ်သွားတာမှ မဟုတ်သေးတာဗျာ
    ဘဝထဲက အခန်းတစ်ခန်း အဆုံးသတ်သွားရုံပဲမလား
    နောက်ထပ် အခန်းသစ်တစ်ခုမှာ ဒီထက် ပိုကောင်းမယ့် အခြေအနေတွေ ဖြစ်လာနိုင်သေးတာပဲဗျာ
    အားမလျှော့နဲ့ဦးဗျို့

  • manawphyulay

    August 9, 2014 at 9:37 am

    THE END ဆိုပေမယ့် THE END ရဲ့ နောက်ကွယ်က အစပျိုးနေသလိုပဲ ဖတ်မှတ်ခံစားမိတယ်…

  • မြစာကလေး

    August 10, 2014 at 6:05 am

    မောင်ရှုံး – ပြောလို့ မဆုံးသေး။ အသံလေး ပြန်မြင်ရတာ ဝမ်းသာလှတယ်။
    အခုတော့ အိပ်ချင်မူးထူး ဖြစ်နေပြီ။
    နောက်နေ့ စကားတွေ အများကြီး ပြောပြမယ်။
    The End မဟုတ်သေးဘူး။

  • မြစာကလေး

    August 10, 2014 at 2:26 pm

    မောင်ရှုံး ရေ
    ရမ်းပြောလို့ မှားရင် ခွေးလွှတ်။
    သားသမီး လိုချင်လွန်း တဲ့ သူ နဲ့ မလိုချင်သူ ကြား မှာ (ဒါမဟုတ် မရ နိုင်သူ ကြားမှာ) ဖြစ်နေတဲ့ အကြောင်းလေးလို့ မြင်လိုက်မိတယ်။
    တကယ်တမ်းတော့ မောင်ရှုံး ရေ သားသမီးဆိုတာ တစ်နေ့ ကိုယ့် လက်ကို ဖြုတ်သွားမဲ့ သူတွေ ပါ။
    ကိုယ်လဲ ကိုယ့်မိဘ လက် ကို ဖြုတ်ပြီး နောက် လက် တစ်စုံ ကို ဆွဲခဲ့တာဘဲ။
    တကယ်တော့ နောင်ကိုယ့်လက် ကို ဖြုတ်သွားမဲ့ သားသမီး လက်ထက် တစ်ဘဝ စာ အအရေတွန့် တဲ့ အထိ ကိုယ့်လက် ကို ဆုတ်ထား မဲ့ ကိုယ့်ဘဝဖော် ရဲ့ လက် ကို ပိုပြီး အရေးပါ / အရေးထားသင့်ပါတယ်။
    ဆိုချင်တာက
    ဒီအကြောင်း လေး နဲ့တော့ ကိုယ့်ဘဝ ကြီး ကို The End မလုပ်လိုက်ပါနဲ့။

    လောကကြီး ထဲ ဘယ်သူ့ ဘယ်သူ မှ အင်မတန်ပြည့်စုံ နေတဲ့ Perfect ဘဝ ဆိုတာ မရနိုင်ပါဘူး။
    လူတိုင်း တစ်ခု မဟုတ် တစ်ခု လိုအပ်တာ စိတ် အလိုမကျတာ ရှိနေတာ ကို ယုံပါ။

    ဒီတော့ ရလိုက် တာ ကို သာ ပျော်ပျော်ရွှင်ရွှင် ယူပြီး ကျေနပ်လိုက်ပါ။
    နေတတ်ရင် ဘဝ က လှပါတယ် မောင်ရှုံး ရယ်။
    စာတွေ ဆက်ရေးပါ။ စကားတွေ ဆက်ပြောတာပေါ့။

    ချစ်ခင်စွာဖြင့်
    :-)))

Leave a Reply