ဒီ တစ်ပတ် အလှည့်ကျ စားဖိုမှူးကတော့ …
နင်းနင်း ခေါ် ရေမြေ့သနင်း ဖြစ်ပါတယ်။ ခွိ။
ရေမြေ့သနင်း ပြည့်ရှင်မင်းကို မီးဖိုချောင်သွင်းနိုင်တဲ့ နာ ကွ။။

:mrgreen:

သူတစ်ယောက်တည်း ချက်တာ မဟုတ်ပါဘူးတဲ့။
မဒမ်နင်း နဲ့ ၂ ယောက် အတူ ဈေးသွား အတူချက်တဲ့ ဟင်းတွေပါတဲ့ဗျားးး

ဪ။
လောကကြီး၊ လောကကြီး….

နှလုံးသား ဆီသို့ ဖြတ်လမ်းကို သိတဲ့ အမျိုးသားတွေ ပေါများလာပါ့ပေါ့လားးး
သာဓု!!!!

:kwi:

နင်းနင်းတို့ ဘာ စိတ်ကူးပေါက်မှန်းမသိပါဘူးဗျာ။ ၅ ရက်စာထဲရယ် ပေးတော့ ၅ ရက်ပဲ အရင်တင်လိုက်တယ်။

~~~~~~~~~~

 

တနလာင်္နေ့ 

.

.
ပုဇွန်အစပ်ကြော်လေးရယ်၊ မကျည်းသီးစိမ်းထောင်းကြော်လေးရယ်၊ ဒန့်သလွန်သီး ငါးနဲ့ ချဉ်ရည်ဟင်းလေးရယ်…

.

ရှလွတ် .. ပြန်တောင် လွမ်းတယ်… ပုဇွန်လေးတွေက ၅၀၀ ကျပ် ဈေးဆိုတော့ အတော်ပဲ … မကျည်းသီးစိမ်းလေးတွေကလဲ ၃၀၀ ကျပ်ဖိုးဆို အတော်ပဲလေ…
တပတ်စာ အစ မှာ အစပ်ကလေး နဲ့ ဖွင့်လိုက်ရင် တောက်လျှောက်ပွင့်သွားမယ်… ကံပွင့်သွားမယ်လေ…

.
ပုဇွန်အစပ်ကြော် – အရင်ဆုံး ၀ယ်လာတဲ့ ၂၀ ကျပ်သား ပုဇွန်လေးတွေကို ဖင်ဆိတ်ခေါင်းဆိတ်ပါမယ်… အရမ်းလဲ မဆိတ်ပါနဲ့.. အကောင်သေးရင် စားစရာ ရှိတော့မှာ မဟုတ်ပါဘူး… ဖင်လောက်ကိုပဲ အူမစိုက်မိဖို့ နည်းနည်း တိလိုက်ပါ… ခေါင်းက အာမယားချင်ရင် ဖြုတ်ပေါ့… သဘောပါ… ပြီးရင် မီးပေး ဆီလေးထည့် ဆနွင်းကတော့ ဆန္ဒရှိရင် ထည့်လိုက်ပေါ့… ပုဇွန်လေး ထည့်ကြော်လိုက်ပါ… ရဲလာပြီ ဆိုရင်… ခဏ အိုးဘေးလေး ကပ်ထားပါ… ပြီးရင် ငရုတ်သီး အကြမ်းဖတ် ဆ ထည့်ပြီး ကြော်လိုက်ပါ… နှာစချေပြီဆိုရင် နည်းနည်း မွှေးလာပါပြီ… ကြက်သွန်နီ ပါးပါး လှီးထားတာကို ထည့်ပြီး လှိမ့်လိုက်ပါ… ပြီးရင် ခုနက အိုးဘေးကပ်ထားတဲ့ ပုဇွန်နဲ့ ရောပြီး မွှေလိုက်ရင် ပုဇွန်အစပ်ကြော် လေး ရပါပြီ…

.
မကျည်းသီးစိမ်းထောင်းကြော် – တင်ဖူးပါတယ်.. ဒါပေမဲ့ ပြန်နွှေးပေးပါ့မယ်… အရင်ဆုံး မကျည်းသီးစိမ်းကို မညပ်တညပ်လေးထောင်းပါ… ထောင်းပြီးတာနဲ့ ကြော်ဖို့ တန်းလုပ်တာ ပိုအဆင်ပြေပါတယ်.. မဟုတ်ရင် မည်းကုန်လို့ပါ… ပြီးတာနဲ့ ဆီသတ် မကျည်းသီးစိမ်းထောင်းတာလေးကို ထည့်ပါ… ပြီးရင် ငပိထောင်းထားတာလေးကို ထည့်ပါ… သွေးတိုးရှိတဲ့ အိမ်ဆိုရင် လျှော့ထည့်ပေါ့… ငပိထောင်းဆိုတာက ငရုတ်သီးလှော်ထား၊ ပုဇွန်ခြောက်ထောင်းထား၊ ငါးပိ မီးဖုတ်ပြီး ရောထားတဲ့ ဟာပါ… ပြီးရင်တော့ ရေလေး နည်းနည်းထည့်ပြီး ဆူစေတော့ပေါ့… အရောင်လှချင်ရင်တော့ ဆီသတ်ကတည်းက အရောင်တင်မှုန့် နည်းနည်းထည့်ပါ… တနည်း ငရုတ်သီး အစိမ်းမှုန့်ပေါ့… ဆီပြန်ပြီး လုံးသွားရင်တော့ မကျည်းသီးစိမ်းထောင်းကြော်လေး ရပါပြီ…
ဒါဆိုရင်တော့ တရက်စာ ထမင်းမြိန်စေပြန်ပြီပေါ့… 

.

.

.~~~~~~~~~~

အဂါင်္နေ့ 

.

.

ကြက်သား အာလူး နဲ့ မဆလာမွှေးမွှေးလေး ဆီပြန်ဟင်း၊ ဂေါ်ရခါးသီးကြော်

.
ကြက်သားကလဲ ရင်ပုံသားကို ၅၅၀ ကျပ်ဈေး၊ အာလူးကတော့ အသေးအကြီးပေါ်မူတည်ပြီး ဈေးကွာတယ်.. ဂေါ်ရခါးသီးကလဲ ၃ လုံးမှ ၅၀၀ ကျပ်ဈေး

.
ကြက်သားဆီပြန် – ဆိုင်မှာ တခါတည်း ကြော်တုံးဆိုရင် ခုတ်ပေးလိုက်ပါလိမ့်မယ်… ထုံးစံအတိုင်း ဆီလေးသတ်လိုက်ပါ… ငရုတ်သီးစိမ်းမှုန့်လေးကိုတော့ အရောင်လှရုံ ထည့်ပါ… ပြီးရင် ကြက်သွန်ဖြူနီ ထောင်းထားတာလေးကို ထည့်ပါ… မွှေးပြီး လိပ်တက်လာရင်… ကြက်သားကို ထည့်ပါ… ရေစစ်ထားရင် ပို အရသာ စိမ့်ဝင်သလားပဲ… ပြီးရင် ကြက်သားအနူးကို ရေကြည့်ထည့်ပြီး စောင့်ပါ… ဆီကျန် ရေကျန်ဆိုရင်တော့ တော်ရုံ ရေခမ်းရင် မီးပိတ် အိုးချပေါ့… ဆီပြန်.. ဆီပြန်မှ ကြက်သားနူးအိကြိုက်ရင် ရေလိုသေးရင် ထပ်ထည့်ပြီး ဆီပြန်တဲ့ထိ စောင့်ပါ… မပြီးခင်မှာ မဆလာထည့်ဖို့ မမေ့ပါနဲ့ဦး… လက်ရှိတော့ ကုလားလေး မဆလာ အလွယ်သုံးဖြစ်တယ်… ဒါမှ မွှေးမွှေးလေးနဲ့ သွားရည်ယိုလာမှာပေါ့… ကဲ .. ဒါဆို… ကြက်သားဆီပြန်ဟင်းလေး ရပြန်ပါပြီ…

.
ဂေါ်ရခါးသီးကြော် – အရင်ဆုံးတော့ အခွံနွှာတာ တော်တော် စိတ်ပျက်စရာပဲ… စားသာ ကောင်းတာ … ပြီးရင် ပုံစံကတော့ ကြိုက်သလို တုံးနိုင်တယ်.. အပြားပုံစံလှီးမလား… အချောင်းပုံစံလှီးမလား… အရသာက အတူတူပဲ… ဆီလေးသတ်.. ကြက်သွန်ဖြူ ဓားပြားလေးနဲ့ ရိုက်ပြီးရင်… ခုနက တုံးထားတာလေးတွေ ထည့်လိုက်ရုံပါပဲ… ပြီးရင် နွမ်းသွားရင် တော်ပါပြီ ချလို့ရပါပြီ… အရည်လေးနဲ့ ဆီကျန်ရေကျန်ဆိုလဲ ချိန်သာ အိုးချလိုက်ပါ…
ဒါဆိုရင်တော့ ဆီပြန်မွှေးမွှေးလေးနဲ့ ဂေါ်ရခါးသီး ချိုချိုလေး ထပ်တွေ့ပြီး ထမင်းစားမြိန်ဦးမှာပေါ့…

.

.

.~~~~~~~~~~

ဗုဒ္ဓဟူးနေ့ 

.

.

ငါးဖယ်ခရမ်းချဉ်သီးအနှစ်ဟင်း နဲ့ ပဲသီးကြက်ဥရောကြော်

.
ငါးဖယ်ခရမ်းချဉ်သီး အနှစ်ဟင်း – ငါးဖယ်ကတော့ အရောပဲ ၀ယ်စားလိုက်တယ်… ဈေးကတော့ ၅၀၀ ကျပ်လား ၆၀၀ ကျပ်လား မမှတ်မိတော့ဘူးဗျ… အနေတော်လေးတွေ ပြားချင်လဲ ပြား.. လုံးချင်လဲ လုံးလိုက်ပေါ့… ပြားတာက အရသာ ပိုဝင်သလားပဲ..ထောင်းတာတွေ မပြောတော့ဘူးနော်…  ပြီးရင် ကြော်ထားလိုက်ပေါ့… ခရမ်းချဉ်သီးကိုလဲ အရော်သီးတွေ ပဲ ၀ယ်ထားတယ်ဗျ… ဒါမှချက်ရင် ပြဲမြန်ပြီး ခရမ်းချဉ်သီးအနှစ်က ပိုကောင်းတယ်ဗျ… သို့ပေသိ အလယ်က အစေ့တွေတော့ ထုတ်ရတယ်… အဖေ နဲ့ မတည့်လို့.. အဆစ်မြစ်နာဆို ယူရစ်အက်စစ်ဖြစ်တဲ့ အဲဒီအစေ့က အင်မတန်ဆိုး… ဒါနဲ့ ဆီလေးသတ် ကြက်သွန်ဖြူတော့ ထည့်ချင်ရင် ၂ မွှာလောက် ဓားပြားလေး ရိုက်ရိုက်၊ ငရုတ်ကျည်ပွေ့နဲ့ ဖိဖိပေါ့ အဲဒါလေးထည့်တော့ မွှေးတာပေါ့… ပြီးရင်တော့ အရောင်တင်မှုန့် ၀ါ ငရုတ်သီးအစိမ်းမှုန့်လေးထည့်.. ခရမ်းချဉ်သီး လှီးထားတာလေးတွေ ထည့် ကြေသေပြဲတဲ့အထိ မွှေလိုက်လှိမ့်လိုက်ပေါ့… ခရမ်းချဉ်သီးက အခွံလေးတွေ လှိမ့်လာရင်တော့ ငါးဖယ်ကြော်ထားတာလေး ထည့်ပြီး… အရသာ မြည်းကြည့်ပေါ့.. ကျွန်တော်ကတော့ နောက်ဆုံးမှာ ချစ်တို ငရုတ်ဆီလေး ထည့်ထည့်ထပ်စွက်တယ်… ပိုကောင်းမလားဆိုပြီး… ဒီလိုနဲ့ပဲ ငါးဖယ်ဟင်းကလေး ရပါပြီဗျာ…

.
ပဲသီးကြော် – ဒါကတော့ အလွယ်လေးပါ… ပဲသီး ၁ စည်း ၂၀၀ ကျပ်နဲ့ ၂ စည်းလောက် ၀ယ်လိုက်ပါ… ပြီးရင် စဉ်းပါမယ်… အိုးအပူပေး ဆီသတ်.. ကြက်သွန်နီကြိုက်ရင်တော့ မထူမပါးလေး တလုံးလောက် လှီးပြီးထည့်ရင် ကောင်းပါတယ်… ပြီးရင်တော့ ဆားလေး အရင်ထည့်လိုက်ပါ… ပြီးရင် မီးပြင်းပြင်းလေးနဲ့ မှာ ပဲသီးလေးထည့်လိုက်ရင် စိမ်းစိမ်းစိုစိုလေးနဲ့ လှမှာပါ… သို့ပေသိ ကျွန်တော်တို့က ကြက်ဥကလေးနဲ့ ဆိမ့်ဆိမ့်လေးစားမှာဆိုတော့ အဲလို မကြော်ချင်လဲ ရပါတယ်… ပြီးရင်တော့ ပဲသီးကြော်လေး ရပါပြီ…
ဟင်းတွေကတော့ အသားဟင်းတခွက်၊ အသီးအရွက် တခွက်ချက်ပါတယ်.. အရည်သောက်ကလေးလိုရင် ဆီကျန်ရေကျန်လေးကိုမှ ခပ်သောက်ပြီး အူစိုစေပါတယ်… 
ဒါဆိုရင် ဗုဒ္ဓဟူးနေ့ ဟင်းလျာလေးကို မျက်လုံးထဲ ပေါ်လောက်ပါပြိနော်….

.

.

.~~~~~~~~~~

ကြာသပတေးနေ့ 

.

.

ရှောက်သီးသုပ် နဲ့ ပိန်းဥအရည်သောက်

.
ရှောက်သီးသုပ် – ရှောက်သီးကတော့ တလုံး ၃၀၀ ကျပ်ဆိုတော့ ဈေးသိပ်မပေါဘူးဗျ… အလုံးကြီးတော့ စားမယ့်သူနဲ့ ချိန်သုပ်ရမှာပဲ.. တခြမ်းဆို တော်တော်လေးကို လောက်ပါတယ်.. လိုအပ်တာကတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိထောင်း၊ ရှောက်သီးနဲ့ ပုဇွန်ခြောက်မှုန့်တို့ပါပဲ… ငံပြာရည်လေးတော့ လေးချင်သေးရင် ထပ်ထည့်ပေါ့… ရှောက်သီးကိုခွာ ပြီးရင် ကြက်သွန်လေးတွေကို ပါးပါးလှီး မျက်စိမစပ်ချင်ရင် နည်းကတော့ မစမ်းဖူးသေးဘူး… ရေခဲသေတ္တာထဲ ထည့်ပြီးမှ လှီးရင် သိပ်မစပ်ဘူးတဲ့… တချို့ကတော့ စတီးအပြောင်သားကို ပါးစပ်မှာကိုက်တယ်.. ထားပါ.. အခိုးသတ်တာတော့ ရေ ၂ ရေလောက် ဆေးရင် ပြောင်ပါပြီ… ပြီးရင် သမအောင်သာ ရောလိုက်ပေတော့.. ဆီချက်ထည့်ချင်သေးရင်တော့ ထပ်ကွန့်နိုင်ပါတယ်… ဒါဆို ရှောက်သီးသုပ်ကလေး ရပြီပေါ့နော်…

.
ပိန်းဥ အရည်သောက် – ဒါကတော့ ရှမ်းပိန်းဥလား.. ဗမာ ပိန်းဥလား မသိဘူး.. ဥသေးသေးတွေ ဖြူဖြူလေးတွေပဲ.. အဲဒါပိုစားကောင်းတယ်… ဥကြီးတာကျတော့ ဈေးလဲ ကြီးတယ်… တဥကို ၈၀၀ ကျပ်တောင်… အခုကျွန်တော်ချက်မယ့် ပိန်းဥကတော့ တဆယ်သား ၂၀၀ နဲ့ ၃၀ သား ၅၀၀ ကျပ်နဲ့ ပိန်းဥပါ.. အခွံချွတ်ပြီးသားကို ၀ယ်တော့ အလုပ်ရှုပ်သက်သာတာပေါ့… အဲဒါလေးတွေကို ထပ်ခြမ်းလေးတွေ ခြမ်း… ဆီသတ်ပြီးရင် ထည့်သာချလိုက်တော့… ပြီးရင် ရေများများထည့်ပြီး လွှတ်သာထား.. နူးမနူး စမ်းကြည့်ပေါ့… တရေကုန်လို့မှ မနူးရင် ထပ်ထည့်ပေါ့… ရေကျန် ဆီကျန်လေးနဲ့ နူးရင် စားလို့ရပါပြီ…
ဒါဆိုရင် ကြာသပတေးနေ့ကို ရှောက်သီးသုပ် ချဉ်ငံစပ်လေး နဲ့ အချိုချက် ပိန်းဥ အရည်သောက်လေးနဲ့ အိုကေပေါ့…

.

.

.~~~~~~~~~~

သောကြာနေ့

.

.

အမဲသားဟင်းစပ် နဲ့ မုန်လာဥချဉ်ရည်ဟင်း

.
အမဲသားဟင်းစပ် – ဒါကတော့ ယောကမအိမ်မှာ သွားစားတာဗျ.. စားတဲ့သူနည်းတော့ ၂၀ သားလောက်ပဲ ၀ယ်ထားတယ်… ဘယ်ဈေးလဲတောင် မမေးမိဘူး… အသားတုံးလေးတွေကိုတော့ ထမင်းစားတုံးလောက်လေးတွေ လှီးတယ်ဗျ.. အဓိကကတော့ ဂျင်းပဲ.. ပုံမှန်ဆီသတ်နေကျအတိုင်းပဲ ဆီသတ်တယ်… ဟင်းအနှစ်အတွက် ထောင်းတာထုတာမှာပဲ ဂျင်းလေးကို ရောထောင်းရတာ မဟုတ်ရင် ညှီမှာ.. အခုတော့ မညှီဘူး… ဆီထည့်၊ အရောင်တင်မှုန့် ထည့်၊ ဆီကျက်ရင် ထုထောင်းထားတာလေးတွေ ထည့် အသားတုံးလေးတွေ ထည့်ရုံပါပဲ… တခုပဲ ဆီပြန်ဆိုတော့ ရေလုံးဝ မကျန်အောင်ရယ်.. အနူးအတွက်ရယ် ရေချိန်ပါပဲ… ပြီးရင်တော့ မဆလာလေး အုပ်လိုက်ပေါ့.. တချို့ကတော့ မချက်ခင်တည်းက မဆလာတို့ ဘာတို့နဲ့ လုံးထားတတ်တယ်.. ပြီးရင် ပျင်းတော်သိမ်ကို ထည့်တတ်ကြတယ်.. အခုကတော့ တကယ်ကို မညှီတာပါ… ဂျင်းပဲ နိုင်းချင်း ထည့်လိုက်တယ်.. ရေလဲ ခန်း အမဲသားလဲ အနူးဆို မဆလာလေး အုပ်လိုက်ရင် ဟင်းစပ်တခွက် ရပါပြီဗျာ.. မွှေးချင်လွန်းလို့တော့ မဆလာလဲ အရမ်းမထည့်ပါနဲ့ တခါတခါ ခါးသွားတတ်ပါတယ်…

.
မုန်လာဥချဉ်ရည်ဟင်း – မုန်လာကတော့ ဈေးပေါနေပါတယ်.. တစည်းကို ၂၀၀ ကျပ်ပါ… ၂ စည်းလောက်ဆို အိုကေပဲ… အရွက်လေးတွေပါထည့်ပေါ့.. ပိုချိုတယ်… တချို့ဆို မုန်လာဥ လှီးရင် တစောင်းတောင် လှီးကြသေးတယ်… ကဲပါ.. ချက်ကြစို့.. ကျွန်တော်ကတော့ လုံးချက်ချက်တာဗျ… အိုးထဲမှာ ဆီရော အရောင်တင်မှုန့်ရော ကြက်သွန်ဖြူနီထောင်းထားတာရော ငါးပိရောပေါ့… ရေထည့်ဆူရင် မြည်းကြည့်လိုက်ပေါ့… မုန်လာဥက အဖြူနော်.. ချက်တာ.. အချိုရေလေးထွက်.. နူးပြီဆိုရင် မီးပိတ်… သိပ်မခက်ပါဘူး.. ဒါဆိုနောက်တခွက်ပေါ့…
ဒါဆို နောက်ထပ် တရက်ပြီးသွားပြန်ပါပြီ…

 

ကျွန်တော့်ရဲ့ ဟင်းတွေက ချက်ရမခက်ပါဘူး..

ဒါပေမဲ့ ထမင်းမြိန်မယ်.. ရာသီပေါ်ကိုမှ ဈေးဖိုးချွေတာချက်တာပါ…

ဟင်းအစပ်တွေကလဲ တခါတခါ စဉ်းစားမရတဲ့အခါမျိုးမှာ စမ်းချက်ဖို့ပါ…

နေ့တိုင်းချက်နေရတဲ့ အိမ်ရှင်မတွေ

ဟဲ ကျွန်တော်ဆို အိမ်ရှင်ထီးတွေ တွေးစရာရသွားတာပေါ့…

~~~~~~~~~~~

ရွာက ချက်နည်း မရှင်းတာမေးရင် နင်းနင်း ကိုယ်တိုင်ဖြေနော်။
နောက်လည်း ၇ ရက် စာ ပြည့်အောင်ကြိုးစား ချက်စား အဲ ကြိုးစားချက်ပေးနော်။

 

:k:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120