ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်……………

Ma MaAugust 10, 20141min31816

ခေတ်တွေစနစ်တွေ ပြောင်းလဲနေပြီလို့ ပြောတဲ့သူတွေက ပြောသလို…..

ဘာမှမပြောင်းလဲသေးဘူးလို့ ပြောနေကြသူတွေလည်း အများကြီး။ :p:

 

ပုဂ္ဂလိကအထူးကုဆေးရုံတွေ အများကြီးပေါ်ထွန်းလာတာနဲ့အတူ……….

အစိုးရဆေးရုံတွေမှာ အဆင်မပြေမှု့တွေကြောင့် လူအများစုဟာ ဆေးကုသရေးမှာ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို အားကိုးလာကြပါတယ်။

 

နိုင်ငံခြားထွက်နိုင်သူတွေကလည်း နိုင်ငံခြားထွက်ပြီး ကုသမှုခံယူကြတယ်။

ကိုယ်ဝန်ဆောင်တွေကလေးမွေးဖွားဖို့အတွက်ဆိုရင်တော့ အထူးကုဆေးရုံတွေကိုပဲ ရွေးချယ်ကြတာပေ့ါ။

 
Pregnant-women
ခုခေတ်မှာ မိခင်လောင်းတွေဟာ ကိုယ်ဝန်ရှိတာကို သိပြီဆိုတာနဲ့ မွေးဖွားတဲ့အခါ အဆင်ပြေအောင် အိုဂျီအပ်ပြီး စောင့်ရှောက်မှု့ခံယူကြတာ များပါတယ်။

 

အပ်ထားတဲ့အိုဂျီက အဆင်ပြေတဲ့ အထူးကုဆေးရုံဆေးခန်းကြီးတွေမှာ မွေးဖို့ဖွားဖို့ စီစဉ်လေ့ရှိကြပါတယ်။

ဒါပေမယ့် မွေးဖွားရင်း အရေးပေါ်ဖြစ်လာရင် ဗဟိုအမျိုးသမီးဆေးရုံကြီးကိုပဲ ပြေးကြရတာပါ။

 

မိတ်ဆွေတစ်ယောက် မီးဖွားမှာမို့ သားဦးလည်းဖြစ်၊ နယ်ကလည်းဖြစ်တော့ ငွေကြေးတတ်နိုင်သူဖြစ်ပေမယ့်
စိတ်ချရအောင် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာပဲ မီးဖွားဖို့ အကြံပေးတိုက်တွန်းမိပါတယ်။

 
images
အဲဒီလိုနဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို လူနာသတင်းမေးရင်း ရောက်သွားပါတယ်။

 

ရောက်တာနဲ့ ဆေးရုံက သန့်ရှင်းနေတာကို သတိထားမိလိုက်တယ်။
မိတ်ဆွေတက်တဲ့ အခပေးအခန်းက အဲယားကွန်းအသစ်နဲ့ ပြောင်းလဲတိုးတက်နေတာကို တွေ့လိုက်ရတယ်။

 

ကိုယ်ဝန်ဆောင်မိတ်ဆွေရဲ့ ကလေးအချင်းက ရှေ့ရောက်နေလို့ ခွဲမွေးရမယ်လို့ သိရပါတယ်။

လူနာစောင့်ကလည်းတစ်ယောက်တည်းမို့ ခွဲမွေးဖို့အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ၊ ဘာလိုသေးလဲလို့ ကိုယ်ကူညီနိုင်တာရှိရင် ကူညီရအောင်မေးကြည့်မိတယ်။

 

လူနာက အားတက်သရောနဲ့ ပြန်ပြောတာကတော့…….

ဆေးရုံက ကိုယ်ဝန်ဆောင်မိခင်အတွက် သံဓာတ်အားဆေးတစ်ပုလင်း အခမဲ့ပေးထားကြောင်း၊
အခပေးအခန်းအတွက် အခန်းခ ၁ရက်လျှင် ၁၀၀၀ဝ ကျပ်နှုံးပဲ ကျသင့်ကြောင်းနဲ့
ခွဲစိတ်ဖို့အတွက် ဆေးနဲ့ဆေးပစ္စည်းအပြည့်အစုံကို ဆေးရုံကပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

 

အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဝန်ထမ်းကို လက်ဖက်ရည်ဖိုးပေးတာတောင် “ပေးဖို့မလိုပါဘူး” လို့ပြန်ပြောသတဲ့။

ဆရာဝန်၊ ဆရာမတွေ၊ ခွဲစိတ်ခန်းခတွေ အခကြေးငွေ ပေးစရာမလိုဘူးလို့ ခွဲခန်းမှာ စာကပ်ထားတယ်လို့ ပြောပါတယ်။
ေဆေးရုံအုပ်ကြီးသို့ အကြံပေးစာ ဆိုတဲ့ စာတိုက်ပုံးလေးတွေလည်း နံရံတွေမှာ ကပ်ထားတာ တွေ့ရတယ်။
လူနာရှင်တွေ စိတ်ချမ်းသာကျေနပ်နေတာကိုကြည့်ပြီး ဆေးရုံတာဝန်ရှိသူတွေကို ချီးကျူ းမိတယ်။ :s:

တက်ရောက်ကုသကြတဲ့ ချို့တဲ့လူနာတွေအတွက်လည်း ဆေးရုံက နေ့လည်စာ နေ့တိုင်းအခမဲ့ကျွေးပါတယ်။

ဆေးရုံအုပ်ကြီးကိုယ်တိုင်က လစဉ်တစ်ရက် လှူ ဒါန်းပြီး၊ ဆရာဝန်/မတွေ လှူ ဒါန်းတာချည်းပဲ တစ်လကို ၁၅ရက်လောက် ရှိပါတယ်။
ကျန်တဲ့ရက်တွေမှာလည်း လာရောက်လှူ ဒါန်းကြတဲ့ စေတနာရှင်တွေရှိပါတယ်။
 

အစိုးရဆေးရုံတစ်ရုံဖြစ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ပြည်သူတွေကို ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန်နဲ့ ဆေးဝါးကရိယာတွေကို အခမဲ့ပေးပြီး ကုသပေးနေတာမို့………

 
ကလေးမွေးဖွားမယ်ဆိုရင် ပစ္စည်းကရိယာအပြည့်အစုံနဲ့ ငွေကုန်ကြေးကျသက်သာပြီး၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ အချိန်ပြည့်ရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ စိတ်ချမ်းသာစွာ တက်ရောက်မွေးဖွားကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်။ 🙂
 

ပြုံးပျော်ရွှင်
ပြုံးပျော်ရွှင်

 

 

 

16 comments

  • ဦးကျောက်ခဲ

    August 10, 2014 at 10:29 pm

    ဒီမှာတော့ မီးဖွားဖို့ အစိုးရဆေးရုံတက်ရင် ရိုးရိုးပဲမွေးမွေး ၊ ခွဲပဲမွေးမွေး တစ်ရက်ကို ဟောင်ကောင်ဒေါ်လာ-၁၀ဝ ကလွဲလို့ ဘာဖိုးမှမပေးရပါဘူး ။ ဗိုက်နာရင်လည်း ဖုန်းသာဆက်လိုက် အခမဲ့ ဆေးရုံကားနဲ့ အကြိုတော်ထောက်ပါတယ် ။ ယောက်ျားဖောင်စီး မိန်းမမီးနေလို့ဆိုတာမို့ အဲသည့်အချိန် အမှားအယွင်းရှိရင် မတွေးရဲစရာ… ။ သိရသလောက် မီးဖွားဖို့ ရန်ကုန်မှာ တကယ့်အရေးပေါ်လာရင် ဘယ်ပုဂ္ဂလိကဆေးရုံမှ ဂျင်မခါနာ (ဗဟိုအမျိုးသမီးဆေးရုံကြီး) လောက် ပစ္စည်းမစုံဘူးလို့ ဆိုတာပဲ…. ။ မြန်မာနိုင်ငံမှာလည်း အခုလို စံနစ်တကျ ရှိလာပြီဆိုရင် တကယ့်ကို ဝမ်းမြောက်စရာပါ… ဗရာဗိုပါဗျို့ …
    :k:

  • မြစာကလေး

    August 10, 2014 at 10:35 pm

    မမ နေကောင်းလား။ အားလုံး အဆင်ပြေလား။
    အသံလေးပြန်တွေ့ရတာ ဝမ်းသာပါတယ်။

    မမ ပြောတာ တကယ်ဟုတ်ပါတယ်။
    အပြင်ဆေးခန်း တွေ က တကဲ့ အရေးဆို ဆေးရုံကြီး ဆီဘဲ လွှတ်တာမို့ နဂိုထဲ က ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးတာ အကောင်းဆုံးပါ။
    ဟိုး အရင်ကတော့ အပေါ်ဆုံး VIP ခန်း မှာ တစ်နေ့ ငါးသောင်း။

    အပေါ်ပုံ က ကလေးလေး က ချစ်ဖို့ကောင်းလိုက်တာ။
    အောက်က ပုံ ကရော အသိလား။
    မြန်မာပြည်က သာမာန်လူလို မဟုတ်လို့။
    ကလေး မွေးပြီး စ မှာတောင် အတော်ချောတာ။ ရွှင်ရွှင်လန်းလန်းဘဲ။
    :-)))

  • ဦးကြောင်ကြီး

    August 11, 2014 at 2:26 am

    နော့်အတွက် တရုတ်သဗုံကြေးမုံဂျီးကို အဲဒမှာ မေးခိုင်းမဲ…

  • ဇီဇီ ခင်ဇော်

    August 11, 2014 at 6:14 am

    မမ ကို မြင်ရတာရော
    ကြားးးရတဲ့ သတင်းးတွေကရော ဝမ်းးသာစရာ

    :chit:

  • kyeemite

    August 11, 2014 at 8:42 am

    ကျုပ်သမီးမွေးတုန်းက သားဦးမို့ ကျုပ်လည်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှာမွေးဖို့စီစဉ်ခဲ့တယ်
    ၁၉၉ရ လောက်ကပေါ့..ဆေးရုံက တော်တော်ညစ်ပတ်ပါတယ်…သမီးမွေးပြီး ၂ရက်နေတာနဲ့
    အသားဝါဝင်တာပဲ..အဝတ်တွေချွတ်ပြီး မီးချောင်းအောက်မှာမီးပြထားရတယ်..
    ပိုက်ဆံကလည်း လူနာတင်လှည်းတွန်းတဲ့သူတောင်ငွေ ပေါ်တင်တောင်းလို့ ကိုယ့်လူနာကို
    ကရုစိုက်တွန်းပေးအောင် ပိုက်ဆံပေးရတယ်…ခွဲစိတ်ခန်းကလည်း လူနာမဝင်ခင်ကတည်းက
    ဘယ်သူအတွက်ဘယ်လောက်ဆိုပြီး တောင်းတာပဲ….
    လူနာစောင့်ထိုင်ဖို့ထားတဲ့ ခုံရှည်လေးဆို ကြမ်းပိုးပါရှိတယ်..တော်တော်ဒုက္ခများခဲ့သပေါ့
    ဒါ့ကြောင့်..သားအလှည့်ကျတော့ အပြင်ဆေးရုံမှာပဲမွေးလိုက်တယ်…အဆင်ကိုချောလို့
    ….ခုတော့မရောက်တာကြာပါပြီ
    အန်တီမမ ပြောတဲ့အတိုင်းဆို အများကြီးတိုးတက်လာတာပဲ..ဝမ်းသာပါတယ်

  • black chaw

    August 11, 2014 at 9:30 am

    ကလေးမွေးဖွားမယ်ဆိုရင် ပစ္စည်းကရိယာအပြည့်အစုံနဲ့
    ငွေကုန်ကြေးကျသက်သာပြီး၊
    ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ အချိန်ပြည့်ရှိတဲ့
    ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ စိတ်ချမ်းသာစွာ တက်ရောက်မွေးဖွားကြဖို့
    သတင်းကောင်းပါးလိုက်ပါတယ်။
    ဆိုတဲ့ သတင်းလေးက ကလေးအဖေ ရွှေတိုက်တို့
    ိမိန်းမယူတော့မယ် အမတ်မင်းတို့ အတွက်
    တန်ဘိုးရှိမှာပါ ခင်ဗျ။
    ရွာထဲ ပြန်မြင်တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ…။

  • ခင် ခ

    August 11, 2014 at 9:52 am

    ကျွမ်းကျင်မှုနဲ့လုပ်သက်ရင်ကျက်မှုကတော့ ဗဟိုအမျိုးသမီးဆေးရုံကဘဲ သာနေမြဲဖြစ်ပါတယ်။

  • ဦးဦးပါလေရာ

    August 11, 2014 at 12:06 pm

    .အဲသည်ဆေးရုံကိုတော့ လူနာကြည့်ရင်း တစ်နှစ်တစ်ခေါက်လောက်ရောက်ဖြစ်ပါတယ်။
    .လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက အလွန်ညစ်ပတ်၊ အလွန်မိုက်ရိုင်း၊ အလွန်ငွေညှစ်မိုက်ကြေးခွဲ တဲ့
    .အဆိုးဆုံးဆေးရုံအနေအထားကနေ
    .၂၀၀၈ လောက်က စ လို့
    .နှစ်စဉ်နဲနဲစီ တိုးတက်လာတာ တွေ့ရတယ်..
    .အခု မမ ပြောသလိုဆိုရင်တော့ တစ်နှစ်အတွင်း အကြီးအကျယ် တိုးတက်ပြောင်းလဲလာတာပေါ့….
    .အဲဒါဟာ ဘာကို ပြသလဲဆိုတော့
    .ဘာကိုမဆို ပြောင်းချင်ရင် ပြောင်းလို့ရတယ် ဆိုတာပါပဲ…။
    .တနည်းအားဖြင့် မပြောင်းတာမှန်သမျှဟာ အခြားအကြောင်းထက်
    .မပြောင်းချင်လို့ ဆိုတဲ့အကြောင်းက အဓိက ဖြစ်တယ် ဆိုတာပါပဲ…။

  • etone

    August 11, 2014 at 12:14 pm

    ကြားရတာ ဝမ်းသာ စရာပါပဲ …… ဒီလို ပြောင်းလဲမျိုးကို ကြိုဆိုပါတယ် ။
    တခြားဆေးရုံတွေမှာလည်း အဲ့လို ဖြစ်လျှင် ကောင်းမှာပဲ အန်တီရေ ။

    စကားမစပ် လှိုင်သာယာက ဆေးရုံမှာလည်း ဆေးရုံအုပ်ရဲ့ ညွှန်ကြားမှုကြောင့် ရိုးရိုးကလေးမွေးလျှင် တသောင်းခြောက်ထောင်လောက်ပဲ ကုန်တယ်ဆိုတဲ့ သတင်းကြားထားတယ် …. ။
    လက်သည်ကို ပေးရတာနဲ့ သိပ်မကွာတာကြောင့် ဆေးရုံတက်မွေးလာတာ များတယ်ဆိုတဲ့ သတင်းလည်း ကြားခဲ့ရသေးတယ် ….ဒီလို အပြောင်းလဲတွေ ဖြစ်လာတာ မင်္ဂလာရှိပါတယ် ။

  • weiwei

    August 11, 2014 at 2:41 pm

    အဝေးကြီး အလည်သွားထားတာပေါ့နော် .. 🙂
    မရောက်ဖြစ်တာကြာတဲ့နေရာဖြစ်လို့ အခုလို သိရတာ ဝမ်းသာစရာပါ ..
    ဆေးရုံတွေအားလုံး အဲလိုဖြစ်ရင် သိပ်ကောင်းမှာပဲ ..

  • အလင်းဆက်

    August 11, 2014 at 4:08 pm

    ခုခေတ်မှာ မိခင်လောင်းတွေဟာ ကိုယ်ဝန်ရှိတာကို သိပြီဆိုတာနဲ့ မွေးဖွားတဲ့အခါ အဆင်ပြေအောင် အိုဂျီအပ်ပြီး စောင့်ရှောက်မှု့ခံယူကြတာ များပါတယ်။

    တောနယ်ဘက်တွေတင်မဟုတ်..
    ကျနော်တို ့ရပ်ကွက်လို ဆင်းရဲသားရပ်ကွက်ထဲမှာတောင်…
    ဆေးရုံ ဆေးခန်း မှန်မှန်မပြနိုင်လို ့… အိမ်မှာပဲ… ဖြစ်သလိုလေး..မွေးလိုက်ကြတဲ ့…အဖြစ်တွေ.. ရှိသေးတယ်ဗျ… ။
    ————————

    အန်တီမမ… ရေ…
    အန်တီမမရဲ ့စာတွေကို..လွမ်းနေတာဗျ.. ။

  • TNA

    August 11, 2014 at 7:24 pm

    ဟုတ်တယ် ဟိုတခါရောက်ကတဲကသတိထားခဲ့မိတယ်။ နောက် ကလေးတွေမွေးပြီးပြီးချင်းအရေးပေါ်ဖြစ်ရင်လဲ အဲ့ဒီပဲပြေးရတာပဲ။ တခုပဲရှိတယ် သူက အပြင်လိုတော့ ကိုယ်လုပ်ချင်တိုင်းလုပ်မရဘူး။ ခိုးလုပ်လို့လဲမရဘူး။ သူတို့တင်းကြပ်တဲ့စည်းကမ်းအောက်မှာ လူတန်းစားမရွေးတန်းတူနေရတယ်

  • pooch

    August 11, 2014 at 7:27 pm

    သတင်​း​ကောင်​း​ပေါ့မမရယ်​ ကြားရတာဝမ်​းသာစရ​ာ​ပေါ့

  • lu lu

    August 11, 2014 at 8:34 pm

    ဪ တော်တော်တောင်ပြောင်းလဲနေပါရောလား ကွယ်
    လွန်ခဲ့တဲ့ လေး နှစ် ကမန်းလေး ဗဟိုအမျိုးသမီး ဆေးရုံ မှာများ မွေးလူနာသွားစောင့်ပေး
    ရတုန်းက လမ်းပြပေးတဲ့သန် ့ရှင်းရေးဝန်ထမ်း တွေကို လမ်းပြပို ့ဆောင်ခ ပေးရသေးတယ်လေ
    အခုတော့ အားလုံးအခမဲ့ဆိုတော့ အိမ်ထောင်ရှင်တွေ အတွက်ဝမ်းသာစရာပေါ့နော်
    😆

  • Ma Ma

    August 11, 2014 at 9:28 pm

    အားလုံးပဲ မင်္ဂလာပါ။

    ကျမသိသလောက် လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကဆိုရင် လှည်းတွန်းတဲ့သူကအစ လက်ဖက်ရည်ဖိုးမှမရရင် ဘာမှလုပ်မပေးဘူး။
    လိုအပ်သမျှဆေးနဲ့ ဆေးပစ္စည်းဝယ်ဖို့ လူနာရှင်ကို ရေးပေးတာ စာရွက်နဲ့အပြည့်။
    ဂွမ်းကအစ ပလာစတာကအစ အကုန်ဝယ်ရတယ်။
    တွေ့တဲ့သူက ဟောက်ရင်လည်း ခံရတာပဲ။

    အခုတစ်ခေါက် ဆေးရုံရောက်တော့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကအစ အော်ဟောက်ဆူပူတာမျိုးတွေမရှိလို့……….

    ဗဟိုအမျိုးသမီးဆေးရုံကြီးလို အခြားဆေးရုံတွေလည်း ပြောင်းလဲတိုးတက်လာရင် ကောင်းမယ်လို့ တွေးမိတယ်။

    မကောင်းတာတွေ့ရင် ပြောချင်သလို၊ ကောင်းတာတွေ့ရင်လည်း ပြောဖို့တာဝန်ရှိတယ်လု့ိ ယူဆပြီး
    ပြည်သူားတစ်ယောက်အနေနဲ့ ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေအတွက် လက်ခုပ်တီးပေးလိုက်တာပါ။ 🙂

  • thit min

    August 12, 2014 at 7:02 pm

    ကလေးဆေးရုံက.ကောင်းသတင်းလေးကြားပြီးရုံရှိသေး..
    ဒီသတင်းကြားရတာ..၂ဆပိုပြီး..ဝမ်းသာသွားမိပါတယ်..။
    မျှဝေမှုအတွက်လဲ ကျေးဇူးပါ မမ။

Leave a Reply