” နံနက်စာ ဟူသော Breakfast “

 

မိုးလင်းလို့ နံနက်ခင်းရောက်ရင် လူအတော်များများ နံနက်စာကို စားကြလေ့ရှိကြတယ်၊

ကျုပ်နေဖူးတဲ့ ရောက်ဖူးတဲ့ ဒီတိုင်းပြည်ရဲ့ မြို့တွေမှာတော့ နံနက်မိုးလင်းခြင်းကို ” ပဲပြုတ် ” လို့အော်သံတွေ   ” ကောင်ညှင်းပေါင်း ငချိပ်ပေါင်း အကြော် ” လို့ ဆိုသံ ” ဆီထမင်း၊ ကောင်ညှင်းပေါင်း ပဲပြူတ် ဆိုသော ဈေးရောင်းသံတွေ ကြားနေကြရပြီး ” လာပါအုံး ” ဟုဆိုကာ ၀ယ်စား တတ်ကြသလို တစ်ချို့ကလည်း မုန့်ဟင်းခါ အသုတ် အကြော် ဘိန်းမုန့် အီကြာကွေနဲ့လက်ဘက်ရည် သျှမ်းခေါက်ဆွဲ မြီးရှည် ပေါက်စီ နန်းကြီးသုတ် ထမင်းကြော် ထမင်းဆီစမ်းနဲ့ကြက်ဥကြော် အစရှိသဖြင့် ပါဆယ်ဝယ်သူဝယ် ဆိုင်မှာစားသူစား ပြုလုပ်တတ်ကြ သလို နံနက်ပိုင်း လဖက်ရည်ဆိုင်တွေမှာလည်းကောင်း နံနက်စာရောင်း သောဆိုင်တွေ အိုဒီယမ်တယ်လို ဒင်ဆမ်း ဆိုင်တွေမှလည်းကောင်း အပြည့်အလျှံအားပေး စားသောက်တတ်ကြပါတယ်။ ခရီးသွားဧည့်သည်တွေလည်း ဟိုတယ် က တည်ခင်းတဲ့ နံနက်စာကို စားကြတယ်လေ။ အဲဒီမှာ အနောက်တိုင်း နံနက်စာတည်ခင်းရင်တော့ သူတို့ဓလေ့ အချိုရည်တစ်ခွက်အရင် သောက်ပြီးမှ အစာဆက်စားကြတယ်ပေါ့၊ ဘယ်လိုဘဲဖြစ်ဖြစ် လူတိုင်းနီးပါး တစ်မိုးသောက်လို့ အိမ်ယာမှ နံနက်နိုးထတဲ့အခါ နံနက်စာ တစ်ခုခု စားကြ လေ့ရှိကြတယ်ပေါ့။

ထိုနံနက်စာကို ကမ္ဘာတစ်ခွင်ရှိ တောနယ်မှာလည်း တောဓလေ့ မြို့မှာလည်း မြို့ဓလေ့ နဲ့ တိုင်းနိုင်ငံတွေမှာ လည်း မိမိတိုင်းနိုင်ငံအလျှောက် ဓလေအစားအစာများ ပြုလုပ်စားကြပါတယ်၊ ကျုပ်တို့ နိုင်ငံမှာတောင် ရန်ကုန်ဆို နံနက်ခင်း မုန့်ဟင်းခါး ဆိုင်တွေမှာ လူအုံလောက်အောင်စားကြသလို မန်းမှာတော့ မြီးရှည်ဆိုင်တွေ မှာ လက်မလည်အောင် ရောင်းရ စားကြလေရဲ့ပေါ့၊ တောင်ကြီး လားရှိုး ဘက်တွေမှာတော့ ရှမ်းခေါက်ဆွဲ တို့ဗူးနွေးတို့က သူတို့ဒေသအတွက် နံနက်စာဆိုင် လူစည်းကားပေါ့ဗျာ။

အဲဒီလို နံနက်စာကို အနောက်တိုင်းစကားလုံးကတော့ အဓိပ္ပါယ်ရှိပြီး ကျန်းမာရေးကို ညွှန်ပြဟန်ပါနေတာကို တွေ့ရပါတယ်။ သူတို့အခေါ်က Breakfast ဟုသုံးနှုန်းထားလို့လေ။ အဲဒီစာကားလုံးတွဲကို အခုလိုလေးကြည့် လိုက်ပါ။

Break – အဆုံးသတ်စေသည်၊ အဆုံးသတ်သည်

Fast – ဥပုဒ်စောင့်သည်၊ အစာမစားဘဲနေသည်။

ထိုစကားရပ်နှစ်ခု၏ အဓိပ္ပါယ်ကို အခုလိုဆီလျှော်အောင်ရေးလိုက်တော့ ” အစာမစားဘဲနေမှုကို အဆုံးသတ် စေသည် ” ဟူသော Breakfast နံနက်စာအဖြစ် ဖြစ်လေတော့သည်။

တကယ်လည်း ညအိပ်ယာဝင်ချိန်မှ နံနက်နိုးထသည့် မိုးသောက်ချိန်ထိ အစာမစားဘဲ အိပ်ပျော်နေကြပြီး နေ့တစ်နေ့၏ ပထမဆုံးအကြိမ်အဖြစ် အစာမစားမှုကို ရပ်တန့်စေကာ အစားအသောက်ကို စတင်စားခဲ့ခြင်း မဟုတ်ပါလားဗျ၊ မြန်မာမှာတော့ နံနက်အစောပိုင်းမှာ စားသဖြင့် နံနက်စာ ဟုခေါ်တယ်ပေါ့။

တိုင်းရင်ကျန်းမာရေးအရ ရှေးအဆိုမှာလည်း နေ့တစ်နေ့ စားသောက်မှုတွေကို အခုလိုအဆိုရှိခဲ့ပါတယ်။

နံနက်စာကို ဘုရင်လို စား

နေ့လည်စာကို ပြည်သူလို စား

ညစာကို ကျွန်လို စား ဟုဆိုခဲ့ကြပါတယ်။

 

ဘုရင်တစ်ပါး စားပွဲတော်တည်းခင်းလျှင် ဟင်းအရံများစွာနှင့် စုံလင်စွာတည်းခင်း စားသောက်သကဲ့သို့ နံနက်စာကိုလည်း ခန္ဓာကိုယ်အဟာရဖြစ်အောင် ပြည့်ပြည့်စုံစုံ ၀၀လင်လင် စားသင့်ကြောင်း ဖော်ညွှန်းပြီး၊ နေ့လည်စာကိုတော့ အသင့်သင့် ကောင်းမွန်စွာ အဟာရဖြစ်စားသောက်ဖို့နဲ့ ညစာကို အလွန်အကျုးစားခြင်း သည်ခန္ဓာကိုယ်အ၀လွန်မှု အဆီတိုးမှုကိုဖြစ်စေသဖြင့် ရှေးအခါက ကျွန်များသည် ဗိုက်ဝလျှင်ပြီးရော ဆင်းရဲ သား စားသောက်ရသည့် ခန္ဓာကိုယ်အစာအိမ် ဆာလောင်မှုကင်းရုံမျှ စားသောက်နေခြင်းသည် ကျန်းမာရေး အတွက် ကောင်းမွန်သော စားသောက်နေထိုင်မှုအဖြစ် ဆိုရိုးထားခဲ့ကြတာဖြစ်ပါတယ်။

ပန်းပင်တွေဟာ ရေ နေ မရရင် ညှိုးငယ်ကာနေကြရသလို ထို ရေ နေ မရသည့်အခြေအနေမှ ရေလောင်းပေး လိုက်သောအခါ နေရောင်ခြည် ရရှိလာသောအခါ ရှင်သန်ကြီးထွား သန်မာလာသလို တစ်ညလုံး ခန္ဓာကိုယ် အတွင်းအင်္ဂါတွေမှာ အစာ ရေ အဟာရဓာတ် ပြတ်နေပြီး နံနက်စာ စားပေးလိုက်ခြင်းဖြင့် အဟာရဓာတ် စုတ်ယူရရှိကာ အသက်ရှည်ကျန်းမာစေခြင်း ဖြစ်စေပါသည်၊ တစ်ချို့က နံနက်စာကို အချိုရည်တစ်ခွက် ကော်ဖီ တစ်ခွက် လောက်နှင့်သာ ပြီးစီးစေခြင်း နံနက်စာ မစားခြင်းတို့ပြုပြီး နေ့လည်စာမှ ရင်ခေါင်းပြည်စားခြင်း ညစာ ကို ဘီယာဆိုင်တို့တွင် အစားအစား အရည်တို့ အတိုင်းအတာမရှိ စားသောက်တတ်ကြတာမျိုးကိုလည်း ရှိတတ် ကြပါတယ်၊ ထိုသို့ နေထိုင်စားသောက်မှုသည် ကျန်းမာရေး ရှုထောင့်အရ ရေရှည်အတွက် ကောင်းမွန် စေသော အပြုအမူမဟုတ်ပါ။

သို့ပါသဖြင့် ပုံမှန်အားဖြင့် ညအိပ်ယာဝင်ချိန်မှ နံနက်နိုးထချိန်ထိ အစာရေစာနှင့် အဟာရဓာတ် ပြတ်လပ် နေသော သင့်ခန္ဒာကိုယ် ကို သနားကြင်နာစွာ ဂရုစိုက်မှုတစ်ခုအဖြစ် Breakfast ဟူသော နံနက်စာ ကို ကောင်းမွန်စာ အဟာရပြည့် စားသောက် နေထိုင်ခြင်းဖြင့် ကျန်းမာမှုကို ရယူကြစေလိုကြောင်း တိုက်တွန်း ရေးသားလိုက်ပါသည်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..