အထားမှားတဲ့ ဘဝ…

alinsettAugust 13, 20145min18114
...

 

 

အထားမှားတဲ့ ဘဝ…

အခုတော့ အေးစက်စက် ညနက်ထဲမှာတောင်
ဆာလောင်မှုတွေအကြောင်း
ကဗျာရေးတတ်ပြီပေါ့။
ကိုယ့်အဖြစ်က အံဩဖို့ကောင်းသားပဲ ။
————
ညည်းတွားရှိုက်သံကြားက
လက်လက်ထနေတဲ့စိတ်ကူးတွေ
ချောက်ကမ်းပါးစွန်းကလူငယ်ကို
ဆွဲမတင်နိုင်ဘူး…
တည့်တည့်ပြောရရင်

ဒီလောကဟာ…မာယာများတယ် ။
————
တခြားသူတွေ ကြယ်စုံညထဲ
တွဲလက်တွေနဲ့ပျော်ပွဲဝင်နေချိန်မှာ
ကိုယ်ကတော့. . .မှောင်မဲညထဲမယ်
ကြယ်တွေစုံတဲ့ည သီချင်းလေးညည်းရင်းးး
တိတ်တိတ်လေး စိုလက်တောက်ပရတယ်
ကိုယ့်မျက်ဝန်းကလေးကို
ကိုယ် သနားတယ် ။
——————
တခြားသူတွေ နာမည်တစ်ခုခုကို ရေရွတ်တမ်းတလိုက်ချိန်မှာ
ကိုယ်ကတော့ ပျောက်သွားတဲ့ ကိုယ့်လျှာနဲ့ ခံတွင်းတစ်စုံကို တမ်းတမျှော်လင့်နေရ. . .
ဘာပဲဖြစ်ဖြစ်ပါလေ
ကိုယ့် မျက်ဝန်းလေးကို
ကိုယ် သနားတယ်။
—————–
လူကို မှုတ်ငြှိမ်းပြီး မီးခွက်လေးအိပ်ရာဝင်တယ်
အိပ်မက်တွေက လူကို ပြန်မက်ပြီး
မီးခွက်ကလေး လန့်မနိုးပဲ လူကလန့်နိုးရတယ်။
ဖြစ်ပုံများးးးး
ကမောက်ကမ ညဆိုးတွေ
လျှော့ဈေးနဲ့တောင် ရောင်းမကုန်ဘူး ။

———————–
ကွယ်. . .
အနာနဲ့ဆေး တလှည့်စီ
လာ လာပေးတတ်တဲ့
မုန်းလှစွာသော ကံကြမ္မာ
ဒီတစ်ခါလောက် ညှာတာပြီး
အပြီးတိုင် သတ်ဖြတ်လှည့်ပါတော့။
ခေါင်းမော့ထားတဲ့ ရာဇဝတ်သားလိုမျိုး. . .
ကိုယ့်လည်ပင်းက ဝါးရင်းတုတ်ကိုမျှော်နေတယ်။
———————–
မကြာတော့ပါဘူးလို့ ပြောစမ်းပါ
တစ်ယောက်ယောက် . . .
ဆက် သွားစရာမလိုတော့ဘူးလို့
ပြောစမ်းပါတစ်ယောက်ယောက်
တစ်ခွန်းပဲဖြစ်ဖြစ်
ဇာတ်သိမ်းခန်းလေး ကြားချင်တယ်
ဇာတ်မသိမ်းသေးဘူးဆိုရင်တောင်
ဇာတ်သိမ်းခန်းလေး ကြိုပြောပါ။
နာကျင်စရာဆိုလည်း ကြိုတင်ရယ်မောပစ်လိုက်ချင်လို့။
——————-
ဖယ်စမ်းပါ မတွဲနဲ့
ကိုယ့်ဘာသာ ကိုယ်မူးလဲပေးပါ့မယ်
ဂုဏ်ရှိန်မြင့်မားလှစွာသော အရက်တစ်ခွက်
မူးမလဲလိုက်ရရင် သိက္ခာကျတယ်။
ကိုယ့်ကိုယ်ကို ကွယ်ထားမယ်။
တချို့က မြင်တတ်လွန်းလို့ ။
——————–
သပြေတစ်ခက်လောက် ကပ်ထားရုံနဲ့
အနေမြတ်လှပြီထင်တဲ့သူတချို့ကိုကြည့်ပြီး
အသေအလဲ မရှက်တော့ပါဘူး
သူတို့ကသူတို့ ကိုယ်ကကိုယ်
ပါလာတာချင်းးမတူဘူး။
————————–
အလွမ်းတွေကို သာယာမိသလိုလိုရှိလာလို့
ပျောက်ဆုံးအနမ်းတွေအကြောင်းတွေးမိတုန်းမှာ. . .
အလွမ်းဆိုးပေတွေက
ကိုယ့်ကို လာသာယာသွားတယ်
အသာအယာထထွက်ခဲ့ပြီး
တခါတခါသိပ်ခက်တဲ့လောကလို့ဘယ်သူ့ကို ပြောပြရမလဲ။
တကယ်. . .ခက်တယ်. . .
————————
မနက်ဖြန်မနက်မှာ. . .
အမှတ်တရအဖြစ်အပျက်တွေကိုချရေးဖို့အတွက်
အမှတ်တရ ခဲတံလေး ရှာလိုက်ပါဦးမယ်။

ဒီဘဝကို. . .
ဘယ်နားများ သွားထားမိပါလိမ့်။

————————

အလင်းဆက်(Gazette)

11 / 8 / 2014
17 : 33

14 comments

  • surmi

    August 13, 2014 at 10:44 am

    ခဲတံနဲ့မရေးဘဲ ဖုန်းနဲ့ရေးနေပြီမဟုတ်လား 🙂

  • kyeemite

    August 13, 2014 at 10:54 am

    “သပြေတစ်ခက်လောက် ကပ်ထားရုံနဲ့
    အနေမြတ်လှပြီထင်တဲ့သူတချို့ကိုကြည့်ပြီး
    အသေအလဲ မရှက်တော့ပါဘူး
    သူတို့ကသူတို့ ကိုယ်ကကိုယ်
    ပါလာတာချင်းးမတူဘူး။”…….ဒီစာပိုဒ်လေးကိုခိုက်သွားတယ်ကွာ :))

    • အလင်းဆက်

      August 13, 2014 at 3:53 pm

      အဟီး…
      ဦးကြီး သဘောကျသွားတဲ ့…

      အဲဒီ စာသားတစ်ပိုဒ်အတွက်တော့…
      အားနာလှပါရဲ ့… ဟိုလူကြီးတွေကို.. .

      :mrgreen:

  • ခင် ခ

    August 13, 2014 at 11:19 am

    အရင်ဘဝ ဆိုတာ အတိတ် လို့မှတ်
    ဒီဘဝ ဆိုတာ ပစ္စုပ္ပန် လို့ဆိုကာ
    နောင်ဘဝ ကို အနာဂတ် ဟုယူဆပြီး
    စ လယ် ဆုံး ကောင်းရမှာမို့
    အစ ဖြစ်သော အရင်ဘဝ နဲ့
    ဆုံး အံ့သော နောက်ဘဝ
    ငါ ဘာမှမသိလေတော့
    အခုလက်ရှိဒီဘဝ ငါဘယ်လိုမျက်နှာပြရပါ့။

  • Kaung Kin Pyar

    August 13, 2014 at 11:39 am

    စာပိုဒ်လေးတွေအားလုံးကြိုက်လို့ ဘယ်တစ်ခုသဘောကျတယ်ဆွဲထုတ်ပြဖို့တောင် ခက်တယ်..။
    အလွမ်းအကြောင်းအတော်ရေးတာတော့ သတိထားမိတယ်..
    ဒါလဲ ရသတစ်မျိုးမို့…အလက်ဆင်း များများလွမ်းလေ…ရသတွေ များများထွက်လေ…

    :mrgreen:

    • အလင်းဆက်

      August 13, 2014 at 4:00 pm

      မမကောင်းကင်ပြာ…

      များများ..လာ အားပေးရမယ်နော်…

      😆

  • manawphyulay

    August 13, 2014 at 1:01 pm

    ခဲတန်ရှာမနေနဲ့
    ရော့ ကျောက်သင်ပုန်းနဲ့ရေးး….
    ဖျက်ချင်ရင် ခြံထဲမှာ ပေါက်နေတဲ့ ကျောက်သင်ပုန်းဖျက်တဲ့အရွက်လေးတွေ (ဖျက်လို့ရလို့ခေါ်တာ) ခူးပေးဦးမယ်။

    • အလင်းဆက်

      August 13, 2014 at 4:03 pm

      မမ မနောရေ… ကျောက်သင်ပုန်းလေးကိုလည်း..လွမ်းတယ်…

      😥

  • ဇီဇီ ခင်ဇော်

    August 13, 2014 at 1:10 pm

    အဟင့်။
    နာ့ ရဲ့ အထားမှားတဲ့ ဘဝထဲ မှာ အသားကျနေမှုကိုရော
    ဘယ်မှာ ရင်ဖွင့်ရမလဲ။

    😥

  • မြစာကလေး (23122011)

    August 14, 2014 at 10:23 pm

    ပုံထဲ က ကျီးကန်း တွေ နား မှာများ ထားလိုက်လေသလား ? 🙄
    မိုးရွာနေတုန်း ကွဲ့။
    ဓာတ်လိုက်လိမ့်မယ်။

    ဒီတစ်ခါ တော့ ဆက်ဆက် ရဲ့ ကဘာ ကို အရီး အထာ ပေါက်တယ်နော်။
    ;-)))

    • အလင်းဆက်(24/05/2011)

      August 15, 2014 at 1:12 pm

      မိုးရွာရင်… ဓါတ်ကြိုးနား ဘယ်လောက် ကပ်ကပ်..ဓါတ်မလိုက်ဖို ့များပါတယ်..အရီး
      ဘာလို ့ဆို..မိုးလေးနည်းနည်း အုံ ့လာတာနဲ ့.. မီးက ပြတ်ပြီလေ.. ။

      မိုးကြီးလေကြီးလာရင်.. မီးကြိုးတွေ ပျက်ကျမှာစိုးလို ့…စေတနာနဲ ့..မီးဖြတ်ပေးတာလေ..
      ဖြေရှင်းနည်း..ပေါ့နော်.. ။

      အဟိ.. ။
      ————————-

      ကဗျာလေးကို.. အထာပေါက်တဲ ့ ခံစားပေးသွားတဲ့ ..အရီးကို..ကျေးဇူးတင်ပါတယ်..

Leave a Reply