ကျနော်နဲ့ ဟိုကလေးမ (၂)

နောင် ရိုးAugust 16, 20141min17214

ကျနော်…ခန့်မှန်းရခက်တဲ့လူတွေထဲမှာ….ဒီကောင်မလေးက ထိပ်ဆုံးက ပါတယ်….။
သူမက တစ်ခါတစ်လေမှာ…သနားတတ်တယ်…၊ တစ်ခါတစ်လေကျတော့ သွေးအေးအေးနဲ့ ရက်စက်တတ်ပြန်ရော..။
တစ်ခါတစ်လေမှာ…ခက်ထန်နေတတ်ပြီး…တစ်ခါတစ်လေတော့လဲ ထင်မထားတတ်လောက်အောင်ထိ ပျော့ပြောင်းနေတတ်တယ်…။
မျက်လုံးဟာ…စိတ်ရဲ့ ပြတင်းပေါက်တစ်ခုသာဆိုရင်…သူမရဲ့မျက်လုံးဟာ…အချိန်မရွေးအရောင်ပြောင်းသွားနိုင်တဲ့ ကောင်းကင်တစ်ခုပါပဲ….။
ထိုသူမကို နောက်တစ်ခါ ပြန်တွေ့ဖို့ ကျနော် လေးလကျော်လောက်ထိ ကြာသွားခဲ့တယ်..။

အဖေတို့ အမေတို့နဲ့ Ocean သွားပြီးအပြန် ဗိုက်လဲဆာ..၊ လမ်းလဲကြုံတာကြောင့် ၈မိုင်က ရွှေဘဲဆိုင်ထဲ ကျနော်တို့မိသားစု ဝင်ခဲ့ကြတယ်…။
ဘယ်ဘဝက အကျိုးပေးကြောင့်တော့မသိဘူး….၊ ဆိုင်ထဲမှာ အလကားပေးနေသလိုကို လာစားကြတဲ့လူတွေ တစ်ပုံတစ်ပင်….
စားပွဲထိုးလေးကို ခုံနေရာ ရပါ့မလား..မေးတော့ တစ်ဝိုင်းတော့ လွတ်သေးတယ်အကို ဆိုတဲ့ပြောစကားကြောင့် အဲ့ဒီလွတ်နေတဲ့နေရာကို ငယ်ငယ်က တိုင်ဦးတိုင်းဆော့ကြတဲ့ ကလေးတွေလိုပုံစံမျိုးနဲ့ ကျနော်တို့ မိသားစုတွေ အပြေးအလွှား ချီတက်နေတဲ့အချိန်….

“ဟာ…ဗိုလ်မှူး…ရန်ကုန်ကို ဘယ်တုန်းကရောက်လဲ…”

အဖေ့ဆီက အဲ့လိုအသံမျိုးထွက်သွားတော့ ကျနော် အတော်စိတ်ပျက်သွားတယ်….။ လုပ်ပြန်ပြီဖားသားကတော့…။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့များ ဆုံရင်…ပွားဦးတော့မယ်…။ ဟိုလွတ်နေတဲ့ ခုံတစ်ဝိုင်းက ကျနော့်ကို နင်မြန်မြန်လာတော့နော်…မလာလို့ တခြားသူထိုင်သွားရင် ငါ့တာဝန်မဟုတ်ဆိုသလို ခပ်မာမာဒီဇိုင်းနဲ့လက်ယပ်ခေါ်နေပြီ…။ သွားတာကလဲ မိသားစုတစ်တွဲလုံးမို့ ယဉ်ကျေးမှုအရ…ကျနော်တစ်ယောက်ထဲ ဖဲ့ထွက်သွားလို့ကလဲ မကောင်း။ မိတ်ဆက်ပေးတာခံရင်း နှုတ်တော့ ဝတ်ကျေတန်းကျေဆက်လိုက်ဦးမှပါလေ…။ နောက်ပိုင်း အဖေ့အလုပ်ထဲကျနော်ဝင်ရမှာမို့ အဖေကိုယ်တိုင်ကလဲ သူနဲ့ခင်သမျှ သိသမျှလူ ကျနော့်ကိုပါ သိစေချင်တယ်….။
ဒါကြောင့် ခုံဝိုင်းဇောနဲ့ လှမ်းလက်စ ခြေလှမ်းကို ဘရိတ်အမြန်အုပ်ရင်း…မချိပြုံးတစ်ခု မျက်နှာပေါ် ကောက်တင်လိုက်ပြီး…အဖေနှုတ်ဆက်လိုက်တဲ့ ဝိုင်းကို လှမ်းကြည့်လိုက်တယ်….။
မျက်လုံးထဲမှာ….ဝင်းကနဲ လက်ကနဲ ဖြစ်သွားတယ်…။ ကြယ်တွေရော၊ လတွေရော၊ နေတွေရော အစုံအလင် မြင်လိုက်ရသလို….

“ ဟိုကလေးမ!!!”

သူမကတော့ အပြန်အလှန်နှုတ်ဆက်နေတဲ့ ကျနော့အဖေနဲ့ သူ့အဖေကို ပြုံးပြီးလှမ်းကြည့်နေတယ်…..။ အဲ့ဒီအပြုံးဟာ…လိပ်ပြာလေးကို မြှုပ်လိုက်ပြီးလို့ ကျေနပ်သွားတဲ အပြုံးမျိုးလဲ မဟုတ်ဘူး…၊ ဗရုတ်ကျလိုက်ရလို့ သဘောကျသွားတဲ့ ညစ်ကျယ်ကျယ် အပြုံးမျိုးလဲ မဟုတ်ဘူး….။
ခု သူမ ပြုံးနေတာက တိမ်ကင်းစင်နေတဲ့ ကောင်းကင်တစ်ခုလို ကြည်ကြည်လင်လင်လေး ရှိနေခဲ့တယ်…။
ကျနော် လွတ်နေတဲ့ဝိုင်းကိုလဲ မေ့သွားပြီ…၊ အပီဆွဲလိုက်မဟဲ့လို့ ပြင်ထားတဲ့ စိတ်ကူးထဲက ဘဲကင်တစ်ကောင်လဲ ပျောက်ချင်းမလှ ပျောက်သွားပြီ….။
မြန်မြန်ဆုံးဖြတ်တော့ ညီနောင်ရိုး…၊ ဒါ မင်းအတွက် အခွင့်အရေးတစ်ခုလဲ ဖြစ်တယ်…။ မင်းအရင် ၂ခါကလိုပဲ ကောင်မလေး ထွက်သွားတာကိုပဲ လှမ်းကြည့်ကျန်ခဲ့မှာလား…..

ကျနော် ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ပဲ ချလိုက်တယ်…။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲ ကျနော့်ရဲ့ အနာဂတ်မှာ ဒီမိန်းခလေး ပါလာခဲ့တော့တယ်…။
“ အမေ….. သား ဟိုကောင်မလေးနဲ့ ခင်ချင်တယ်….” အမေ့ပုခုံးကို အသာဖက်ပြီး အမေ့ကို ကျနော် တိုးတိုးပြောလိုက်တယ်…။ (ကျယ်ကျယ်ပြောချင်လဲ မရဘူး…၊ ကြားသွားမယ်လေ…)
အမေက ကျနော့်စကားကို ထူးဆန်းသလို မော့ကြည့်ပြီး ခပ်တိုးတိုးပဲ ပြန်မေးတယ်….။ (သူလဲ တိုးတိုးပဲ မေးလို့ရတယ်..)
“ ဘယ်တစ်ယောက်လဲ သား” တဲ့…
ဟုတ်သားပဲ….။ ဝိုင်းမှာထိုင်နေတာက…အဖေနှုတ်ဆက်တဲ့ အဖေ့သူငယ်ချင်း အသားညိုညို၊ ခပ်တောင့်တောင့်ဦးလေးကြီးတစ်ယောက်ရယ်၊ အဲ့ဒီဦးလေးကြီးရဲ့ အမျိုးသမီး အန်တီရယ်…၊ မိန်းကလေး ၂ ယောက်ရယ်…။ အဲ့ဒီမိန်းကလေး၂ ယောက်ထဲက ဘယ်သူလဲလို့ အမေ မေးချင်တာပါ…။
“အပြာရောင်လေးနဲ့ တစ်ယောက်”
အမေလဲ ဒီလိုမျိုးလေးဆို သဘောမကျစရာမရှိလို့ သဘောထားပုံလဲ ရပါတယ်…။ ပြီးတော့ ကျနော်က တစ်ဦးတည်းသော သားပေမယ့် ….ဆိုးသွမ်းနေတာမျိုးလဲ မရှိ၊ ခုလို ပူဆာတာမျိုးလဲမှ…မရှိခဲ့ပဲ….။
ကျနော် ဖြစ်ချင်၊ လိုချင်ရင် ရရမယ်လို့ခံယူထားတဲ့ ချစ်ဖို့ကောင်းတဲ့ကျနော့်အမေက ကျနော့်စကားအဆုံးမှာ ချက်ချင်းပဲ လှုပ်ရှားပါတယ်….

အဲ့ဒါကတော့ ကောင်မလေးရဲ့ အမေနဲ့ စကားလှမ်းပြောရင်း…ကောက်ကာငင်ကာ ဝိုင်းမှာ ဝင်ထိုင်လိုက်တာပါ…။ အမေဝင်ထိုင်လိုက်တော့ အဖေတို့လဲ ကြုံလို့ နှုတ်ဆက်ကြတဲ့ပုံ မဟုတ်တော့ဘဲ စကားလက်ဆုံကျသလို ဝင်ထိုင်ရင်း အလိုလိုတစ်ဝိုင်းထဲဖြစ်သွားတယ်…။
အမေက ကောင်မလေးအမေနဲ့ ဟိုဟိုဒီဒီပြော၊ ကျနော့်ကို မိတ်ဆက်ပေးပြီး..ခဏကြာတော့ အမေ့ဘက်က တစ်ဆင့်တက်တယ်….။

“သမီးရယ်…ဘာသင်တန်းတွေ တက်နေလဲ…၊ နောင်ရိုးက သင်တန်းတစ်ခုနားထားလို့ အားအားယားယား ဖြစ်နေတယ်..၊ အန်တီဖြင့် သူ့ကိုမျက်စိနောက်လှပြီ…”

“ ဘယ်လိုအပိုင်းကို စိတ်ဝင်စားတာလဲ အန်တီ”
ကောင်မလေးက ကျနော့်နာမည်လဲ ထည့်မသုံး၊ ကျနော့်ကို မကြည့်ဘဲ…အမေ့ကိုပဲ ဦးတည်ပြီး ပြန်မေးတယ်…။
ဒီအတွက်အဖြေကိုတော့ အမေ့ကိုကျနော် စိတ်မချတော့….။ ဒါကြောင့်..ကျနော်ပဲ ဝင်ပြောလိုက်တယ်…။
“ငါက အဖေ့အလုပ်မှာ နောက်ပိုင်းဝင်ရမှာမို့ General ပြာတာဖြစ်မှာ။ ဒီတော့ Management လဲ နည်းနည်း၊ Customer Service လဲ နည်းနည်း၊ စာရင်းအင်းလဲ နည်းနည်း၊ Admin HR လဲ နည်းနည်း ဘာဖြစ်ဖြစ် အကုန်သိမှ ရမယ်…။”
ဒါကျနော်…ဘောင်ချဲ့လိုက်တာပါ….။ သူမ ညွှန်းမယ့် ဘယ်သင်တန်းမဆို…(ကံကောင်းရင် သူမနဲ့ အတူပေါ့လေ) တက်လို့ရအောင် ဘယ်သင်တန်းမှမရွေးဆိုတဲ့ သဘောမျိုး ဝင်ပြောလိုက်တယ်….။
အဲ့ဒီအချိန်မှာ ကောင်မလေးရဲ့ မျက်လုံးက ကျနော့်မျက်လုံးဆီ ဒိုင်းခနဲ ရောက်လာပါတယ်…။ ငါ လို့သုံးလိုက်တဲ့ အသုံးကိုရော..ရင်းရင်းနှီးနှီးလှမ်းပြောလိုက်တဲ့ပုံစံရောကြောင့် မသင်္ကာသလို ကျနော့်စိတ်ကို လှမ်းဖတ်လိုက်တဲ့ အကြည့်ပါ….။
ကြည့်လိုက်တဲ့အချိန်က ခဏလေးပဲဆိုပေမယ့် သူမအကြည့်ကြောင့် ကျနော် အတော်ဖြုံပြီး ဖျားသွားတယ်….။

“ဘုရား…ဘုရား…မလွယ်ကြောလေးပါလား…”

ဒါပေမယ့်…ကျနော်လဲ သူမလောက်နီးနီး မှင်သေတာမို့…ရုပ်ကို ခပ်တည်တည်ပဲ ထားလိုက်တယ်….။

“အင်း….LCCI လောက်ဆိုရင်တော့ လှည်းတန်းက ဦးနေလင်းအောင်ကို သွားပါ..။ ACCA လောက်ထိ မှန်းရင်တော့ မကြီးကြီးလမ်းထဲက EC ဆီသွား….၊ HR ပိုင်းဆိုရင်တော့ သံဈေးကွန်ဒိုအပေါ်ထပ်က MHR ကောင်းတယ်…Management ပိုင်းလိုချင်ရင်…MBA တက်သင့်တယ်..။”

ကောင်မလေးက ရွှေဘုံသာအလယ်လမ်းမှာရှိတဲ့ အမေရိကန်ဗွီးရှင်းကို ကြော်ငြာတဲ့ လေသံနဲ့ ပြောတယ်…။

ကျနော်လိုချင်တာကို ခုထိ မရသေးဘူး….။
ဒါပေမယ့်…အမေက ဒီလောက်ဆို ကျနော် ဘာကို ပျိုးနေပြီဆိုတာ တန်းသိလေတော့…စကားကို ဒီနားတင်ပြတ်မသွားအောင် ထပ်ဆက်တယ်…။
“အေးကွယ်….သင်တန်းတွေကလဲ အစုံပဲ…ဘာတက်ခိုင်းလို့ တက်ခိုင်းရမယ်တောင် မသိဘူး…။ ဒါနဲ့ သမီးရော..ဘာတွေ တက်နေလဲ…”
“သမီး အခု…HR ပိုင်းကို စိတ်ဝင်စားနေလို့…မြေနီကုန်းက Thames မှာ ABE ရဲ့ Subject အခွဲ Advance HR ပိုင်းကို တက်နေပါတယ်…အန်တီ”
ကြည့်ပါလား…မကောင်းတဲ့အကျင့်ကိုက….သူညွှန်းသမျှ နေရာတွေထဲမှာ သူတက်နေတဲ့နေရာ တစ်ခုမှ မပါဘူး…။ ထားပါတော့လေ…။ ဘာဖြစ်ဖြစ် ကျနော် ကျေနပ်သွားပါတယ်….။
ကျနော် လိုချင်တာ…ရလိုက်ပြီကိုးးးးး
ကျနော်…အမေ့ကို အချက်ပြတဲ့အနေနဲ့ ခုံအောက်ကနေ လက်ကုတ်လိုက်တယ်….။ အမေကလဲ နပ်ပါတယ်….။
“အေးကွယ်…သမီးတက်နေတာ ကြာပြီလား….။ အသင်အပြရော ကောင်းလား…။ သံဈေးဘက်ကျတော့ အန်တီ ဒီကောင့်ကို စိတ်မချဘူး..၊ လူရှုပ်ရှုပ်နဲ့မှာ…သူ့စိတ်က လက်တစ်ဆစ်ရယ်…၊ ဟိုတစ်လောကတင် ရန်ဖြစ်လို့ သူ့အဖေသူ့ကို ဆူပြီးပြီ….”
အမေက ကောင်မလေး တက်နေတယ်ဆိုတဲ့ HR ဘက်ကိုပဲ ရုပ်တည်ကြီးနဲ့ ဇောင်းပေးပြီး ပြောတယ်…။
“တက်တာတော့ ၂ ပတ်လောက်ရှိပြီ အန်တီ…၊ ၂ပတ်ဆိုပေမယ့်…တစ်ပတ်တစ်ရက်မို့ ၂ ရက်ပဲ ရှိသေးတာပါ…။ အသင်အပြကတော့ ကောင်းပါတယ်….။ ဆရာဦးသိန်းဌေးသင်တယ်…”
“အေးကွယ်….၂ ရက်လောက်က စာလိုက်မယ်ဆို မှီပါသေးတယ်…။ သားက HR မတက်ဖူးတော့ သူ့ကို HR ဘာလဲ သိစေချင်တယ်..။ သမီးလဲ အဖော်ရှိတော့ အန်တီဖြင့် သားအားနေတာ တက်စေချင်တယ်…၊ သားရော…HR ပိုင်း စိတ်ဝင်စားရဲ့လား…”
တစ်လက်စထဲ အမေက ကျနော့်ကိုလှမ်းမေးတယ်….
ကျနော် ဘာဖြေလိုက်မယ်…ထင်လဲ……….??????

“ဟုတ်ကဲ့” လို့မှ မဖြေရင် ကျနော် လူမိုက်ဖြစ်သွားတော့မှာပေါ့ဗျာ……………….

ညီနောင်ရိုး
(16.8.2014)

(ခင်ပြီးနောက်မှာ…ကောင်မလေးရဲ့ စိတ်ရင်းကောင်းတာလေးတွေ၊ စိတ်မာချင်သယောင် ဆောင်ပြီး စိတ်အားငယ်တတ်တာတွေ….၊ ကျနော့်အပေါ် တစ်ခါတစ်လေတော့ သဘောကောင်းပြီး…တစ်ခါတစ်လေတော့ ချောက်ချတတ်တာတွေ…ခင်ဗျားတို့ကို ပြောပြဦးမယ်….။ သူမ ကျနော့်ကို တစ်ခါ ရုပ်တည်ကြီးနဲ့ ချောက်ချတာကတော့ ကျနော့်ရဲ့ မရှိမဲ့ ရှိမဲ့ အရှက်…ဗြန်းဗြန်းကြီး ကွဲခဲ့ဖူးပါတယ်…။ )

14 comments

  • Nyo Win

    August 16, 2014 at 1:57 pm

    ဒါမျိုးလုပ်ပါဗျ…အဆက်မပြတ်တော့ဖတ်ရတာသွေးနွေးတာပေါ့…
    ဒါနဲ ့ကိုနောင်ရိုး ဇ ကတော့ဗျာ ကျနော်နဲ ့တော့……….


    ဆန် ့ကျင်ဘက်….. 🙂

  • နောင် ရိုး

    August 16, 2014 at 2:05 pm

    အဆက်မပြတ်အောင် …. တင်ပါ့မယ်ဗျာ….။
    နောက်ပိုင်း သူချောက်ချတာတွေ၊ လက်ရှိ ကျနော်တို့ အနေအထားတွေ တင်ချင်တာတွေ ရှိသေးတယ်ဗျာရေ့….။
    ကျွတ်…ကျွတ်…ခေါင်းလဲ ကြိမ်းပါ့ဗျာ………

  • အလင်းဆက်(24/05/2011)

    August 16, 2014 at 4:09 pm

    နေပါဦး.. ။

    ဒီအပိုင်းလေးဖတ်ပြီး… အရင်တင်လိုက်တဲ့ အရှေ့ပိုင်းလေးကို ….ပြေးပြိး ပြန်ဖတ်ချင်စိတ်ပေါက်သွားတယ်။
    သွားပြန် ဖတ်လိုက်ဦးမယ်နော်.. ။

    ———
    :mrgreen:

    အလကားနောက်တာ…
    ဒီပိုစ့်နှစ်ပုဒ်တွဲကို…
    မှတ်ထားလိုက်ပြီဗျာ…

    😆

    • နောင် ရိုး

      August 17, 2014 at 9:24 am

      ရေးတဲ့နေရာ လိုအပ်တာရှိရင် ဝေဖန်ပါ ကိုအလင်းဆက်ရေ…..

    • နောင် ရိုး

      August 17, 2014 at 9:25 am

      နောက်ဆုံးမှ မလုပ်ပါနဲ့ ကိုကြီးမိုက်ရယ်…..။
      စောစောမန့်တော့ ကျနော် လိုတာရှိရင် စောစောပြင်နိုင်တာပေါ့…

  • ခင် ခ

    August 16, 2014 at 4:18 pm

    (“ဟုတ်ကဲ့” လို့မှ မဖြေရင် ကျနော် လူမိုက်ဖြစ်သွားတော့မှာပေါ့ဗျာ……………….)
    လိမ္မာလိုက်ပုံများနော်။

    • နောင် ရိုး

      August 17, 2014 at 9:26 am

      :k:
      :k:
      :k:

  • ဇီဇီ ခင်ဇော် (15102012)

    August 16, 2014 at 7:38 pm

    လူ ကို သိ တော့ ပို ဖတ်လို့ ကောင်းးးးးး
    :k:
    A Hoot..!!!

    • နောင် ရိုး

      August 17, 2014 at 9:27 am

      ရွာမယ်တော်….ဒေါ်ဇီဇီဇော်…
      ခင်ညားမသိတာ ကျန်သေးလား…။ ရွာထဲက ဘယ်သူလေလည်တာတောင် သိမလားမသိဘူး….။ ဂယ်ပဲ…
      A Hoot..!!!

  • မြစာကလေး (23122011)

    August 17, 2014 at 2:18 am

    အမေ ဝင်ပါမှ အဖြစ်ရှိရတဲ့ မောင်မင်းကြီး သားရယ်။
    နောက်ပိုင်း ကိုယ်ပိုင်အစွမ်း လေး တော့ မြင်ရမယ် မှန်းလိုက်ပါရဲ့။
    ဘရုပ်မလေးက သိပ်တော့ ခေလှသူ ဟုတ်မယ် မထင်။
    ဆက်နားထောင်နေပါ့တော်။ lol:-)

    • နောင် ရိုး

      August 17, 2014 at 9:32 am

      တင်ဖို့ ပြင်နေပါပြီ ခင်ည…
      ဆက်လက်အားပေးပါဦးညော်……..

  • Crystalline

    August 17, 2014 at 6:11 am

    တစ်ဝိုင်းတည်းထိုင်ပြီး ဘယ်သူပိုက်ဆံရှင်းလဲ… ကောင်မလေးရှေ့ ဘဲကင်တစ်ကောင်လုံးဆွဲခဲ့လား… ခိုင်းနှိုင်းချက်လေးတွေကလည်း စိတ်ဝင်ဇားဇရာ… :k:

  • နောင် ရိုး

    August 17, 2014 at 9:38 am

    ပိုက်ဆံရှင်းတဲ့အပိုင်းတော့ …. ကျော်နဲ့ မဆိုင်ဘူးလို့ကို သဘောထားတာ ခင်ည….
    :k:

Leave a Reply