Innlay’s History Story …….

Yin Nyine NwayAugust 15, 20101min921

ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊
ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ
ဓမ္မတာသဘောပင်တည်း။
(ဓမ္မပဒ)

အင်းလေးကန်ရဲ့ ဒဏ္ဍာရီ ပုံပြင်လေးတစ်ပုဒ်
ဒီပုံပြင်လေးက စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ နားထောင်မှာလား။
ပြောတော့မယ်နော်။ မောင်/ညီမလေး/ကိုကို/မမ တို့ရေ
ပုံပြင်လေးကတော့……………….
ဟိုးရှေ့ရှေ့တုံးကပေါ့ နိုင်ငံတစ်နိုင်ငံမှာ အင်မတန်မှ စိတ်ထားဖြူစင်ပြီး
တိုင်းသူပြည်သားတွေ ချစ်ခင်လေးစားတဲ့ ဘုရင်ကြီးတစ်ပါး မင်းလုပ်
အုပ်ချုပ်သတဲ့။
“မင်းကြီးများ”
“ဘုရား!!”
“ငါကိုတော် အရှင်မြတ် မင်းလုပ်အုပ်ချုပ်နေတဲ့ ဟောဒိ တိုင်းပြည် အတွင်းမှာ
ခိုး/စိုး/လုယက်/အနိုင့်အထက်ပြု

ခြင်းများ ရှိသလားဟဲ့”
“မှန်လှပါ ယင်းသို့သော ကိစ္စများ မရှိကြောင်းပါ ဘုရား”
“အေး အေး ဒါဆိုလဲ တိုင်းသူပြည်သားတွေ စားရေ ခဲဖွယ် ပေါကြွယ်ဝရဲ့လား”
“ပေါလျံ ကြွယ်ဝ အလှူဒါနများပင် ခြိမ့်ခြိမ့်သဲ စည်ကားနေကြောင်းပါဘုရား”
“ကောင်းလေစွ ကောင်းလေစွ၊ အခုလိုကြားရတာ ငါကိုတော်အရှင်မြတ် သာဓု
ခေါ်ချေတယ်”
“အင်း မရှိဆင်းရဲသူတွေကိုလဲ ငါကိုတော်ရဲ့ ဘဏ္ဍာတိုက်တော်ထဲက လိုသလောက်ထုတ်၊
ကူညီထောက်ပံ့စေကွဲ့နော်။ ငါ့တိုင်းသူပြည်သား တွေကို မင်းကြီးများက
ကို့ရင်နှင့်သားလို ကူညီစောင့်လျောက်ကြကွဲ့ ကြားလား”
“အမိန့်တော်မြတ် အတိုင်းပါ ဘုရား”
အဲ့ဒိလို သူ့ရဲ့ တိုင်းသူပြည်သားတွေကို သူ့ရင်မှဖြစ်တဲ့ သားသမီးများ
ကဲ့သို့ စောင့်လျောက် တော်မူသတဲ့။ ပြီးတော့ အဲ့ဒိဘုရင်ကြီးက ဘာသာ
သာသနာကိုလဲ အင်မတန်မှ ရိုသေကိုင်းရှိုင်းသတဲ့ကွယ်။ နေ့စဉ်နေ့တိုင်း
တရားထိုင် ပုတီးစိတ် စတာတွေကို အမြဲမပြတ် လုပ်ဆောင်လေ့ရှိတယ်။ ဒီလိုနဲ့
သူ့ကိုနတ်မင်းကြီးတွေက ချစ်ခင်လေးစားလာတော့ သူသစ္စာပြု ဆုတောင်းတိုင်း
ပြည့်စေဆိုတဲ့ဆုကို ပေးတယ်လေ။
အဲ့လိုနဲ့ နေလာရင်က သူ့တိုင်းပြည်နဲ့ အနီးဆုံးတိုင်းပြည် တစ်ခုက
ဘုရင်ကြီးရဲ့ တိုင်းပြည် ချမ်းသာကြွယ်ဝနေတာကို မြင်တော့ လောဘတတ်လာကာ
စစ်မက်ပြုမယ်လို့ စိန်ခေါ်လာတယ်လေ။ ဒီမှာပဲ ဘုရင်ကြီးက
“အင်း ငါ တိုင်းတပါးသားတွေနဲ့ စစ်မက်ဖြစ်ရင် ငါ့ရင်နှစ်ချစ်စွာသော
တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ
ပျက်စီးဆုံးရှုံးကုန်လိမ့်မယ်။”
“ဒီလိုဆိုက ငါဒီစစ်ကို ရှောင်လွှဲနိုင်အောင် စီစဉ်မှ တော်လေမယ်” လို့
စဉ်းစားဆင်ခြင်မိတယ်။ ဒီအချိန်မှာပဲ ဘုရင်ကြီးက သူ့ရဲ့
မူးမတ်တွေကိုခေါ်ပြီး ယင်းအရေးကိစ္စကို တိုင်ပင်ဆွေးနွေးမှု့ပြုတယ်လေ။
နောက်ဆုံးတော့ မူးမတ်အပေါင်းကလဲ ဘုရင်ကြီးရဲ့ အကြံကို
တပြိုင်နက်ထောက်ခံကြတယ်။
“တိုင်းသူပြည်သား လူအများတို့ရေ၊ ဒူဝေဝေ!!!!!!”
“အခုချိန်မှာဆိုရင် တိုင်းတပါးသားမျာက ငါတို့တိုင်းနိုင်ငံအား
လာရောက်ကျုးကျော် စစ်မက်ပြု ရန်ပြင်ဆင်နေသဖြင့် ပြည်သူပြည်သားများ
ဤနိုင်ငံမှ ဝေးရာသို့ ယခုချက်ချင်း ရွှေ့ပြောင်းစေ
မင်းတရားကြီးအမိန့်တော်၊ ဒူဝေဝေ!!!!!!!!”
တိုင်းသူပြည်သားမျာလဲ ကြောက်လန့် တုန်လှုပ်စွာနဲ့ လွတ်မြောက်ရာသို့
အလျင်အမြန် ပြောင်ရွှေ့ ကြလေတယ်။
ပြည်သူပြည်သားတွေ ပြောင်းရွှေ့လို့လဲ ကုန်ပြီဆိုရော ဘုရင်ကြီးက သူ့ရဲ့
အမတ်ကြီးကိုခေါ်ကာ
“အမတ်ကြီး ငါကိုတော်မြတ်အား ရေတစ်မှုတ်နဲ့ ပြာတစ်ဆုပ် ဆက်သစေ”
လို့မိန့်တော်မူလိုက်တယ်။ အမတ်ကြီးကလဲ ဘုရင်မင်းမြတ်အား ရေတစ်မှုတ်နဲ့
ပြာတစ်ဆုပ် ဆက်သလိုက်တယ်လေ။ ဘုရင်ကြီးက အဲ့ဒိရေတစ်မှုတ်နဲ့
ပြာတစ်ဆုပ်ကိုကိုင်ကာ ဘုရားရှေ့ကိုသွားပြီး အခုလိုသစ္စာ ပြုလိုက်တယ်လေး။
“အရှင်ဘုရား ဘုရားတပည့်တော်သည် ဤတိုင်းပြည်အား စတင်မင်းလုပ်
အုပ်ချုပ်စဉ်မှ ယခုအချိန်အထိ တိုင်းသူပြည်သားမျာအား ရင်နှင့်သားကဲ့သို့
ကြည့်ရှု့စောင့်ရှောက်ခဲ့ပါသည်ဘုရား။”
“ဤသစ္စာစကား မှန်ကန်ပါက တပည့်တော်၏ လက်ယာဘက် လက်အတွင်းမှရေများသည်
အင်းကြီးတစ်ခုဖြစ်ပါစေသား၊ တပည့်တော်၏ လက်ဝဲဘက်မှ ပြာများသည်
ဤအင်းကြီးတွင် လာရောက်နေထိုင်သူများ စိုက်ပျိုးစားသောက်နိုင်သော
ကျွန်းမျောများဖြစ်ပါစေသား” လို့ဆုတောင်းလိုက်တယ်ကွယ့်။ ပြီးတော့်
ဘုရင်ကြီးက သူ့လက်ထဲက ရေတွေကို သွန်ချလိုက်တယ် ဆိုရင်ပဲ အဲ့ဒိရေတွေဟာ
အင်းပြင်ကျယ်ကြီး တစ်ခုဖြစ်သွားရောတဲ့ကွယ်။ နောက်ပြီး ဘုရင်ကြီးက
လက်ဝဲဘက်လက်ထဲက ပြာတွေကို ခုဏကအင်းကြီးထဲ ကျဲပက်လိုက်တဲ့ အခါတော့
သူဆုတောင်းထားသလိုပဲ ကျွန်းမျေားတွေ ဖြစ်ကုန်ပါရောလား။
ဘုရင်ကြီးလဲ အဲ့လိုသစ္စာပြုပြီးတာနဲ့ သူ့ရဲ့သံလျက်ကိုယူပြီး အင်းကြီးရဲ့
အနောက်ဘက်ကို တရားအားထုတ်ဖို့ ထွက်သွားတယ်တဲ့ကွယ်။ သူသွားရာလမ်းမှာ
ပိတ်နေတဲ့ တောင်ကြီးတစ်တောင်ကို သူ့သံလျက်နဲ့ပိုင်းလိုက်တာ တောင်ရဲ့
ထိပ်ပိုင်းဟာ ဟိုးအဝေးကြီးကို ရောက်သွားပါရော။
အခုပြောခဲ့တဲ့ ပုံပြင်လေးကတော့ ကျွန်တော်တို့ အားလုံးသိတဲ့ အင်းလေးကန်ရဲ့
ပုံပြင်လေးပါပဲ။ တို့ငယ်လေးထဲက ပါးစပ်နဲ့လက်ဆင့်ကမ်းလာတဲ့ အင်းလေကန်ရဲ့
ဒဏ္ဍာရီ ပုံပြင်လေးပါ။ ဒါပေမဲ့လေ ်သိလား အင်းလေးကန်ရဲ့ အလယ်က
ဟင်္သာရုပ်လေးနားမှာတဲ့ ရေအောက်ကိုသေသေချာချာ ကြည့်ရင် ဟင်္သာပြဿား
သုပ်ထားတဲ့ တိုင်လုံးကြီးတွေကို တွေ့ရတယ်တဲ့။ အထူးသဖြင့် ကန်ရေနဲချိန်
မတ်လ ဧပြီလတွေဆို ပိုပြီး သဲသဲကွဲကွဲ မြင်နိုင်တယ်တဲ့။
အဲ့ဒိတိုင်လုံးကြီးတွေက ဘုရင်ကြီးရဲ့ နန်းတော်တိုင်လုံး ကြီးတွေတဲ့လေ။
နောက်တစ်ခု ထူးခြားတာရှိသေးတယ်။ အင်းလေးကန်ရဲ့ နောက်ဖက်ချမ်းက
ပွဲစားကုန်းရွာဖက် ထင်ပါတယ် ကျွန်တော် သေသေချာချာတော့ မမှတ်မိပါဘူး
အဲ့ဒိဖက်မှာ တောင်တစ်လုံးဟာ ထူးခြားစွာ တောင်ထိပ်မရှိပါဘူး။ ဓါးတစ်လက်နဲ့
ခုတ်ပိုင်းထား သလို ဝိုက်ပြီး ပြတ်ထွက်နေပါတယ်။ အဲ့ဒါကတော့ ကျွန်တော်လဲ
အင်းထဲသွားတုန်းက မြင်ဘူးပါတယ်။ ဘုရင်ကြီး ဓါးနဲ့ ခုတ်လိုက်တယ်လို့
ယူဆတဲ့ တောင်ပါ။ အဲ့ဒိတောင်ရဲ့ ထိပ်ပိုင်းက ပင်းတယအဝင်နားမှာ သွားကျလို့
စေတီငယ်လေးတစ်ဆူ တည်ထားတယ်လို့လဲ ပြောပါတယ်။ စေတီလေးကိုတော့် ကျွန်တော်
မဖူးဖူးပါဘူး။ အားလုံးဟာ ပုံပြင်ဆန်တဲ့ ဒဏ္ဍာရီလေးပါ။ ပါးစပ်ရာစဝင်လို့လဲ
ပြောလို့ရပါတယ်။ အင်းလေးကန်ရဲ့ စိတ်ဝင်စားစရာ ဒဏ္ဍာရီလေးတစ်ပုဒ်ပါပဲလေ။
ကဲ နောက်ဆုံးတော့ “ပုံပြင်လေးကတော့ ဒါပါပဲကွယ် မောင်/ညီမလေး/ကိုကို/မမ
တို့လဲ အင်းလေးကန်ကို ရောက်ရင် ပြောတဲ့ နေရာလေးတွေကို
သတိထားကြည့်ကြပေါ့နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ကျပါစေလို့
ဆုတောင်းရင်း…………….”

–~–~———~–~—-~————~——-~–

One comment

  • bigcat

    August 16, 2010 at 6:20 am

    ိဒီလိုဆို တပ်ချုပ်ကြီးက ရှေးဘဝက လက်နက်အားကိုးနဲ့ နယ်ချဲ့တတ်တဲ့ ဘုရင်ဆိုးကြီးဖြစ်ပြီး ဒေါ်စုက သူတော်ကောင်းဘုရင်ကြီးဖြစ်ရမယ်။ တပ်ချုပ်ကြီးက အရင်ဘဝက အငြိုးနဲ့ ဒေါ်စုကိုမတရားဖမ်း၊ သစ်တောပြုန်းအောင်ခုတ်ပြီး ဒေါ်စုသစ္စာပြုခဲ့တဲ့ အင်းလေးကန်ကို ရေခမ်းသွားအောင်လုပ်တာပေါ့။ ဒေါ်စုအိမ်ဘေးက အင်းယားကန်လည်း ဒီအတိုင်းဆို ရေခမ်းမဲ့အန္တရာယ်ရှိနေပြီ။ မြတ်စွာဘုရား ကယ်တော်မူပါ။

Leave a Reply