“အောင်ပါစေ အောင်ကျော်ချမ်းအေး ဆိုတဲ့ရွှေမန္တလေး……………..ရေ”

 

မန်းလေးမှာထူးခြားတာက ဝါတွင်းဆိုရင် သီချင်းဆိုပြီးအလှူခံတဲ့အဖွဲ့တွေထွက်ကြတာပါဘဲ။

ဆွမ်းလောင်းဘို့ အတွက် ဆိုပြီးရည်ရွယ်ပြီးထွက်ကြတာများပါတယ်။

အနီးဖိတ်၊အဝေးဖိတ် နဲ့ ဥပုဒ်နေ့တွေမှာထွက်ကြတာပါ။

ဟိုအရင်ကတော့ အခုခေတ်လို မြန်မာ့အသံမရှိ၊ မြဝတီမရှိ၊ ချယ်နယ်လ်ဆဲဗင်းမရှိ၊

စကိုင်းနက်မရှိ၊ဂြိုလ်တုစလောင်းမရှိ ဆိုတော့ ဒီလို့အဖွဲ့လေးတွေကိုတခုတ်တရ

နားထောင်ကြရတာပေါ့။

ကို်ယ်ကြိုက်တဲ့အဖွဲ့ များ လာမယ် ဆိုရင်အိမ်ရှေ့မှာ ရပ်ပါ။

ဘယ်သီချင်းဆိုပါလို့ တောင်းဆိုကြပါတယ်။

လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ခေတ် မှာ တောင်မှ

သီချင်းနားထောင်ဘို့ အတွက် အလှူ ငွေ

ငါးကျပ် တစ်ဆယ် ထည့် ကြတာပါ။

တွန့်တိုစိတ်လဲမရှိ သီချင်း ကိုလ ဲ ဝါ သ နာ ပါ တဲ့ သူဌေးများကတော့ အစိတ် ငါးဆယ် ထည့် သပေါ့။

အခုခေတ်ဆိုရင်တော့ ငါးရာမျုးိတစ်ထောင်မျိုးထည့်ကြပါတယ်။

ကဲ မန်းလေးသူ မန်းလေးသားများ သီချင်းကို ဘယ်လောက်ဝါ သနာ ပါ လဲ ဆို တာ တွက်ကြည့်ပေတော့။

ကျုပ်လဲမန်းလေး သားဆိုတော့ ဗေထိ ဆိုတာနဲ့ ကြည့် မိတာ ပါ ဘဲ။

သွားရင်းလာရင်းနဲ့ များ တကယ်ကို ကျကျ နန ဆို တဲ့အဖွဲ့ နဲ့များ ဆုံရင်

စက်ဘီးလမ်းဘေးထိုး

ဖိနပ်ဖင်ခုထိုင်ပြီး  အကျ အန နားထောင်ခဲ့တာပေါ့။

ရှက်စရာမလိုပေါင်ဗျာ။

ကျုပ်လိုဘဲ နားထောင်တဲ့သူတွေပေါမှ ပေါ။

ဝင်းတွေ ဝင်းတွေထဲ မှာနေသူ တွေကလည်း လမ်းမပေါ် ထွက်လာပြီးကြည့်ကြ။

လမ်းဘေးမှာနေတဲ့ သူဌေးတွေကတော့ သူတို့ တိုက်ပေါ်ကနေနားထောင်တာပေါ့ဗျာ။

ထားတော့။

ကျုပ်ကလဲ ကိုယ့်မြို့ နဲ့ကိုယ်ဝေးနေတာ သုံးလေးနှစ်ရှိပြီ။

ကျုပ်ပြန်ရောက်လာတော့ ဆိုင်ကယ်လေးနဲ့လှည့်ပါတ်ကြည့်မိတယ်မြို့ကတော်တော်ပြောင်းသွားတာကိုး။

အဆောက်အဦအသစ်တွေကလဲပေါမှပေါဘဲ။

အကုန်လုံးတိုက်တွေချည်းဘဲ။

အကုန်လုံးအထပ်အမြင့်တွေချည်းဘဲ။

ပိုင်ရှင်တွေကလဲမျက်နှာသစ်တွေချည်းဘဲ။

အဲလိုတိုက်ကြီးတာကြီးတွေကြားထဲမှာ အိမ်အသစ်မဆောက်နိုင်တာတောင်မှ

ပေကပ်ပြီး နေကြတဲ့ သွတ်မိုးထရံကာအိမ်လေးတွေ၊

တိုက်အဟောင်းကြီးတွေရှိနေသေးတာကိုလဲအံ့ဘွယ်အနေနဲ့ တွေ့လိုက်ရပါသေးတယ်။

အခု လဲ အရင်ကလို အလှူခံ အဖွဲ့လေးတွေ ထွက်တာပါဘဲ။

အရင်လောက် သဲသဲမလှူပ်ကြပေမယ့် သူ့ပရိသတ်နဲ့သူ တော့ ရှိနေတာပါဘဲ။

နေ့လည်ပိုင်းက ဈးချိုဘက်ရောက်တော့ အလှူခံအဖွဲ့ တစ်ဖွဲ့နဲ့တောင်တိုးသေးတယ်။

အမယ် ဟင်္သတထွန်းရင်ရဲ့ချက်ကြီး သီချင်းဆိုနေတာများ အပီ ဘဲဗျာ။

ကျုပ်လဲ ရပ်တောင်နားထောင်ချင်တာ လမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေရှုပ်ယှက်ခပ်နေလို့

နားမထောင်ခဲ့ရတာ။

 

********************************************************************

 

ညနေက သူငယ်ချင်းတစ်ယောက်ကလာခေါ်လို့ ၈၄ လမ်းပေါ်က မန်းမြို့တော်မှာ

လက်ဖက်ရည်သွားသောက်ကြတာပေါ့။

ကျုပ်တို့သူငယ်ချင်းတွေအမြဲတမ်းထို်င် တဲ့ မန်းမြို့တော်တောင်တိုက်အသစ်ကြီးဖြစ်နေပြီ။

အရင်လိုလမ်းဘေးမှာထို်င်ရတဲ့ဆိုင်လေးမဟုတ်တော့ဘူး။

စိန်လှအောင်ဆီချက်လဲမရှိတော့ဘူး။

ပွဲထိုင်ကတော့ပုံပြောင်းသွားတာကြာပေါ့။

လက်ဖက်ရည်ဆိုင်ကထလာတော့ ည ရှစ်နာရီကျော်နေပါပြီ။

သူငယ်ချင်းကလိုက်ပို့မယ်ပြောပေမယ့် ကျုပ်ကလမ်းလျောက်ပြီးပြန်လာလိုက်ပါတယ်။

လူထုတိုက်နားရောက်လို့ ကြည့်လ ိုက်တော့ တိုက်ကြီးကအသစ်ဖြစ်နေပြီ။

ဘယ်အချိန်ကဆောက်လိုက်တယ်မသိဘူး။

သူ့နံဘေးနားက ကဗျာဆန်လှ တဲ့ တစ်ခြမ်းစောင်းနေတဲ့

ပြိုလုလု တဲလေးကလဲ မရှိတာကြာပေါ့။

လူထုဦးလှလဲ မရှိတာကြာပေါ့။

အမေမာလဲမရှိတာကြာပေါ့။

နဂါးဒေါ်ဦးလဲမရှိတာကြာပေါ့။

ရွှေမန်းတင်မောင်လဲမရှိတာကြာပေါ့။

နဂါးဒေါ်ဦးတိုက်ကြီးကတော့ မပြောင်းမလဲအရင်အတိုင်းရှိသေးတယ်။

ဘယ်သူတွေပိုင်ပြီး ဘယ်သူတွေ ဆိုင်သေးသလဲတော့ကျုပ်မသိဘူး။

ကျုပ်လဲ ၃၃လမ်းကို လမ်းဖြတ်ကူးနေတုန်း သီချင်းသံကြားလိုက်ရတယ်။

အလှူခံအဖွဲ့ ကအသံပါဘဲ။

ကျုပ်လဲဟိုဘက်လမ်းကိုကူးပြီးတော့ဆက်မသွားဘဲ ရပ်ပြီး သီချင်း ကို နားထောင်တာပေါ့။

လှမ်းကြည့်လိုက်တော့ ရွှေမန်းတင်မောင်အိမ်နားမှာ ဆိုနေကြတာပါ။

သူတို့ ဆိုနေတာက “အောင်ပါစေ” သီချင်း။

“စီးပွားရေးနဲ့ကြီးပွားရေးသမီးရီးစားအရေးလဲအောင်ပါစေ “လို့သံပြိုင်အော်ဆိုတဲ့

နားရောက်တော့ ကျုပ်ရင်ထဲမှာ တစ်မျုးိကြီးဖြစ်သွားပါတယ်။

ရှေးက မန်းလေးသူ မန်းလေးသားအဟောင်းကြီးတွေ အဲဒီသီချင်းစာသားထဲကလို

အောင်ခဲ့ကြ ပါ ရဲ့ လား လို့ တွေးမိလို့ပါ။

ရှေးကအောင်ခဲ့ကြသူများရဲ့ မျိုးဆက်တွေက ရော

အခုဆက်ပြီး အောင် ကြပါသေးရဲ့လား ။

အခု မြင်နိုင်ပါသေးရဲ့လားလို့ဆက်တွေးမိတော့

နှင်းမကျ မိုးမရွာ ဘဲ ကျူပ်မျက်လုံးတွေဝါးလာပါတယ်။

စိတ်ထဲကတိုးတိုးလေးဆုတောင်းနေမိပါတယ်။

အောင်ပါစေဗျာ အုတ်ကျစ်ကျော်အေးဆိုတဲ့ ရွှေမန္တလေး……………..ရေ။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

17-8-2014

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။