ကျနော်လဲ ကားကို အရပ်ခိုင်းပြီး ……
ထမင်းဆိုင်ဘယ်ပြောင်းသွားလဲဆိုတာမေးဘို့ ကားပေါ်ကဆင်းလိုက်ပါတယ်။
ဟိုတယ်ဘေးနားမှာကွမ်းယာဆိုင်လေးဖွင့်ထားတာတွေ့လို့မေးမယ်ဆိုပြီးလှမ်းကြည့်လိုက်မှ ကွမ်းယာဆိုင်နောက်မှာကျနော်ရှာနေတဲ့ထမင်းဆိုင်ဆို်င်းဘုတ်ကိုတွေ့လိုက်တော့ အတော်လေးကို ဝမ်းသာသွားပါတယ်။
အဲဒါနဲ့ကျန်တဲ့လူတွေကို လှမ်းခေါ်လိုက်မှ ထမင်းမငတ်တော့ဘူးဆိုတာသိတော့ အားရဝမ်းသာဆင်းလာပါတယ်။
အဲဒီကိုရောက်တော့ 11နာရီပါ။
ကျနော်ခရီးထွက်လို့ထမင်းစားရင် တရုပ်ထမင်းဆိုင်မှာဘဲစားလေ့ရှိပါတယ်။
အရသာအပြောင်းအလဲဖြစ်အောင်ရယ် မှာမှချက်ခြင်းချက်ပေးတယ်ဆိုတော့
ပူပူနွေးနွေးရှိတာရယ်ကြောင့်ပါ။
မြန်မာထမင်းဆိုင်တွေက ဟင်းချက်ပုံကြိုက်တာ မကြိုက်တာရှိမယ်
အေးစက်စက်နဲ့ဆိုပြန်ရင်လဲ စားရတာ အဆင်မပြေလို့ပါ။

ထမင်းဆိုင်ထဲကိုလည်းဝင်လိုက်ရော ဆိုင်က ကောင်လေးက ” ဆရာကြီး အဲကွန်းခန်းထဲလာ “ဆိုပြီးသစ်သားပြားတစ်ဝက်မှန်တစ်ဝက် ကာထားတဲ့
အခန်းထဲကိုခေါ်သွားပြီး အဲကွန်းခလုတ်တွေကို ဟိုလှည့်ဒီလှည့်နဲ့ဖွင့်ပေးပါတယ်။
နောက် လေးယောက်ထမင်းစားမယ်ပြောတော့ ကောင်လေးက ဘီယာအရက် မှာအုံးမလားမေးတော့ထမင်းဘဲစားမှာဆိုမှ
ကောင်လေးက ရနိုင်တာတွေတန်းစီရွတ်ပြပါတယ်။
ကျနော်တို့က ငါးနဲ့ပါတ်သက်တာမှာမယ်လုပ်တော့ ဒီနေ့ငါးမရဘူးလို့ပြောပါတယ်။
ကားဆရာလေးကတော့ “လေးလေးတို့ကြိုက်တာမှာပါ”လို့ပြောပေမဲ့အားလုံးအစားညီတဲ့ ကြက်သားနဲ့ပတ်သက်တာတွေကိုဘဲမှာလိုက်ပါတယ်။
အဲဒီအချိန်မှာအပြင်ဘက်မှာရှိနေတဲ့ တီဗွီကို ဆိုင်ကကောင်လေးတစ်ယောက်က ရှေးအင်္ဂလိပ်သီချင်းဟောင်းတွေပါတဲ့အခွေကိုပြောင်းဖွင့်လိုက်တာကိုမြင်နေရပါတယ်။
စိုးပိုင်ဘာသာပြန်ပြီးဆိုထားတဲ့ ” အေဒင်ရယ် ချစ်သူရယ်”တို့ပါတဲ့ မူရင်းသီချင်းတို့ ABBA အဖွဲ့သီချင်းတွေလဲပါပါတယ်။
ကျနော်က ဒီပြင်ခွေပြောင်းဖွင့်ပေးဘို့ပြောတော့ ရေဒီယိုသီချင်းမရှိဘူးလို့ပြောပါတယ်။
ကျနော်က ချမ်းချမ်းဖြစ်ဖြစ် သားစိုးဖြစ်ဖြစ် ခေတ်သီချင်းဖွင့်ပေးပါလို့ပြောတော့ ကောင်လေးက အံ့ဩနေပုံရပါတယ်။
ဟင်းမှာရင်း အလုပ်ကိစ္စတိုင်ပင်စရာ ရှိတော့ လိုတာရှိရင်လုပ်ပေးဘို့စောင့်ပေးနေတဲ့ကောင်လေးကို လိုရင်ခေါ်လိုက်မယ်လို့နှစ်ခါသုံးခါပြောလဲ ကောင်လေးကရပါတယ်ဆိုပြီး မထွက်ဘဲနေပါတယ်။
ကျနော်တို့ကလည်း လျှို့ဝှက်ချက်ရယ်တော့မဟုတ်ပေမယ့် ကို်ယ့်လူနဲ့ကိုလွတ်လွတ်လပ်လပ်စကားပြောချင်တော့
ဗြောင်ဘဲအပြင်ထွက်ပေးဘို့ပြောလိုက်တော့မှ ဆိုင်ကကောင်လေးထွက်သွားပါတယ်။
အားနာသွားလို့ထင်ပါတယ် ကားဆရာလေးကလဲ အညောင်းဖြေတာလိုလို ဘာလိုလိုနဲ့ထွက်သွားပါတယ်။
ကျနော်တို့က မကွေးဘက်က ထွက်တဲ့နှမ်းအခြေအနေကို သွားကြည့်တာပါ။
စိတ်တိုင်းကျရင် လဲတစ်ခါတည်းဝယ်ဘို့စိတ်ကူးလဲရှိပါတယ်။
အဲဒါနဲ့မှာထားတဲ့ဟင်းတွေရဘို့ နာရီဝက်စောင့်ရပါတယ်။
တကယ်ဟင်းတွေရောက်လာတော့လဲဟင်းတွေက အရသာလဲရှိ စားရတာလဲအတော်လေးကောင်းပါတယ်။
ကျနော်ကလဲ ငါရွေးတဲ့ဆိုင်မှန်တယ်မို့လားလို့ ခပ်ကြွားကြွားလေးမေးတော့ အားလုံးက ကောင်းကြောင်းထောက်ခံကြပါတယ်။
အဲ စားသောက်ပြီးထမင်းဘိုးရှင်းတော့မှ အဲကွန်းအခန်းသုံးခ 3000ကျပ်ထည့်ပေါင်းထားပါတယ်။
တကယ်တော့ လုံလောက်တဲ့အအေးဓါတ်ကိုလည်း မရပါဘူး။
ကျန်တဲ့လူတွေ စိတ်ထဲမှာ အပြင်သာထိုင်မိရင် ဟင်းတစ်ခွက်ပိုရတယ်လို့ တွေးမိကြမှာအမှန်ပါဘဲ။
ကျနော်ကတော့ မမေးမမြန်းနဲ့အအေးခန်းကို ကြိုက်ချင်အုံးဟဲ့လို့ ကိုယ့်ကိုကိုယ်သာ အပြင်တင်မိပါတယ်။
ဒါပေမယ့် ပြီးသွားပါပြီ။
စားကြသောက်ကြအပေါ့အပါးသွားကြတာက မိနစ်20ဆိုတော့ဒီဆိုင်ကပြန်ထွက်တော့ 12နာရီထိုးခါနီးနေပါပြီ။
ရေနံချောင်းကလည်းထွက်တယ်ဆိုရော လမ်းကလည်းကုန်းတက်ကုန်းဆင်းတွေများလာပါတယ်။
ခပ်လှမ်းလှမ်းမှာတော့ ရေနံစင်တွေ ကို တစ်လမ်းလုံးမြင်နေရပါတယ်။
ကားလမ်းဘေးတစ်ဘက်တစ်ချက်က တောင်ကုန်း တွေမှာသစ်ပင်လေးတွေတွေ့နေရပေမယ့် အဝေးကလွင်ပြင်တွေမှာတော့
တောင်ကတုံးတွေများပါတယ်။လမ်းမှာတွေ့နေရတာကတော့ ရေမရှိတဲ့သဲချောင်းတွေပါ ။အခုခါမှာသာရေမရှိတာ မိုးရွာလို့တောင်ကျရေဆင်းပြီဆိုရင်တော့ တဝေါဝေါ တဝုန်းဝုန်းနဲ့ကြောက်စရာကောင်းပါတယ်။ဒါနဲ့ဘက်တကုန်းတက်လို့တစ်ကုန်းဆင်းပြီးသွားရင်းနဲ့
တံတားဆောက်လို့မရသေးဘူးဆိုတဲ့ နာမယ်ကျော် ” ဒေါင်းနေချောင်း “ကိုရောက်လာပါတယ်။
တကယ်တမ်းတော့ ရေစပ်စပ်လေးသာရှိနေတဲ့မာယာတွေများလှတဲ့သဲပြင်ကျယ်ကြီးပါ။
လမ်းလုပ်သားမဟုတ်ပေမယ် ့ ပေးသလောက်ယူပြီးလမ်းပြလုပ်နေတဲ့အဖွဲ့က ကားဖြတ်ရမယ့်လမ်းကြောင်းကိုပြပေးပါတယ်။
စစချင်းလမ်းပြတဲ့အဖွဲ့ကို ငါးရာပေးလိုက်ပါတယ်။ကျေးဇူးပါပေါ့။
အလယ်လောက်ရောက်တဲ့နောက်တစ်ဖွဲ့ကလဲ စေတနာကြေးတောင်းတော့ ဟိုမှပေးခဲ့ပြီဆိုပြောတော့ အဖွဲ့ခြင်း မတူဘူးလို့ပြောတာနဲ့ထပ်ပေးလိုက်ရပါတယ်။
ဒီချောင်းကိုဖြတ်တာ စုစုပေါင်းလေးဖွဲ့တစ်ဖွဲ့ငါးရာဆိုတော့ စုစုပေါင်းနှစ်ထောင်ပါ။
ဘာအခက်အခဲမှမရှိဘဲချောချောမောမောတစ်ဖက်ကိုရောက်သွားတယ်ဆိုတော့လဲ တန်ပါတယ်ပေါ့။
ဒါနဲ့ဘဲမကွေးမြို့ထဲကို ဝင်လာပါတယ်။
မြို့ထဲအဝင်လမ်းမှာ မကွေးမြို့ကိုအဝင်မှာ အဝိုင်းပါတ်ဆံဆံလမ်းကိုတွေ့တော့ ဆိုင်းဘုတ်ကိုဖတ်ကြည့်လိုက်တော့
မကွေးမြို့ကို ဝင်တာက မြောက်ဘက်ကို ဝင်တဲ့လမ်း တောင်ဘက်သွားတဲ့ဖြူးနေတဲ့ကျောက်လမ်းမကြီးက နတ်မောက်ကိုသွားတဲ့လမ်းပါတဲ့။မကွေးနဲ့ဆိုရင် 36မိုင်လောက်ဝေးပါသတဲ့။
မကွေးနဲ့မန်းလေး အကွာအဝေးက မိုင်180ပါ။
ကျနော်တို့သွားရမယ့်နေရာကို မြို့ပြင်မှာရှိတယ်ဆိုတာလွဲပြီး သိပ်ပြီးမမှတ်မိတော့ပါဘူး။ တစ်ခါထဲဘဲရောက်ဘူးတာကိုး၊ အဲဒါနဲ့ဘဲမြို့အဝင်က ဂိတ်ကြေးတောင်းတဲ့နေရာက ဝန်ထမ်းတွေကိုမေးတော့ သူတို့က သေချာပြောပြပါတယ်။
သူတို့လမ်းညွန်တဲ့အတိုင်းတောင်တွင်းကြီးဘက်ကိုသွားတဲ့လမ်းခွဲအဝိုင်းပါတ်ကိုရောက်တော့ အရှေ့ဘက်ပြန်တက်
တော်တော်လေးသွားလိုက် နှစ်ခါလောက်ဆင်းမေးလိုက်တော့ ကျနော်တို့ လိုရာအရပ်ကိုရောက်သွားပါတယ်။
တစ်နာရီခွဲတိတိပါ။
ဒါနဲ့အဲဒီမှာနှမ်းတွေလိုက်ကြည့် ဈေးစကားတွေပြောနဲ့ အရောင်းအဝယ်တည့်သွားပါတယ်။
အဲဒါနဲ့ဘဲ ကုန်ကိုဘယ်လိုပို့ပေးမယ် ငွေကိုဘယ်လိုလွှဲမယ်ဆိုတာတွေကိုပြောဆိုုလို့ပြီးတဲ့အခါမှာ ပြန်ဘို့ပြင်ကြပါတော့တယ်။
ကျနော်တို့အဲဒီအိမ်ကထွကတော့နေ့လယ် နှစ်နာရီထိုးပါပြီ။
ကားဆရာလေးကို ဓါတ်ဆီထဲ့မလားမေးတော့ မြို့အထွက် ကားခတွေကောက်တဲ့ဂိတ်နားမှာထည့်မယ်လို့ပြောပါတယ်။
ဒါနဲ့ အားလုံးကိုနုတ်ဆက်ပြီး ပြန်လာခဲ့ကြပါတယ်။
ကားပေါ်ရောက်တော့ လေတဖြူးဖြူးနဲ့ဆိုတော့ ကျနော်ခဏအိပ်ပျော်သွားပါတယ်။
အိပ်နေရင်းကားဗိုက်နဲ့ အောက်က တစ်ခုခုနဲ့တိုက်တဲ့အသံကြားတော့ လန့်နိုးသွားပါတယ်။
နာရီကိုကြည့်လိုက်တော့ ကျနော်အိပ်လိုက်တာ တစ်နာရီနီးပါးကြာသွားပါတယ်။
လမ်းဘေးဝဲယာကိုကြည့်လိုက်တော့စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။
ကားဆရာကိုဆီထည့်ပြီးပြီလားမေးတော့ မထည့်ရသေးဘူးတဲ့။
သွားနေရင်း သဲချောင်းတစ်ခုရောက်တော့ သဲတွေက အလယ်မှာမို့နေပြီး ကားဗိုက်နဲ့လာတိုက်ပါတယ်။
ကျနော်က ကားဆရာလေးကို ” ငါတို့အလာတုန်းက သဲချောင်းကိုဖြတ်ရင် ဗိုက်လွတ်တယ် အခုမလွတ်ဘူး မိုးရွာထားလားမသိဘူး “လို့မေးပြောပြောပြီး လမ်းလျှောက်လာတဲ့ လူတစ်စုကိုမြင်တော့ ကားရပ်ခိုင်းပြီးမေးတော့မှ လမ်းမှားပြီးဝင်လာတယ်ဆိုတာသိလိုက်ရပါတယ်။
ကျနော်တို့မောင်းလာတဲ့လမ်းက “မကွေး-နတ်မောက်” လမ်းပါတဲ့ဗျာ။
အဲဒီမှ ကားဆရာလေးက မြို့အထွက်အဝိုင်းပါတ်ရောက်တော့ အရှေ့ဘက်ကိုကွေ့ရမှာကို တည့်တည့်မောင်းမိလိုက်တာပါတဲ့။
အားလုံးကလဲ အိပ်ပျော်သွားတောာ့ သတိမထားမိလိုက်တာရယ် သူကလဲ ဒီလမ်းကို တစ်ခါမှမရောက်ဘူးတော့လမ်းမှားသွားတာပေါှ။
ဒါနဲ့ဘဲ သူတို့ကိုဆက်မေးတော့ နတ်မောက်ရောက် မိုင်20လောက်ဘဲလိုတော့တယ်ဆိုတာသိရပါတယ်။
ပြန်လှည့်ရင်လဲ အချိန်ထပ်ကုန်မှာဆိုတော့ နတ်မောက်ဘဲဆက်မောင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
လာလမ်းပြန်လှည့်တာထက်စာရင် ရှေ့ဆက်သွားတာပိုကောင်းမယ်ထင်တာရယ်နောက်မ ရောက်ဘူးတဲ့လမ်းကသွားတော့ ဗဟုသုတရမယ်လို့ယုံကြည်တာနဲ့ ဆက်သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်ကတော့ ညနေ3နာရီကျော်ကျော်လောက်ရှိပါပြီ။
ဒါနဲ့နောက်က နှစ်ယောက်ရယ် ကျနော်ရယ် နက်ဖြန်ငွေလွှဲဘို့ ကိစ္စတွေကိုတိုင်ပင်ရင်းစကားတပြောပြောနဲ့နေတုန်းဖုန်းဆိုတဲ့အသံကြီးကားနောက်ပိုင်းကထွက်လာပြီး ဖုံလုံးကြီးထလာပြီး
ကားကလမ်းဘေးကိုဆွဲချသွားလို်က်တဲ့အခါ…………………………………………………………………..

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။