” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “

ခင္ခAugust 26, 20141min17013

” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “

 

တိုကင်နံပါတ် ဆိုရင် လူတိုင်းသိကြမှာ အလှည့်စောင့်နံပါတ်ပေါ့ဗျာ။

ကျွန်တော်တို့ငယ်ငယ်က အခုလိုပုပ္ပလိဂ္ဂဘဏ်တွေမရှိဘူး အစိုးရဘဏ်ဘဲရှိတော့ ငွေသွားထုတ်ရင် ငွေထုတ်စာရွက်ထပ်တဲ့အခါ တိုကင်နံပါတ် ပြန်ပေးလိုက်တယ်။ မိမိနံပါတ်ကိုကြည့်ပြီး ဘယ်အချိန်လောက် ထုတ်လို့ရမလဲ မှန်းပြီး ဟိုဟိုဒီဒီသွားလို့ရတယ် ဆိုလိုတာက နံပါတ်စဉ် ဂဏန်းနည်းနေရင် မြန်မြန်ကိုယ့် အလှည့်ရောက်ပြီး နံပါတ်စဉ် ဂဏန်းများနေရင် အတော်ကြာ မှ ကိုယ့်အလှည့်ရောက်မယ်ပေါ့

အခုဆို ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်တွေဆီသွားပြချင်တဲ့အခါ တိုကင်နံပါတ်ကို ဖုန်းနဲ့လှမ်းယူကြတယ်၊ ကိုယ်ရတဲ့ တိုကင်နံပါတ်ကို ကြည့်ပြီး ဆရာဝန်ဆေးခန်းစထိုင်ချိန်နဲ့တွက်လို့ သွားကြတာမျိုးတွေတောင် ဖြစ်လာပြီး ဆေးရုံ ဆေးခန်းမှာ အချိန်အကြာကြီးပေး သွားစောင့်စရာမလိုကြတော့ဘူးပေါ့။

တစ်ချို့အခြေအနေတွေမှာတော့ တိုကင်ကို နံပါတ်နဲ့မသွားဘဲ ကာလာနဲ့ခွဲကာ အသုတ်လိုက်ခေါ်စနစ်ကို သုံးတတ်ကြပါတယ်၊ ဘယ်လိုနေရာတွေလဲလို့ ဥပမာပေးရရင် ရွာအလှုမှာ ထမင်းကျွေးတဲ့အခါ တိုကင်စာရွက် အပြာ အနီ အဖြူ စသည်ဖြင့် အရောင်ခွဲခြားထားပြီး အခုထမင်းစားဖို့ တိုကင်နံပါတ် အပြာ ကိုင်ဆောင်ထား သူများ ထမင်းစားကြွနိုင်ပါပြီ ဒီလိုမျိုးပါ၊ အဲဒီလို အသုတ်လိုက်တိုကင်လည်း အလှည့်မရောက်သေးရင်တော့ စောင့် ရတာပါဘဲလေ။

ငယ်ငယ်တုန်းက သမဝါယမဆိုင်လေးတွေရပ်ကွက်တိုင်းမှာရှိတယ် ဆီ ဆပ်ပြာ သကြား စသည်ဖြင့် အိမ်ထောင်စုတွေကို အစိုးရဈေးနဲ့ ရောင်းချပေးဝေရင်လည်း နံပါတ်ပါတိုကင်လေးတွေ ရပ်ကွက်ရုံးက အိမ်တွေ ကိုလာပေးထားပြီး ဘယ်နေ့မှာ တိုကင်နံပါတ် ဘယ်လောက်က ဘယ်လောက် ဘယ်နေ့မှာ ဘယ်လောက် စသည်ဖြင့် လာထုတ်ပါဆိုပြီး လုပ်ခဲ့ကြတာကို ကျွန်တော်တို့ တိုကင်လေးကိုင်ပြီး ပစ္စည်းသွားဝယ် ထုတ်ခဲ့ ဖူးတယ်။

တစ်ချို့နံမည်ကြီးတဲ့ ဗေဒင်ဆရာတွေဆိုရင်လည်း ထိုနည်းတူ တိုကင်နံပါတ်ယူရလေ့ရှိပါတယ်။ နောက်ထပ် တိုကင်စနစ်သုံးနေရာတွေ အများကြီးရှိတယ်ပေါ့။

အဲဒီမှာ တစ်ခုသတိထားမိတာက တိုကင်နံပါတ် ယူရမယ်ဆိုရင် နံပါတ်စဉ်ဂဏန်းငယ်ငယ်နဲ့ စောစောလို ချင်ကြတတ်လေ့ရှိကြတာ လူတော်တော်များများပါဘဲ၊ ဘာလို့လည်းဆိုတော့ အချိန်အကြာကြီးမစောင့်ချင် တာရယ်၊ အလုပ်တစ်ခုမြန်မြန်ပြီးပြတ်ချင်ကြတာကြောင့်ပါဘဲ။

ဒါပေမယ့် တစ်နေ့တာအတွက်ချိန်ဆပြီးပေးထားတဲ့ တိုကင်နံပါတ်တွေကိုတော့ ဘဏ်ဘဲဖြစ်ဖြစ် ဆေးရုံ ဆေးခန်းဘဲဖြစ်ဖြစ် ဘယ်နေရာဘဲဖြစ်ဖြစ် အားလုံးပြီးမြောက်အောင်ခေါ်ပေးကြပါတယ်။

အခုပြောခဲ့တဲ့ တိုကင်တွေက ကိုယ့် တိုကင်နံပါတ်က နံပါတ်ကိုကြည့်ပြီး ဘယ်လောက်ဆို စောစောလား နောက်ကျမှာလား ကြိုတင်တွက်လို့ရပါတယ် ကျွန်တော် အခုပြောမယ့်တိုကင် နံပါတ်က နံပါတ်ဘယ်လောက် စောမှာလား နောက်ကျမှာလား ဘယ်တော့လောက်ဖြစ်မလဲ မသိနိုင်သောတိုကင်နံပါတ် တစ်ခု ကို သင့်ထံတွင် ပိုင်ဆိုင်ထားပြီလို့ ကျွန်တော်ပြောချင်ပါတယ်။

အဲဒီတိုကင်ကို ပဋိသန္ဓေတည်ကထဲက သင်အသက်ရှင်နေပြီဆိုကထဲက ထို တိုကင်နံပါတ်ကို ရခဲ့တာပါ။ အဲဒီတုန်းက သင် မျက်စိနှစ်လုံးဖွင့်မရသေးလို့ နံပါတ်ဘယ်လောက်လဲ မသိဘူးဆိုရင် မိခင်ဝမ်းမှလွတ် မြောက်ပြီး အူဝဲ အူဝဲ အော်သောအခြေအနေလွန်လို့ မျက်လုံးဖွင့်ကြည့်တဲ့ အခြေအနေတွင်လည်း သာမာန် လူသား ပုတုစဉ်အနေနှင့် ထိုတိုကင် နံပါတ်ကို မမြင်နိုင် မသိနိုင်ဘူးပေါ့။

အဲဒီ တိုကင်နံပါတ် ကတော့ သေမင်းမှ သင့်အား လူလောကမှ ပြန်ခေါ်မည့် မရဏတိုကင်နံပါတ် ပင်ဖြစ်ပါ သည်။

သိပ္ပံပညာရှင်များစွာတို့ လူတစ်ယောက်ရဲ့ မရဏတိုကင်နံပါတ် ဘယ်လောက်လဲ နီးလား ဝေးလား သိနိုင် အောင်အမျိုးမျိုး စမ်းသပ်နေပေမယ့် ယနေ့ထိ အတိအကျ သိနိုင်တဲ့နည်းပေါ်ထွန်းလာခြင်းမရှိသေးပါ။

ဒါပေမယ့် အသက်ရှင်ရပ်တည်နေသော လူသားတိုင် ထို တိုကင်နံပါတ် တစ်ခုကိုတော့ တစ်ယောက် တစ်ခုစီ ပိုင်ဆိုင်ထားကြသလို အလှည့်ရောက်ခဲ့လျှင်အခြား အခြားတိုကင်နံပါတ်က နံပါတ်စဉ်ခေါ်လို့ အဆင်သင့် မရှိသေးရင် နောက်လူအလှည့်ကျော်ခေါ်ပြီး နောင်မှ အရင်ခေါ်မရသူကို ပြန်ခေါ်တဲ့ အလှည့်ကျော်စနစ်ရှိ ချင်ရှိနိုင်ပေမယ့် ထိုမရဏ တိုကင်နံပါတ် ကတော့ အလှည့်ကျော်စနစ်မရှိဘဲ ကျရောက်နံပါတ်အတိုင်း ကြီး ငယ် ချမ်းသာ ဆင်းရဲ မဲ ဖြူ မရွေး တိတိကျကျပင် ခေါ်ငင်သွားတတ်ကြသည်သာဖြစ်ပေသည်။

အဲဒီမှာ တစ်ခုဆက်ပြောရရင် ဘဏ်တွေ ဆေးရုံးဆေးခန်း ဗေဒင်ဆရာတွေထံမှာ ကိုယ်ရရှိထားတဲ့ တိုကင် နံပါတ်ခေါ်ဖို့ နီးနေပြီလား မနီးသေးဘူးလား မသိကြတဲ့သူတွေအတွက်တော့ ကိုယ်တိုကင်နံပါတ်ကို ခေါ်ရင် ကြားလိုက်မိအောင် အဆင့်သင့်အနေအထားနဲ့လည်း ထိုင်စောင့်နေတတ်ကြပါတယ်။

အဲလိုပါဘဲ ကိုယ်ရရှိထားသော နံပါတ်ဘယ်လောက်မှန်းမသိသေးသော မရဏတိုကင်ကို ကိုင်ရင်း အခုခေါ် သွားတာ လည်း နံပါတ်ဘယ်လောက်ရှိပြီဆိုတာမသိဘူးဆိုပါက ကိုယ့်တိုကင်နံပါတ် နီးလားဝေးလား မသိ တဲ့အတွက် ခေါ်ရင်အဆင်သင့်ဖြစ်အောင် ထိုင်စောင့်ရမယ့်သဘောဖြစ်နေပါလိ်မ့်မယ်။

အဲဒါဆိုရင် မရဏတိုကင်နံပါတ်စဉ်အရ ဘယ်အချိန်ခေါ်ခေါ် အဆင်သင့်ဖြစ်အောင် ဘယ်လိုထိုင်စောင့်မလဲ? ဆိုတဲ့ အချက်က သင့် အတွက်အရေးကြီးဆုံးဖြစ်လာပါပြီ၊ ဒါကြောင့် မှန်းဆလို့မရတဲ့ နံပါတ်ဘယ်လောက်မှန်း မသိသော မရဏတိုကင် ကို လူသားဟူ၍ အသက်ရှင်ကထဲကရရှိပြီး အလှည့်ရောက်ရင်လည်း မလွတ် တမ်း ခေါ်မည်ဖြစ်သဖြင့် လုပ်သင့်တာလေးတွေကို ငါ့အလှည့်ရောက်ဖို့ လိုပါသေးသည်ဟုယူဆကာ မနေကြ ဘဲ အချိန်မနှောင်းမှီလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အမှတ်စဉ်နံပါတ်ဘယ်လောက်မှန်းမသိတဲ့ ထ်ိုတိုကင်နံပါတ်ကိုတော့ အခြားတိုကင်နံပါတ်များယူကြသလို အစော ဆုံး စောစောနံပါတ်ငယ်တွေအဖြစ် ရချင်ကြမှာတော့ မဟုတ်ကြဘူးလို့ထင်မိပါတယ်ဗျာ။

 

ခင်ခ။

13 comments

  • alinsett

    August 26, 2014 at 3:31 pm

    လောလောဆယ်…
    ဖွေးဖွေးလေးရဲ့ နံပါတ်ဘယ်လောက်လဲ…
    ဒါလေးပဲ..(အတင်း/ဇွတ်) စိတ်ဝင်စားနေလိုက်တော့တယ် ။

    အဟီးးး

    အတည် မပြောတတ်လို ့နောက်သွားတာ ပါ ။

    :mrgreen:

  • ခင် ခ

    August 26, 2014 at 4:29 pm

    ဪ မောင်အလင်းဆက်ရယ် ကိုယ်နံပါတ် ဘယ်လောက်လဲ သိဖို့ထက် ဖွေး နံပါတ် ဘယ်လောက်လဲ သိဖို့က ပိုစိတ်ဝင်စားစရာတဲ့လားကွယ်။
    တစ်ရာ ကျသွားပါ၏။

  • ko six

    August 26, 2014 at 5:16 pm

    ကာလာ​တွေနဲ့တိုကင်​က
    ​ကျ​နော်​သ​ဘောကျတဲ့ အရာ

    • ခင် ခ

      August 26, 2014 at 11:17 pm

      ဒါဆို ရွာအလှုပွဲ ကြုံဖူးတယ်ထင်

  • မြစာကလေး (23122011)

    August 26, 2014 at 10:05 pm

    ကိုခ
    အမှန်ပါဘဲ။
    လက်တစ်ကမ်းမှာလဲ ဖြစ်ချင်ဖြစ်မယ်။
    အရိုး မသယ်နိုင်တော့တဲ့ အချိန်တောင် မှ မခေါ်တာလဲ ဖြစ်နိုင်တယ်။
    ဘာဘဲဖြစ်ဖြစ်။
    ခေါ်လိုက်ချိန်မှာ ငြင်းလို့မရ။ အချိန်ဆွဲမရ။
    အားလုံးထားပြီး လိုက်ရမှာပါဘဲ။

    • ခင် ခ

      August 26, 2014 at 11:20 pm

      အရီးကိုတော့ ရွာထဲ အချိန်ကြာရှည် အသက်ရှည်စွာ ဆုံချင်ပါတယ်ဗျာ
      ကိုယ်ခင်တဲ့သူတွေ ကြာရှည်တွေ့နေချင်တာလဲ လူသဘာဝကိုး

  • Ko chogyi

    August 26, 2014 at 11:08 pm

    ကျွန်တော်က ကိုခင်ခပြီးနောက်နံပါတ်ဗျ(နောက်တာပါ)

    • ခင် ခ

      August 26, 2014 at 11:22 pm

      အင်း ကျုပ်နံပါတ် ဘယ်လောက်မှန်းတောင် မသိလေတော့ ကြာအုံးမယ်လို့ဘဲ ကျုပ်တို့တွက်ထားကြတာပေါ့ ဗျာ

  • kyeemite

    August 27, 2014 at 11:07 am

    .” နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် “တဲ့လားဗျာ…ကိုခရဲ့ အတွေးလေးကိုသဘောကျမိပါတယ်…
    .ကျုပ်တော့ အဆင်သင့်မဖြစ်သေးတာသေချာတယ်..
    .ဒါပေမဲ့…ခေါ်ရင်တော့လည်းသွားရပေမပေါ့ဗျာ….

    • ခင် ခ

      August 27, 2014 at 2:14 pm

      အလှည့်ကျမနွဲ့ရပေမယ် အလှည့်လေးတော့ မစောချင်တယ် ကိုကြီးမိုက်ရယ်။

    • ခင် ခ

      August 27, 2014 at 2:19 pm

      နံပါတ်ဘယ်လောက်မှန်း မသိသော တိုကင် နံပါတ်ကိုတော့ နောက်ကျလေကောင်းလေပေါ့ ကိုပေါက်ရယ် လူသဘာဝကိုး။

  • မွသဲ ( 17082011 )

    August 30, 2014 at 8:40 pm

    အီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး တိုကင်မယူချင်သေးဘူး 😥

Leave a Reply