“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၁) (ဖောင်ကြီးမှ အမှတ်ရစရာများ )

“ဖြတ်သန်းခဲ့ သောပလက်ဖောင်းများ – အမှတ်(၁၁)

           (ဖောင်ကြီးမှ အမှတ်ရစရာများ )

 

 

စက်ပစ်ကွင်းအမှတ်တရ
စက်ပစ်ကွင်းအမှတ်တရ

ဖောင်ကြီးလိုနေရာမျိုးမှာ သတိရစရာတွေရှိသလားလို့မေးရင် ရှိတယ်လို့ပြန်ဖြေရမှာအမှန်ပါဘဲ။

ပထမဦးဆုံးသတိရစရာကတော့ ဖောင်ကြီးမှာကြည့်ရတဲ့ရုပ်ရှင်ပါဘဲ။

ဖောင်ကြီးမှာတစ်ပါတ်(၂)ကြိမ်ရုပ်ရှင်ကြည့်ရပါတယ်။

ပြတိုင်းကျနော်ကြည့် ပါတယ်။

ရုပ်ရှင်ပြတဲ့ရက်တွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပွဲရယ်

စနေ နေ့ ညနေပွဲရယ်ကြည့်ရတာပါ။

ရုပ်ရှင်ပြတဲ့နေရာကတော့ အခမ်းအနားတွေလုပ်တဲ့ “အုန်းတောခန်းမ”မှာပြတာပါ။

အုန်းတောခန်းမ လို့အမည်ပေးထားတာကတော့ “တောင်သူလယ်သမားညီလာခံ”

ကျင်းပခဲ့တဲ့ အုန်းတော ဆို တဲ့ ရွာ ကိုဂုဏ်ပြုတဲ့အနေနဲ့ပေးထားတာပါ။

အဲဒီတုန်းက ရုပ်ရှင်တစ်ပွဲကို ငါးမူး လား ပြားလေးဆယ်လား ပေးရပါတယ်။

ရုပ်ရှင်က ကြည့် ချင်လဲရတယ် မကြည့် ချင်လဲရတယ်။

ရီစရာကောင်းတာကတော့ ဗုဒ္ဓဟူးနေ့ပြတဲ့ပွဲပါဘဲ။

ပြတဲ့အချိန်ကညနေလေးနာရီပွဲပါ။

တကယ်တော့ အဲဒီအချိန်က PTပြေးရတဲ့အချိန်ပါဘဲ။

ကျနော်တို့ကိုရွေးချယ်ခွင့်ပေးထားပါတယ်။

ရုပ်ရှင်ကြည့်ချင်ကြည့် မကြည့် ရင်PTပြေးပေါ့။

PTပြေးတဲ့သူတွေလဲရှိပါတယ်။

အတော်များများကတော့ ရုပ်ရှင်ရုံထဲဝင်အိပ်ကြတာပါဘဲ။

အိပ်ဆို အဲဒီနေ့မှာပြတဲ့ ကားတွေက ရှရှားကားတွေများပါတယ်။

ရှရှားကားဆိုမှတော့ အင်မတန်ပျင်းစရာကောင်းတဲ့ ဆိုရှယ်လစ်ဝါဒဖြန့်ချိရေးကားတွေပေါ့။

(ဒါပေမယ့်ကျနော်မှတ်မှတ်ရရကြိုက်ခဲ့တဲ့ကားလေးကတော့ “ပန်းသီးပင်အောက်မှာ” ဆိုတဲ့ကားလေးပါဘဲ)

အပြင်မှာဘယ်တော့မှ ရုံမတင်တဲ့ကားတွေကိုပြတာပါ။

ဒါပေမယ့် PTပြေးတာထက်စာရင် ရုပ်ရှင်ရုံ ပူပူလောင်လောင်ထဲ

ဝင်အိ်ပ်တာကပိုပြီးလူသက်သာလို့ပါ။

ကျနော်တို့ကြည့်ရတဲ့အချိန်က ညနေ နေပူနေသေးတဲ့အချိန်။

ရုပ်ရှင်ခန်းမထဲမှာ ပန်ကာ က နည်းနည်းလေး ဘဲရှိ။

ခန်းမကြီးတစ်ခုလုံးကိုအနောက်ဘက်နေ ကထိုးထားတော့ ပူလောင်ပြီး ချွေးထုတ်ခန်းနဲ့တူနေပါတယ်။

စနေ နေ့ ပြ တဲ့ကားတွေကိုတော့ ကျနော်တို့ မက်ပါတယ်။

မြို့ကြီးတွေမှာ ရုံမတင်သေးတဲ့ကားတွေကို ပြတာပါ။

ကျနော်ကြည့်ရတဲ့ကားထဲမှာအမှတ်တရဖြစ်နေတဲ့ကားကတော့

“ အဖေတစ်ခု သားတစ်ခု”ဇာတ်ကားပါဘဲ။

စိန်မြင့်နဲ့အောင်ထွန်းလေးအကယ်ဒမီရတဲ့ကားပေါ့။
ကြည့်လိုက်ရတဲ့ နေ့ က တည်းအရမ်းကိုကြိုက်သွားပါတယ်။

ကောင်းလွန်းလို့ မိတ်ဆွေတွေဆီ စာ ရေးရင် အဲဒီကားဘယ်လိုကောင်းကြောင်း

ညွှန်းတာလဲ အမောပါဘဲ။

 

မိတ်ဆွေတွေဆီစာရေးတယ်ဆိုလို့ပြောရပါအုံးမယ်။

ကျနော်တို့ခေတ်က လူတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်စရာဆိုတာ

စာ ဘဲရှိပါတယ်။

မန်းလေးနဲ့ဖောင်ကြီး စာတစ်စောင်ရောက်ဘို့ဆိုတာ အနည်းဆုံးတစ်ပါတ်ကြာပါတယ်။

အခုခေတ်မှာတော့ လူတို်င်းနီးပါးလောက် ဟန်းဖုန်းကိုင်နိုင်တယ်
အင်တာနက်ကနေ အပြန်အလှန်စာရိုက်ပြီးပြောနိုင်တယ်ဆိုတော့

ကျနော်တို့ ဆီကိုလာမယ့် စာကိုမျှော်ကြတယ်လို့ ပြောရင် ရီစရာကြီးဖြစ်နေမှာပါ။

ကျနော်တို့ တကယ်ကိုစာမျှော်ကြပါတယ်။

ကျနော်တို့ကလဲ အိမ်ကိုရော သူငယ်ချင်းတွေဆီကိုရော စာတွေရရေးပြီး

စာတစ်စောင် ကို တံဆိပ်ခေါင်း ၁၅ပြားဘိုးအကုန်ခံပြီး ပို့ပါတယ်။

ည စာကြည့် ချိန်ဆိုရင် စာနည်းနည်းကျက် ပြီး ကိုယ်ရေးချင်တဲ့စာထိုင်ရေးနေတာများပါတယ်။

ဖောင်ကြီးမှာနေ့စဉ်ကြုံရတွေ့ရတာတွေကိုစီကာပါတ်ကုံးရေးတော့တာပေါ့။

 

ညနေတန်းစီချိန်က ကျနော်တို့  ရင်ခုန်ရတဲ့အချိန်ပါ။

အဲဒီအချိန်မှာဆရာတွေကဆုံးမစကားပြောတယ်။

စည်းကမ်းဖောက်ဖျက်တာတွေ့ရင်ပြောတယ်။

နောက်ပြီးရင်အဝေးကစာရောက်လာတဲ့ကျောင်းသားဆိုရင် အဲဒီအချိန်မှာပေးပါတယ်။

သင်တန်းမှူးကစာတွေတစ်ထပ်ကြီးကိုင်ထားပြီး တစ်ယောက်ချင်းခေါ်ပေးပါတယ်။

ငါ့စာများပါလေးမလားဆိုတဲ့မျှှော်လင့်ချက်ကြီးနဲ့ ဆရာ့လက်ထဲက စာမကုန်မချင်းမျှော်နေရတာပါ။

စာမပါရင်တော့ ရင်ထဲမှာ တစ်ခုခု လိုနေသလို ဟာတာတာကြီးဖြစ်လို့ပေါ့။

စာပါရင်တော့ပျော်လို့ရွှင်လို့ အဆောင်ထဲပြေးဝင်ပြီးအဝတ်တောင်မလဲနိုင်ဘဲစာဖောက်ဖတ်ရတာပေါ့။

ဖောင်ကြီးမှာနေတုံးက စာအလာများတဲ့သူစာရင်းထဲမှာကျနော်လဲ ပါ ပါ တယ်။

ကျနော် အမ “မမနု”ဆီကတစ်ပါတ်ကို အနည်းဆုံးတစ်စောင်ကနေ

နှစ်စောင်လာပါတယ်။

သူကစာအရေးလဲအတော်ကောင်းပါတယ်။

ကျနော်စာရေးကောင်းတယ်ဆိုတာသူ့ခြေဖျားတောင်မမှီပါဘူး။

သူ့ဆီက စာလာရင်မန်းလေးမြို့အကြောင်းကို အကုန်အစုံသိရပါတယ်။

 

နောက်ကျနော်ချစ်သူဆီကလဲစာမှန်မှန်လာပါတယ်။

ကျနော်သူငယ်ချင်းတွေဆီကလဲလာပါတယ်။

စာတွေလာဆိုကျနော်ကလဲ သူတို့ဆီကိုအမြဲ ကျနော်ကအမြဲရေးတာကိုး။

ကျနော်ကလဲ သင်တန်းမှာကြုံရဆုံရတာတွေကို အသေးစိတ်ရေးပြတတ်ပါတယ်။

နှမျောစရာကောင်းတာ က ၁၉၈၄ခုနှစ်ဦးကျားကြီးမီးမှာကျနော်ရဲ့စာတွေအားလုံး

မီးထဲပါသွားခဲ့လို့ပါဘဲ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

ကျနော်တို့သင်တန်းမှာမယ်ဒလင်အတီးကောင်းအဆိုကောင်းတဲ့သူတွေပါလာပါတယ်။

သူတို့ဆိုတီးလုပ်တဲ့နေရာကိုကျနော်အမြဲရောက်ပါတယ်။

နဂိုရ်ကတည်းက ကျနော်က သီချင်းနားထောင်တာကိုဝါသနာပါတာကိုး။

သူတို့ဆိုတဲ့သီချင်းတွေက ရေဒီယိုသီချင်းတွေများပါတယ်။

နောက်သူတို့ကလဲအဆွေးသီချင်းတွေဘဲဆိုပါတယ်။

အကိုကြီးတွေဆိုပြလို့လဲဘဲ ကျနော်မကြားဘူးတဲ့သီချင်းအများကြီးကိုကြားဘူးခဲ့ရပါတယ်။

အများအားဖြင့် ကိုတင်လှိုင် ကိုသန်းလှိုင် နဲ့မောင်မောင်ညွန့်သီချင်းတွေဆိုတာများပါတယ်။

သူတို့ဆိုပြလို့လဲ

“ပိတောက်နဲ့ မျက်ရည်အကြောင်းတော့ သိကောင်းပါစမေ တို့ရွာမြေဌာနေဟောင်းကိုလေ” တို့

“နေ့စဉ်စောင့် ပါလို့လေ နေပေမယ့် တကယ် ပွင့် နိုင်ခဲပါဘိတယ် သန္တာလဲ့ရယ်” တို့

“နယ်ရှင်ခွင်မင်းလွင်ဝန်းကျင် လွမ်းအောင်ဖော်ပြ

အာကာဗွေဟင် ဘယ်ရှေးဝဋ်ကျွေးတုံ့တင် ……………သည်မိုးမှောင်တုံးမောင်ပုန်းပါရစေခင်“တို့

“တောမှာဆွေမျုးိသားချင်းလယ်ဆင်းကြတဲ့သူတွေပင် တောသူလုံမေတစ်သင်းသူငယ်ချင်းအပေါင်းတွေ ……………ကိုယ်မမေ့တာယုံစေချင်” တို့

“ စမ်းရေတွေလဲမနှောက်ရဲဘူးအချစ်လေးနောက်မှာစိုးတဲ့သူ

ပန်းအကြွေတွေလဲ မချွေ ရဲဘူး အသဲလေး ကြွေမှာ စိုးတဲ့သူ  “တို့

“အော်ဒီလို မြင်ကွင်း မြင်ရခြင်းကိုက ကျေနပ်အားရလှပါတယ်”တို့

“ အော် သူကတော့ ဒီသို့မဟုတ်လေတယ်ချစ်လွယ် မုန်းလွယ် ပြုံးလွယ် ရီ လွယ် မေ့လွယ် ပျောက်လွယ် ”

“နီးဘို့ရာအခြေမပေးဝေးတဲ့အခါများမယ် သူ့ကိုသာ သတိတရ ရှိလှတယ် အချစ်ရယ်ယုံကွယ်” တို့

“ ပိုးယပ်တောင် ပန်းယပ်တောင် နံ့သာယပ်တောင်  ယပ်တောင်တွေကြား မှာ ချစ် အားငယ်ရှာသယောင်”

“တံလျှပ်ရေထင် ရွှေသမင်အလိုက်မှားမိတာကလဲမောင့်ရဲ့အပြစ်ပါ အတတ်နိုင်ဆုံးကျုးိစားကမေ့အုံးမှာ ”တို့

ဆိုတဲ့ ရေဒီယိုသီချင်းအကောင်းစားတွေကို ကျနော်အလွတ်ရ မတတ်နားထောင်ခဲ့ရပါတယ်။

အဲဒီသီချင်းတွေကို သိခဲ့ကြားခဲ့ရတာတွေ က နောင် ကျနော်ဘဝမှာ အလွန်အသုးံဝင်ခဲ့ပါတယ်။

 

 

ကျနော်တို့သင်တန်းမှာ လူ ရာချီပြီးရှိတာကိုး။

အဲတော့ လဲ လူစုံ နယ်စုံ စရိုက်စုံပါဘဲ။

ဘယ်အချိန်မဆို  အမြဲ နောက်ကျ မှ ရောက်တဲ့လူ ရှိတယ်။

ဘယ်နေရာ မဆို  သူများထက် နည်းနည်းလေးအခွင့်အရေးပိုယူလိုက်ရမှကျေနပ်သူရှိတယ်။

ဘာလုပ်လုပ်သူများ ထက် နှာတဖျားသာမှ စိတ်ကျေနပ်သူရှိတယ်။

ဘယ်တော့မဆို နည်းနည်းလေးအချောင်ခိုလိုက်ရမှ နေသာသူရှိတယ်။

ဘယ်သူနဲ့မဆို နည်းနည်းတော့ ဆရာလုပ်လိုက်ရမှ စားဝင်အိပ်ပျော်သူရှိတယ်။

ဘာလေးဖြစ်ဖြစ်  မဆိုစလောက်လေးတော့ကန့်လန့်တိုက်လိုက်ရမှ ဂျီတိုက်လိုက်ရမှ ဘဝင်ကျသူ။

အဲလိုလူတွေရှိသလို သည်းခံတတ်သူ ညှာတာတတ်သူ လေးစားတတ်သူ

ကြောက်တတ်သူ ခွင့်လွှတ်တတ်သူတွေလဲအများကြီး ပါ ပါတယ်။

 

“မီးခြစ်ရေ လောကကြီးမှာ ပါတ်ဝန်းကျင် ကို ဂရု စိုက်နေရင် ဘောင်ကျဉ်းတယ်။

ကိုယ်လုပ်သင့်တယ် တယ်ထင်ရင်လုပ်သာလုပ်၊စိတ်ရင်းတော့မှန်ပေ့စေ” လို့

ပြောတတ်တဲ့ မဟုတ် မခံ တတ်တဲ့ အကိုကြီးတွေလဲရှိ။

 

“လောကကြီးမှာ ဆင်းရဲသူတွေ ကို ပါးစပ်နဲ့မသနားနဲ့

သူတို့ အခက်အခဲကိုကူညီနိုင်အောင်ကြိုးစား။

အလုပ်ကိုပါးစပ်နဲ့လုပ်မပြနဲ့

ကို်ယ်တိုင်ကိုယ်ကျ ပါဝင်နိုင်အောင်ကြိုးစား၊

ဒါမှ ခေါင်းဆောင်အစစ်ဖြစ်လာမယ် ” လို့လမ်းပြတဲ့အကိုကြီးတွေလဲရှိ။

“မြန်မာပြည်မှာ နိုင်ငံရေး ဆိုတဲ့စကားလုံးက

ဇာတ်ပျက်နေပြီ ဒီကောင်နိုင်ငံရေးသမားလို့ပြောခံရ ရင်

အဲ့ကောင်လူမိုက်လို့ ပြောတာနဲ့ အတူူတူဘဲ”

လို့ ဘဝရဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ရင်းပြီးပြသူလဲရှိ၊

 

“မင်းလဲ တစ်ချိန်မှာမ ိန်းမယူမှာ။

အဲတော့ ကိုယ်တိုင်က စည်းနဲ့ ကမ်းနဲ့နေ။

အိမ်ကိုအချိန်မှန်ပြန် အချိန်မှန်စား။

ကိုယ့်မိန်းမနဲ့ကိုယ်အိပ်ပေမယ့် စည်းနဲ့ကမ်းနဲ့အိပ်။

မင်းကမှ စည်းနဲ့ကမ်းနဲ့မနေရင်

မင်းမိန်းမလင်ငယ်နေခိုင်းသလိုဖြစ်သွားမယ်”

လို့ခပ်ကြမ်းကြမ်းဆုံးမသူရှိသလို။

 

“လောကမှအိမ်ထောင်ကျတာနဲ့သေတာလွဲပြီးဘယ်ဟာမှ

သူများထက်နောက်ကျတာမကောင်းဘူး။အဲတော့ ဝိရိယစိုက်ပါ”

လို့ သွန်သင်ပေးသူလဲရှိပါတယ်။

 

“ဘာလုပ်လုပ် သေသေသပ်သပ်လုပ်

မြန်မြန်လုပ်ပြီးတလွဲတချော်ဖြစ်လို့ ပြန်လုပ်ရတာထက်စာရင်

ဖြေးဖြေးနဲ့မှန်အောင်လုပ်နိုင်တာက ပို ကောင်းတယ်”ဆိုပြီး ပြောပြသူလဲရှိ။

“ ဘဝမှာ ခက်ခဲ ပင်ပန်းတယ်ဆိုတာ လူတိုင်းမှာရှိတယ်။

အဆင်မပြေမူ့ ဆိုတာ နေရာတိုင်းမှာရှိတယ်။

အေး ခက်ခဲလို့ အဆင်မပြေလို့ ဆို ပြီးေ နာက်တစ်နေရာထပ်ပြောင်းရင်လဲ

အရင်ကြုံရတာမျုိုးထပ်ကြုံရအုံ့းမှာဘဲ။

ဒီတော့ ထွက်မပြေးဘဲ အခက်အခဲကိုသတ္တိရှိရှိ ရင်ဆိုင်ဘို့ကြိုးစား“လို့လမ်းပြသူလဲရှိ။

 

“လူဆိုတာ ကောင်းတဲ့ မှန်တဲ့ မာနတော့ ရှိရတယ်။

မာနရှိချင်ရင် ကိုယ် ကအရင်ဆုံးမှန်အောင်နေရတယ်။

အဲတော့

ကိုယ်မလုပ်တဲ့အမှားအတွက်လဲ ကိုယ် က

ဘယ်တော့မှ တောင်းပန်စရာမလိုဘူး၊

လူအချင်းချင်းလဲ ဘာမဟုတ်တဲ့ ရပိုင်ခွင့်လေးအတွက်

ဒူးထောက်စရာမလိုဘူး”

လို့ စိတ်ဓါတ်မာကျောအောင်ရိုက်သွင်းပေးသူလဲရှိပါတယ်။

 

အကိုကြီးတွေရဲ့ ဝိုင်းဝန်းဆုံးမတာ သင်ပေးတာ တွေရှိလို့လဲ ကျနော်ရဲ့စိတ်အတွေးတွေ

ကလဲ သင်တန်းမတက်ခင်ကထက်စာရင် ရင့်ကျက်လာတယ်လို့ ထင်မိပါတယ်။

သင်တန်းမှာ ဘာမဆို ကိုယ်ထူ ကိုယ်ထ လုပ်ရတော့ အရင်လိုသူများအားကိုးတဲ့

စိတ်မရှိဘဲ ကိုယ့် ဝန်ကိုယ်ထမ်းမယ်ဆိုတဲ့အသိတရားလေးရလာတော့အမှန်ပါဘဲ။

အဲဒီအထဲမှာမှ ကျနော့်ရင်ထဲမှာစွဲနေတဲ့စကားလေးတစ်ခွန်းရှိပါတယ်။

 

“လောကမှာ သူများနဲ့ အမှားချင်းသွားမညှိနဲ့။

သူတောင်မှ မှားသေးတာဘဲငါလဲမှားမှာပေါ့ လို့ တွေးနေရင်

ကိုယ်ကိုယ်တိုင်ကလဲ လုံးဝ အသုံး မကျတဲ့လူ စာရင်းထဲ မှာပါသွား ပြီ” ပါတဲ့။

*********************************************************************

 

သင်တန်းမှာတက်နေရင်း လူ့သဘောသဘာသ လေး တစ်ခု ကို ကြုံခဲ့ရပါတယ်။

ကျနော်တို့ ဖောင်ကြီးမှာသင်တန်းတက်နေစဉ်က ည ည ဆို ကင်းစောင့်ရပါတယ်။

ကျနော်တို့ တပ်ခွဲမှာ အဆောင် (၇)ဆောင်ရှိပါတယ်။

ညဆယ်နာရီကနေစပြိီး မနက် လေးနာရီထိ တစ်ယောက်တစ်လှည့် စောင့်ရတာပါ။

တစ်ယောက်ကို တစ် နာ ရီ။

ကို်ယ့်အလှည့်ပြီးရင် နောက်တစ်ယောက်ကိုနိုးပေါ့။

အဲဒီမှာက တစ်နေကုန်ပင်ပင် ပန်းပန်းလုပ်ထားရတော့ ည ဆို ရင်မနိုးဘဲလင်းတစ်ရေးပါဘဲ။

ကင်းစောင့် ရမှန်းသိပေမယ့် လာနိူးမှ နိုးတာပါ။

တစ်ရက်တော့ ကျနော် မနက်တစ်နာရီ ကင်းစောင့်မယ့် အလှည့်မှာ ကင်းမစောင့်မိပါဘူး။

ကျနော်ရှေ့ကလူက ကျနော့်ကို မနိူးတော့ ကျနော်လဲ မနိုးဘူးဖြစ်သွားပါတယ်။

ဆရာတွေလာစစ်တဲ့အခါ ကျနော်ကင်းမစောင့် တာကို မိသွားပါတယ်။

အဲတော့ ရုံးအတင်ခံရတာပေါ့။

အပြစ်ရှိလို့ ရုံးတင်ခံရတဲ့အခါ ရုံးခန်းထဲကိုဝင်ရင်ဦးထုပ်မဆောင်းရ ခါးပါတ်မပါတ်ရပါဘူး။

သင်တန်းမှူးက ကျနော်ကင်းစောင့် တာဝန် လစ်ဟင်းတဲ့အကြောင်းမေးတဲ့အခါ

ကျနော်ရှေ့ ကလူ က လာမနှုးိတော့ ကျနော်လဲ ဆက်အိ်ပ်မိတယ်ပြောပါတယ်။

ကျနော်ရှေ့ကလူကတော့ သူနိူးတယ် ကျနော်က မထ တာလို့ ပြောပါတယ်။

ဆရာက မင်းတို့နှစ်ယောက်လုံးကိုအပြစ်ပေးမယ် ပြောတဲ့အခါ ပထမလူက

သူ ဒီအပြစ်ကို လက်မခံပါ။

သူစောင့် တဲ့အလှည့်မှာ ကင်း မစောင့်တာကို မိတာ မဟုတ် ကျနော်စောင့် တဲ့

အလှည့်မှာ မိတော့ ကျနော်ဘဲ အပြစ်ရှိတာဆိုပြီး ငြင်းပါတယ်။

သူက ကျနော်ကိုနှိူးတယ် ကျနော်မထတာ လို့ ပြောပါတယ်။

အဲလိုပြောတော့ ကျနော်အတော်လေးအံ့ဩ သွားသလို စိတ်မကောင်းလဲဖြစ်မိပါတယ်။

အဲဒီမှာဆရာက ကောင်းပြီ မင်း ကင်းစောင့် မစောင့်ကို ငါ စစ် လို့ ရတယ် ဆိုပြီး

သူနဲ့ အတူကင်းတာဝန်ကျတဲ့ကျောင်းသားတွေကိုခေါ်စစ်တဲ့အခါ အဲဒီညက

သူကင်းမစောင့်ဘူးဆိုတာ ပေါ်သွားပါတယ်။

အဲတော့ ဆရာကသူတစ်ယောက်ထဲကိုဘဲအပြစ်ပေးပါတယ်။

အိမ်သာကျင်းတူးရတာပါ။

ကျနော်လဲ အပြစ်ရှိတယ်ဆိုပြီး ဒိုက်အကြိမ်ငါးဆယ်ထိုးရပါတယ်။

တကယ်လို့သာသူဝန်ခံရင်အိမ်သာကျင်းတူးတာ ကို နှစ်ယောက်လုပ်ရမှာပါ။

ဒါပေမယ့်သူ့ကို ကျနော်စိတ်မဆိုးပါဘူး။

သူအိမ်သာကျင်းတူးတော့ကျနော် ကူ ပြီး မြေတွေသယ်ပေးပါတယ်။

သူကတော့ မလုပ် နဲ့ပြောပေမယ့် ဘယ်နေနို်င်ပါမလဲနော်။

အတူ တူ နေ ေ န ကြ သူ တွေလေ။

အဲဒီမှာကျနော်သိလိုက်ရတာကတော့

“လူဆိုတာ ကိုယ်လွတ်ရုန်းတတ်တယ်” ဆိုတာပါဘဲ။

အဲဒီသင်္ခန်းစာကြောင့် နောင်မှာကျနော်ဘာလုပ်လုပ် ကိုယ့်ဘက်ကခို်င်မာအောင်ကြိုးစားထားလေ့ရှိတာပါဘဲ။

 

တစ်ခါတစ်ရံမှာ ဘာမဟုတ်တဲ့ကူညီမူ့လေးကလဲ လူချင်းပိုရင်းနှီးစေတယ်ဆိုတာကို သိခဲ့ရပါတယ်။

တစ်ည ကျနော်တို့ ကင်းစောင့် နေရင်း ကျနော်နဲ့ ကင်းအတူစောင့်သူတစ်ယောက် က အစားမှားလို့ထင်တယ်

အန် နေပါတယ်။

ကျနော်ကလဲ သူ့ ကျောတွေ ပုခုံးတွေ ကိုနှိပ်ပေးပြီးသူအန်နိုင်အောင်

လုပ်ပေးပါတယ။်

ပြီးရင် ရေခပ်တိုက်။

အစာကြေးဆေးတိုက်။

သူအန်ပြီးသွားတဲ့ အခါ သူ့ကို သက်တောင့် သက်သာနေခိုင်း။

အဲလိုလေးလုပ်ပေးလိုက်ရတာ ကျနော့်အတွက် ဘာမှ အပန်းမကြိးခဲ့။

ဒါပေမယ့် သူက အဲ ဒီနေ့ကစပြီး ကျနော်ဆိုရင်အရမ်းခင်မင်သွား။

သူဘယ်သွားသွား ကျနော်ကို ခေါ်

သူဘာ ဝယ်စား စား ကျနော်အတွက်ပါ ဝယ်လာ တယ်ဆိုတော့

စိတ်ထဲမှာ ကြည်နူးမိတာအမှန်ပါဘဲ။

 

****************************************************

 

ကျနော်တို့အပြင်ထွက်ခွင့်ရတဲ့အခါ အတော်များများက ရန်ကုန်ကိုသွားကြပါတယ်။

ဒါပေမယ့် ရန်ကုန်မှာအသိမိတ်ဆွေမရှိလို့ ပိုက်ဆံကုန်မှာစုိုးလို့ မသွားတဲ့ လူတွေလဲရှိပါတယ်။

အဲလို ရန်ကုန် ကို မလိုက် တဲ့  လူငယ်တွေစုပြီး တောထဲကို သွားလေ့ရှိပါတယ်။

ဒီဘက်က သစ်ကြီးဝါးကြီးပေါတော့ တောလဲထူပါတယ်။

တစ်ရက်တော့ တောထဲကို နလင်ကျော်မြစ်သွားတူးမယ်ဆိုပြီး

စောထွန်းမောင်စိန်ရယ်ကိုအောင်စိုးရယ် ကိုအောင်ဆယ်ရယ် ၊မြင့်ကြည်ရယ် ကျနော်ရယ်

စုစုပေါင်းငါးယောက်ပေါ့။

စားဖိုဆောင်က တူရွင်းတွေပေါက်တူးတွေသွားငှားကြပါတယ်။

သူတို့ကကျနော်တို့ဆာရင်စားဘို့ ထမင်းခြောက်ကြော်တွေတောင်ထည့်ပေးလိုက်ပါသေးတယ်။

ကျနော်တို့သွားရမှာကစက်ပစ်ကွင်းနားလေးထိဆိုတော့ ငါးမိုင်လောက်ဝေးပါတယ်။

ရေဘူးတွေဘာတွေနဲ့ သွားကြတာပေါ့။

အဲဒီတုန်းကတော့ လေးငါးမိုင်လောက်လမ်းလျှောက်တာတော့အသာလေးပါဘဲ။

ဒါနဲ့တောထဲရောက်တော့ နလင်ကျော်ပင်လိုက်ရှာကြပါတယ်။

အရွက်ကိုကြည့်ပြီးတူးရတာပေါ့၊

နလင်ကျော်မြစ်ကအရမ်းမွှေးပါတယ်။

ပင်စည်အကြီးကြီးတွေ့လို့ တူးပေမယ့် အမြစ်သေးသေးလေးဖြစ်နေတတ်ပါတယ်။

အပင်ပေါက်စနလေးဆိုပြီးတူးလိုက်မှ အမြစ်ဆုံကြီးဖြစ်နေတာလဲတွေ့ရပါတယ်။

နလင်ကျော်ပင်ရှာရင်းရှာရင်း တောထဲ ကို အတော်ဝေးဝေးထိရောက်သွားပါတယ်။

တောထဲမှာရေငန်းသီးတွေ တွေ့ တော့ လဲခူးစား၊

ကနစိုးပင်အမြင့်ကြီးမှာ အသီးတွေပြွတ်နေအောင်သီးနေတာကိုမြင်ပေမယ့်

အပင်အောက်ကြွေတာဘဲကောက်စားကြပါတယ်။

တူးရင်းကနေ အမြစ် ဆယ်တုံးကျော်ကျော်ရတော့ ပြန်မယ် ပြင်ကြပါတယ်။

အဲလိုပြန်လာနေတုံးမှာလေတွေလဲတဝေါဝေါတို်က်လာပါတယ်။

သစ်ပင်တွေကလဲယိမ်းထိုးပြီး အကိုင်းချင်းခတ်မိတဲ့အသံနဲ့ဆူညံနေပါတယ်။

ကျနော်တို့လဲခပ်သွက်သွက်လျောက်နေရင်းလမ်းမမှတ်မိတော့သလိုဖြစ်လာပါတယ်။

အဲဒါနဲ့ကျွဲခလောက်သံကြားရတဲ့ နေရာ ဆိုရင်လူ တွေရှိတဲ့နေရာလို့ သတ်မှတ်ပြီး

အဲဒီကျွဲခလောက်သံနောက်လိုက်ပါတယ်။

ဒါပေမယ့် ကျနော်တို့ အတော်ကြာကြာသွားပြီးတဲ့အချိန်မှာမှ ကျနော်တို့ ဒီနေရာဘဲ

ပြန်ရောက် ရောက်နေတာကိုသတိထားမိပါတယ်။

ကျနော်တို့ ဒီထဲကို သစ်မြစ်တူးရင်းဝင်လာတာတောင်ဒီလောက်မကြာဘူးဆိုတာ

သိလာပါတယ်။

အဲတော့ ကျနော်တို့ ငါးယောက်နည်းနည်းလေးတော့ကြောက်စိတ်ဝင်မိတာအမှန်ပါဘဲ။

ကျနော်တို့ကျွဲခလောက်သံကိုနားမထောင်တော့ဘဲ လူသွားလမ်းရှိတဲ့လမ်းကိုရှာပြီးသွားမယ်

ဆိုပြီး ဆုံးဖြတ်ပြီးငါးယောက်ရှေ့နောက်တန်းပြီးသွားပါတော့ တယ်။

လမ်းချိုးလမ်းကွေ့တွေ့ရင်မလိုက်ဘဲ တည့်တည့်ဘဲတောတိုးပြီးဝင်ကြမယ်ဆုံးဖြတ်ထားကြပါတယ်။

အရေးထဲမှ ကျွတ်တွေကလဲ လူပေါ်ကို တဖြုတ်ဖြုတ်နဲ့ခုန်ခုန်ဆင်းလာပါတယ်။

ပုခုံးပေါ်မှာပေါက်တူးတွေ တူရွင်းတွေ ရော နလင်ကျော်မြစ်တွေရောထမ်းထားတော့လက်ကမအား။

အဲလိုကျနော်တို့ ရမ်းသမ်းသွားနေတုန်း “ ကျောင်းသားတွေ ကျောင်းသားတွေ”လို့ လှမ်းခေါ်သံကြား

တော့ ကျနော်တို့အားလုံးရပ်လိုက်ကြပါတယ်။

လှမ်းကြည့်တော့ ဒါးမတိုကိုခါးကြားထိုးထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။

အနားရောက်လာတဲ့အခါသူက

“မင်းတို့လမ်းပျောက်နေတယ်ထင်တယ်၊ မင်းတို့ကိုငါကြည့် နေတာ အတော်ကြာပြီ”လို့ပြောတာကြား

တော့ကျနော်တို့ အတော်ဝမ်းသာသွားပါတယ်။

“မင်းတို့ မတ်တပ်ရပ်ပြီးအပေါ့စွန့်မိတာနေမှာ။

ကဲ ကဲ တောပိုင်တောင်ပိုင်တွေကိုတောင်းပန်လို်က်” လို့ပြောတော့မှ

ကျနော်တို့ ငါးယောက်မတ်တပ်ရပ်ပြီးရှုးပေါက်မိတာကိုသတိရမိပါတယ်။

အဲတော့ အမိုက်အမဲလေးတွေကိုခွင့်လွှတ်ဘို့တောင်းပန်ရတော့တာပေါ့။

သူကကျနော်တို့ကိုလမ်းမပေါ်ထိရောက်အောင်လိုက်ပို့ပေးပါတယ်။

နာရီဝက်ကျော်ကျော်လောက်ဘဲကြာပါတယ်။

“နောက်ဒီလောက်တောနက်ထဲထိမလာနဲ့ လမ်းပျောက်တတ်တယ်” လို့ပြောလိုက်တော့

သူ့ကိုကျေးဇူးတင်စကားအခါခါပြောပြီးပြန်လာခဲ့ကြပါတယ်။

တောဘဲမှောက်သလား တောဘဲချောက်သလားဆိုတာသေချာမသိပေမယ့်

လမ်းပျောက်ပြီး တလည်လည်ဖြစ်ခဲ့ကြတာတော့အမှန်ပါဘဲ။

ဒါပေမယ့်လည်းအမှတ်ရှိသလား မထင်ပါနဲ့။

အားတာနဲ့တောထဲဝင်ကြတာပါဘဲ။

အဲလိုတောထဲအဝင်ကောင်းလို့ နောက်ထပ်တစ်သက်မမေ့ နိုင်စရာအဖြစ်တစ်ခုကိုကြုံခဲ့ ရပါသေးတယ်။

ဘယ်လိုလဲဆိုတော့…………………………………….

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-8-2014

9 comments

  • ခင် ခ

    August 27, 2014 at 9:48 am

    ဖောင်ကြီးမှာ အခြေခံစစ်သင်တန်းသင်ခဲ့ကြရတယ်ဆိုတော့ အရေးအကြောင်းဆို သေနတ်ကိုင်ပြီး နွဲလို့ရတယ်ပေါ့နော်။
    အဲဒီအခါကျမှ မရှောင်ရင် လွတ်တယ်လို့တော့ မလုပ်နဲ့လေ။

  • ဟုတ်တယ် ကိုခ သူ တို့ ရဲ့ ရည်ရွယ်ချက်က အဲ ဒါဘဲ၊
    တကယ်လို့များတိုင်းပြည်က အခြားတိုင်းပြည်နဲ့ စစ်ဖြစ်ခဲ့ ရင် ဖောင်ကြီးတက်ထားတဲ့
    ဝန်ထမ်းတွေက အလိုလို စစ်သား ဖြစ ်သွားမှာလေ။

    အခုတော့ အစိုးရဝန်ထမ်းမဟုတ်တော့ ကျနော် ကလွတ်တယ်။

  • weiwei

    August 27, 2014 at 11:33 am

    ကျွန်မတို့တုန်းကလဲ ကင်းစောင့်ခဲ့ရတယ် .. ၂ ယောက်တစ်တွဲ ဝတ်စုံပြည့်နဲ့ပါ .. အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဟန်ပြပဲစောင့်ပြီး တကယ်မစောင့်ကြပါဘူး .. ကျွန်မတော့ အဲလိုမလုပ်ချင်လို့ အမှန်အကန် စောင့်ခဲ့ပါတယ် .. ၂ နာရီလောက်ကို အတူကင်းစောင့်တဲ့သူကို စိတ်ဝင်စားကောင်းတဲ့ စကားတွေပြောရင်း အချိန်ကုန်အောင်လုပ်ပစ်လိုက်တာပေါ့ .. မိတ်ဆွေလဲတိုး တာဝန်လဲကျေပေါ့ ..

    လူတွေအကြောင်းသိရတာတွေ အများကြီးပါပဲ .. တကယ်တော့ ဖောင်ကြီးမှာခိုင်းတဲ့အလုပ်တွေက အဓိပါယ်မရှိလှပါဘူး .. ဒါပေမယ့် အမိန့်ကိုနာခံတတ်တဲ့စိတ်ရှိအောင် တမင်ရှာကြံပြီးခိုင်းတဲ့သဘောမျိုးပါ … မြက်တွေကို တမင်မွေးထားပြီး မြက်နှုတ်ခိုင်းသလိုမျိုးပေါ့ .. ပူးပေါင်းဆောင်ရွက်မှုနဲ့ အမိန့်နာခံမှုအတွက် လေ့ကျင့်ပေးတဲ့သင်ခန်းစာမျိုး။ ကျွန်မကတော့ သင်တန်းသွားကထဲက ဘာမှမစဉ်းစားဘူး ခိုင်းတဲ့အတိုင်း အကုန်လုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားခဲ့တာမို့လို့ ခိုင်းသမျှ မညီးမညူအကုန်လုပ်ပါတယ်။ မြက်နှုတ်ခိုင်းတဲ့အခါ တော်တော်များများက စောင့်ကြောင့်ထိုင်လိုက်ပြီး မျက်စိရှေ့က မြက်ပင်လေးတွေကို နှုတ်ချင်ယောင်ယောင်ပြီး အချောင်ခိုပါတယ်။ ကြီးကြပ်ရေးမှူးကလဲ လိုက်ကြည့်မနေပါဘူး။ ပေါက်တူးတွေပေးထားပေမယ့် ကိုင်တဲ့သူတစ်ယောက်မှမရှိဘူး။ ကျွန်မအနေနဲ့ အမြင်မတော်ဘူးလို့ထင်လို့ ပေါက်တူးကိုင်ပြီး ပေါက်ပါတယ်။ မြက်တွေအကုန်ရှင်းဖို့ ပေါက်တူးနဲ့ပေါက်မှသာ ကုန်မှာကို သိနေလို့ပါ။ လက်ကနုတော့ နာတာပေါ့။ အရမ်းလဲပင်ပန်းပါတယ်။ ကျွန်မကို မိုက်လိုက်တာလို့ပြောတယ်။ အဲလိုလုပ်စရာမလိုဘူးတဲ့ …

    နောက်တစ်ခုက တံမျက်စည်းလှည်းတဲ့ကိစ္စ .. အဆောင်မှာ သန့်ရှင်းရေးအတွက် အလှည့်ကျတာဝန်ပေးထားပါတယ် .. ဒါပေမယ့် အားလုံးက အလုပ်ရှုပ်နေတာမို့လို့ ဖြစ်နိုင်ရင် ကိုယ့်တာဝန်ကိုယ်ယူတာ အကောင်းဆုံးပါပဲ .. ကုတင် ၂ဝ ကို ၄ ပိုင်း ပိုင်းလိုက်ရင် ကိုယ်နဲ့ဆိုင်တဲ့အပိုင်းက ကုတင် ၅ လုံးစာလောက်ပဲ ရှိတာပါ။ စောစောပြီးနေတဲ့လူက ကုတင် ၅ လုံးစားလုံးအတွက် လှည်းပေးလိုက်ရင် အဆင်ပြေနိုင်ပေမယ့် ဘယ်သူ့မှ လုပ်တာ မတွေ့ဘူး။ ကိုယ့်ကုတင်အောက်ကိုပဲကွက်ပြီးလှည်းကြတယ်။ မလှည်းရင် ကစ်ထိမှာကြောက်လို့သာ။ အမှတ်လျော့မခံချင်လို့ လုပ်တဲ့သဘောမျိုးလောက်ပဲ လုပ်ကြပါတယ်။

    နောက်တစ်မျိုးက သင်တန်းခန်းမကို ချီတက်သွားရင် လမ်းမှာ သီချင်းဆိုရပါတယ်။ ဒါက အမိန့်ပေါ့လေ .. ပြည်သူ့ဝန်ထမ်းသီချင်းပါ .. ကျွန်မက ခွဲမှူးကျချိန်မှာဆိုရင် ရှေ့ကနေ စပြီးဆိုရတယ်ပေါ့။ ခပ်ကျယ်ကျယ်နဲ့ မာန်ပါပါဆိုပါတယ်။ ဒါပေမယ့် နောက်ကလိုက်မဆိုကြပါဘူး။ သင်တန်းမှူးတွေမကြားနိုင်တာမို့လို့ ဆိုနေလဲ အပိုပဲတဲ့လေ … သင်တန်းခန်းမနားနီးမှ ဆိုကြတယ် … နောက်ပြီး ဘယ် ညာ အော်ပြီး လမ်းလျှောက်ရတယ်လေ .. ညီညီညာညာ ချီတက်ရတဲ့အခါမှာလဲ မမြင်ရတဲ့နေရာရောက်ရင် မလုပ်တော့ပါဘူး … လက်ကိုလျော့ပြီး အပျင်းတွေလိုမျိုးလမ်းလျှောက်ကြတယ် …
    ကျွန်မ မကြိုက်ဆုံးအချက်ကို ပြောရမယ်ဆိုရင်တော့ ကျွန်မတို့သင်တန်းက အရာရှိလောင်းသင်တန်းဆိုတော့ အနဲဆုံးရာထူးက အရာရှိပေါ့ .. အဲဒါကို မာန်တက်ကြပါတယ် .. သင်တန်းဆရာတွေကိုလဲ ဘာအဆင့်လဲ ဘာရာထူးလဲကြည့်ပြီး အထင်သေးစိတ်တွေ ထားကြတယ်။ စစ်ရေးပြလေ့ကျင့်ပေးတဲ့သူတွေက တပ်ကြပ်အဆင့်တွေမို့လို့ သူတို့ခိုင်းတာ ဘာလို့လုပ်ရမှာလဲဆိုတဲ့စိတ်ဓါတ်ကြောင့် အချိန်တွေမကြာသင့်ပဲပိုကြာပြီး မညီမညာတွေနဲ့ စိတ်ပျက်ရတာပါပဲ။

    ကျွန်မတို့ သင်တန်းတက်ချိန်မှာတော့ ရုပ်ရှင်ရုံက သင်တန်းခန်းမဖြစ်သွားပြီး အဲဒီမှာ သင်ရပါတယ် .. အလွန်ပူအိုက်တယ် …

    ကျွန်မဘဝရဲ့ ပထမဆုံး လူတောတိုးခြင်း အတွေ့အကြုံတွေကို ကိုပေါက်လိုမျိုး ချမရေးတတ်ပေမယ့် အကုန်မှတ်မိနေပါသေးတယ် ..

    • မဝေ ရေ

      ဖောင်ကြီး မှာ သင်ပေးတဲ့ ကျောင်းသင်ခန်းစာတွေက ကျနော်အတွေးအမြင်ကို မပြောင်းစေပေမယ့်

      အတူ နေခဲ့ တဲ့ သင်တန်းသား အကိုကြီးတွေ က

      သွယ်ဝိုက်စွာ ရော ဒဲ့ ဒိုး ရော အမှတ်တမဲ့ ရော နဲ့ လူ မူ့ ဆက် ဆံရေး ပညာ တွေ သင်ပေးလိုက်ပါတယ်။

    • မဝေ ရေ

      မဝေ တို့ နဲ့ ကျနော် တို့ တပ်ခွဲခြင်းမတူတော့ အတွေ့အကြုံတွေလဲ ကွားခြားနို်င်တယ်

      မဝေ အနေနဲ့လဲ ရေး သင့် တယ် လို့ ထင်ပါတယ်

  • kyeemite

    August 27, 2014 at 11:35 am

    .ဓါတ်ပုံထဲကြည့်တော့ ကိုပေါက်က ငယ်ရုပ်မပျောက်ဘူးဗျ..ကြည့်တာနဲ့မှတ်မိတယ်
    .ကျနော်တို့တက်တုန်းက တပ်ခွဲက အဝေးဆုံးတပ်ခွဲဗျို့…ထမင်းစားပြန်လာရင် နောက်ဆုံးမှချည်းရောက်တယ်
    .ဒါနဲ့ ဖေါင်ကြီး အတူတက်ခဲ့သူတွေ ပြန်တွေ့ဖြစ်သေးလားဗျ…ကျနော်တောင်ပြီးခဲ့တဲ့တနင်္ဂနွေက
    .တစ်ဘားတိုက်ထဲနေခဲ့တဲ့ မိတ်ဆွေနှစ်ယောက်နဲ့တွေ့သေးတယ်..ဖေ့ဘုတ်ပေါ်ကနေ ပြန်ဆုံတာဗျို့

  • ကိုမိုက်ရေ

    ဖောင်ကြီးအတူတက်ခဲ့သူတွေကို သင်တန်းဆင်း စကတော့ တွေ့ ဖြစ်တယ်

    နောက်မတွေ့ဖြစ်တော့ဘူး။

    ဖောင်ကြိးအကြောင်းက အမှတ် 12မှာ အဆုံးသတ်ပါတယ်

    ကျနော်က မိတ်ဆွေ တွေကို ပြန်လည်ဖိတ်ခေါ်ထားပါတယ်

  • မြစာကလေး (23122011)

    August 28, 2014 at 12:04 am

    ဒီ တစ်ပုံ မှာတော့ မှန်းလို့ ရပြီ ဗျို့။
    အလယ်တန်းမှာ ထိုင်နေတဲ့ ဒုတိယ တစ်ယောက်။ :-)))

  • ဟုတ်တာပေါ့ ကိုလတ်ကြီးရေ

    ငယ်ငယ်က ပါးဖောင်း ဘိုက်ချပ်ချပ်

    အခု ကြီးလာတော့ ပါးဖောင်းဖောင်း ဘိုက်ဖောင်းဖောင်း

Leave a Reply