၂၁ရာစု ဗုဒ္ဓသာသနာအတွက် အဆင်သင့်ဖြစ်ကြပြီလား Ready?

ကျွန်တော်က ဝိပဿနာဆရာလည်း မဟုတ်ပါဘူး၊ တရားပေါက်နေတဲ့ ယောဂီလည်း မဟုတ်ရပါဘူး၊ ဒါပေမဲ့ ကိုယ်မြင်တာလေးကို အနာဂတ် ဗုဒ္ဓသာသနာအတွက် အမြင်ချင်းဖလှယ်တဲ့ချင်ပါတယ်။ ကျွန်တော်တို့မြန်မာတွေ ၁၉၈၈ နောက်ပိုင်းမှာ အကြောင်းအမျိူးမျိုးနဲ့ ကမ္ဘာအနှံ့ကိုပြန့်သွားတယ်။ အနီးအနားက တိုင်းပြည်တွေကို ရောက်သွားသူတွေအတွက် သိပ်မသိသာလှပေမဲ့ ရပ်ဝေးတိုင်းပြည်တွေမှာ အခြေချသူတွေအတွက်က နောင်ပေါက်ဖွားလာမဲ့မျိူးဆက်သစ်တွေအတွက်က ဘာသာ၊ သာသနာကို လက်ဆင့်ကမ်း အမွေဆက်ခံဖို့က ကိစ္စကြီးတရပ်ဖြစ်လာပါတယ်။ သိကြတဲ့အတိုင်း ကျွန်တော်ရဲ့ မျိူးဆက်သစ်တွေကို အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီးပြောရအောင်ကလည်း လူကြီးတွေတောင် နည်းမျိုးစုံနဲ့ထွက်ပြေးလာကြတာ၊ ဘာသွားပြောမလဲ။ တကယ်တမ်းဆိုတော့ ဒီပြသနာဟာ ဘာသာတရားနဲ့ ဝေးကွာနေကြတဲ့ ကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်။
စရရင် အနာဂတ် သာသနာဟာ အကျင့်စရဏ အပေါ်မှာပိုပြီး မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ ပရိယတ် သာသနာ စာပေလေ့လာ သင်ကြားမှုအပေါ် အထင်သေးခြင်း မဟုတ်ဘဲ ခေတ်ကာလ၏ ပြောင်းလဲမှုသဘောသာ ဖြစ်ပါလိမ့်မည်။ မမြဲသော အနိစ္စ သဘောအရ တချိန်တွင် ပဋိပတ်နဲ့ ပဋိဝေဒ သာသနာကွယ်ပြီး ပရိယတ် သာသနာ ပိုမိုထွန်းကားကာ နောက်ဆုံးတွင် ဗုဒ္ဓသာသနာ ကွယ်လိမ့်မည်ဖြစ်ပါသည်။ ဝိပဿနာ တရားအားထုတ်တယ်ဆိုတာ ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ဆင်ခြင်သုံးသပ်ပြီး သဘာဝအရှိတရားတွေကို သိမြင်နားလည်ကာ ဇာတိတဖန် ပြန်လည်မဖြစ်တော့ဘဲ အပြီးတိုင် ချုပ်ငြိမ်းဖို့ဖြစ်ပါတယ်။
ကျွန်တော်ဆွေးနွေးချင်တာကလည်း တရားဓမ္မထက် တနေ့ထက်တနေ့ ပိုပြီးလက်တွေ့ဆံလာနေတဲ့ ၂၁ရာစု ကမ္ဘာကြီးအတွက် အဆင်သင့်ဖြင်နေရမဲ့ ဗုဒ္ဓသာသနာ အကြောင်းပါ။ အခုခေတ်လူတွေက သီအိုရီထက် ရလဒ်ကိုပဲ တန်ဖိုးထားလာကြပြီ၊ ရှေ့လျှောက်ပိုပြီး တောင်းဆိုလာကြလိမ့်မယ်။ ဒါဟာ ကျင့်စဉ်တိတိပပ ရှိတဲ့ဗုဒ္ဓဘာသာ အတွက် အားသာချက်ပါ။ ကျွန်တော်တို့တွေကရော ကိုယ်တတ်နိုင်တဲ့ဘက်က တတပ်တအားဝင် သာသနာပြုဖို့ အဆင်သင့်ဖြစ်ကြပါပြီလား။ ဆိုလိုတာက ဝိပဿနာတရားတော်နဲ့ ဘယ်လောက်ထိ နီးစပ်ပါပြီလဲ၊ ဒါမှမဟုတ် မိရိုးဖလာဗုဒ္ဓဘာသာလိုပဲ ကံအလုပ်တွေဖြစ်တဲ့ ဒါနမှု သီလမှု သမထကျင့်စဉ်တွေနဲ့ပဲ သာသနာပြုကြတော့မှာလား။ ဒါဆိုရင် တခြားဘာသာတွေနဲ့ ဘာထူးတော့မှာလဲ၊ သူတို့ဘုရားကတောင် အပြစ်ကိုခွင့်လွှတ်ပေးနိုင်လို့ ပိုစွမ်းသလို မဖြစ်နေဘူးလား။
သိပ်မကြာသေးခင်က မိုးမခစာမျက်နှာမှာ ဆရာတော် ညဏ်ဦးမောင် ရေးတဲ့ဆောင်းပါးတပုဒ် ဖတ်လိုက်ရတယ်။ အဲဒီမှာ စာရေးသူ ဆရာတော်က သူ့ဒကာရဲ့ အဝေးမှာကောလိပ်ကျောင်း သွားတက်မဲ့သားကို ဘာသာရေးနဲ့ပတ်သက်လို့ ဆုံးမတော့ အဲဒီ့ချာတိတ်က ပြန်ပြောတဲ့ ၂ခုကို ပြောချင်တယ်။ ဆရာတော်က ရှေ့မှာအကိုကြီး ရှိပြီးသားမို့ လေ့လာအတုယူဖို့ပြောတော့ ကောင်လေးက သူနဲ့သူ့အကိုနဲ့က လူတဦးစီ၊ အတွေ့အကြုံချင်းလည်းမတူ၊ ပြီးတော့သင်ယူမဲ့ ပညာရပ်ခြင်းကလည်းကွဲပြား (ကျောင်းခြင်းတူပုံလည်းမရ) ဒါကြောင့်အတုယူဖို့မဖြစ်နိူင်။ နောက်ပြီး ဆရာတော်က ရှေးရှေးဇာတ်နိပါတ်တော်တွေနဲ့ ဆုံးမပုံရတဲ့အခါကြတော့ သူကဘယ်လိုမေးလည်း ဆိုတော့ အခုပြောတာတွေက တကယ်ဖြစ်ရပ်တွေလား ဒါမှမဟုတ် ယုံတမ်းတွေလားတဲ့။
နိုင်ငံခြားမှာကြီးတဲ့ သူတွေမပြောနဲ့ မြန်မာပြည်မှာ မွေး၊ ကြီးပြင်းပြီး သေခါနီးမှ ထွက်လာတဲ့ ကျွန်တော်တို့တတွေတောင် တချို့ဟာတွေဆိုရင် သို့လောသို့လော ဖြစ်တာပဲ။ တော်တော်များများကို ကြီးလာမှ ရင့်ကျက်လာတဲ့အသိညဏ် နဲ့ လက်ခံသင့်တာလက်ခံ၊ အရေးမကြီးဆိုပြီး ပယ်သင့်တာပယ် လုပ်ရတယ်။ ဒါတောင် ဟိုတလောက ပညာတတ်ဆရာတော် တပါးကြွလို့ သုတ္တန်ထဲက ကိန်းဂဏန်းတခုအကြောင်း မေးမိတာ ဆရာတော်က မင်းမယုံရင် ဘုရားဟောကိုမယုံတာနဲ့ အတူတူပဲလို့ ပြောလို့ငြိမ်နေလိုက်ရတယ်။ မျက်မြင်ကိုယ်တွေ့ မဟုတ်တာချင်းအတူတူ သူကစင်ပေါ်ကလေ၊ ကိုယ်ကနေရင်းထိုင်ရင်း ဒိဋ္ဌိဖြစ်မှာ။ ဆရာတော် ကလည်းလူကလည်များ၊ အမေးခံရပေါင်းလည်းများပုံရနေတော့ လိုတိုရှင်းဖြောလိုက်ပုံရတယ်။ မေးခွန်းက တရားတော်ရဲ့အနုစ်သာရ မဟုတ်လို့ ကျွန်တော်ရဲ့ ယုံကြည်မှုကိုမထိခိုက်ခဲ့ပါ၊ ဒါပေမဲ့ ဟိုချာတိတ်လိုမျိုးကြတော့ ဘယ်လိုလုပ်မလဲ။
ကျွန်တော်ကတော့ ကိုယ်တွေ့မဟုတ်တဲ့အရာ တော်တော်များများကို တရားထိုင်လို့ရလာတဲ့ ယုံကြည်မှုှုသဒ္ဓါနဲ့ ဖြေတယ်။ သို့ပေမဲ့ အစိမ်းသက်သက်တွေက ကျွန်တော်တို့လို ဖြစ်ပါ့မလား။
သီအိုရီဆန်လွန်းတဲ့ ဘာသာရေးပို့ချမှုတွေဟာ သိပ်မနိပ်လှဘူးဆိုရင် ဘယ်လိုလက်တွေ့နဲ့ ပေါင်းစပ်နိုင်ကြမလဲ။ လက်တွေ့တရားထိုင်ခြင်းသာလျင် အသင့်တော်ဆုံး အဖြေဖြစ်ပါတယ်။ ဒါဆိုစာပေလေ့လာမှုကို ပစ်ထားမလားလို့မေးရင် မစိုးရိမ်ပါနဲ့ သူ့ပရိတ်သတ်နဲ့သူ ရှိပြီးသားလို့ ဖြေပါရစေ။ လူဝတ်ကြောင်တွေမှာ ပိဋကတ်စာပေများကို လေ့လာလိုက်စားရန် အချိန်မပေးလို (သို့) မပေးနိုင်ကြပါ။
လူအများစုမှာ တရားမထိုင်ခင် သံသယအစွန်း နှစ်မျိုးဖြစ်တတ်ကြပါတယ်။ ပထမတမျိုးက တရားရဖို့ ငါ့မှာပါရမီရှိပါ့မလား ငယ်သေးတယ် နဲ့ နောက်တမျိုးက တရားထိုင်လို့များ ကံအားလျှော်စွာ ကိလေသာတွေ ကုန်သွားပြီး လက်ရှိပိုင်ဆိုင်မှုတွေကို စွန့်လွှတ်လိုက်ရမှာ နှမြောခြင်းတို့ ဖြစ်ပါတယ်။ ပထမ တမျိုးအတွက်အဖြေကတော့ သာမန်အရိယာတွေ အဖြစ်နဲ့နိဗ္ဗာန်ဝင်ဖို့ ပဉ္စာနန္တိယကံ သာမထိုက်ခဲ့လျင် ပါရမီကြးီကြီးမားမား မလိုဘဲ သူသူငါငါ လူတိုင်းလိုလိုမှာ ရှိတဲ့ပါရမီမျိုးနဲ့ ဖြစ်နိုင်ကြောင်း မိုးကုတ်ဆရာတော် ဘုရားကြီးက ဟောထားပါတယ်။ ဒုတိယ သံသယအစွန်း အတွက်အဖြေကတော့ ကာမကိလေသာကုန်ခမ်းသွားတဲ့ အထက်မဂ်အရိယာဖြစ်ဖို့ဟာ ညဏ်စဉ်အဆင့်ဆင့်ဖြတ်သန်း ပြီးမှသာဖြစ်တာမျိုးပါ၊ ဒါ့ပြင်အနိမ့်ဆုံးညဏ်ကနေ အောက်နှစ်မဂ်အထိရသိတိုင် လောကီလူ့လောကမှာ ပျော်ပျော်ပါးပါးကြီး နေနိုင်ပါသေးတယ်။ အဲဒီလိုပြောလိုက်တော့ လူသာမန်တွေနဲ့ဘာထူးမှာလဲဆိုလို့ရှိရင် ကွာခြားချက်ကတော့ အသိဖြင့်စည်းစိမ်ခံစားခြင်းနဲ့ လောကဓံကိုကောင်းစွာ ခံနိူင်စွမ်းရှိတို့ပါပဲ။
ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ နောက်ဘဝအတွက် အာမခံချက်ရချင်းကနေ မဆုံးနိူင်တဲ့ဘဝသံသရာကို ဆက်လက်ကျင်လည်ရအုံးမဲ့ ဘဝအနည်းငယ်သာကျန်တော့တဲ့အထိ ဖြတ်တောက်နိုင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ မင်းကနောင်ဘဝတို့၊ သံသရာတို့၊ ငရဲတို့၊ နတ်ပြည်တို့၊ ဘဝကူးကောင်းဖို့တို့ကို ဘယ်လိုလက်တွေ့ပြနိုင်လို့လဲဆိုလို့ရှိရင် တရားအားထုတ်ကြည့်ကြပါ။ တရားထိုင်လို့ရလာဖြစ်လာမဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုက အရာရာတိုင်းကို လက်ခံဖို့လက်တွေ့မြင်ဖို့မလိုဘူးဆိုတာ သူ့ဘာသာသူ အဖြေပေးပါလိမ့်မယ်။ ဒီလိုလက်တွေ့ပါတဲ့ လေ့လာမှုတွေကတဆင့် ပဋိစသမုပ္ပတို့၊ လေးပါးသစ္စာတို့၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး စတဲ့အဘိဓမ္မာတရားတွေကို အားထုတ်သူ့ အရွယ်အလိုက် စာအုပ်ထဲကနေ ခန္ဓာထဲကိုပို့နိုင်ကြရင် ဘာသာတရားဆိုတဲ့ အနှစ်သာရကို နှလုံးသားထဲမှာ ဌာပနာပြီးသား ဖြစ်ပါလိမ့်မယ်။ ပရိယတ္တိကိုယ်တော်တွေလည်း အဲဒီ့အခါကျရင် ပဋိပတ် လူဝတ်ကြောင်တွေထက် ခြေတလှမ်းကြောဖို့ ဘာလုပ်ရမယ်ဆိုတာ မပြောရဘဲ သိလာပါလိမ့်မယ်။ ဘာသာတရားနဲ့စိမ်းနေတဲ့ ရပ်နီးရပ်ဝေးက ဝေနေယျအပေါင်းလည်း ဘုရားသာသနာဝင်စစ်စစ်၊ သာသနာပြုစစ်စစ် များဖြစ်လာပါလိမ့်မယ်။

6 comments

  • fatty

    August 16, 2010 at 4:35 am

    ဒီလို ဆောင်းပါးမျိုးဟာ ရေးသားဖို့လဲကောင်းတယ် ….အများ ဖတ်ဖို့လဲသင့်တဲ့ ဆောင်းပါးမျိုးပါ။ ဒီခေတ်ကြီးဟာ ရုပ်ဝါဒီလွှမ်းမိုးနေတဲ့ခေတ်ကြိးဖြစ်ပါတယ်။ စား ဝတ် နေရေး
    အတွက် ရုန်ုးကန်နေ ရတဲ့ ခေတ်ကြီးပါ — ရုပ်ဝါဒီလွှမ်းမိုးလို့ အသစ်အဆန်း တွေပေါ် …ပေါ်သမျှလိုချင် …လိုချင်သမျှ မရရအောင်လုပ် — တချက်ကလေးပြန်စဉ်းစားကြ ရင်
    တိုးတက်ပြီးရင်း တိုးတက်အောင်လုပ်ရင်း နဲ့ ကမ ္ဘာကြီး ဘာ တွေဖြစ်လာပြီလဲ …စဉ်းစားကြ ဖို့ လိုလာပြီပေါ့နော … ရေ တွေကြီး ..မြေတွေပြို ..မုန်တိုင်းတွေဖြစ် …
    အပူလှိုင်းတွေလာ …နဲ့ ဖေါက်ပြန်လာနေပါပြီ။ ကိုယ့်ဆီ တိုက်ရိုက်မရောက်သေးလို့သာ ဟဲဟဲ..ဟဲဟဲ နဲ့ ရီနေနိုင် သေးတာပါ။ ဒါကြောင့် ဉာဏ် အမျှော်အမြင်ကသိပ်အရေးကြီးပါတယ်။ ဉာဏ်အမျှော်အမြင်ရင့်သန်အောင် … အတွေးအခေါ်ရင့်သန်အောင် ..ဘာသာရေး ကိုလဲ လိုက်စားသင့်သလောက်လိုက်စား ကြပါလို့
    တိုက်တွန်းရင်း ဒီလိုဆောင်းပါးမျိုး ကို ကြိုဆို လိုက်ရပါတယ်။

  • yawhan

    August 16, 2010 at 5:28 am

    ကျေးဇူးအထူးတင်ပါတယ်၊ဒီလီုအတွေးနဲ့post တွေများများရေးစေချင်ပါတယ်။
    ဒါပေမဲ့ ဒီဘလော့မှာက post တွေ ခဏလေးနဲ့page2,3တွေရောက်ပြီးပျောက်သွားတာ သိပ်မြန်တယ်ဗျ။တော်ရုံအချိန်လုဖတ်ရတဲ့သူတွေမဖတ်ဖြစ်တဲ့postတွေ အများကြီးပါ။ခုလိုဘာသာရေး၊လူမှုရေးနဲ့post လေးတွေ အနဲဆုံး ၂ရက်လောက်တော့ ဘလော့ရဲ့ တနေရာရာမှာ မြင်နေအောင်ရှိနေသင့်တယ်။ဒါမှ ဒီpost ကို ဖတ်ဖြစ်ကြမှာ။

  • မန်း ရိပ်

    August 16, 2010 at 9:07 am

    ကောင်းတယ်ဗျာ အခုခေတ်က ဆောင်းပါးတွေထဲ post တွေထဲမှာ ဘာသာရေးအကြောင်းရေးတာနဲ့လာပြီဗျ
    နောက်လည်းရေးပါအုန်း

  • sofiadimple

    August 17, 2010 at 4:51 am

    လူတိုင်းဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖို့ ပညာတွေသင်၊ဘွဲ့တွေယူနဲ့သူ့ထက် ငါ အပြိုင်အဆိုင် ကြိုးစားသင်ယူနေကြတယ်နော်။ အဲ…စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ကျတော့ရော မလိုအပ်ပေဘူးလား။ အဲဒီပညာလေးကျ သင်ရကောင်းမှန်းတောင် မသိကြတာလား။ မအားကြတာလား။ အချိန်မပေးနိုင်ကြတာလားတော့ မပြောတတ်ပါဘူး။ အင်း…ဖြစ်နိုင်ရင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေဖွင့်ပေးပြီး ဘွဲ့တွေ အပြိုင်ပေးရမလိုတောင် ဖြစ်နေပါပြီ။

  • Thint Aye Yeik

    February 8, 2017 at 4:19 pm

    ဘာသာ ကွယ်ဖို့ ဖန်လာတဲ့ အကြောင်းတွေထဲမှာ…
    တရား မသိသေးတဲ့ လူတွေကို တရား သိနေတဲ့ ဘုန်းဘုန်းတွေက တရားဟောပြောညွှန်ပြတယ်ဆိုပြီး…
    တရားပွဲထဲ… ပလ္လင်ပေါ်ကနေ မိန့်မိန့်ကြီးထိုင်ပြီး… နိုင်ငံရေး ပြောလိုက်…. ကဗျာလိုလို တေးထပ်လိုလိုတွေ ရွတ်ခိုင်းလိုက်နဲ့ လုပ်တာလည်း ပါမယ်ထင့်….

    ကျနော်ဖြင့် ….
    နိုင်ငံရေးဖက် နွယ်ပြီး.. ဟောတဲ့ ဘုန်းဘုန်းနဲ့…
    နိုင်ငံရေး ပြောပြီး ပျက်လုံးထုတ်တဲ့ လူရွှင်တော်တွေကို ခုတလော ကြည့်မရဘူး။
    :k:

    • kai

      February 10, 2017 at 2:23 pm

      ဗုဒ္ဓဘာသာကို လေ့လာတာမှာ.. ဘုန်းကြီးနဲ့ လူ.. ဒီလိုခေတ်မယ်ဆို.. လူကတောင် တော်တော်များများပိုတတ်သိ.. နားလည်နေနိုင်တဲ့ခေတ်..။
      ဘာလို့လဲဆိုတော့ လူက မူလ သချင်္ာ၊ သိပ္ပံ၊ အခြေခံပညာရေးအပြင်.. လူနေမှုဘဝတွေမှာ နေ့စဉ်လက်တွေ့ကျကျ.. ထိတွေ့ဆက်ဆံမှုတွေရှိတာကိုး..။
      အဲလိုခေတ်…အခြေအနေကြီးမှာ… ဘုန်းကြီးက ပုလ္လင်ပေါ်ထိုင်.. ဟောချင်တာဟော.. အောက်က သူ့ထက်ပိုသိနိုင်သူတွေပါတဲ့ ပရိသတ်ကြီးက. ဘာမှပြန်လှန်ဆွေးနွေး မေးမြန်းလို့မရ..။
      ဒီဘိတ်မရှိ.. တဖက်သတ်မို့.. ဘုန်းကြီးတွေက.. အဝင်မရှိ.. အထွက်ချည်းမို့.. ဉာဏ်အသိတွေပိတ်ပိတ်ပိန်းလာ..။
      သိတဲ့လူတွေက.. (မသိစိတ်ထဲက..) ..ရှေးဟောင်းနှစ် ၂၀၀ဝ ခေတ် အခြေအနေ ဘောင်ချဟောတဲ့ တရားတွေ.. လက်ခံမရဖြစ်လာ..။
      အဲဒါ.. သာသနာကွယ်ဖို့.. ပိုပိုဖြစ်လာတာပဲ..။
      ပြန်လမ်းရယ်မရှိ..။ အဲဒီ.. ပြန်မပြောနားမထောင်.. တရားဟောစနစ်ကြီးပြင်ရမယ် ဖြစ်ပါ၏..။ ဖြစ်ပါ၏။

Leave a Reply