ဘာာ!!!!!!!!!!!!!!

တစ်ကယ်လား အဲ့ဒါ တစ်ကယ်လား….. ကျွန်မ ထပ်ခါထပ်ခါ မေးနေမိတယ်…. ကိုယ့်နားကိုယ်မယုံနိုင်ဘူး… ဖုန်းထဲက မသွယ်အသံက ထပ်ထွက်လာတယ်…

“သေချာနားထောင် .. အခုငါတို့ရောက်နေတဲ့ ဆေးရုံမှာဘဲ.. နင်လာခဲ့..စိတ်တွေသိပ်မလှုပ်ရှားနဲ့..ဆိုင်ကယ်ကို ဖြေးဖြေးစီးခဲ့.. ငါစောင့်နေမယ်.. “ ကျွန်မ ဖုန်းကိုပစ်ချပြီး ပြေးထွက်လာခဲ့တယ်… လက်တွေရော ခြေထောက်တွေရော တဆတ်ဆတ်တုန်နေတယ်… … ကျွန်မသူ့ကို သိပ်တွေ့ချင်နေတယ်….. ကျွန်မသူ့ကို ရှာနေခဲ့တာအကြာကြီး.. မျှော်လင့်ချက်တွေရော အိမ်မက်တွေရော အကုန်ရိုက်ချိုးဖျက်ဆီးပြီး ကျွန်မသူ့ကို ရှာနေခဲ့တာ… အမေနဲ့ အမျိုးတွေကို တစ်ယောက်ထဲ ရင်ဆိုင်ပြီးသူ့အတွက်ကျွန်မရပ်တည်ခဲ့တာ…. တစ်ရက်ကလေးမှမမေ့ဘူး… အကုန်လုံးရဲ့ ဥပက္ခာတွေ ရယူပြီး အပင်ပန်းခံပြီး ကျွန်မရှာနေခဲ့တာပါ… လက်လျှော့ဖို့ဆိုတာ တစ်ခါလေးမှမတွေးမိဘူး… သူ့အတွက်နဲ့ လိုချင်တာလေးတစ်ခုအတွက် ရပြီးသား ဆယ်ခုလောက်ကို ကျွန်မစွန့်လွှတ်ပစ်ခဲ့တယ်… သူမရှိကတည်းက ကျွန်မအိမ်မက်တွေ ပြောင်းပြန်လှန်ပစ်လိုက်တယ်.. ဒါပေမယ့် တစ်ခါလေးမှ နောင်တမရခဲ့ပါဘူး… ကျွန်မသူ့ကို သိပ်ချစ်တယ်ဆိုတာ သူလည်းသိတယ်… ပစ်ထားရက်တယ်ဆိုပြီး အပြစ်မတင်ပါဘူး… သူ့ခံစားရတာကိုလည်း အဲ့ဒီအချိန်ကတည်းက ကျွန်မနားလည်ပေးမိတယ်… သူက အကုန်လုံး ကျွန်မကို ရင်ဖွင့်ခဲ့တာ… အရင်းနှီးဆုံး လူသားနှစ်ယောက်ပါ… တွေ့ရဖို့လည်း ခဏခဏ ဆုတောင်းခဲ့တယ်… အခုတွေ့ပြီတဲ့.. ကျွန်မဘာတွေ စပြောရမလဲ..ဘယ်ကစပြောရမလဲ…

ကံကောင်းထောက်မစွာ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဆိုင်ကယ်စီးလာတဲ့ ကျွန်မ ဆေးရုံရှေ့ကို တန်းတန်းမတ်မတ်ဘဲ ရောက်လာခဲ့တယ်… မသွယ်စောင့်နေတယ်… ဆေးရုံလှေကါးထစ်တွေပေါ်တက်ရင်း မသွယ်က “ လူနာလာမေးတာ ထင်တယ်.. သူတစ်ယောက်ထဲဘဲ… ဘေးမှာလူတွေနဲ့ဆို မပြောသေးနဲ့အုံးနော်.. ထွက်လာမှပြော…. “   နင်မှတ်မိတယ်ပေါ့ မသွယ်”   ကျွန်မအမေးကို ပြန်မဖြေဘဲ မသွယ်က စိတ်မကောင်းသလို ပြန်ကြည့်တယ်… ရှေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးမလေး တစ်ယောက်ကို ကျွန်မတို့ ကျော်တက်လိုက်တယ်…. “ လက်တွေအေးစက်နေတယ်.. စိတ်တွေသိပ်မလှုပ်ရှားနဲ့… ကျန်းမာရေးလည်း သိပ်မကောင်းဘူးမို့လား.. “ မသွယ်မေးတာကို ပြန်မဖြေနိုင်ဘူး.. ကျွန်မလှေကါးထစ်တွေတက်ရလို့ မောနေတယ်….. ဟိုမှာ. ဟိုအခန်းထဲမှာ…   ခြေလှမ်းတွေတုံ့သွားတယ်.. အဲ့ဒီအချိန်မှာ.. တကမ္ဘာလုံး တိတ်ဆိတ်သွားတယ်.. ကျွန်မသူ့ကို ဘေးတိုက်အနေထားနဲ့ မြင်နေရတယ်.. ဟုတ်တယ်..သူပေါ့… သူ့ထုံးစံအတိုင်း ရှပ်လက်ရှည်နဲ့ ပုဆိုးအကွက်စိပ်စပ်လေး ၀တ်ထားတယ်.. ကတ္တီပါဖိနပ်လေး စီးထားတယ်… ခုတင်ပေါ်ကလူကို ပြုံးပြီးစကားတွေပြောနေတယ်.. ကျွန်မပြေးဖက်ပြီး ငိုချလိုက်ချင်တယ်… သူ့ကိုခေါ်လိုက်ချင်တဲ့ စကားလုံးတွေ ..ခေါ်ခွင့်မရခဲ့တဲ့ စကားလုံးတွေ ရင်ထဲမှာ ပြည့်ကျပ်နေတယ်… .. လည်ချောင်းထဲမှာနင်နေတယ်…. အဲ့ဒီအချိန်မှာဘဲ.. အဲ့ဒီအချိန်လေးမှာပါဘဲ… ခုနက ကျွန်မတို့ ကျော်တက်ခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးက ကျွန်မတို့ကို တစ်ချက်ကြည့်ပြီး အဲ့ဒီအခန်းထဲဝင်သွားတယ်.. ကလေးက ပြေးပြီး သူ့ပေါင်ပေါ်ထိုင်လိုက်တယ်.. ..လက်ထဲက မုန့်ထုပ်ကို သူ့ကိုဖောက်ခိုင်းတယ်.. သူက တစ်ချက်ငုံ့ကြည့်ပြီး ပါးလေးကိုနမ်းလိုက်တယ်.. .. အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ကျွန်မချာချာလည်သွားတယ်… မျက်လုံးထဲမှာမှောင်သွားတယ်… သွားပြီ… ကျွန်မမျှော်လင့်ခဲ့ရသမျှ.. အကုန်လုံး ဒီအချိန်လေးအတွင်းမှာ ဆုံးရှုံးသွားပြီ.. ဘာကြောင့် ဒီလိုဖြစ်နိုင်တယ်လို့ ကျွန်မ မတွေးထားရတာလဲ.. .ဘာကြောင့်သူကရော ဒီလိုဖြစ်သွားရတာလဲ….. ကျွန်မဆိုတာ သူ့ရင်ထဲမှာမရှိနိုင်တော့ဘူးထင်ပါရဲ့… မသွယ်က ကျွန်မပုခုံးကို လာဖက်တယ်.. “ ငါနင့်ကို ခေါ်မိတာကိုက မှားတာပါ.. ငါလည်းရုတ်တရက်ဆိုတော့ “   သူလည်းဆိုနင့်သွားတယ်… ကျွန်မငိုပစ်ချင်တယ်.. ငိုလို့မရဘူး… သူတို့ထွက်လာကြပြီ.. ကလေးက သူ့လက်ကိုဆွဲလို့….   ကျွန်မတို့ မျက်နှာချင်းဆိုင်တွေ့ကြပါပြီ.. တစ်ချက်လေး ငဲ့ကြည့်လိုက်တဲ့အချိန် ကျွန်မတို့ အကြည့်ချင်းဆုံခဲ့တယ်… သူမျက်နှာလွဲသွားတယ်…. မမှတ်မိဘူးတဲ့လား.. .သူနဲ့ တူပါတဲ့ဆိုတဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေ ဒါတွေကို သူမမှတ်မိဘူးတဲ့လား…. ဟင့်အင်း.. ကြာကြာကြည့်ရင်တော့မှတ်မိနိုင်မှာပါ… ကျွန်မ သူ့ကိုခေါ်ဖို့ ခြေလှမ်းပြင်လိုက်တယ်… လှေကါးကို ဆင်းဖို့ ကလေးက လက်လေးနှစ်ဖက် မြှောက်ပြီးသူ့ကိုချီခိုင်းတယ်… သူကပွေ့ချီလိုက်တယ်… အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်မြင်လိုက်ရသလိုပါဘဲ…. ကလေးလေးပြုံးနေတာလေးက ကျွန်မသူ့ကိုခေါ်ဖို့ ဆွံ့အသွားစေတယ်… အမြဲပြုံးနိုင်ပါစေ ကလေးလေးရယ်.. ကျွန်မမရခဲ့တဲ့ အကြင်နာတွေ… ချစ်ခြင်းတွေ ဒီကလေးလေး ရပါစေတော့…. ကျွန်မခံစားခဲ့ရတဲ့ ခံစားမှုမျိုး ဒီကလေးလေးမခံစားရပါစေနဲ့တော့…. ၁၈ နှစ်လုံးလုံး ကျွန်မခေါ်ခွင့်မရှိခဲ့တဲ့ စကားလုံးလေး နှစ်လုံးကို ဒီကလေးလေး အမြဲခေါ်ခွင့်ရှိပါစေ….. အဲ့လိုအတွေးတွေ တွေးမိသွားတဲ့အချိန်မှာ.. ကျွန်မငိုလို့ရသွားပါပြီ.. ငိုလိုက်ပါပြီ.. .အဲ့ဒီအချိန်မှာ ကျွန်မ သူ့ကို အားရပါးရ ခေါ်လိုက်မိတယ်…

“ ဖေဖေ”

သူမကြားတော့ပါဘူး.. သူတို့သွားကြပါပြီ.. ကျွန်မလည်း နောက်ထပ်ခေါ်ဖို့ဆိုတာ………….   :cry:

About ဗုံဗုံ

ဗုံ ဗုံ has written 11 post in this Website..

   Send article as PDF