သေဆုံးသွားတဲ့နေ့

ဗုံဗုံAugust 28, 20141min23514

ဘာာ!!!!!!!!!!!!!!

တစ်ကယ်လား အဲ့ဒါ တစ်ကယ်လား….. ကျွန်မ ထပ်ခါထပ်ခါ မေးနေမိတယ်…. ကိုယ့်နားကိုယ်မယုံနိုုင်ဘူး… ဖုန်းထဲက မသွယ်အသံက ထပ်ထွက်လာတယ်…

“သေချာနားထောင် .. အခုငါတို့ရောက်နေတဲ့ ဆေးရုံမှာဘဲ.. နင်လာခဲ့..စိတ်တွေသိပ်မလှုပ်ရှားနဲ့..ဆိုင်ကယ်ကို ဖြေးဖြေးစီးခဲ့.. ငါစောင့်နေမယ်.. “ ကျွန်မ ဖုန်းကိုပစ်ချပြီး ပြေးထွက်လာခဲ့တယ်… လက်တွေရော ခြေထောက်တွေရော တဆတ်ဆတ်တုန်နေတယ်… … ကျွန်မသူ့ကို သိပ်တွေ့ချင်နေတယ်….. ကျွန်မသူ့ကို ရှာနေခဲ့တာအကြာကြီး.. မျှော်လင့်ချက်တွေရော အိမ်မက်တွေရော အကုန်ရိုက်ချိုးဖျက်ဆီးပြီး ကျွန်မသူ့ကို ရှာနေခဲ့တာ… အမေနဲ့ အမျိုးတွေကို တစ်ယောက်ထဲ ရင်ဆိုင်ပြီးသူ့အတွက်ကျွန်မရပ်တည်ခဲ့တာ…. တစ်ရက်ကလေးမှမမေ့ဘူး… အကုန်လုံးရဲ့ ဥပက္ခာတွေ ရယူပြီး အပင်ပန်းခံပြီး ကျွန်မရှာနေခဲ့တာပါ… လက်လျှော့ဖို့ဆိုတာ တစ်ခါလေးမှမတွေးမိဘူး… သူ့အတွက်နဲ့ လိုချင်တာလေးတစ်ခုအတွက် ရပြီးသား ဆယ်ခုလောက်ကို ကျွန်မစွန့်လွှတ်ပစ်ခဲ့တယ်… သူမရှိကတည်းက ကျွန်မအိမ်မက်တွေ ပြောင်းပြန်လှန်ပစ်လိုက်တယ်.. ဒါပေမယ့် တစ်ခါလေးမှ နောင်တမရခဲ့ပါဘူး… ကျွန်မသူ့ကို သိပ်ချစ်တယ်ဆိုတာ သူလည်းသိတယ်… ပစ်ထားရက်တယ်ဆိုပြီး အပြစ်မတင်ပါဘူး… သူ့ခံစားရတာကိုလည်း အဲ့ဒီအချိန်ကတည်းက ကျွန်မနားလည်ပေးမိတယ်… သူက အကုန်လုံး ကျွန်မကို ရင်ဖွင့်ခဲ့တာ… အရင်းနှီးဆုံး လူသားနှစ်ယောက်ပါ… တွေ့ရဖို့လည်း ခဏခဏ ဆုတောင်းခဲ့တယ်… အခုတွေ့ပြီတဲ့.. ကျွန်မဘာတွေ စပြောရမလဲ..ဘယ်ကစပြောရမလဲ…

ကံကောင်းထောက်မစွာ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဆိုင်ကယ်စီးလာတဲ့ ကျွန်မ ဆေးရုံရှေ့ကို တန်းတန်းမတ်မတ်ဘဲ ရောက်လာခဲ့တယ်… မသွယ်စောင့်နေတယ်… ဆေးရုံလှေကါးထစ်တွေပေါ်တက်ရင်း မသွယ်က “ လူနာလာမေးတာ ထင်တယ်.. သူတစ်ယောက်ထဲဘဲ… ဘေးမှာလူတွေနဲ့ဆို မပြောသေးနဲ့အုံးနော်.. ထွက်လာမှပြော…. “   နင်မှတ်မိတယ်ပေါ့ မသွယ်”   ကျွန်မအမေးကို ပြန်မဖြေဘဲ မသွယ်က စိတ်မကောင်းသလို ပြန်ကြည့်တယ်… ရှေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးမလေး တစ်ယောက်ကို ကျွန်မတို့ ကျော်တက်လိုက်တယ်…. “ လက်တွေအေးစက်နေတယ်.. စိတ်တွေသိပ်မလှုပ်ရှားနဲ့… ကျန်းမာရေးလည်း သိပ်မကောင်းဘူးမို့လား.. “ မသွယ်မေးတာကို ပြန်မဖြေနိုင်ဘူး.. ကျွန်မလှေကါးထစ်တွေတက်ရလို့ မောနေတယ်….. ဟိုမှာ. ဟိုအခန်းထဲမှာ…   ခြေလှမ်းတွေတုံ့သွားတယ်.. အဲ့ဒီအချိန်မှာ.. တကမ္ဘာလုံး တိတ်ဆိတ်သွားတယ်.. ကျွန်မသူ့ကို ဘေးတိုက်အနေထားနဲ့ မြင်နေရတယ်.. ဟုတ်တယ်..သူပေါ့… သူ့ထုံးစံအတိုင်း ရှပ်လက်ရှည်နဲ့ ပုဆိုးအကွက်စိပ်စပ်လေး ဝတ်ထားတယ်.. ကတ္တီပါဖိနပ်လေး စီးထားတယ်… ခုတင်ပေါ်ကလူကို ပြုံးပြီးစကားတွေပြောနေတယ်.. ကျွန်မပြေးဖက်ပြီး ငိုချလိုက်ချင်တယ်… သူ့ကိုခေါ်လိုက်ချင်တဲ့ စကားလုံးတွေ ..ခေါ်ခွင့်မရခဲ့တဲ့ စကားလုံးတွေ ရင်ထဲမှာ ပြည့်ကျပ်နေတယ်… .. လည်ချောင်းထဲမှာနင်နေတယ်…. အဲ့ဒီအချိန်မှာဘဲ.. အဲ့ဒီအချိန်လေးမှာပါဘဲ… ခုနက ကျွန်မတို့ ကျော်တက်ခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးက ကျွန်မတို့ကို တစ်ချက်ကြည့်ပြီး အဲ့ဒီအခန်းထဲဝင်သွားတယ်.. ကလေးက ပြေးပြီး သူ့ပေါင်ပေါ်ထိုင်လိုက်တယ်.. ..လက်ထဲက မုန့်ထုပ်ကို သူ့ကိုဖောက်ခိုင်းတယ်.. သူက တစ်ချက်ငုံ့ကြည့်ပြီး ပါးလေးကိုနမ်းလိုက်တယ်.. .. အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ကျွန်မချာချာလည်သွားတယ်… မျက်လုံးထဲမှာမှောင်သွားတယ်… သွားပြီ… ကျွန်မမျှော်လင့်ခဲ့ရသမျှ.. အကုန်လုံး ဒီအချိန်လေးအတွင်းမှာ ဆုံးရှုံးသွားပြီ.. ဘာကြောင့် ဒီလိုဖြစ်နိုင်တယ်လို့ ကျွန်မ မတွေးထားရတာလဲ.. .ဘာကြောင့်သူကရော ဒီလိုဖြစ်သွားရတာလဲ….. ကျွန်မဆိုတာ သူ့ရင်ထဲမှာမရှိနိုင်တော့ဘူးထင်ပါရဲ့… မသွယ်က ကျွန်မပုခုံးကို လာဖက်တယ်.. “ ငါနင့်ကို ခေါ်မိတာကိုက မှားတာပါ.. ငါလည်းရုတ်တရက်ဆိုတော့ “   သူလည်းဆိုနင့်သွားတယ်… ကျွန်မငိုပစ်ချင်တယ်.. ငိုလို့မရဘူး… သူတို့ထွက်လာကြပြီ.. ကလေးက သူ့လက်ကိုဆွဲလို့….   ကျွန်မတို့ မျက်နှာချင်းဆိုင်တွေ့ကြပါပြီ.. တစ်ချက်လေး ငဲ့ကြည့်လိုက်တဲ့အချိန် ကျွန်မတို့ အကြည့်ချင်းဆုံခဲ့တယ်… သူမျက်နှာလွဲသွားတယ်…. မမှတ်မိဘူးတဲ့လား.. .သူနဲ့ တူပါတဲ့ဆိုတဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေ ဒါတွေကို သူမမှတ်မိဘူးတဲ့လား…. ဟင့်အင်း.. ကြာကြာကြည့်ရင်တော့မှတ်မိနိုင်မှာပါ… ကျွန်မ သူ့ကိုခေါ်ဖို့ ခြေလှမ်းပြင်လိုက်တယ်… လှေကါးကို ဆင်းဖို့ ကလေးက လက်လေးနှစ်ဖက် မြှောက်ပြီးသူ့ကိုချီခိုင်းတယ်… သူကပွေ့ချီလိုက်တယ်… အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်မြင်လိုက်ရသလိုပါဘဲ…. ကလေးလေးပြုံးနေတာလေးက ကျွန်မသူ့ကိုခေါ်ဖို့ ဆွံ့အသွားစေတယ်… အမြဲပြုံးနိုင်ပါစေ ကလေးလေးရယ်.. ကျွန်မမရခဲ့တဲ့ အကြင်နာတွေ… ချစ်ခြင်းတွေ ဒီကလေးလေး ရပါစေတော့…. ကျွန်မခံစားခဲ့ရတဲ့ ခံစားမှုမျိုး ဒီကလေးလေးမခံစားရပါစေနဲ့တော့…. ၁၈ နှစ်လုံးလုံး ကျွန်မခေါ်ခွင့်မရှိခဲ့တဲ့ စကားလုံးလေး နှစ်လုံးကို ဒီကလေးလေး အမြဲခေါ်ခွင့်ရှိပါစေ….. အဲ့လိုအတွေးတွေ တွေးမိသွားတဲ့အချိန်မှာ.. ကျွန်မငိုလို့ရသွားပါပြီ.. ငိုလိုက်ပါပြီ.. .အဲ့ဒီအချိန်မှာ ကျွန်မ သူ့ကို အားရပါးရ ခေါ်လိုက်မိတယ်…

“ ဖေဖေ”

သူမကြားတော့ပါဘူး.. သူတို့သွားကြပါပြီ.. ကျွန်မလည်း နောက်ထပ်ခေါ်ဖို့ဆိုတာ………….   😥

14 comments

  • ခင် ခ

    August 28, 2014 at 10:22 am

    ချစ်ခင်မြက်နိုးခြင်း၏ အဆုံးတွင် ခွဲခွါရခြင်းဆိုတာ ရှိသတဲ့
    ဒါပေမယ့် ချစ်ခင်မြတ်နိုးသူတိုင်း အချိန်စောလျှင်စွာ မခွဲခွါချင်ကြတာလဲ ဓမ္မတာပေါ့ဗျာ။
    အဲဒီလို အချိန်စောလျှင်စွာ မခွဲခွါချင်ဘဲ ခွဲခွါခွင့်ကြုံကြရင်တော့ ဖြစ်တည်လာတာ မျက်ရည်ပါ။

  • နောင် ရိုး

    August 28, 2014 at 10:28 am

    တကယ့်ကို ရင်နင့်စရာအဖြစ်လေးပါဗျာ….
    ကိုယ်အလေးအနက်ထားသူ၊ ကိုယ်ချစ်တဲ့သူက တခြားသူကိုချစ်နေတဲ့ မြင်ကွင်းက….
    ဗုံဗုံလေးလဲ…အမြန်ဆုံး စိတ်အခြေအနေအဆင်ပြေပါစေလို့…ဆုတောင်းပါရဲ့ဗျာ……..

  • ဦးကြောင်ကြီး

    August 28, 2014 at 11:58 am

    ဟေ..

  • kyeemite

    August 28, 2014 at 1:38 pm

    ကိုယ်ချင်းစာခံစားမိပါတယ်…

  • Iris

    August 28, 2014 at 5:43 pm

    ပိုပြီးကြိုးစားပြလိုက်​ပါညီမ​လေး။
    အစ်​မ က​တော့ နဲနဲမာနကြီးတယ်​..ကိုယ်​့ကိုစွန်​့ပစ်​ခဲ့ရင်​ ​သေ​လောက်​​အောင်​လွမ်​း​နေပ​လေ​စေ့။ ဘယ်​​တော့မှသွားမကြည်​့ဘူး။ ကိုယ်​့ကိုဂရုစိုက်​အ​လေးထားတဲ့သူ​တွေအနားမှာပဲအတူတူရင်​ဆိုင်​မယ်​။ ​

  • alinsett

    August 28, 2014 at 5:43 pm

    ဘာာာာာ
    အဲဒါ…..
    တကယ်လား…..

    😥

  • မြစာကလေး (23122011)

    August 28, 2014 at 5:53 pm

    အရီး သာဆို
    အဲဒီ လူ ကို မျက်နှာချင်းဆိုင်ပြီး “အန်ကယ် က ဦး xxx လား။ ကျွန်မ ကတော့ ဒေါ် xxx ရဲ့ သမီးပါ။ အန်ကယ် သိမှ သိပါ့မလား ဘဲ ” လို့ ပြောလိုက်မယ်။
    တစ်ခါတစ်ခါ မှာ လူ တစ်ယောက် ကို ဒုတိယ အကြိမ် အခွင့်ပေးသင့်ပါတယ်။
    သူ့ သမီး ကို စိတ်ထဲ က သတိရ နေတာလဲ ဖြစ်နိုင်ပါတယ်။

    ဒီလို မဟုတ်ဘဲ
    သူ က မသိချင်ဟန် ဆောင်မယ် ဆိုရင်တော့ အိုင်းရစ် ပြောသလို ဘယ်တော့မှ လှည့်မကြည့်နဲ့တော့။

    အဖြေ ကို ရှင်းရှင်း သိ အောင်တော့ အရင် လုပ်လိုက်သင့်တယ်။
    အထင်။
    :-)))

  • အော် မွေး ထား တဲ့ အဖေ သာ ဆို ရင် တော့ ဘာ ဖြစ်ဖြစ ်ခွင့် လွှတ်လို်က်ပေတော့

    မာန တွေ ထား ရင် ဆက်ခံ စားေ နရ အုံးမှာဘဲ

  • Ko chogyi

    August 29, 2014 at 12:42 am

    သားသမီးနဲ့မိဘဆိုတာ မခေါ်ချင်လဲ မတော်လို့မရပါ
    ခေါ်လို့မဖြစ်တဲ့အကြောင်းတရားတွေကြောင့်
    မခေါ်နိုင်ခဲ့တာ ဖြစ်မှာပါလို့ပဲ တွေးလိုက်ပါလေ

  • kai

    August 29, 2014 at 2:16 am

    ကိုယ်ကဘာမှအမှားမလုပ်ထားဖူးဆိုရင်တော့…
    မိဘမကလို့…ဘုရားဖြစ်ဖြစ်….

    ပွင့်လင်းမြင်သာ..လုပ်သင့်တာပေါ့…

  • Ma Ei

    August 29, 2014 at 3:07 pm

    စာဖတ်ရင်း တစ်လွဲထင် နေမိတာ “ ဖေဖေ” လို့ ဆိုတဲ့ ခေါ်သံကိုတွေ့မှဘဲ
    အဖေနဲ့ အကြောင်းရေးတာလို့ သိမိတယ်…အထင်မှားတော့မလို့ 🙂

  • Shwe Ei

    August 29, 2014 at 4:50 pm

    အမကတော့ ….မိသားစုကို ထားသွားတာသိလိုက်တဲ့အချိန်မှာ တချက်ဝမ်းနည်းမိပေမဲ့….ကို့အနားမှာ အမေတစ်ယောက်လုံး ရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ ဖြေလိုက်တယ်။
    ငယ်သေးတဲ့အရွယ်မို့လို့ မသိတတ်တာလို့တော့ ပြောလို့မရဘူး…ခလေးတွေမှာလဲ စကားလုံးနဲ့မဖေါ်ပြတတ်တဲ့ ခံစားချက်တွေရှိတာဘဲ။
    အခုချိန်မှာတော့ အဖေတစ်ယောက်ရဲ့ ဥပေက္ခာဟာ ကို့အတွက် စာမဖွဲ့လောက်တဲ့ အကြောင်းအရာတစ်ခုလိုဖြစ်နေပြီ။
    ညီမလေးလဲ ကြိုးစားပြီး အားတင်းနေကြည့်ပါ.
    စေ့စေ့တွေးလေ တရေးရေးပေါ်လေဆိုတဲ့အတိုင်း…အချိန်ကြာလာတာနဲ့အမျှ ဝေဝါးသွားမဲ့ ပုံရိပ်တစ်ခုဖြစ်မှာဘာဘဲ။

  • Crystalline

    August 31, 2014 at 6:53 am

    ဗုံတလုံးရေးဟန်အတိုင်း အဆုံးထိ အတွေးတွေနဲ့ခေါ်သွားခဲ့တယ်… ခံစားခဲ့ရတာလား ခံစားပေးခဲ့တာလား
    မသိပေမယ့် ရင်ထဲမကောင်း 😥
    စိတ်နဲ့လူမကပ်ဘဲ ဆိုင်ကယ်စီးတာကတော့ မလုပ်ပါနဲ့ဟယ်… ကိုယ်တိုင်ဆို တစ်ခါလည်း မြောင်းထဲဒိုင်ဗင်ထိုးပြီးမဟုတ်လား
    မကြာသေး မန်းလေးမှာ ဆိုင်ကယ်လေးစီး လူလေးယောက်ကို ပွဲချင်းပြီးတိုက်ချသွားတဲ့ လူရမ်းကား
    သတ်တဝါသတင်းဖတ်လိုက်ရတော့ မန်းလေးက ရွာသူားတွေကို စိတ်ပူပြီး နာမည်တွေအပြေးအလွားဖတ်ရသေးတယ်..
    အဲ့ကောင်သတင်း ဘာမှအသံထပ်ကြားရပုံမပေါက်တော့ ဟိုလူမျိုးတော့ မဟုတ်လောက်ဘူး.. အဲ့ဒီကောင်မျိုးတွေကို
    နောင်တရလောက်အောင် ထိုက်သင့်တဲ့ပြစ်ဒဏ်ခံစေချင်တယ်..
    ဆိုင်ကယ်စီးရင်လည်း ကွာလတီကောင်းကောင်း ဟဲလိမက်ဆောင်းပြီး သတိကပ်ပါကလေးမ…

Leave a Reply