စာမေးပွဲဖြေဆိုစွမ်းရည် တိုးတက်ရေးအတွက် အလွယ်နည်းလမ်း

manawphyulayAugust 16, 20101min590

နိုင်ငံတကာ စာမေးပွဲမှ မဟုတ်ပါဘူး။ ဘယ်စာမေးပွဲမဆို နည်းလမ်းသိရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ အဲ ကြိုးစားမှုတော့ လိုတာပေါ့။ ကျွန်မ နားလည်ထားတဲ့ နည်းလမ်းကောင်းတွေကို ပြောပြမယ်နော်။ လိုက်နာ ကျင့်ကြံပြီး အောင်မြင်မှုကို လှမ်းတက်နိုင်ပါစေ။

(၁) ဖတ်ပါ။
ဖတ်ပါ ဆိုလိုက်လို့ သိပ်လွယ်လွန်းတယ်လို့တော့ မထင်ပါနဲ့။ သူများ ပြောမှလားဆိုတဲ့ အတွေးကိုလည်း မတွေးလိုက်ပါနဲ့ဦး။ စာများများ ဖတ်ထားခြင်းဖြင့် ဝေါဟာရများ ပိုကြွယ်လာပြီး စာဖတ်လည်း မြန်လာပါတယ်။ တကယ့် စာမေးပွဲမှာ စက္ကန့်တိုင်း အရေးပါပါတယ်။

(၂) ဖြေဆိုပုံ အဆင့်ဆင့်ကို သိထားပါ။
စာမေးပွဲတွင် ဖြေဆိုပုံ အဆင့်ဆင့်ကို အကျွမ်းတဝင် သိထားပါက အလွန်အဖိုးတန်တဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အချိန်ကို အလဟဿမဖြစ်စေခြင်းကြောင့် ပိုထွက်လာတဲ့အချိန်ကို ကောင်းစွာ မဖြေနိုင်တဲ့ မေးခွန်းများအတွက် အချိန်ပေးနိုင်ပါတယ်။

(၃) လေ့ကျင့်ပါ။
ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို တကယ့်စာမေးပွဲကြီး မဖြေမီ များနိုင်သမျှ များများအစမ်းစာမေးပွဲများ လေ့ကျင့်ဖြေဆိုထားခြင်းဖြင့် ယုံကြည်မှု ပိုမိုတိုးလာပြီး တကယ့်စာမေးပွဲနေ့မှာ စိတ်လှုပ်ရှားမှုကို လျော့နည်းစေပါတယ်။

(၄) ပတ်ဝန်းကျင် အခြေအနေကောင်း ဖန်တီးပါ။
တကယ့်စာမေးပွဲနေ့အတွက် ပြင်ဆင်မှုများကို ပြုလုပ်ပါ။ ပြင်ဆင်မှုဆိုရာမှာ ခဲတံ အပိုယူဆောင်သွားခြင်းသာ မဟုတ်ဘူး။ စာမေးပွဲဖြေဆိုမယ့် မနက်ပိုင်းမှာ အစားအသောက်များစွာ မစားသင့်ပါဘူး။ ဖြေဆိုမယ့် ညမှာလည်း ညနက်တဲ့အထိ စာများကို မကြည့်သင့် မကျက်မှတ်သင့်ပါဘူး။ စာမေးပွဲသွားဖြေရာတွင် အနွေးထည်ယူဆောင်သွားသင့်ပါတယ်။ ပူအိုက်တဲ့ရာသီမှာ အနွေးထည်က ဘာလုပ်ဖို့လဲလို့တော့ မပြောလိုက်ပါနဲ့။ အပိုအဖြစ် ဖျားတာ နာတာကို ကာကွယ်နိုင်ပါတယ်။ နောက်တစ်ချက်က ဖြေမယ့်အခန်းမဝင်မီ အခြေအနေကောင်းမှာပါဟု ကြိုတွေးပါ။ မျှော်လင့်ပါ။ ထိုသို့ ဖန်တီးခြင်းကြောင့် စာမေးပွဲကို သက်သောင့်သက်သာ ဖြေဆိုနိုင်ပြီး ရလဒ်ကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၅) အမှတ်ပေးပုံစံကို နားလည်ထားပါ။
မဖြေမီ အမှတ်ပေးစနစ်ကို လေ့လာထားခြင်းကြောင့် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ အချို့စာမေးပွဲများမှာ အဖြေလွှာ၌ ကွက်လပ်ထားရှိခြင်းကြောင့် ဘာမှမဖြစ်သော်လည်း မှားယွင်းစွာ ဖြေဆိုမှုကြောင့် ရမှတ်မှာ အနုတ်ဖြစ်ရပါတယ်။ ဒါကြောင့် ဖြေဆိုသူအနေနှင့် အဖြေအတွက် မရေမရာ ဖြစ်ရင် သတိထားသင့်ပါတယ်။ ထိုကဲ့သို့ စာမေးပွဲမျိုးတွင် နံကြားထောက် ဖြေဆိုခြင်းမျိုးထက် မဖြေဆိုဘဲ ထားခြင်းက ပိုကောင်းတယ်လို့ ကျွန်မ ယူဆမိပါတယ်။

ကဲ… မှတ်ရတာတွေလည်း များနေပြီ ဆိုတော့ နောက် အရေးကြီးတာ သိထားသင့်တာလေးတစ်ခုပဲ ထပ်ပြောတော့မယ်နော်။

(၆) လွယ်တာ ကိုယ်သိတာ မှတ်မိတာကို အရင်ဖြေပါ။
စာမေးပွဲတွင် ကိုယ်ရသော မေးခွန်းများကို အရင်ဖြေပါ။ မဖြေနိုင်တဲ့မေးခွန်း၊ မရေရာ မသေချာတဲ့ မေးခွန်းတွေကို ကျန်ထားပြီး ရတဲ့မေးခွန်း အကုန်လုံးကို ဆက်တိုက်ဖြေပါ။ ထိုသို့ ဖြေသောကြောင့် အပိုင်ရမှတ်တွေကို ရရှိမှာဖြစ်ပြီး နောက်ပိုင်း ပိုသော အချိန်တွေမှာ ခက်ခဲတဲ့ မသေချာတဲ့ မေးခွန်းတွေကို စဉ်းစားချိန်ရရှိပြီး အောင်မှတ်ကောင်းများနဲ့ အနိုင်ရရှိနိုင်ပါစေလို့ ယမင်း ယုံကြည်နေမိပါတော့တယ်။

စာဖတ်သူအားလုံး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်မှုများစွာကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ပြီး အများအကျိုးရွက်ဆောင်နိုင်တဲ့ သားကောင်းသမီးကောင်းများ၊ မိဘကျေးဇူးဆပ်နိုင်ပြီး သာသနာအကျိုးများ လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလျှက်….

မနော စေတနာအရင်းခံနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။